← Chapters

ထိပ်တန်းအဆင့် ဒါရိုက်တာတစ်ယောက်၏ လှည့်ကွက်များ

Vol. 33 Ch. 486

ထိပ်တန်းအဆင့် ဒါရိုက်တာတစ်ယောက်၏ လှည့်ကွက်များ

Vol. 33 Ch. 486

“အဲ့ဒါပဲဆိုရင်တော့ ငါ ခန့်မှန်းမိပြီးသားပါ”

ရဲ့လင်းချန်က အသာပြုံး၍ ပြောလိုက်သည်။

“ဆရာရဲ့၊ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ အခြားကိစ္စတစ်ခုလည်း ရှိပါသေးတယ်၊ Vatti ဌာနချုပ်က ကျွန်တော်တို့ ပူးပေါင်းတာကို သိသွားပြီးတော့ ကြော်ငြာပိုင်းနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ စဉ်းစားနေပါတယ်၊ ခင်ဗျားရော ဘယ်လို သဘောရလဲ မသိဘူး”

မာတင်က မေးလာသည်။

ထိုအစည်းအဝေးမှ အကြောင်းအရာများကို သူ ထုတ်မပြောရဲပါ။ အကယ်၍ အခြားသူများက သူ့အရည်အချင်းအား မေးခွန်းထုတ်သည့်အကြောင်းကို ဆရာရဲ့သာ သိသွားပါက Vatti နှင့် ပူးပေါင်းမှုကို ရပ်စဲလောက်သည်။ ထိုသို့ ဖြစ်လာလျင် သူတို့၏ ဆုံးရှုံးမှုက ကြီးမားပေလိမ့်မည်။

“ကူညီပြီး ကြော်ငြာပေးတာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ စီမံခန့်ခွဲမှု အပိုင်းကို ဝင်နှောင့်ဖို့တော့ မကြိုးစားနဲ့ပေါ့”

ရဲ့လင်းချန်၏အသံက မပြောင်းလဲချေ။

“အင်း စိတ်ချပါ ဆရာရဲ့၊ ကျွန်တော် သေချာပေါက် ကတိတည်မှာပါ၊ မင်းရဲ့ဌာနက သီးသန့် ဖြစ်နေမှာပါ”

မာတင်က အလျင်အမြန် သဘောတူလိုက်သည်။ ထို့နောက် သူက အခြား မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

“မင်းရဲ့ တန်ဖိုးကြီး အမှတ်တံဆိပ်ကို ဘာနာမည် ပေးမလဲ”

“အိတ်မှာ ပုံနှိပ်ထားပြီးသား မဟုတ်ဘူးလား၊ ဝိုင်ဆိုတဲ့ စာလုံးကိုပဲ သုံးတာပေါ့”

*ဝိုင်တဲ့လား*

မာတင် ရင်ခုန်သွားသည်။

*အိတ်မှာ အဲ့စာလုံးကို ပုံနှိပ်ထားတာ အဲ့အကြောင်းရင်းကြောင့်လား*

ဝိုင်က ဘာကို ကိုယ်စားပြုလဲဆိုသည်ကို အားလုံး သိကြသည်။ ဆရာရဲ့က တန်ဖိုးကြီး အမှတ်တံဆိပ်၏ အကောင်းဆုံ ဖြစ်ရန် ရည်ရွယ်ထားပါတကား။

ဖုန်းပြောပြီးနောက် မာတင်၏ နှလုံးက အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်၍ အခုန်မြန်နေသေးသည်။ ဆရာရဲ့၏ စိတ်ထားက သူ့အပေါ် အကြီးအကျယ် လွှမ်းမိုးသွားခဲ့သည်။ ဆရာတစ်ယောက်ဟု မပြောရပါ၊ ဤသို့သော အောင်မြင်မှုကြီးနှင့် ကြုံရသော်လည်း တည်ငြိမ်မှု မပျက်သွားပေ။ ဤသည်က ကျွမ်းကျင်သူ တစ်ယောက်၏ အပြုအမူပင်။

ဆရာ၏ ခြေလှမ်းကို အမီလိုက်၍ အရှက်မရအောင် ကြိုးစားရန် သူ လိုအပ်နေသည်။

ထိုသို့နှင့် သူ၏ ခံယူချက်က ရုတ်တရက် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ သူသည် ကိုယ်နေဟန်ထားကို ပြန်ပြင်၍ အရှေ့သို့ လျှောက်သွားသည်။

ဖုန်းပြောပြီးနောက် ရဲ့လင်းချန်၏ အမူအရာက နည်းနည်းလေးမှ ပြောင်းလဲဟန် မပြချေ.

