← Chapters

နယ်ရုပ်

Vol. 34 Ch. 502

နယ်ရုပ်

Vol. 34 Ch. 502

နင်ယန်၏ ရုတ်တရက် ဒူးထောက်ခြင်းတွင် အားလုံး အံ့သြမိသွားကြသည်။ နတ်မိမယ်ကျစ်ရွှမ်ကတော့ သူ့အား အေးစက်စက်သာ ကြည့်လိုက်သည်။ သူမက ထိုသို့ပြုမူပုံတို့ကို ကျင့်သားရနေဟန် ရှိသည်။

“ရွှမ်ယုံဂိုဏ်းကလား။”

“ဘိုးဘေးက ဉာဏ်ကြီးပါတယ်။ ကျွန်တော်က ရွှမ်ယုံဂိုဏ်းက ကျင့်ကြံသူ ဟုတ်ပါတယ်။ ဂိုဏ်းထဲမှာကတည်းက ယင်ဟွမ်ပြည်နယ် ရွှမ်ယုံဂိုဏ်း သုံးထောင့်ခုနစ်ရာရဲ့ ဂိုဏ်းဘိုးဘေးကို လေးစားနေခဲ့တာပါ။”

ခေါင်းဆောင်မှာ ထူးဆန်းသည့် အမူအရာ ဖြစ်နေသည်။ ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ရွှမ်ယုံဂိုဏ်း၏ ထူးခြားမှုကို ပြန်စဉ်းစားလိုက်သည်။

ရှေးဘုရင်ရွှမ်ယုံကြောင့် ရွှမ်ယုံဂိုဏ်းများစွာ တည်ရှိနေသည်။ ရှေးဘုရင်နှင့် အနည်းငယ်မျှ ဆက်နွယ်မှု ရှိလျှင်ပင် အရွယ်စုံသောဂိုဏ်းများသည် ရွှမ်ယုံဂိုဏ်းဟု ကိုယ့်ကိုယ်ကိုယ် နာမည်တပ်ကြသည်။

ဥပမာဆိုရလျှင် ထိုက်စီပုရှန်းတောင်တွင် ရွှီချင်းနှင့် ခေါင်း‌ဆောင်တို့ ရွှမ်ယုံဂိုဏ်းတစ်ဂိုဏ်းဖြင့် တွေ့ကြုံရသေးသည်။

ဤနင်ယန်သည်လည်း ထိုသို့သော ဂိုဏ်းတစ်ဂိုဏ်းမှ ဖြစ်ကြောင်း ထင်ရှားနေသည်။ နတ်မိမယ်ကျစ်ရွှမ်က သူ ရွှမ်ယုံဂိုဏ်းအတတ်များအား အမှန်တကယ်ကျင့်ကြံသလား ဆိုသည်ကို သိရှိပေလိမ့်မည်။ ထို့ကြောင့် သူမက ခေါင်းညိတ်လိုက်ပြီး နင်ယန်အား အတူလိုက်ပါရန် ခွင့်ပြုလိုက်၏။

နင်ယန် သွေးပျက်သွားသည်။ သူက ဤသင်္ဘောပေါ်၌ လိုက်ပါလိုခြင်းမရှိပေ။ သို့သော် ငြင်းပယ်ရန်လည်း မဝံ့ချေ။ သူက အရဲကိုးကာ ထောင့်စွန်းနေရာတစ်ခုတွင်သာ ပုန်းနေလိုက်၏။ သူက ရွှီချင်းအား ကြည့်ပင် မကြည့်ရဲတော့‌ချေ။

ရွှီချင်းက သူ့အား လှမ်းကြည့်လိုက်ပြီး လူရှင်းချိန်တွင်မှ သူနှင့် စာရင်းရှင်းရန် တွေးထားလိုက်သည်။

သို့ရာတွင် ခေါင်းဆောင်၏ မျက်လုံးတို့တွင် ထူးဆန်းသော အရောင်တစ်ခုလက်လာသည်။ သူက စိတ်သောက ဖြစ်နေသည့် နင်ယန်ထံသို့ လျှောက်သွားလိုက်ပြီး အကြိမ်အနည်းငယ် ပတ်လျှောက်လိုက်သည်။ သူက စိတ်ဝင်စားဟန်ဖြင့် မေးလိုက်သည်။

“ကောင်လေး မင်းက ထူးဆန်းနေတယ်။ ငှက်ကြီးဆော့ကစားတာကို ခံရပေမဲ့ မင်းက မသေခဲ့ဘူးပဲ။ ဒဏ်ရာတွေကလည်း ပြင်းထန်မှုသိပ်မရှိဘူး။”

