အစွမ်းအစ ထုတ်ပြခြင်း
Vol. 33 Ch. 487
“ဝိုး သခင်လေးရဲ့က အံ့ဩဖို့ ကောင်းလိုက်တာ”
မိန်ကျားက ချက်ချင်းဆိုသလို အချစ်၌ ကျရှုံးသကဲ့သို့ ပြောလာသည်။
သို့သော် ရိုက်ကူးရေး ပြီးသွားသော်လည်း ရဲ့လင်းချန်၏ မျက်မှောင်က လျော့မသွားသလို သူတို့နှင့် စနောက်ခြင်းလည်း မရှိပေ။ သူက အော်လန်ဖြင့် ဆက်ပြောလိုက်သည်။
“ငါတို့ ဒီနေ့ ရိုက်ကူးရေးကို နားမယ်၊ အားလုံး စုဝေးလိုက်ပါ …”
သူ့စကားက လူတိုင်းကို အနည်းငယ် စိုးရိမ်တုန်လှုပ်သွားစေသည်။ ဝန်ထမ်းများအတွက် စိတ်ဖိစီးမှု အမြင့်ဆုံး အရာမှာ သူဌေးထံမှ ပြစ်တင်ဆုံးမခံရခြင်း ဖြစ်သည်။
ရဲ့လင်းချန်သည် မကြာခဏ ရှိမနေသော်လည်း လီထိုက်၊ ရှောင်ဖေးဖေးနှင့် အခြားသူများ၏ သူ့အပေါ် ချစ်ခင်ခြင်းမှနေ၍ သူ၏ နာမည် ဂုဏ်သတင်းကို သူတို့ ခံစားမိပါသည်။
“ရိုက်ကူးပြီးသား အခန်းတွေကို ငါ အစအဆုံး ကြည့်ပြီးပြီ၊ ရလဒ်က ကျေနပ်စရာ မကောင်းဘူး”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။
“သရုပ်ဆောင်စွမ်းရည်၊ ရိုက်ကူးရေး၊ တည်းဖြတ်ရေးနဲ့ ထုတ်လွှင့်ရေးအပိုင်း၊ ဘယ်ဟာကမှ ကျေနပ်ဖို့ မကောင်းဘူး”
“ရိုက်ကူးရေးကို စပြောရအောင်၊ မင်းတို့အားလုံး ဒါရိုက်တာလီနောက်ကို လိုက်ခဲ့တာပဲ၊ ဒါ မင်းတို့ရဲ့ ပထမဆုံးအကြိမ် ရိုက်ကူးရေး မဟုတ်ဘူး၊ ဘာလို့ အခန်းတွေ ပြောင်းသွားတဲ့အချိန်မှာ အချိန်မီ မတုံ့ပြန်နိုင်ရတာလဲ၊ အခု ဒီအခန်းရဲ့ အဓိက အာရုံစိုက်စရာက ဘာလဲဆိုတာကို ငါ့ကို ပြောပြပါဦး”
လူတိုင်း ပင့်သက်ရှိုက်သွားကြပြီး ရဲ့လင်းချန်ကို နာခံစွာ နားထောင်နေကြသည်။
ရဲ့လင်းချန်က သူတို့ကို ပြစ်တင် ဆုံးမနေသော်လည်း သူသည် ပုံမှန်လေသံကို ထိန်းထားပြီး အသင့်အတင်နှုန်းဖြင့် ပြောနေသည်။ သူ့အသံက မကျယ်လွန်းသော်လည်း ကြည်လင် ပြတ်သားသည်။ သူ၏ ယုံကြည်ချက်က အလွန် ပြင်းထန်ပေသည်။
အစက သူတို့၏ နားလည်မှု ကင်းမဲ့ခြင်းနှင့် ရဲ့လင်းချန်၏ ငယ်ရွယ်သော အသက်ကြောင့် သူတို့သည် သူ့အား အလေးအနက် သဘောမထားခဲ့ပေ။ သို့သော် မကြာခင်မှာပင် သူတို့အားလုံး သတိဝင်လာပြီး စိတ်ဝင်တစား စနားထောင်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ယခင် ရိုက်ကူးရေးအား လက်ရှိ ဇာတ်ညွှန်းနှင့် နှိုင်းယှဉ်နေမိသည်။
