← Chapters

ဧကရာဇ် အမိန့်ပြန်တမ်း

Vol. 18 Ch. 269

ဧကရာဇ် အမိန့်ပြန်တမ်း

Vol. 18 Ch. 269

အခန်း ၂၆၉ - ဧကရာဇ် အမိန့်ပြန်တမ်း

သူသွန်းလုပ်သော လက်နက်များက ဘယ်လိုပင် ကောင်းနေပါစေ၊ အဲ့ဒါက ရွှေအမြုတေအဆင့်များကိုသာ ဆွဲဆောင်နိုင်လေသည်။

သို့သော်လည်း မဟာကျိုးအင်ပါယာအတွင်း၌ ရွှေအမြုတေများက အလယ်အလတ်အင်အားစုမျှသာ ဖြစ်၏။ ထိပ်သီးအဖွဲ့အစည်းများ၏ တစ်ကယ့်ပင်မထောက်တိုင်များမှာ နိုးထဝိညာဉ်၊ မူလနတ္တိနှင့် ထိုထက်ပိုသန်မာသော တည်ရှိမှုများ ဖြစ်နေဆဲပင်။

ပကတိအရှင်မင်ကျီ၏ မှတ်ချက်စကားကို ကြားရသောအခါ မဟာကျိုးဧကရာဇ်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါလိုက်၏။

"အဲ့လိုပြောလို့မရဘူး မင်းကျီ၊ ငါအလေးထားတာက သူ့ရဲ့လက်ရှိစွမ်းဆောင်ရည် မဟုတ်ဘူး၊ သူ့ရဲ့အလားအလာပဲ!"

ပကတိအရှင်မင်းကျီက အတွေးပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။

ဧကရာဇ်၏ မျက်လုံးက ဉာဏ်အမြော်အမြင်နှင့် တောက်ပနေပြီး ဆက်ပြောလိုက်၏။

"သူက ဒီလောက်အသက်အရွယ်လေးနဲ့‌တောင် ဒီလောက်ထိ အောင်မြင်အောင်စွမ်းဆောင်းထားနိုင်တယ်ဆို‌မှတော့ သူ့ရဲ့ပန်းပဲပညာပါရမီက တစ်ကယ့်အံ့မခန်း မဟုတ်‌ပေဘူးလား။ သူ့ရဲ့ပန်းပဲပညာ အလားအလာက ဘယ်လောက်ထိ ထိုးတက်လာဦးမလဲဆိုတာ အခုနေ စဉ်းစားကြည့်လို့တောင် မလွယ်ဘူး!"

"ကျုပ်နားလည်ပါပြီ အရှင်မင်းမြတ်" ပကတိအရှင်မင်းကျီက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။

"ဟီးဟီး.."

ဧကရာဇ်က ရယ်မော၍ ချီးကျူးလိုက်၏။

"အခြေတည်အဆင့်မှာတောင် ထိပ်တန်းအဆင့်လက်နက်တွေကို သွန်းလုပ်နိုင်နေပြီဆို‌တော့ အဲ့မိုလင်းက တစ်ကယ့် ပါ-"

ရုတ်တရတ် ဧကရာဇ်၏ အမူအယာက ပြောင်းလဲသွားပြီး သူ့အသံက ရုတ်ချည်းပြတ်တောက်သွား၏။

သူ့မျက်နှာပေါ်ရှိ အပြုံးကလဲ တောင့်ခဲသွား၏။

မုတ်ဆိတ်နှင့်လူက သူ့ခေါင်းကို မော့လိုက်၏။ ပကတိအရှင်မင်းကျီကလည်း ဘေးဘက်သို့ လှည့်ကြည့်လိုက်၏။ သူတို့နှစ်ယောက်စလုံး ဧကရာဇ်၏ မူမမှန်မှုကို သတိထားမိလိုက်ကြ၏။

ပကတိအရှင်မင်းကျီက စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။

"ဘာမှားနေလို့လဲ အရှင်မင်းမြတ်"

အင်ပါယာက မျက်စိမှေး၍ အတွေးနက်ကာ စားပွဲကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်လိုက်၏။