“အစ်ကိုချန် ကျွန်တော်ငယ်ငယ်ကလည်းက သွေးမျိုးဆက် အသက်ဝင်လာပြီးတော့ ကျွန်တော့်သွေးမျိုးဆက်စွမ်းအားဟာ ကာကွယ်ခြင်းပါပဲ။”

နင်ယန်က အလျင်အမြန်ရှင်းပြလိုက်သည်။

ခေါင်းဆောင်က ထိုစကားတွင် နှုတ်ခမ်းသပ်ကာ ရယ်လိုက်သည်။ ထို့နောက် အနီးသို့ကပ်သွားပြီး နင်ယန်၏ လည်ပင်းအား ဖက်ကာ ခပ်တိုးတိုးပြောလိုက်သည်။

“ရွှီချင်းကို သိပ်ကြောက်နေဖို့မလိုပါဘူး။ ငါက သူ့အစ်ကိုကြီးပဲ။ လီယုံကျောက်တိုင်မှာတုန်းက ငါ့ကိုဆို ရွှီချင်းက အရမ်းလေးစားရိုသေတယ်လို့ ကြားခဲ့တယ် မဟုတ်လား။ ငါပြောပြမယ် အဲဒါက အမှန်ပဲ။”

“နောက်ပိုင်းကျရင် ငါ့စကားကိုသာ မင်းနားထောင်လိုက်။ မင်းက ငါညီအစ်ကိုဖြစ်ရင် ရွှီချင်း ညီအစ်ကိုလည်း ဖြစ်သွားပြီ။ ညီအစ်ကိုတွေကြားမှာ အရေးကြီးဆုံးက ဘာလဲ။ ရင်းနှီးမှုပဲမလား။”

နင်ယန်က ငြင်းဆိုခြင်းမပြုရဲဘဲ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

ရွှီချင်းက ခေါင်းဆောင်အား တစ်ချက်ကြည့်လိုက်သည်။ ထိုမြင်ကွင်းက အနည်းငယ်ရင်းနှီးနေသလို ရှိသည်။ တခြားသူတစ်ဦး ထိုသို့ ပြုခံရသည်ကို မြင်တွေ့ခဲ့ဖူးသယောင်ပင်။ ထို့ကြောင့် သူက ဘေးတွင်ရှိနေသည့် ဝူကျန်းဝူအား တစ်ချက်ကြည့်လိုက်သည်။

ဝူကျန်းဝူသည်လည်း မှင်တက်အံ့မိနေသည်။ သူ့ယခင်အတွေ့အကြုံများအား ပြန်သတိရလိုက်မိပြီးနောက် သူက နင်ယန်အား ကိုယ်ချင်းစာစိတ်ဖြင့် ကြည့်လိုက်သည်။

ခေါင်းဆောင်က နင်ယန်အား လှည့်ဖျားနေချိန်တွင် သင်္ဘောပျံသည် ရှေ့သို့ ဆက်သွားနေ၏။ သူတို့သင်္ဘောသည် ချန်ထင်းဟောင်ပြောသော တည်နေရာပြောင်းအစီအရင်နေရာမှ မဝေးလှတော့ပေ။

ထိုနေရာသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်လမ်းကြောင်းပေါ်က နောက်ဆုံးတည်နေရာပြောင်းနေရာပင် ဖြစ်နေ၏။

“ဒီတည်နေရာပြောင်းမှုပြီးရင် ဒေသငယ်မြို့တော်ကို ငါတို့ရောက်တော့မှာပဲ။ ရွှီချင်း ဒီရုံးတော်ထဲက ငါ့မိတ်ဆွေတွေကို အခုပဲမေးကြည့်လိုက်တာ…ဒီတော့မှ မင်းက ပေတစ်သိန်းအလင်းရကြောင်း ငါသိလိုက်ရတော့တာပဲ။”

ချန်ထင်းဟောင်က ရွှီချင်းအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူသည် ယခင်က တာဝန်ဖြင့် ပြင်ပသို့ ခရီးထွက်နေပြီး ပြန်မလာနိုင်သည်မှာ ကြာလှပြီ ဖြစ်သည်။ ထို့ကြောင့် ဒေသငယ်မြို့တော်အနီးသို့ ရောက်ရှိလာချိန်တွင်မှ ထိုကိစ္စကို သူသိနိုင်ခြင်း ဖြစ်သည်။

“ကျွန်တော် နားမလည်တာတွေ အများကြီး ရှိပါသေးတယ်။ နောက်ပိုင်းကျရင် ကျွန်တော် မှားယွင်းလုပ်မိတာတွေရှိရင် အစ်ကိုချန်က သတိပေးမယ်လို့ မျှော်လင့်ပါတယ်။”

