အပြတ်အသတ် ရှုံးနိမ့်သွားခြင်း
Vol. 18 Ch. 270
အခန်း ၂၇၀ - အပြတ်အသတ် ရှုံးနိမ့်သွားခြင်း
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ အနောက်ဘက်ခန်းမထဲတွင်...
အကြီးအကဲကျန်းက တစ်ညလုံး မအိပ်ခဲ့ရပေ။
ညက သူ့အတွက် အရမ်းကို ခက်ခဲကြမ်းတမ်း ရှည်ကြာလွန်းလှ၏။
သူ ကျရှုံးခဲ့လေပြီ။
အချိန်အကြာကြီးယူ၍ သူစီစဉ်ထားခဲ့သော လုပ်ကြံမှုက ကျရှုံးခဲ့လေပြီ။
လျန့်ချိုးနှင့် မင်းဟန်တို့က ဘဝနေဝင်ခါနီး အရွယ်ကို ရောက်နေကြပြီဆိုလျှင်တောင်.. ဘာပဲဖြစ်ဖြစ် သူတို့က ရွှေအမြုတေအဆင့်များပင်ဖြစ်ပြီး ဒီအတိုင်းပဲ သေသွားရပါရော့လား။
အကြီးအကဲကျန်းသည် ဤသည်ကို ဒီအတိုင်း ဆက်လက်ငြိမ်ခံနေနိုင်မည် မဟုတ်ပေ။
အဲ့ဒါက အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ၏ အနိမ့်အမြင့် အတက်အကျနှင့်သာ သက်ဆိုင်နေသည် မဟုတ်တော့ပေ။ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့်ပါ ပါဝင်ပတ်သတ်လာလေပြီ။
အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ၏ ဆိုင်ရှင်ဖြစ်သူ ကောရုံက အနောက်ဘက်ခန်းမထဲသို့ ဝင်လာ၏။ သူသည် အကြီးအကဲကျန်း၏ စိတ်ပျက်လက်ပျက်ပုံစံကို မြင်လိုက်ရသောအခါ ကြိတ်၍ သက်ပြင်းချလိုက်ပြီး ရှေ့သို့တိုးသွားကာ ဖျောင်းဖျလိုက်၏။
“အကြီးအကဲကျန်း.. သွားနားလိုက်ပါဦးလား.. ခင်ဗျားဒီမှာထိုင်နေတာ တစ်နေ့ကုန်နီးပါး ရှိရော့မယ်”
“ပြီးခဲ့တဲ့ညက အကြမ်းဖက်မှုသတင်းက ပျံ့နှံ့နေပြီ ဟုတ်တယ်မလား”
ခဏကြာပြီးနောက် အကြီးအကဲကျန်း၏ နှုတ်ခမ်းက လှုပ်ရှားလာပြီး မေးလိုက်၏။
မျက်စိပျက်မျက်နှာပျက်နှင့် ကောရုံက ခေါင်းညိတ်ပြလိုက်၏။
အကြီးအကဲကျန်း၏ မျက်နှာပေါ်တွင် ခါးသီးမုန်းတီးမှုများက ပြည့်လာ၏။ သူက လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်ပြီး မကျေမချမ်းလေသံနှင့် ပြောလိုက်၏။
“မင်း ထုတ်မပြောရင်တောင်.. ငါ ခန့်မှန်းမိပြီးသားပါ!”
အခုနေဆို အပြင်ဘက်မှ လူများသည် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ အရှက်တကွဲ ရှုံးနိမ့်သွားမှုအကြောင်းကို အာပေါင်အာရင်းသန်သန်နှင့် ဝေဖန်ကဲ့ရဲ့နေကြလောက်ပေပြီ။
“ဒီမှာကောရုံ.. ငါမင်းကို ပြောလိုက်မယ်.. ငါ မရှုံးစေရဘူး.. ငါတို့ရဲ့ အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံက ရှုံးလို့မရဘူး.. ငါတို့ရဲ့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကလဲ မျက်နှာမပျက်စေရဘူး”
အကြီးအကဲကျန်း၏ မကျေမချမ်းနှင့် သွေးရူသွေးတန်းဖြစ်နေပုံကိုကြည့်ပြီး.. ကောရုံက ကပျာကယာ ပြောလိုက်၏။
“အကြီးအကဲကျန်း.. ကိစ္စတွေက ဒီလိုတောင် ဖြစ်လာပြီဆိုမှတော့လဲ.. ခင်ဗျားက...”