အတန်ကြာပြီးမှ သူက ရုတ်တရတ် ကောက်မေးလိုက်၏။

"တန်ချင်း.. မင်းပြောတော့ မိုလင်းက အခြေတည်အဆင့်ပဲ ရှိသေးတယ်ဆို.. မဟုတ်ဘူးလား"

"အဲ့ဒါ အမှန်ပါပဲခင်ဗျ"

မုတ်ဆိတ်နှင့်လူသည် ခဏမျှ မှင်တက်နေပြီးမှ အားတက်သရော် ခေါင်းညိတ်ပြလိုက်၏။

"ကျုပ်မြင်ခဲ့တာ လုံး၀ မမှားနိုင်ပါဘူး အရှင်မင်းမြတ်.. သူက နောက်ပိုင်း-အခြေတည်အဆင့် တစ်ယောက်ပါပဲ"

ဧကရာဇ်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ဖြည်းဖြည်းချင်း မေးလိုက်၏။

"ရွှေအမြုတေအဆင့်နှစ်ယောက်က လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာကို.. အခြေတည်အဆင့်တစ်ယောက်က အသက်ဆယ်ရှိုက်စာ ကြာတဲ့အထိ ဘယ်လိုထိန်းထားနိုင်ခဲ့တာလဲ.. တစ်ယောက်လောက် ငါ့ကိုရှင်းပြပေးနိုင်မလား"

ရုတ်တရတ် ခန်းမက တိတ်ဆိတ်ငြိမ်သက်ကျသွား၏။

မုတ်ဆိတ်နှင့်လူသည် တုန်လှုပ်သွားပြီး ပကတိအရှင်မင်းကျီသည်လည်း တူညီစွာ ‌မှင်တက်နေ၏။

ဧကရာဇ်သာ ထောက်မပြလျှင် လွဲမှားနေသော ထိုအချက်ကို သူတို့ သတိထားမိကြလိမ့်မည် မဟုတ်ပေ။

ပြီးခဲ့သည့်ညက မုတ်ဆိတ်နှင့်လူသည် သူ၏ ထိပ်တန်းအဆင့်လက်နက်အပေါ်တွင်သာ အာရုံရောက်နေပြီး ကျန်တာကို များစွာ မတွေးတောခဲ့ပေ။

ရုတ်တရတ် သူသည် တံတွေးမျိုချရင်း ဖော်မပြတတ်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး ဆက်ပြောလိုက်၏။

"အဲ့တုန်းက.. ကျုပ်ရောက်သွားတော့.. ရွှေအမြုတေတစ်ယောက်က.. သေနှင့်နေပြီ"

ဧကရာဇ်က သူ၏ ပလ္လင်ပေါ်တွင် စောင်းမှီထိုင်၍ အလွန်တရာ စိတ်၀င်စားစရာကောင်းသော တစ်စုံတစ်ရာကို တွေ့ရှိလိုက်ရသလို သူ့အကြည့်က လေးနက်တောက်ပလာ၏။

"အဲ့လိုလား ကဲကဲ ဘယ်သူရှင်းပြပေးနိုင်မလဲ.. နောက်ပိုင်း-အ‌ခြေတည်အဆင့်တစ်ယောက်ရယ်၊ အ‌စောပိုင်း-အခြေတည်အဆင့်တစ်ယောက်ရယ်၊ အခြေတည်အဆင့်ခွေးတစ်ကောင်ရယ်က ရွှေအမြုတေနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကနေ အသက်ဆယ်ရှိုက်စာကြာအောင် တောင့်ခံနိုင်ခဲ့ရုံတင်မကဘူး.. ရွှေအမြုတေနှစ်ယောက်ထဲက တစ်ယောက်ကိုပါ သတ်ပစ်လိုက်သေးတယ်ဆိုတာကို"

မုတ်ဆိတ်နှင့်လူရော ပကတိအရှင်မင်းကျီပါ မျက်မှောင်ကြုတ်၍ အတွေးနက်သွားကြ၏။

"ငါတော့ အဲ့လူကို ပိုပိုပြီးတော့တောင် စိတ်၀င်စားလာပြီ"