ရွှီချင်း ကလက်သီးအုပ်လျက် စိတ်ရင်းဖြင့်ပြောလိုက်သည်။

“ဒါပေါ့။ ရွှီချင်း မင်းရဲ့အလင်းက ဖုန်းဟိုင်ဒေသငယ်မှာ မကြုံစဖူးပဲ။ ဒါက ဘာအဓိပ္ပာယ်ဆိုတာ မင်းသိရဲ့လား။”

ချန်ထင်းဟောင်မျက်လုံးတို့တွင် အားကျမှုတို့ ရှိနေသော်လည်း မနာလိုသော အရိပ်အယောင်များ မတွေ့ရပါ။

ရွှီချင်း ခေါင်းယမ်းလိုက်သည်။

“ဒါက မင်းဟာ ယုံကြည်ရတဲ့သူ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရတာပဲ။ မင်းက အရမ်းဖြောင့်မတ်တယ်လို့ ယူဆလို့ရပြီး မင်းတာဝန်ကျနေရာကို ရောက်ရင် အကျိုးအရမ်းရှိစေလိမ့်မယ်။”

ချန်ထင်းဟောင်က ခံစားချက်တို့ဖြင့် သက်ပြင်းချလိုက်သည်။

“တာဝန်ကျနေရာဟုတ်လား။”

သူက တာဝန်နေ‌ရာတစ်ခု စီစဉ်ပေးခံရမည်ကို သိထားသော်လည်း အသေးစိတ်တော့ မသိသေးပေ။ ထို့ကြောင့် မေးလိုက်ခြင်း ဖြစ်သည်။

“စည်းမျဉ်းတွေအရ ဓားကိုင်လက်သစ်တွေဟာ ဒေသငယ်မြို့တော်မှာ သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှ အပြင်ထွက်လှုပ်ရှားနိုင်ကြတယ်။ မင်းက ကျမ်းသစ္စာဆိုပြီးရင် ဝာာဝန်နေရာတစ်ခု ပေးအပ်ခံရမှာပဲ။”

“မတူတဲ့တာဝန်နေရာတွေကနေ ရနိုင်တဲ့ စစ်ရေးအကျိုးဆောင်မှတ်တွေကလည်း မတူဘူး။ ဒီတော့ ဘယ်နေရာလဲဆိုတာ အရမ်းအ‌ရေးကြီးတယ်။”

“ငါတို့ဓားကိုင်တွေအတွက် အားလုံးက စစ်ရေးအကျိုးဆောင်မှတ်တွေနဲ့ သက်ဆိုင်နေတာပဲလေ။”

“ဓားကိုင်ရုံးတော်ထဲက တာဝန်နေရာတွေအများကြီးထဲမှာ ကင်းလှည့်ရေး၊ စစ်ဆေးရေးနဲ့ တခြား ဆက်စပ်တဲ့ ရုံးဌာနတွေဟာ စစ်ရေးအကျိုးဆောင်မှတ်ရဖို့ အလွယ်ဆုံးပဲ။ ထောက်လှမ်းရေးနဲ့ တရားရေးရုံးတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ ပြည်ထဲရေးရုံးတော်က လူတွေကတော့ စစ်ရေးအကျိုးဆောင်မှတ် ရနိုင်ဖို့ အခွင့်အလမ်းနည်းတာပေါ့။”

“စစ်ရေးအကျိုးဆောင်မှတ်ပိုရနိုင်တဲ့ အထူးတာဝန်နေရာတစ်ခုလည်း ရှိသေးတယ်။ ဒါပေမဲ့ အဲဒီနေရာ ဓားကိုင်လက်သစ်တွေကို ဘယ်တော့မှ မခေါ်ခဲ့သလို လက်ဟောင်းဓားကိုင်တွေလည်း ဝင်လျှောက်နိုင်တာမျိုးမဟုတ်ဘူး။ အဲဒီနေရာက ဓားကိုင်အားလုံးက ရုံးတော်သခင်ရဲ့ အမိန့်နဲ့ အထူးခန့်အပ်ထားသူတွေပဲဖြစ်တယ်။”

ချန်ထင်းဟောင်၏ မျက်လုံးတို့တွင် စိတ်လှုပ်ရှားဟန်များ ဖြစ်လာသည်။

“အဲဒီကို သွားခွင့်ရဖို့ဆိုရင် နောက်ခံဟာ အရမ်းရှင်းလင်းနေပြီး ဖြောင့်မတ်တဲ့စိတ်လည်း ရှိရမယ်။”

ရွှီချင်းက သိချင်စိတ်တချို့ဖြင့် ချန်ထင်းဟောင်အား ကြည့်လိုက်သည်။

“နယ်ရုပ်လို့ ခေါ်တယ်။”