ပြစ်တင်ဆုံးမခြင်းက မိနစ်သုံးဆယ်တိတိ ကြာမြင့်လေသည်။ အချိန်အများစုတွင် ရဲ့လင်းချန်က ပြောနေသူသာ ဖြစ်သည်။ ရိုက်ကူးရေး၏ ဌာနတိုင်းကို ထည့်ပြောသွားသည်။ သူသည် တာဝန်ရှိသည့်လူနှင့် အတိုချုပ် ဆွေးနွေးမှု လည်း ပြုလုပ်ပြီး ဌာနတိုင်းအား သူတို့၏ တာဝန်ကို သင်ပေးလေသည်။
ရဲ့လင်းချန်သည် ယခင်က အဖွဲ့နှင့် ပူးပေါင်းမှု ကင်းမဲ့ခဲ့ခြင်းကြောင့် သူတို့နှင့် သိနားလည်ရန် လိုအပ်ပေသည်။ ထိုအခါမှသာ သူတို့သည် အသင်းအဖွဲ့အဖြစ် ပိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ပေမည်။
ရှောင်ဖေးဖေးသည် နှုတ်ခမ်းလေး စူကာ ဘေးဘက်မှနေ၍ ရဲ့လင်းချန်က အဖွဲ့အား ဦးဆောင်နေသည်ကို ငေးမော၍ ကြည့်နေသည်။ အစက သူမသည်လည်း စိတ်ပါဝင်စားစွာ နားထောင်ခဲ့သည်။ သို့သော် အချိန်ကြာလာ သည်နှင့်အမျှ သူမ စိတ်အာရုံ ထွေပြားလာသည်။
ရဲ့လင်းချန်က အကြောင်းအရာများစွာကို ပြောနေသော်လည်း အားလုံးက အရေးအကြီးဆုံး အပိုင်းများ ဖြစ်သည်။ ထို့အပြင် သူသည် လိုရင်းကို တန်းပြောပြီး ရိုက်ကွင်းတစ်ခုစီ၏ အားနည်းချက်များကို ထောက်ပြသဖြင့် သူတို့အား အံ့ဩသွားရစေသည်။
လူတစ်ယောက်က အကြောင်းအရာများစွာကို သိနေခြင်းက မယုံနိုင်စရာပင်။ အဖွဲ့သားများ၏ အမူအရာအရ သူတို့အားလုံး ရဲ့လင်းချန်အပေါ် ရင်ထဲမှနေ၍ လိုလိုလားလား လေးစားစိတ် ဖြစ်ပေါ်လာမှန်း သိသာလှသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ရဲ့လင်းချန်တွင် ဩဇာလွှမ်းမိုးသော သူဌေးတစ်ယောက်၏ အရှိန်အဝါမျိုး တိုးတက် ဖွံ့ဖြိုးလာပုံရသည်။ သူသည် လွှမ်းမိုးနိုင်ပြီး၊ ဆုံးဖြတ်ချက် ပြတ်သားကာ၊ မြန်မြန် လုပ်ဆောင်နိုင်ပြီး အားမာန် ပြည့်ဝစွာ ပြောဆိုနိုင်လေသည်။
ရဲ့လင်းချန်က နယ်ပယ်တွင်း၌ လူသစ်တစ်ဘောက် ဖြစ်သော်လည်း သူ၏ အပြုအမူများအရ တကယ့် ကျွမ်းကျင် ပညာရှင်တစ်ယောက် ဖြစ်ကြောင်း သက်သေပြနေ၏။ အစက သူ၏ နောက်ခံကြောင့် လူတိုင်း အသံမထွက်ရဲပေ။ သို့သော် အချိန် ကြာလာသည်နှင့်အမျှ သူ၏ အတွေ့အကြုံကြောင့် သူတို့ တကယ် အံ့ဩသွားရသည်။