ရှောင်ဖေးဖေးနှင့် အခြားသူများက သူ့ကို ကြည့်နေသည်ကို သတိပြုမိပြီးနောက် သူသည် ကြွားချင်စိတ် မရှိဘဲ ရယ်၍ ပြောလိုက်သည်။

“အရေးမကြီးပါဘူး၊ ရုပ်ရှင် ဆက်ရိုက်ကြတာပေါ့”

သူ၏ လက်ရှိအဆင့်အရဆိုလျင် သူ ကြွားချင်သည့် အချိန်တိုင်း ကြွားနိုင်ပေသည်။

*ဟူး … ငါ ပင်ပန်းလာပြီ၊ စိတ်ဝင်စားဖို့ မကောင်းဘူး*

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ရိုက်ကူးရေး၏ အပိုင်းတော်တော်များများက ပြီးပြီးသား ဖြစ်သည်။ ရဲ့လင်းချန်က တစ်ဝက်တစ်ပျက်မှ ဝင်ပါလာခြင်း ဖြစ်သည်။ သရုပ်ဆောင်များကို ရဲ့လင်းချန် ကိုယ်တိုင် ရွေးချယ်ထားခြင်း ဖြစ်သည်။ သူတို့သည် လူသစ်များ ဖြစ်သော်လည်း ဘယ်သူမှ သူတို့အမြင်ကို ထုတ်မပြော ရဲကြပါ။

ရုပ်သံဇာတ်လမ်းတွဲများသည် အလွန် စိတ်ဝင်စားခြင်း ခံရသည့် အပိုင်း ဖြစ်သည်။ ရုပ်ရှင်ကားများကဲ့သို့ အဆင့် မမြင့်သော်လည်း ရိုက်ကူးရေး ကာလက ရှည်လာပြီး ဇာတ်ညွှန်းရေး ဆရာများနှင့် အခြား ရိုက်ကူးရေး အဖွဲ့သားများ လိုအပ်ပေသည်။

ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ကိစ္စတော်တော်များများကို ထည့်စဉ်းစားရသည်။ ၎င်းသည် လူများစွာ လိုအပ်ပြီး ဌာနပေါင်းမျိုးစုံက ၎င်း၏ ပြီးဆုံးရေးအတွက် အတူတကွ လုပ်ဆောင်ကြရသည်။

ဤသို့ ကြီးလေးသော အလုပ်ကို လူတစ်ယောက်တည်းက မလုပ်နိုင်ပါ။ မဖြစ်နိုင်သည်မျိုး မဟုတ်သော်လည်း ထိုအကြောင်း ဆွေးနွေးခြင်းက အဓိပ္ပာယ် မရှိပေ။ ရဲ့လင်းချန်မှလွဲ၍ အခြား မည်သူတွင်မှ ထိုသို့သော အရည်အချင်းများ မရှိပါ။

ရုပ်သံဇာတ်လမ်းတွဲ တစ်ခု၏ အောင်မြင်မှုသည် များသောအားဖြင့် ဆယ်ချီ၊ ရာချီ သို့မဟုတ် ထောင်ချီသော လူများ၏ အတူတကွ လုပ်ဆောင်ခြင်းများ လိုအပ်ပေသည်။ ရုပ်သံဇာတ်လမ်းတွဲတစ်ခု၏ အဆုံးသတ်ရလဒ်က လူတစ်ဦးတစ်ယောက်တည်း၌ တာဝန်ရှိခြင်း မဟုတ်ပေ။