“နယ်ရုပ် ဟုတ်လား။”

ရွှီချင်း မှင်တက်မိသွားသည်။

“ဟုတ်တယ်၊ နယ်ရုပ်တဲ့။ အကျဉ်းထောင်ဌာနရဲ့ နယ်ရုပ်။ ဒေသငယ်ကို ရောက်ရင် မင်းသိလာမှာပဲ။ ဒေသငယ်မြို့တော်ရဲ့ အကြီးဆုံးထူးခြားချက်တစ်ခုက မျိုးနွယ်ပေါင်းစုံအကျဉ်းထောင်ပဲ။”

ချန်ထင်းဟောင်က ပြုံးလိုက်ပြီး သူ့မျက်နှာတွင် ဂုဏ်ယူဟန်တို့ ထင်ဟပ်နေသည်။

“အကျဉ်းထောင်ဌာနမှာ အကျဉ်းချခံထားရသူတွေဟာ ရှေးခေတ်အချိန်ကနေ အခုထိ ဆန်းကြယ်မကောင်းဆိုးဝါးတွေနဲ့ မျိုးနွယ်ပေါင်းစုံက ရက်စက်ကြမ်းကြုတ်သူတွေပဲ ဖြစ်တယ်။ အဲဒီနေရာဟာ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးမှာ အကြီးဆုံးအကျဉ်းထောင်လည်း ဖြစ်တယ်။ အဲဒီက ထောင်သားအများစုဟာ မရေမတွက်နိုင်တဲ့လူတွေကို သတ်ဖြတ်ဖူးသူတွေ ဖြစ်ကြတယ်။ သူတို့က အရမ်း ကြမ်းကြုတ်ရက်စက်သူတွေ ဖြစ်ပေမဲ့ နယ်ရုပ်တွေအကြောင်း ကြားလိုက်ရုံနဲ့ မျက်နှာပျက်သွားတတ်ကြတယ်။”

“အကျဉ်းထောင်ဌာနထဲက လူတွေအားလုံးဟာ သူတို့ကိုယ်သူတို့ နယ်ရုပ်တစ်ရုပ်လို့ပဲ ပြောကြလို့ပဲ။”

“ဒါကြောင့် နယ်ရုပ်ဆိုတဲ့ နာမည်တွင်လာတာပဲ။ သူတို့ဟာ မကောင်းဆိုးဝါးတွေကို ခြောက်လှန့်နိုင်ကြတယ်။”

ထိုအချိန်တွင် ချန်ထင်းဟောင်မျက်လုံးများထဲရှိ စွဲလမ်းမှုတို့သည် ဆန္ဒဇောများအဖြစ် ပြောင်းလာကြသည်။

“ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးဟောင်းဟာ ရုံးတော်သခင်ကြီးကိုယ်တိုင် နယ်ရုပ်အဖြစ် အထူးခန့်အပ်ခြင်း ခံရသူပဲ။ ကံမကောင်းတာက သူဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားတယ်။”

ထိုအချိန်တွင် ချန်ထင်းဟောင်မှာ ခေါင်းခါယမ်းနေတော့သည်။

“ဒါပေမဲ့ ရွှီချင်း မင်းက အကျဉ်းထောင်ဌာနကို သွားလို့မရသေးဘူး။ နယ်ရုပ်တွေက ထူးခြားပေမဲ့… မင်းက ပိုပြီး ထူးခြားနေတယ်။ ပေတစ်သိန်းအမြင့်နဲ့ ဓားကိုင်တစ်ဦးကို အားလုံးက လေးစားကြမှာပဲ။ ငါ နောက်တစ်ကြိမ် မင်းကိုတွေ့ရင် ဓားကိုင်တွေရဲ့ ထုံးတမ်းအတိုင်း ဂါရဝပြုရမယ်ထင်တယ်။”

ရွှီချင်းက အဝေးသို့ ငေးကြည့်နေလိုက်သည်။ သူက တာဝန်နေရာယူခြင်းကို များစွာပူပန်မိခြင်းတော့ မရှိပေ။ ‌ဒေသငယ်မြို့တော်သို့ ရောက်လာပြီးနောက် ဤနေရာရှိ အရာအားလုံးကို ကြည့်ရှုရင်း သူရင်ထဲတွင် အတော်လေး ရှုပ်ထွေးလာမိသည်။ ထို့ကြောင့် သူက တိုးညင်းစွာ မေးလိုက်သည်။

“အစ်ကိုချန် ကျောက်ရှာတောင်က ဒီနေရာမှာလား။”

“ကျောက်ရှာတောင်၊ ဟုတ်လား။”