အကြီးအကဲကျန်းက အေးစက်စက်လေသံနှင့် ချက်ချင်းကြားဖြတ်ပြောလိုက်၏။
“ငါ အခုပဲ ဂိုဏ်းကို စာပို့မလို့.. ပိုသန်မာတဲ့ ကျင့်ကြံသူတွေကို ထပ်လွှတ်ခိုင်းလိုက်မယ်.. အဲ့မိုလင်းက သေကိုသေရမယ်ကွာ”
“ဂိုဏ်းကလဲ အဲ့ဒါကို သဘောတူမှာပဲ.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက ဒီ့အရင်က ဒီလိုမျိုး တစ်ခါမှ အရှက်မကွဲဖူးဘူး.. ငါတို့က ဘယ်သူဘယ်ဝါမှန်းတောင် သေချာမသိရတဲ့ နတ်ပန်းပဲဆရာလေးတစ်ယောက်ကို ကြောက်နေရတယ်ဆိုတာ.. ဖြစ်သင့်လား မင်းပြောကြည့်စမ်း!”
အကြီးအကဲကျန်းက အေးစက်စက်သရော်၍ ယတိပြတ်ပြောလိုက်၏။
“နှစ်နှစ်လောက် ငါလေ့လာစောင့်ကြည့်ပြီးသွားပြီ.. အဲ့မိုလင်းမှာ တစ်မူထူးခြားတဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်တစ်ခု ရှိရမယ်.. ငါတို့ သူ့ကိုသတ်နိုင်ရင်.. အဲ့ဒီစိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်ကလဲ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းရဲ့အပိုင် ဖြစ်လာမှာပေါ့”
“ဟုတ်တော့ဟုတ်ပါတယ်.. ဒါပေမယ့် ပြီးခဲ့တဲ့ညက အဖြစ်အပျက်က အဇူရာလင်းယုန်အစောင့်တွေကိုပါ သတိထားမိသွားတာဆိုတော့.. အခုလောက်ဆို ဧကရာဇ်လဲ အဲ့ဒါကို သိသွားလောက်ပြီ.. ကျုပ်တို့ မြို့တော်ထဲမှာ ထပ်ပြီး တိုက်ခိုက်ကြဖို့ မလုပ်သင့်တော့ဘူး ထင်တယ်နော်” ကောရုံက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
“မပူပါနဲ့”
အကြီးအကဲကျန်းက ပြန်ဖြေလိုက်၏။
“ဧကရာဇ်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကို မျက်နှာသာပေးမှာပါ.. ဒီကိစ္စမှာ သူဝင်မပါလောက်ပါဘူး”
ဒုန်း!
အကြီးအကဲကျန်း ထိုသို့ ပြောလိုက်သည့်အချိန်မှာပင် အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရှေ့၌ ဥက္ကာခဲတစ်ခု ပြုတ်ကျလာသလို.. ကျယ်လောင်သည့် အသံကြီးကို ကြားလိုက်ရ၏။
အကြီးအကဲကျန်းက မျက်ခုံးနှစ်ဖက်ကို ထိလုမတတ်တွန့်၍ လက်ပြပြောလိုက်၏။
“အပြင်မှာ ဘာဖြစ်နေတာလဲ တစ်ချက်သွားကြည့်စမ်းကွာ.. ငါအခု စာတစ်စောင်ရေးလိုက်ဦးမယ်”
“ဟုတ်ကဲ့”
ကောရုံက ထွက်ခွာသွား၏။
သုန်မှုန်နေသော မျက်နှာထားနှင့် အကြီးအကဲကျန်းက သူ့သိုလှောင်အိတ်ထဲကနေ စာတစ်စောင်ထုတ်ယူလိုက်ပြီး အသည်းအသန် ရေးလိုက်၏။
ကောရုံအပြင်ဘက်သို့ ထွက်သွားပြီး သိပ်မကြာမီ.. သူသည် ထိတ်ထိတ်ပျာပျာ အမူအယာနှင့် အနောက်ဘက်ခန်းမထဲသို့ မောကြီးပန်းကြီး ပြန်ရောက်လာ၏။
အကြီးအကဲကျန်းက အခုလေးတင် သူရေးပြီးသော စာကို ထုတ်ယူ၍ မင်များ ခြောက်သွားအောင် လှုပ်ခါပြီးနောက် ကောရုံကို လက်ကမ်းပေးလိုက်၏။
“ရော့ ဒီစာကို ဂိုဏ်းဆီရောက်အောင် အမြန်ဆုံးနည်းနဲ့ ပို့လိုက်”
“အဲ့ဒါက...”