အင်ပါယာက ပြုံးရင်း ထရပ်လိုက်၏။

"ကဲ နောက်မှတွေဘာတွေ စောင့်နေစရာ မလိုတော့ဘူး၊ ငါတို့ ဒီနေ့လည်ခင်းပဲ သွားကြမယ်.. မင်းကျီ မိုပန်းပဲရုံကို သွားမယ့်ခရီးမှာ ငါနဲ့လိုက်ခဲ့ပေး.. ငါတို့ ဆရာမိုဆီကို အလည်သွားကြတာပေါ့"

"နားလည်ပါပြီ"

ပကတိအရှင်မင်းကျီက ဦးညွတ်၍ ပြန်ဖြေလိုက်၏။

ဧကရာဇ်က လှည့်ထွက်တော့မည် လုပ်ပြီးမှ ရုတ်တရတ် ရပ်တန့်လိုက်၏။

"ဒါနဲ့ သေသွားတဲ့ ရွှေအမြုတေနှစ်ယောက်နဲ့ ပတ်သတ်ပြီး ဘာသဲလွန်စ မင်းရခဲ့သေးလဲ"

"မရခဲ့ပါဘူး" မုတ်ဆိတ်နှင့်လူက ခေါင်းခါပြလိုက်၏။

ဧကရာဇ်က အေးစက်စက် သရော်ရယ်လိုက်၏။

"ဘာသက်သေအထောက်အထားမှ မရှိရင်တောင် အဲ့ဒါက အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရဲ့ လက်ချက်ဖြစ်ဖို့များတယ် ဟုတ်တယ်မလား"

"အရှင်မင်းမြတ်က ဉာဏ်ကြီးပါပေတယ်" မုတ်ဆိတ်နှင့်လူက လက်သီးဆုပ်၍ အရိုအသေပေးလိုက်၏။

ဧကရာဇ်က ‌လက်နှစ်ဖက်နောက်ပစ်၍ အမူအယာ တင်းမာနေ၏။ သူ့မျက်လုံးများမှ ကျောချမ်းဖွယ်ရာ အကြည့်က ထွက်ပေါ်နေ၏။

"အမိန့်ပြန်တမ်းတစ်ခုထုတ်ပြီး ကြေညာလိုက်! မြို့တော်ထဲမှာ ကြီးကျယ်မွန်မြတ်တဲ့ပါရမီရှင်တွေကို လုပ်ကြံသတ်ဖို့ကြိုးစားတဲ့ ဘယ်ရာဇ၀တ်ကောင်မဆို သနားညှာတာမှုမရှိ ချက်ချင်းအသတ်ခံရမယ်၊ နောက်ကွယ်က စေခိုင်းတဲ့သူတွေပါ ချမ်းသာပေးမှု မရှိစေရ!"

ဧကရာဇ်တစ်ပါး အမျက်ထွက်လျှင် လူပေါင်းသန်းချီ၍ သေဆုံးရတတ်၏။

ဧကရာဇ်ထံမှ ထွက်ပေါ်နေသော တင်းမာခက်ထန်သည့်အော်ရာက ဘေးမှလူများကို ရင်တလျှပ်လျှပ် ဖြစ်လာစေ၏။

မုတ်ဆိတ်နှင့်လူက အမိန့်နာခံကြောင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ပကတိအရှင်မင်းကျီသည် ရင်တစ်ချက်ထိတ်သွား၏။

အမိန်ပြန်တမ်းထဲတွင် မိုလင်း၏ အမည်က မပါ၀င်ပေ။ သို့သော်လည်း ပြီးခဲ့သည့်ညက လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုပြီးနောက် ‌ဒီနေ့ အမိန့်ပြန်တမ်းထုတ်လိုက်သောကြောင့် အမိန့်ပြန်တမ်းထဲရှိ ကြီးကျယ်သောမွန်မြတ်သော ပါရမီရှင်သည်မှာ မိုလင်းကို ရည်ညွှန်းကြောင်း လူတိုင်းလိုလို ပြောနိုင်ကြလေသည်။

အပေါ်ယံကြည့်လျှင်တော့ ဤသတ်ဖြတ်လုပ်ကြံကြိုးပမ်းမှုက နတ်ပန်းပဲရုံနှစ်ခုအကြားက ပဋိပက္ခသာ ဖြစ်လေသည်။