ချန်ထင်းဟောင်က ရွှီချင်းအား တစ်ချက်ကြည့်လိုက်သည်။

“ကျောက်ရှာတောင်က မြို့တော်နဲ့ အနီးဆုံးပြည်နယ်သုံးခုထဲက တစ်ခုဖြစ်တဲ့ ကျောက်ရှာပြည်နယ်ထဲမှာ ရှိတာပဲ။ အဲဒီနေရာဟာ ငါတို့ဓားကိုင်ရုံးတော်ရဲ့ လေ့ကျင့်ရေးကွင်းတစ်ခုဖြစ်ပြီးတော့ အပြင်လူတွေ ဝင်ခွင့်မရှိဘူး။ မင်း အဲဒီနေရာကို ဝင်ထွက်ချင်ရင် စစ်ရေးအကျိုးဆောင်မှတ်တချို့ သုံးရမှာပဲ။”

“အဲဒီနေရာ ရှေးခေတ်နေမင်းကြီးရဲ့ အနားယူရာနေရာဖြစ်လို့ မင်း ပေးဆောင်ရမယ့် အကျိုးဆောင်မှတ်ဟာလည်း နည်းမှာ မဟုတ်ဘူး။ တချိန်တည်းမှာပဲ နေလုံး ကျဆင်းသွားတဲ့ နေရာလည်း ဖြစ်နေသေးတယ်‌။ တစ်ခါတစ်လေမှာ အချိန်မြစ်ကြီးထဲကနေ အလင်းရောင်တွေ ဖိတ်လျှံကျလာပြီး အဲဒီမှာ တောက်ပလင်းလက်နေတတ်သေးတယ်။”

“နေလုံးမကျဆင်းခင် အလင်းစီးကြောင်းတိုင်းမှာ တာအိုကမ္ပည်းစာတွေ ပါဝင်နေတယ်။ သူတို့က လက်နက်နဲ့ ဆေးလုံးတွေ သန့်စင်ပြုလုပ်ရာမှာ ထိပ်တန်းကုန်ကြမ်းတွေပဲ။ ဒါပေမဲ့ သူတို့ဟာ အရမ်းရှားပါးပြီး ပေါ်ထွက်လာချိန်တိုင်းမှာ မှတ်တမ်းတင်ထားကြရတယ်။”

ရွှီချင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ဟန်မပျက်သော်လည်း စိတ်ထဲတွင်တော့ လှိုင်းထနေပြီ ဖြစ်သည်။ သူကျောက်ရှာတောင်အကြောင်း အသေးစိတ် ကြားသိရခြင်းမှာ ယခုတစ်ကြိမ် ပထမဆုံးဖြစ်ပေသည်။

ချန်ထင်းဟောင်က ရွှီချင်း အဘယ်ကြောင့် ကျောက်ရှာတောင်အား စိတ်ဝင်စားနေကြောင်း မေးခွန်းထုတ်ခြင်း မပြုပေ။ ထိုအစား သူက သတိပေးသည်။

“ကျောက်ရှာတောင် သွားချင်ရင်တော့ စစ်ရေးအကျိုးဆောင်မှတ်တွေ ကောင်းကောင်းစုဆောင်းမှဖြစ်မယ်။”

ရွှီချင်း ခေါင်းညိတ်လိုက်သည်။

မကြာမီ သင်္ဘောပျံကြီးသည် တည်နေရာပြောင်းမန္တာန်အစီအရင်နေရာသို့ ရောက်ရှိလာသည်။ နတ်မိမယ်ကျစ်ရွှမ် အခန်းအပြင်သို့ ထွက်လာကာ သင်္ဘောပျံအား သိမ်းလိုက်ပြီးနောက်တွင် ကျင့်ကြံသူတစ်ရာကျော်တို့မှာ မြေပြင်သို့ အလျိုလျိုဆင်းသက်ကြရသည်။

မြေပြင်တွင် ယဇ်ပလ္လင်တစ်ခုအသွင်ဖြင့် ရှေးဟောင်းတည်နေရာပြောင်းအစီအရင်တစ်ခု ရှိနေသည်။ ၎င်း၏ အရွယ်မှာ ကြီးမားလှပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် မီးခိုးရောင်နှင့် အနက်ရောင်တို့ ရောစပ်ထားသော အရောင်ဖြစ်သည်။ ၎င်းအပေါ်တွင် အလင်းတို့ဖြင့် ယှက်ထွေးကာ တဖျပ်ဖျပ်လက်နေသည့် အမှတ်အသားရှည်ကြီးများကို တွေ့မြင်နိုင်၏။