ကောရုံက စာကိုလက်မခံသေးဘဲ ဖြူလျော့နေသောမျက်နှာနှင့် မလှုပ်မယှက် ရပ်နေ၏။
“ဟမ်.. အပြင်မှာ ဘာဖြစ်နေလို့လဲ” အကြီးအကဲကျန်းက မျက်ခုံးပင့်၍ မေးလိုက်၏။
ကောရုံက ခါးသက်သက် မချိပြုံး ပြုံးပြလိုက်၏။
“အကြီးအကဲကျန်း.. အဲ့ဒါကို ခင်ဗျားကိုယ်တိုင် ထွက်ကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်ထင်တယ်”
အကြီးအကဲကျန်းက စာကို သူ့ဘယ်ဘက်လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်ပြီး.. သုန်မှုန်နေသာ မျက်နှာနှင့် အပြင်ဘက်သို့ လှမ်းထွက်လိုက်၏။
ဝင်ပေါက်ဝသို့ မရောက်ခင်မှာပင်.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ၏ အပြင်ဘက်မှ ဆူညံပွက်လောရိုက်နေသော အသံများကို သူကြားလိုက်ရ၏။ လူပေါင်းများစွာက ဆွေးနွေးငြင်းခုန်နေကြသော အသံများပင်။
“အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံက ဒီတစ်ခါတော့ အချီကြီး ရှုံးသွားပြီကွ”
“ဟုတ်တာပေါ့.. ရှက်လွန်းလို့ သေတောင်သေသွားနိုင်တယ်”
“အဲ့ဒါကို အပြတ်အသတ်ရှုံးနိမ့်မှုလို့ ခေါ်တယ်ကွ”
“ဆရာမိုကို လုပ်ကြံသတ်ဖြတ်ဖို့ စေခိုင်းတာက ဘယ်သူ့အကြံအစည်လဲ ငါသိချင်လိုက်တာ.. အဲ့လူကတော့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းရဲ့ တစ်ကယ့်အပြစ်သားဖြစ်ပြီ”
အုတ်အော်သောင်းနင်း အသံများကို ဆက်တိုက်ကြားလိုက်ရသောအခါ အကြီးအကဲကျန်း၏ မျက်နှာက ရုပ်ဆိုးသထက် ဆိုးလာ၏။
အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ၏ အပြင်ဘက်သို့ သူလှမ်းထွက်လိုက်သည့်အခါ ဆူညံပွက်လောရိုက်နေသော အသံများက ချက်ချင်းတိတ်ကျသွား၏။
ရွှစ်.. ရွှစ်.. ရွှစ်..
လူတိုင်းသည် အကြီးအကဲကျန်းကို ထူးဆန်းသည့်အကြည့်နှင့် လှည့်ကြည့်လိုက်ကြပြီး တိုးတိုး တိုးတိုးနှင့် ကပ်ပြောနေကြ၏။
ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရင်း.. အကြီးအကဲကျန်း၏ အကြည့်က နောက်ဆုံး ကြီးမားသည့် အမိန့်ပြန်တမ်းကျောက်စာတိုင်ကြီးပေါ်၌ အပေါ်၌ ရပ်တန့်သွား၏။
“မြို့တော်ထဲမှာ ကြီးကျယ်မွန်မြတ်တဲ့ပါရမီရှင်တွေကို
လုပ်ကြံသတ်ဖို့ကြိုးစားတဲ့ ဘယ်ရာဇ၀တ်ကောင်မဆို
သနားညှာတာမှုမရှိ ချက်ချင်းအသတ်ခံရမည်။
နောက်ကွယ်က စေခိုင်းသောသူတွေပါ ချမ်းသာပေးမှု မရှိစေရ!"