သရုပ်ဆောင်များကို အပြစ်တင်ရမည်လော။ ဒါရိုက်တာက ဖန်သားပြင်၌ မပါသော်လည်း သရုပ်ဆောင်များသည် သူ၏ ညွှန်ကြားမှုများကို လိုက်နာရသဖြင့် ရုပ်သံဇာတ်လမ်းတွဲ၏ ယေဘုယျ ညွှန်ကြားချက်များအား သူ ထိန်းချုပ်ခွင့် ရှိပေသည်။

ဒါရိုက်တာကိုပဲ အပြစ်တင်ရမည်လား။ သရုပ်ဆောင်နေသည်သူများက သရုပ်ဆောင်များသာ ဖြစ်သည်။ သူတို့၏ သရုပ်ဆောင်စွမ်းရည်သည် ဒါရိုက်တာ ကူညီပေးနိုင်သည့် အရာ မဟုတ်ချေ။

ထို့အပြင် ရင်းနှီးမြှုပ်နှံသူများ၊ ထုတ်လုပ်သူများ၊ တည်းဖြတ်သူများ၊ အထူးပြုလုပ်ချက်များ စသဖြင့် ကဏ္ဍ များစွာလည်း ရှိပါသည်။

ဥပမာပေးရလျင် အကယ်၍ ရင်းနှီးမြှုပ်နှံသူက ခေါင်းဆောင် မင်းသမီး ဖြစ်ချင်သည့် သမီးတစ်ယောက် ရှိနေပါက သူတို့ ဘာလုပ်နိုင်မည်နည်း။ ဇာတ်လမ်းတွဲက မအောင်မြင်မည့် အန္တရာယ် ရှိလျင်တောင်မှ သူတို့ လုပ်ရပေမည်။ သူတို့၌ ရွေးချယ်စရာ မရှိပေ။

အကယ်၍ ဌာနများက အတူတူ မလုပ်ဘဲ သူတို့၌ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိနေပါက ဇာတ်လမ်းတွဲကောင်း တစ်ခု ထုတ်လုပ်ရန် မဖြစ်နိုင်ပေ။

သို့သော် ရဲ့လင်းချန်၌ ထိုသို့သော စိုးရိမ်မှုများ မရှိပါ။ သူတစ်ယောက်တည်းက တစ်ဖွဲ့လုံးကို ထိန်းချုပ် နိုင်ပေသည်။ ရှောင်ဖေးဖေးက ကုမ္ပဏီ၏ ဒါရိုက်တာတစ်ယောက် ဖြစ်သော်လည်း သူမသည်လည်း ရဲ့လင်းချန် အတွက် အလုပ်လုပ်ပေးနေရလေသည်။

ရဲ့လင်းချန်က မင်းသမီးများကို အသားမယူသရွေ့ ရှောင်ဖေးဖေး ဂရုစိုက်မည် မဟုတ်ပါ။ တကယ်တမ်းတွင် ရဲ့လင်းချန်က မင်းသမီးတစ်ယောက်ကို တကယ် အခွင့်ကောင်းယူချင်ပါက ရှောင်ဖေးဖေးသည် လုံးဝ ဆန့်ကျင်မည် မဟုတ်ပါ။ သူမက သူ့ကို ကူ၍ စီစဉ်ပေးမိလောက်သည်။

သို့သော် မိန်ကျားနှင့် အခြားသူများ၏ အပြုအမူအရ သူတို့သည် ရဲ့လင်းချန်က သူတို့အပေါ် အသားယူလာမည်ကို လိုချင်သည့်ပုံပင်။ ထိုအကြောင်းအရာနှင့်တင် ရဲ့လင်းချန်သည်သာ အန္တရာယ်များသော နေရာ၌ ပိတ်မိနေသူ ဖြစ်နေ၏။

*အဟမ်း အကြောင်းအရာက နည်းနည်းလွဲသွားပြီဟ*

ထိုအကြောင်းအရာ၌ ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိပါသည်။ ရဲ့လင်းချန်က တစ်ဖွဲ့လုံးကို ထိန်းချုပ်နိုင် သော်လည်း ဇာတ်လမ်းတွဲ အခြေအနေ မကောင်းပါက သူ အပြည့်အဝ တာဝန်ခံရပေမည်။

“ဘယ်လုပ်ငန်းကမှ ကြော်ငြာထည့်ဝင်ဖို့ ဆန္ဒမရှိသေးဘူးလား”