ပတ်ပတ်လည်တွင် ဓားကိုင်များ စောင့်ကြပ်လျှက် ရှိကြသည်။ သူတို့က ချန်ထင်းဟောင်အား သိနေကြပြီး မြင်မြင်ချင်း ဝမ်းသာအားရနှုတ်ဆက်နေကြသည်။ တချို့က ပွေ့ဖက်ကြိုဆိုကြ၏။

သူတို့၏ စိတ်ခံစားချက်များကြောင့် ဓားကိုင်များကို ရွှီချင်း ပို၍ နားလည်လာသည်။

မကြာမီ ထိုဓားကိုင်တို့၏ စီစဉ်ပေးမှုဖြင့် ဂိုဏ်းရှစ်းဂိုဏ်းမဟာမိတ်လူစုသည် တည်နေရာပြောင်းအစီအရင်အတွင်းသို့ ဝင်ရောက်လိုက်ကြ၏။ ဧရာမကျယ်ပြောလှသည့် အလင်းများကြားတွင် သူတို့သည် ဤခရီး၏ နောက်ဆုံးတည်နေရာပြောင်းခြင်းကို အဆုံးသတ်လိုက်ကြသည်။

သူတို့ ပြန်ပေါ်လာသောအခါ ဒေသငယ်မြို့တော် အပြင်ဘက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

သူတို့၏ ကိုယ်ရိပ်သဏ္ဌာန်များ ပေါ်လာကြသည့် တစ်ခဏတွင်ပင် အားလုံး၏ မျက်လုံးထဲ၌ ဧရာမကြီးမားသော ရုပ်တုကြီးတစ်ခု ထင်ဟပ်လာသည်။

၎င်းသည် ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုကြီးဖြစ်သည်။ ရုပ်တုကြီးသည် ဧရာမကြီးမားပြီး ကမ္ဘာလောကအား ထောက်ပံ့ထားနိုင်သည့်အလားပင်။

ရုပ်တုကြီးနှင့် ယှဉ်လိုက်ပါက လူသားများမှာ ဖုန်မှုန့်ပမာ ထင်မှတ်ရ၏။ အမှန်တကယ်အားဖြင့် သာမန်လူတစ်ဦးက ခေါင်းမော့ကြည့်လျှင်ပင် ရုပ်ထု တကိုယ်လုံးကို တွေ့မြင်နိုင်ရန် မဖြစ်နိုင်ပေ။

၎င်းရုပ်တုကြီးသည် မြေပြင်တွင်ရပ်နေပြီး သူ့အထက်တွင်ကား ကောင်းကင်ပြင်ကြီးသာ ရှိသည်။ တိမ်များသည် သူ၏ ခါးအလယ်မှစ၍ ရစ်သိုင်းနေကြကာ ကျင့်ကြံသူများသည်ပင် အဝေးမှ ကြည့်ပါက တကိုယ်လုံးများကို မြင်နိုင်ရန် အတော်လေး အာရုံစိုက်ရပေမည်။

ရုပ်တုကြီး၏ လက်တို့သည် ကမ္ဘာလောကကြီးအား ဖက်ထားသည့်အလား မြှောက်မထားကြသည်။ ရုပ်တုကြီး၏ လက်များကြားတွင်တော့ လွင့်မျောနေသည့် ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့ တည်ရှိနေ၏။

၎င်းသည် ဒေသငယ်မြို့တော် ဖြစ်သည်။

ထိုမြို့ကြီးအကျယ်အဝန်းသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မြို့ထက် အဆများစွာ ကြီးမားကျယ်ပြန့်နေသည်။ မြို့ထဲတွင် အဆုံးမရှိသော အလင်းတို့သည် အလင်းပင်လယ်တစ်ခုအဖြစ် ပြောင်းလဲနေကြ၏။

၎င်းပတ်ပတ်လည်တွင် ပိုသေးငယ်သော နန်းတော်ငယ်သုံးခု ပျံဝဲလျှက် ရှိနေကြသည်။

၎င်းတို့သည် မြို့ထက်သေးငယ်သော်လည်း ထိုနန်းတော်ငယ်သုံးခုသည် မြေပြင်တွင်ဆိုပါက လွန်စွာကျယ်ပြန့်သော မြေနေရာများ ယူနိုင်မည် ဖြစ်သည်။

ထိုနန်းတော်သုံးခုနှင့် မြို့ကြီးကို မြင်လျှင် ရွှီချင်း ထိတ်လန့်အံ့သြမိသည်။

သို့ရာတွင် သူ့အား အလွန်အမင်း စိတ်လှုပ်ရှားစေသော မြင်ကွင်းမှာကား မြေပြင်နေရာ ဖြစ်သည်။