သို့သော် တစ်ကယ်တမ်းမှာတော့ မိုလင်းနှင့် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းအကြားက ပဋိပက္ခဖြစ်လေသည်။

ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းအနေနှင့် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက အတော်စွမ်းအားကြီးပြီး ခိုင်မာသော အခြေခံအုတ်မြစ်ရှိလေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဧကရာဇ်က ဤကဲ့သို့သော ကိစ္စများတွင် ကိုယ်တိုင်ဝင်ပါမည် မဟုတ်ဘဲ မျက်စိတစ်ဖက်မှိတ်ထားမည် ဖြစ်လေသည်။

သို့သော်လည်း ယခုအမိန့်ပြန်တမ်းက သူ၏ ရပ်တည်မှုကို ဖော်ပြလိုက်ခြင်း ဖြစ်လေသည်။

မဟာကျိုးအင်ပါယာ၏ ဧကရာဇ်က မိုလင်းဘက်ကနေ ရပ်တည်ဖို့ ရွေးချယ်လိုက်လေပြီ။

“ကြည့်ရတာ‌တော့ အရှင်မင်းမြတ်က ဒီပုဂ္ဂိုလ်အပေါ်မှာ အများကြီးမျှော်လင့်ထားတာပဲ” ပကတိမင်းကျီက သူ့ဟာသူတွေးလိုက်၏။

မုတ်ဆိတ်နှင့်လူက ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်၏။

“ကျတော်က ဒီအမိန့်ပြန်တမ်းကျောက်တိုင်ကို ဘယ်နေရာမှာ သွားစိုက်ထားရမှာလဲ”

ဧကရာဇ်က ထူးမခြားနား ပြန်ဖြေလိုက်၏။

“ယုံရှင်းမြို့.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရဲ့ ဝင်ပေါက်ရှေ့”

ကျွတ်!

မုတ်ဆိတ်နှင့်လူသည် လေအေးများကို ရှိုက်သွင်းလိုက်ရ၏။

ဧကရာဇ်က သူ့ရပ်တည်မှုကို ထုတ်ပြရုံသာမက.. သတိပေးချက်ခြိမ်းခြောက်မှုတစ်ခုပါ ပြုလုပ်လိုက်လေပြီ။

သူက အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံကို နောက်နောင် မဆင်မခြင် မပြုလုပ်ဖို့ သတိပေးလိုက်ခြင်းပင်။

. . .

ယုံရှင်းမြို့..

“တစ်ကယ်ပဲ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက မဟုတ်တာတွေ လျှောက်လုပ်နေတာပဲ”

ပြီးခဲ့သည့်ညက သေဆုံးသွားသော ရွှေအမြုတေနှစ်ယောက်ကို မည်သူမျှ မသိကြသော်လည်း.. ဘာတွေဖြစ်ပျက်ခဲ့သည်ဆိုတာကိုတော့ ကျင့်ကြံသူအများစု သဘော‌ပေါက်ကြလေသည်။

မြို့တော်ထဲ၌ အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံက မိုစိတ်ဝိညာဉ်ပန်းပဲရုံနှင့် တင်းမာသည့် ပဋိပက္ခရှိပြီး.. သူတို့သာလျှင် ရွှေအမြုတေအဆင့်များကို စေလွှတ်ခိုင်းစေနိုင်စွမ်း ရှိလေသည်။

“ဟုတ်တယ်ကွ.. ငါ့မှာလဲ ပန်းပဲရုံတစ်ခုရှိပါတယ်.. ငါတို့က မိုစိတ်ဝိညာဉ်ပန်းပဲရုံနဲ့ ပြိုင်ဘက်တွေဆိုပေမယ့်လဲ.. သူ့ဟာသူ အစွမ်းအစရှိလို့ ကျော်ကြားလာတာပဲကွာ ဘာမနာလိုစရာရှိလဲ”

“နောက်ပြီး အခုဆို ဆရာမိုက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တွေပဲ လက်ခံသွန်းလုပ်‌တော့တာဆိုတော့.. ငါတို့နဲ့ ပဋိပက္ခဖြစ်စရာ ဘာအကြောင်းမှ မရှိတော့ဘူး”