ရဲ့လင်းချန်က ရိုက်ကူးရေး လုပ်ငန်းစဉ်ကို ကြည့်၍ ရှောင်ဖေးဖေးအား‌ မေးလိုက်သည်။

“ငါရယ်၊ နင်ရယ်၊ ဒါရိုက်တာလီရယ်ရဲ့ နာမည်ကြောင့် အဆာပြေမုန့် ကုမ္ပဏီအချို့ကပဲ ရင်းနှီးမြှုပ်နှံချင်ကြတယ်”

ရှောင်ဖေးဖေးက ကူကယ်ရာမဲ့စွာ ခေါင်းခါလေသည်။

“ငါတို့ တောင်းတဲ့ဈေးက ဈေးကြီးနေလား”

“ဟင့်အင်း၊ လုံးဝ ဈေးမကြီးဘူး၊ သူတို့အတွက် ဒီဈေးက သင့်တော်တယ်”

ရဲ့လင်းချန်က အေးအေးလူလူ ပခုံးတွန့်ပြလိုက်သည်။

“ရင်းနှီးမြှုပ်နှံသူတွေ မရှိလည်း ထားလိုက်၊ ကျွန်တော် အဲ့လောက် ပမာဏလေးကို အရေးမစိုက်ဘူး”

ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ ဇာတ်လမ်းတွင်းမှ ကြော်ငြာများကို ဆိုလိုပေသည်။ ဥပမာအားဖြင့် ဇာတ်လိုက် စားနေသော အသင့်စား ခေါက်ဆွဲတံဆိပ်၊ သို့မဟုတ် ရေသန့်တံဆိပ် စသဖြင့်တို့ ဖြစ်လေသည်။ ယင်းက သူတို့ ဇာတ်လမ်းတွဲအပေါ် ထိုလုပ်ငန်းများ၏ ယုံကြည်မှုကို ကိုယ်စားပြုသည်။

ရဲ့လင်းချန်သည် တစ်ခဏမျှ စဉ်းစားပြီးမှ တည်ငြိမ်စွာ ပြောသည်။

“ဒီလို လုပ်ရအောင်လေ၊ ကျွန်တော်တို့ ဝိုင်အလှကုန်က ပစ္စည်းတွေနဲ့ ဝမ်ရုံနည်းပညာက ပစ္စည်းတွေကို ထည့်လိုက်မယ်”

“ဝိုင်အလှကုန်နဲ့ ဝမ်ရုံ နည်းပညာ ဟုတ်လား”

ရှောင်ဖေးဖေး အံ့ဩသွားသည်။ သူမ ခန့်မှန်းထားသော်လည်း ရဲ့လင်းချန်အပေါ် သူမအမြင်က အနည်းငယ် ပြောင်းလဲသွားသည်။

ဝိုင်အလှကုန်နှင့် ပတ်သက်၍ သူမ ဘာမှမသိပါ။ သို့သော် အနုပညာလောကတွင်းမှ ဝိုင်ဟူသော ရဲ့လင်းချန်၏ နောက်ခံကို သူမ သိပါသည်။ ဝိုင်များကြားထဲ၌ အချို့သော ပတ်သက်မှုများ ရှိကိုရှိရပေမည်။

သို့သော် သူမသည် ငြိမ်မြဲငြိမ်နေပြီး ဘာမှမပေးချေ။

ဝမ်ရုံနည်းပညာသည် လူနေမှု နည်းပညာ ပုံစံအသစ်တစ်မျိုးကို တီထွင်နေခြင်း ဖြစ်သည်။ ယင်းအား ကြော်ငြာရန် အခွင့်ကောင်းပင်။ ဝိုင်အလှကုန် ပစ်စည်းမှာမူ ကိုယ်ပိုင် ထုတ်ကုန်များ မရှိသော်လည်း ဖြစ်နိုင်ချေ ရှိသည်။ ရဲ့လင်းချန်က ယင်းကို လူသိအောင် ကြော်ငြာ၍ အသုံးပြုသူများ အသင့်ရလာရန် စိတ်ကူးထားသည်။

“ကဒ်”