လေထဲဝဲနေသည့် မြို့ကြီး၏ အောက်တည့်တည့်ရှိ ရှေးဘုရင်ရုပ်တုကြီး ခြေထောက်အောက်တွင် မြေပြင်သည် မှန်သားပြင်အလား ချောမွေ့နေသည်။ ထိုမှန်သားပြင်အောက်တွင်တော့….လွန်စွာကြီးမားလှသည့် မြေအောက်အကျဉ်းထောင်တစ်ခု တည်ဆောက်ထားသည်။

အကျဉ်းထောင်အပေါ်က မှန်သားကဲ့သို့မြေပြင်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေ၏။ ကောင်းကင်ထက်တွင်ရပ်ပြီး ခေါင်းငုံ့ကြည့်လိုက်ပါက မြေအောက်တွင် အလွှာအထပ်ထပ်ဖြင့် ခြောက်ကမ်းပါးနက်ကြီးအလား တည်ရှိနေသော ထိုအကျဉ်းထောင်ကြီးအား မြင်တွေ့နိုင်သည်။

ထိုနေရာသည် ချန်ထင်းဟောင် အစောပိုင်းကပြောခဲ့သော အကျဉ်းထောင်ဌာန ဖြစ်ပြီး ဖုန်းဟိုင်ဒေသငယ်၏ အကြီးဆုံးအကျဉ်းထောင်ကြီးလည်း ဖြစ်သည်။

အကျဉ်းထောင်နှင့် ပျံဝဲနေသည့် မြို့ကြီးတို့ ကြားထဲက လေထဲတွင်တော့ ဧရာမရှေးဟောင်းကြေးဓားကြီးတစ်လက် ရှိသည်။

ထိုဓားကြီးသည် ကြီးမားထည်ဝါ၏။ ဓားမှ ထုတ်လွှတ်နေသည့် အလင်းတို့မှာ စူးရှတောက်ပပြီး အရပ်မျက်နှာအားလုံးကို ဖြန့်ကျက်ထားသည်။

ဓားကြီး၏ ကိုယ်ထည်တွင် ‘ယွမ်’ စာလုံးကို ရေးထွင်းထားသည်။ ၎င်းသည် ဓားကိုင်တစ်ဦး၏ ဓားကို ကိုယ်စားပြု၏။

ဓားကြီးသည် ဖြေးဖြေးချင်း လည်နေကာ ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော၊ ပြင်းထန်သော ဖိအားတို့အား ထုတ်လွှတ်လျှက် ရှိသည်။

၎င်းသည် အကျဉ်းထောင်ကို ဖိနှိပ်ကာ မြို့ကြီးအား စောင့်ကြပ်၏။

ထိုမျှဖြင့် မပြီးသေးပါ။ မြေပြင်ရှိ အဆောင်အအုံတချို့ကလည်း ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က လူအားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။

၎င်းတို့မှာ အကျဉ်းထောင်ပတ်ပတ်လည်တွင် ဆောက်ထားသည့် ပဥ္စဂံဓားခန်းဆောင်များ ဖြစ်ကြသည်။

ထိုဓားခန်းဆောင်တို့အား စက်ဝိုင်းပုံစံ စီတန်းထားပြီး အစီအစဉ်တကျ ဆောက်လုပ်ထားသည်။ သို့ရာတွင် ၎င်းတို့၏ အမြင့်တို့ကတော့ ကွဲပြားခြားနားကြ၏။ အမြင့်ဆုံးဓားခန်းဆောင်တို့သည် မြို့တော်အမြင့်နီးပါးရှိကြပြီး အနိမ့်ဆုံးမှာကား အမြင့်ပေ ဆယ်ဂဏန်းတချို့သာ ရှိကြသည်။

ထိုဓားခန်းဆောင်တို့၏ အရေအတွက်မှာ တစ်သိန်းခန့် အနည်းဆုံ ရှိပေမည်။ ၎င်းတို့အား ပေတစ်သောင်းစီ ခြားထားပြီး ကြိမ်ဖန်များစွာ လည်ပတ်နေသော အဝိုင်းပတ်ခွေတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။

“ဓားခန်းဆောင်တွေပဲ။ မြို့တော်ကို ဓားကိုင်သူတွေ တာဝန်အရ ရောက်လာတဲ့အခါ ဒီနေရာမှာ ဝိညာဉ်ဓားတွေကို စိုက်ထူပြီး ဓားခန်းဆောင်အဖြစ် ဖွဲ့စည်းရတယ်။ ပြီးတော့ အဲဒီမှာပဲ ဓားကိုင်တွေ နေထိုင်ကြရတယ်။”