အရည်အချင်း မရှိသူများသည် တဖြည်းဖြည်း အလိမ်ပေါ်လာပြီး အခြားသူများ၏ ထေ့ငေါ့ခြင်း ခံရပေလိမ့်မည်။ သို့သော် လူတစ်ယောက်က အမှန်တကယ် အစွမ်းအစရှိလျင် ဘယ်သူမှ မေးခွန်းထုတ်နေမည် မဟုတ်ပါ။
လက်တွေ့က ဝတ္ထုများ၊ ရုပ်ရှင်များနှင့် မတူပါ။ ထွက်လာပြီး မိမိအား အရှက်ခွဲရအောင် လုပ်မည့် အရူးများ မရှိပါ။ ပုံမှန် အခြေအနေများ၌ သဘောထား ကွဲလွဲမှု သို့မဟုတ် ရူးသွပ်သောသူများ မရှိသရွေ့ အများစုက တမင်သက်သက် ပြဿနာ ရှာမည် မဟုတ်ပါ။
သူတို့ မပျော်မရွှင် ဖြစ်လျင်တောင်မှ သူတို့ သည်းခံလိုက်မည်သာ။ လူတိုင်းက သူတို့၏ ခံစားချက်များကို အကျိုးသင့် အကြောင်းသင့် ထိန်းချုပ်နိုင်ကြသည်။ အရာအားလုံးကို ညည်းညူနေသည့် သူများက မရှိသလောက်ပင်။
အထူးသဖြင့် ရဲ့လင်းချန်က သူတို့၏ သူဌေးလည်း ဖြစ်နေ၏။ သူ့တွင် အရည်အချင်း မရှိဘဲ ရူးမိုက်သူ တစ်ယောက်သာ ဖြစ်ပြီး မင်းသမီးများကို စနောက်နေလျင်တောင်မှ သူတို့၏ မကျေနပ်ချက်ကို ထုတ်ပြောရဲမည် မဟုတ်ပါ။
သူဌေးကို အာခံလျင် သူတို့အတွက် ဘာဖြစ်သွားမည်နည်း။ ချီးကျူးခံရမည်လား။ သို့မဟုတ် သူဌေးက လူလဲသွားမည်လော။ အများစုက သူ့ကို မျက်နှာလုပ်နိုင်သည့် အခွင့်အရေးကို ယူ၍ တိုက်ခိုက်ကြပေလိမ့်မည်။
ရဲ့လင်းချန်က တကယ် အသုံးမကျလျင်တောင်မှ သူတို့ ဘာမှမပြောသော်လည်း စိတ်ထဲ၌ အထင်သေးပြီး သူ့နောက်ကွယ်၌ အတင်းပြောမိမှာပင်။ သူ့အတွက် သူတို့ စိတ်လိုလက်ရ အလုပ်လုပ်မည် မဟုတ်ဘဲ အနည်းအကျဉ်းလောက်သာ လုပ်မိလောက်သည်။ ယင်းက အခြေခံ ပြိုလဲကျသည့် အကြောင်းတရားပင်။
သို့သော် လူတိုင်း ထိုသို့ ထပ်မတွေးတော့ချေ။ သူတို့၏ သူဌေးသည် အစွမ်းအစရှိသူ ဖြစ်ပြီး နယ်ပယ်တွင်း၌ ကျွမ်းကျင်သူ ဖြစ်သည်။ သူ့ရှေ့၌ သူတို့ အရူးလုပ်ရန် မဖြစ်နိုင်ပေ။
ရဲ့လင်းချန်၏ အပြုအမူများမှာ အများအား သူ၏ ဩဇာကို ပြ၍ သတိပေးခြင်းသာ ဖြစ်သည်။ အနည်းဆုံးတော့ ၎င်းက အဖွဲ့သားများ၏ လက်လွတ်စပယ် လုပ်သည့် အတွေးကို ပျောက်သွားစေပေလိမ့်မည်။
ဤသည်က ရဲ့လင်းချန် လူတိုင်းနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ တစ်ဖွဲ့လုံးကို ယခုမှ အားလုံး ခေါ်မိခြင်း ဖြစ်ပေသည်။
“ဒီနေ့ ဒီလောက်နဲ့ ရပ်လိုက်တာပေါ့၊ အားလုံး ပြန်ပြီး အနားယူကြပါ၊ မနက်ဖြန်ကစပြီး ငါ အခန်းအချို့အတွက် ဒီမှာ ရှိနေမယ်၊ မပြည့်စုံတာအားလုံးကို ဖယ်ဖို့ ဦးတည်ကြတာပေါ့”