ရဲ့လင်းချန်က ရုတ်တရက် အော်လန်ဖြင့် သူတို့ကို တားလိုက်သည်။ ချန်ချီချီနှင့် အခြားသူများက အချင်းချင်း ကြည့်ပြီးနောက် အနားသို့ လျှောက်လာသ်ည။

“သခင်လေးရဲ့၊ အဆင်မပြေတာ ရှိလို့လား”

“ဒီအမူအရာကို ထိန်းထား၊ မြန်မြန် ကိုယ့်နေရာ ကိုယ်သွား”

ရဲ့လင်းချန်က လက်ဝှေ့ယမ်းလိုက်သည်။

“ကင်မရာသုံးက အနောက်ကို နည်းနည်းလေးဆွဲ၊ တောက်ပမှုကို တစ်ဆင့် တိုးလိုက်”

“ကောင်းတယ်၊ ပြီးသွားပြီ”

“ဘာဖြစ်တာလဲ၊ အဲ့ဒီ ပြီးသွားတာလဲ”

ရိုက်ကူးရေး အပြင်၌ ရှိနေသည့် လွီရှောင်ပုက တအံ့တဩ မေးလာသည်။

“ချန်ချီချီရဲ့ အမူအရာက အခုနက မှန်မနေဘူး၊ မင်းတို့တွေက တကယ်ကို ဟာသရှိုးတွေနဲ့ လိုက်တယ်၊ မင်းတို့ မျက်နှာတွေက အခြားသူတွေကို ပျော်စရာတွေ ယူလာပေးတယ်၊ ဒါပေမဲ့ အခြား ခံစားချက်တွေဆိုရင် မင်းတို့ အမူအရာက လိုတာတွေ ရှိတယ်”

လီထိုက်က ရှင်းပြသည်။

“ခုနက ချန်ချီချီက စိုးရိမ်နေတဲ့ အမူအရာ လုပ်ပြရမှာဆိုပင်မယ့် မပေါ်လွင်ဘူး၊ သခင်လေးရဲ့ရဲ့ စကားက ချန်ချီချီကို စိတ်ရင်းနဲ့ကို စိုးရိမ်သလို ခံစားရစေတယ်၊ အဲ့ဒါကြောင့် ပြီးသွားပြီလို့ ပြောတာ”

တစ်ခဏမျှ ရပ်သွားပြီးနောက် သူက ဆက်ပြောသည်။

“ဒါ ထိပ်တန်း ဒါရိုက်တာတွေပဲ ထုတ်နိုင်တဲ့ လှည့်ကွက်ပဲ”

အစောပိုင်းက ရိုက်ကူးရေး၌ သူသည် ချန်ချီချီ၏ သရုပ်ဆောင်မှုနှင့် ပတ်သက်၍ အားမရ ဖြစ်ခဲ့သည်။ သို့သော် ချန်ချီချီအတွက် လိုက်လျောညီထွေ သရုပ်ဆောင်ရန် အလွန် ခက်ခဲနေ၏။ အစက သူသည် ထိုခံစားချက် ပေါ်လာအောင် လုပ်ရန် စိတ်ကူးထားသော်လည်း ရဲ့လင်းချန်၏ စကားအနည်းငယ်နှင့်တင် အဆင်ပြေ သွားလေသည်။

ယင်းမှာ ထိပ်တန်း ဒါရိုက်တာများသာ အသုံးပြုလေ့ရှိသည့် လှည့်ကွက်ပင်။ သရုပ်ဆောင်တစ်ယောက်က ဇာတ်ကောင်ထဲ အပြည့်အဝ မနစ်ဝင်နေလျင် ဒါရိုက်တာက ထိုခံစားချက်ကို တကယ် ဖြစ်လာအောင် နည်းလမ်းများ စဉ်းစားရပေမည်။ ငိုသည့် အခန်းဆိုလျင်လည်း စော်ကားပြောဆိုခြင်းများ သုံး၍ သရုပ်ဆောင်အား ငိုလာအောင် လုပ်ခြင်းကလည်း အလုပ်ဖြစ်စေသည်။

သို့သော် ရဲ့လင်းချန်ကဲ့သို့ အေးအေးလူလူ လုပ်သွားနိုင်သည့်သူက အလွန် နည်းပေ၏။

All Chapters