ထိုအရာက အလွန်ပြင်းထန်သော စကားလုံးများဖြစ်၏။
အဆုံးသတ်၌ လေးထောင့်သဏ္ဌာန် တံဆိပ်တစ်ခုပါ၏။ ထိုအရာက ဧကရာဇ်၏ အင်ပါယာချိတ်စည်းတံဆိပ်ဖြစ်၏။
အပေါ်က စကားလုံးများနှင့် အင်ပါယာချိတ်စည်းကို တွဲကြည့်ပြီး.. အကြီးအကဲကျန်းသည် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ့ဦးခေါင်းက ချာချာလည်သွားပြီး သူ့ခန္ဓာကိုယ်က ဒယီးဒယိုင်နှင့် မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားရ၏။
ကောရုံက ကပျာကယာဝင်၍ ထူမ ပေးလိုက်ရ၏။
ခဏနေပြီးနောက် အကြီးအကဲကျန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ဘေးဘက်ရှိ မုတ်ဆိတ်နှင့်လူကို ကြည့်ကာ ခက်ခက်ခဲခဲနှင့် မေးလိုက်၏။
“ကျုပ်တစ်ခုလောက် မေးလို့ရမလား.. တပ်မှူးခင်ဗျာ.. ဒီအမိန့်ပြန်တမ်းက.. တစ်ကယ်ပဲ ဧကရာဇ်ကိုယ်တိုင် ထုတ်ပြန်ခဲ့တာလား”
“ခင်ဗျား ဘာစကားပြောတာလဲ အကြီးအကဲကျန်း.. ကျုပ်က ဧကရာဇ်အမိန့်ပြန်တမ်းကို အတုထုတ်ထားတယ်လို့ ခင်ဗျားက ပြောချင်တာလား!” မုတ်ဆိတ်နှင့်လူ မှင်သေသေမျက်နှာထားနှင့် ခွန်းတုံ့ပြန်မေးခွန်းထုတ်လိုက်၏။
အကြီးအကဲကျန်း နုလုံးတစ်ချက်ဆောင့်ခုန်သွားပြီး.. အလောတကြီး ပြောလိုက်ရ၏။
“မဟုတ်-မဟုတ်ရပါဘူးခင်ဗျ.. “
မုတ်ဆိတ်နှင့်လူက အေးစက်စက်သရော်၍ အမိန့်ပြန်တမ်း၏ အောက်ခြေရှိ အင်ပါယာချိတ်စည်းကို လက်ညိုးထိုးပြကာ အလေးအနက် ပြောလိုက်၏။
“ဒါက အရှင်မင်းမြတ်ရဲ့ ချိတ်စည်းတံဆိပ်ပဲ.. ခင်ဗျားက အဲ့ဒါကို မေးခွန်းထုတ်ချင်နေတာလား.. ဟမ့်!”
“အဲ့ဒါဆို.. အမိန့်ပြန်တမ်းကို ဒီနေရာမှာ လာစိုက်ထားရတာက.. ..”
အကြီးအကဲကျန်း၏ စကားမဆုံးသေးခင်မှာပင် မုတ်ဆိတ်နှင့်လူက ဖြတ်ပြောလိုက်၏။
“အဲ့ဒါကို ဒီနေရာမှာ လာထားရတာက မကောင်းတဲ့စိတ်ယုတ်ရှိတဲ့လူတွေကို သတိပေးချင်လို့ပဲ.. သူတို့က ဧကရာဇ်ရဲ့ ခြေဖဝါးအောက်မှာ စောင့်ကြည့်ခံနေရတယ်ဆိုတာ သူတို့ကိုယ်သူတို့ သိထားရင် ပိုကောင်းလိမ့်မယ်.. အဲ့ဒါမှ သူတို့ သောက်ချီးတစ်ချက်တောင် ပေါက်ဖို့ မစဉ်းစားရဲမှာ!”