ရဲ့လင်းချန်က လက်ခုပ်တီး၍ သူတို့ကို စောစော အလုပ်နားခိုင်းလိုက်သည်။
ယနေ့ သူတို့ စောစော နားရလျင်တောင်မှ မနက်ဖြန်၌ ရဲ့လင်းချန်ထံမှ ပြင်းထန်သော ဖိအားနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း လူတိုင်း ရိပ်မိပါသည်။
ရဲ့လင်းချန်က အလျင်မလိုပါ။ သူ ပြောလိုက်သော စကားများက သက်ရောက်မှု ရှိပေသည်။ သူက သူတို့ကို သင်ခန်းစာကို နားလည်ချိန် ပေးခဲ့သည်။ ဤနည်းအားဖြင့် သက်ရောက်မှုက ပိုကြီးပေလိမ့်မည်။ ပုဆိန်ကို သွေးခြင်းက အလုပ်ကို မနှောင့်နှေးစေဟူသော စကားလိုပင်တည်း။
လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးတို့က အလျင်စလို မသွားသေးပေ။ အံ့ဩစရာကောင်းစွာပင် ဟူရီဖေးနှင့် အဖွဲ့ကလည်း နေခဲ့သည်။ သူတို့သည် ရဲ့လင်းချန်ရှေ့၌ ရပ်၍ သူ့အား စိုးရိမ်တုန်လှုပ်သော အမူအရာနှင့် ကြည့်လာ၏။
“မင်းတို့ ဘာလို့ မပြန်သေးတာလဲ”
ရဲ့လင်းချန် သိချင်သဖြင့် မေးလိုက်သည်။
“သခင်လေးရဲ့၊ ရှင် ဌာနတိုင်းကို ပြောသွားပင်မယ့် ကျွန်မတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို မပြောသွားဘူး၊ အဲ့ဒါက အဲ့သလောက် ဆိုးလို့လားဟင်”
ချန်ချီချီက တစ်ဒင်္ဂမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် မေးလာသည်။
“သခင်လေးရဲ့၊ ကျွန်တော်တို့ သရုပ်ဆောင်စွမ်းရည်က ဆိုးလွန်းလို့ ခင်ဗျား စိတ်ပျက်ပြီး ဘာမှမပြောချင်တာလား”
လုရှောင်ပုက ထပ်ပြောသည်။
ရဲ့လင်းချန်က ပြုံးလေသည်။
“မင်းတို့ သရုပ်ဆောင်စွမ်းရည်က သာမန်ပါပဲ”
သူတို့၏ စိတ်ဓာတ်ကျသွားသော အမူအရာကို ကြည့်ပြီး ရဲ့လင်းချန်က ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့လောက် ဆိုးနေတာ မဟုတ်ပါဘူး၊ သရုပ်ဆောင်စွမ်းရည်ဆိုတာ ညတွင်းချင်း တင်လို့မရနိုင်ဘူး၊ နောက်ဆို ငါ မင်းတို့ကို သင်ပေးမှာပါ”
“တကယ်လား”
လင်းဝမ်ယွီ၏ မျက်လုံးများက အရောင်တောက်လာပြီးနောက် စိတ်အေးကာ သက်ပြင်းချလေသည်။
“ရှင် ကျွန်မတို့ကို လက်လျှော့လိုက်ပြီလို့ ထင်နေတာ”