ပန်းပဲရုံအတော်များများမှ ဆိုင်ရှင်များသည် စုဝေး၍ ဆွေးနွေးပြောကြားလိုက်ကြ၏။

“အင်း.. ဒီကိစ္စက လက်သည်မပေါ်တော့ဘူးထင်ပါတယ်.. အခင်းဖြစ်ပွားတဲ့နေရာမှာလဲ ဘာသဲလွန်စမှ မကျန်ခဲ့တာကိုး”

“အမှန်ပဲ.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရဲ့နောက်မှာ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းရှိတယ်.. နတ်ပန်းပဲဆရာတစ်ယောက်အတွက်လောက်နဲ့တော့ မဟာကျိုးအင်ပါယာက ဂိုဏ်းကြီးတစ်ဂိုဏ်းနဲ့ အတိုက်အခံပြုလိမ့်မယ် မထင်ဘူး”

“ဒီကိစ္စက ဒီလောက်နဲ့ မပြီးသေးဘူးထင်တယ်နော်”

ဆိုင်ရှင်တစ်ယောက်က တုန်လှုပ်စွာ ပြောလိုက်၏။

“အဖိုးကြီးကျန့် ခင်ဗျား ဘာကိုပြောချင်တာလဲ.. တစ်ယောက်က ထမေးလိုက်၏။

အဖိုးကြီးကကျန့်ဆိုသူက အေးစက်စက် သရော်လိုက်၏။

“မင်းတို့စဉ်းစားကြည့်လေ.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံက ရွှေအမြုတေအဆင့်နှစ်ယောက်တောင် ဆုံးရှုံးခဲ့ရတာ.. သူတို့ ဒီအတိုင်း ဆက်ပြီးငြိမ်ခံနေမယ် ထင်လို့လား”

“သူတို့က ငြိမ်ခံမနေတော့ရော ဘာလုပ်နိုင်မှာမို့လဲ.. သူတို့က နောက်တစ်ခါကျရင် နိုးထဝိညာဉ်အဆင့်တွေဘာတွေတော့ မလွှတ်‌လောက်ပါဘူးနော်.. ဟုတ်တယ်မလား”

“ဟီးဟီး အဲ့ဒါက ပြောရခက်တယ်ကွ”

သူတို့ဆွေးနွေးနေကြစဉ်မှာပင် မလှမ်းမကမ်း ကောင်းကင်ထက်မှ ပုံရိပ်တစ်ခုက ပေါ်လာ၏။ ထိုသူက အလွန်တရာ လျှင်မြန်ပြီး မျက်စိတစ်မှိတ်မှာတင် သူတို့ရှေ့သို့ ရောက်ချလာ၏။

“နှုတ်ဆက်ပါတယ် လူကြီးမင်း”

ဆိုင်ရှင်များက ကပျာကယာ မတ်တပ်ထရပ်၍ နှုတ်ဆက်လိုက်ကြ၏။

ယခုရောက်လာသောသူက အဇူရာလင်းယုန်တပ်ဖွဲ့ခေါင်းဆောင် မုတ်ဆိတ်နှင့်လူ ဖြစ်လေသည်။

တစ်ယောက်က ပြုံး၍ မေးလိုက်၏။

“လူကြီးမင်းက ဒီလို ဘာအတွက် ‌ရောက်လာတာလဲဗျ.. စိတ်ဝိညာဉ်လက်နက်တစ်ခု အပ်နှံမလို့လာ”

မုတ်ဆိတ်နှင့်လူက ပြန်မဖြေဘဲ သူ့ဝတ်ရုံစကို ဝေ့ရမ်းလိုက်သောအခါ ကြီးမားသည့် အမိန့်ပြန်တမ်းကျောက်စာတိုင်ကြီးက အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားနှင့်အတူ ထွက်ပေါ်လာ၏။

မုတ်ဆိတ်နှင့်လူက မှင်သေသေနှင့်ပင် ကျောက်စာတိုင်ကြီးကို ထမ်း၍ ရှေ့သို့ လျှောက်လှမ်းသွား‌သောအခါ လူအများ၏ အာရုံကို ဆွဲ‌ဆောင်မိသွား၏။

All Chapters