မုတ်ဆိတ်နှင့်လူ၏ စကားတစ်လုံးစီအောက်၌ အကြီးအကဲကျန်း၏ မျက်နှာက ဖြူလျော့သထက် ဖြူလျော့လာ၏။
အဆုံးသတ်မှာတော့ အကြီးအကဲကျန်း၏ မျက်လုံးက အရောင်မှိန်ကျသွားပြီး သူ့ရင်ထဲမှာလည်း စိတ်နုလုံး ချုံးချုံးကျ ကွဲကြေပျက်သုန်းသွား၏။
သူသည် စိတ်ဝိညာဉ်စွမ်းအင်တစ်စကို ထုတ်လိုက်ပြီး သူ့လက်ထဲကို စာကို ဖုန်မှုန့်ဖြစ်သွားသည့်အထိ ချေမွပစ်လိုက်၏။
သည်စာကို ထပ်ပြီး မလိုအပ်တော့ပေ။
ဧကရာဇ်က သူ့ရပ်တည်မှုကို ထုတ်ပြပြီး အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံကို သတိပေးခြိမ်းခြောက်လိုက်ပြီဖြစ်၏။
အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံကသာ မိုလင်းအပေါ်ထပ်၍ တစ်ခုခုကျူးလွန်လျှင်.. သူတို့က ဧကရာဇ်ကို တိုက်ရိုက်ဆန့်ကျင်သလို ဖြစ်တော့ပေမည်။
ဒါက အပြတ်အသတ် ရှုံးနိမ့်မှု ဖြစ်လေသည်။
အကြီးအကဲကျန်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး ချက်ချင်းပင် များစွာအိုစာသွားသည်ဟု ထင်ရ၏။ သူသည် အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံထဲသို့ အားလုံးကို နောက်ကျောပေး၍ စိတ်အားငယ်စွာနှင့် လှမ်းဝင်သွား၏။
မိုလင်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုက သူ့ရဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားပုံ ရလေသည်။
အချိန်ကား နေ့လည်ခင်းသာ ရှိသေးသော်လည်း.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံက သူတို့၏ အလုပ်ရုံကို ပိတ်ချလိုက်၏။
လူတိုင်းသည် လူစုခွဲလိုက်ကြ၏။ သို့သော် ဤကိစ္စအပေါ် ဝေဖန်ပြောကြားသံများကတော့ ငြိမ်းသေမသွားသေးပေ။
“အရှင်မင်းမြတ်က တစ်ခုခုတော့ တစ်ခုခုပဲ.. သူတို့ရဲ့ နေရာမှာတောင် အမိန့်ပြန်တမ်းကို သွားပြီးစိုက်ထားရတယ်ဆိုတော့.. သူပြောချင်တယ်ဆိုလဲ ဒီတိုင်းပြောလိုက်လို့ ရတာပဲကို”
“မင်းဘာသိလို့လဲ.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရဲ့ နောက်မှာ ဂိုဏ်းကြီးငါးဂိုဏ်းစာရင်းဝင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းရှိတယ်လေ.. သူတို့မှာ နှစ်ပေါင်းများစွာ အခြေခံတည်ဆောက်ထားတဲ့ အုတ်မြစ်ရှိပြီးသား.. ဧကရာဇ်တောင်မှ သူတို့မျက်နှာကို ထောက်ထားရတယ်.. သူသာ ဒီအတိုင်း တည့်တိုးထုတ်ပြောလိုက်မယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် စစ်ကြေငြာသလို ဖြစ်ကုန်မှာပေါ့.. အဲ့လောက်ထိ လုပ်ဖို့မှ မလိုတာ”
ကျင့်ကြံသူတစ်ယောက်က ပြုံးလိုက်၏။
“အဲ့အမိန့်ပြန်တမ်းက စိတ်ဝင်စားစရာပဲ.. အဲ့ထဲမှာ အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရော ဆရာမိုနာမည်ရော မပါပေမယ့်.. ဘာကိုဆိုလိုလဲဆိုတာ အရူးတောင် သိနိုင်တယ်”
“ငါအခုမှ စဉ်းစားမိတယ်.. ဒီနေ့ကစပြီး အရှင်မင်းမြတ်က ဆရာမိုရဲ့ နောက်မှာ သူရှိတယ်လို့ ထုတ်မပြောသေးရုံတစ်မယ်ပဲ ရှိတော့တာပေါ့”
“ငါထင်တယ်.. အခုချိန်ကစပြီး ဆရာမိုကို မြို့တော်ထဲမှာ ထိပါးရဲတဲ့သူရှိမှာ မဟုတ်တော့ဘူး.. မိုစိတ်ဝိညာဉ်ပန်းပဲရုံက မြို့တော်ထဲမှာ ဘယ်သူမှ သွားရှုပ်လို့မရတဲ့ တည်ရှိမှု ဖြစ်လာပြီပဲ”