“သခင်လေးရဲ့၊ ရှင်က အံ့ဩဖို့ ကောင်းလွန်းတာပဲ၊ ရှင် သင်ပေးတာနဲ့ဆိုရင် ကျွန်မ အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဖြစ်ဖို့ တစ်လှမ်းလောက်ပဲ လိုတော့မှာပဲ”
ချန်မိန်ကျားက ပျော်ရွှင်စွာ အော်ဟစ်လေသည်။
“အဟမ်း သခင်လေးရဲ့၊ ကျွန်မတို့ အရင်တစ်ခေါက်က ရှင့်အပေါ် မသိတတ်ခဲ့သလို ကျွန်မတို့ကို ထမင်းလိုက်ကျွေး ခိုင်းခဲ့မိပါတယ်၊ အဟမ်း … ဒီည ကျွန်မတို့ ရှင့်ကို ညစာ လိုက်ကျွေးချင်ပါတယ်”
ဟူရီဖေးက နူးညံ့စွာ ပြောလာသည်။ သူမက မျှော်လင့်နေပုံပေါက်သော်လည်း တစ်ချိန်တည်းမှာပင် စိုးရိမ်နေ လေသည်။
“ဒီဇာတ်လမ်းတွဲက ပြတောင် မပြရသေးဘူး၊ မင်းတို့ ဘယ်ကနေ ပိုက်ဆံရတာလဲ”
ရဲ့လင်းချန် ရယ်လိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“ရတယ်လေ၊ ငါတို့ ညစာ စားကြတာပေါ့”
ဟူရီဖေးနှင့် အဖွဲ့သည် ချက်ချင်း ပင့်သက်ရှိုက်လိုက်မိပြီး သူတို့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုး လျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမတို့၏ မျက်နှာ၌ ပျော်ရွှင်သော အပြုံးများ ပေါ်လာသည်။
သို့သော် သူတို့ ထွက်သွားတော့မည့်အချိန်၌ ကိုယ်လုံးကိုယ်ပေါက် သေးသွယ် ကျစ်လျစ်လှပသော မိန်းကလေး တစ်ယောက်က အလျင်စလို ပြေးဝင်လာသည်။ ပြန်တော့မည့် အဖွဲ့သားကို မြင်သောအခါ သူမ အံ့ဩသွား လေသည်။ သို့သော် ရဲ့လင်းချန်ကို မြင်သည်နှင့် သူမမျက်လုံးများက ဝင်းပသွားသည်။
“လင်းချန်၊ အစ်မဖေးဖေး၊ ရှင်တို့ ရှိနေသေးလို့ တော်သေးတယ်”
ကျောက်လျန့်ရင်၏ ပါးနှစ်ဖက်က နီမြန်းနေပြီး အသက်ရှူသံက မသိမသာ ပြင်းထန်လာသည်။ သူမ ဤသို့ စိတ်လှုပ်ရှားစွာ ခပ်သွက်သွက် လာခဲ့ပုံရသည်။
“ဒီမှာကြည့်”
သူမက လက်ထဲကို အိတ်ကို စားပွဲပေါ် တင်လိုက်သည်။ ဘယ်သူမှ မပြောနိုင်ခင်မှာပင် သူမက စိတ်လှုပ်ရှားစွာ ထုတ်ပြလေသည်။
“ဒီအိတ်က ဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံကနေ လုပ်ထားတာလေ၊ အား … ဒါက သိပ်လှတာပဲ၊ဒီအိတ်က တန်ဖိုးကြီး ပစ္စည်းအဖြစ် စာရင်းဝင်နေပြီ သိလား၊ ဒါက ကျွန်မတို့နိုင်ငံကနေ တန်ဖိုးကြီးပစ္စည်းအဖြစ် တင်သွင်း ခံရတဲ့ ပထမဆုံး ပစ္စည်းပဲ၊ ဟင့်ဟင့် … ကျွန်မ သိပ်စိတ်လှုပ်ရှားတာပဲ၊ အင်တာနက်တစ်ခုလုံး ပွက်လောရိုက် နေပြီ”