“ဓားကိုင်တစ်ယောက် မသေဆုံးသရွေ့ သက်ဆိုင်ရာ ဓားခန်းဆောင်ဟာလည်း ပျက်ပြယ်မသွားဘူး။ တိုက်ပွဲထဲမှာ ဓားကိုင်တစ်ယောက် ‌ကျဆုံးသွားရင်တော့ သူ့ရဲ့ အသေးစိတ်အချက်တွေကို စီမံခန့်ခွဲရေးမှူးတွေက အခန်းအနားနဲ့ ကြေညာပြီးတော့မှ ဓားခန်းဆောင်ဟာ ပျက်ပြယ်သွားလိမ့်မယ်။”

“ဖုန်းဟိုင်ဒေသငယ်နဲ့ ဒေသငယ်မြို့တော်တို့ရဲ့ ဓားကိုင်ဌာနချုပ်ကနေ ကြိုဆိုပါတယ်။”

ချန်ထင်းဟောင်က ရယ်မောလိုက်ပြီး ရွှီချင်းနှင့် တခြားသူများအား ဦးညွတ်လိုက်သည်။ သူက ထွက်ခွာရင် ပြင်လိုက်သော်လည်း ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့ဝင်တို့က တစ်စုံတစ်ဦးကို စောင့်နေဟန်ရကြောင်း သတိထားမိသည်။ ထို့ကြောင့် သူက ထွက်မသွားသေးဘဲ အတူစောင့်ပေးလိုက်သည်။

ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က အမှန်တကယ်လည်း စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

သူတို့က ဂိုဏ်းခွဲမှ လူများကို စောင့်နေကြခြင်း ဖြစ်သည်။ တခြားတစ်ဖက်တွင် နတ်မိမယ်ကျစ်ရွှမ်ကိုယ်တိုင် လိုက်ပါလာသည် မဟုတ်ပါလား။ သူတို့က ဒေသငယ်မြို့တော်ထဲသို့ ဖြစ်သလို ဝင်သွား၍မဖြစ်ဘဲ တစ်စုံတစ်ယောက်က လမ်းပြကူညီရန် လိုအပ်နေသေးသည်။

မူလက သဘောတူထားသည့်အတိုင်းဆိုပါက ဂိုဏ်းခွဲက လူများသည် ကြိုတင်၍ ရောက်နှင့်နေရမည် ဖြစ်သည်။ သို့ရာတွင် အချိန်တစ်ခုကြာသည်အထိ ဂိုဏ်းခွဲမှ တပည့်တစ်ဦးတစ်ယောက်ကိုမှ မမြင်တွေ့ကြသေးပါ။

နတ်မိမယ်ကျစ်ရွှမ်၏ မျက်လုံးများထဲတွင် အနက်ရောင်အလင်းရိပ်တို့ ထင်ဟပ်လာသည်။ သူမက ကျောက်စိမ်းပေလွှာကိုသုံးကာ သတင်းပို့ထားပြီး ဖြစ်သော်လည်း မည်သည့်တုန့်ပြန်မှုမှ မရပေ။

“ပြဿနာတစ်ခုခုတော့ ရှိနေပြီ။”

နတ်မိမယ်ကျစ်ရွှမ်ဘေးတွင် ရပ်နေသည့် ပဥ္စမသခင်ကြီးက ခပ်တိုးတိုးပြောလိုက်သည်။

ဂိုဏ်းခွဲတွင် စောင့်ကြပ်ထိန်းချုပ်နေသူသည် ဘိုးဘေးအဆင့်ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။ ထို့ကြောင့် သူတို့က နတ်မိမယ်ကျစ်ရွှမ်ကို လစ်လျူရှုနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဂိုဏ်းခွဲမှ လူများ မရောက်လာခြင်းက ပြဿနာတစ်ခုခုရှိနေကြောင်း သိသာစေသည်။

ထိုကိစ္စအတွက် အဖြေက တစ်ခုတည်းသာရှိသည်။

ဂိုဏ်းခွဲတွင် တစ်ခုခု ဖြစ်နေသည်။

ရွှီချင်း၏ မျက်လုံးများ မှုန်ကုတ်သွားသည်။ သူတို့ရောက်ရှိလာသည့် တခဏတွင်ပင် ထိုသို့ကိစ္စမျိုးဖြစ်လာသည်။ ထိုကိစ္စက တိုက်ဆိုင်မှုဟု ရှင်းပြရန် မဖြစ်နိုင်ပေ။

“ငါတို့ကို ပစ်မှတ်ထားနေတာလား။”

ရွှီချင်း မျက်လုံးများ မှေးကြုတ်သွားသည်။ ခေါင်းဆောင်၏ မျက်လုံးများလည်း အေးစက်လာသည်။ သူတို့နှစ်ဦးသား အချင်းချင်း ကြည့်လိုက်ကြ၏။

All Chapters