အဆိပ်နှစ်သွယ်....
Vol. 31 Ch. 431
"ကုလင်း မိနေတဲ့ အဆိပ်က ငရဲပိုးကောင်လို့ခေါ်တဲ့ ရှားပါးပြီး ပြင်းထန်တဲ့ အဆိပ်တစ်မျိုးပါ...ဒီအဆိပ်က သားကောင်ရဲ့ အသွေးအသားကို အာဟာရပြုပြီး ပိုပြင်းတဲ့အဆိပ်တွေကိုထုတ်ပေးနိုင်တယ်...စွမ်းအားမြင့်လေ ပိုထိခိုက်လေပဲ....."
"ဒီလိုရှားပါးအဆိပ်မျိုးက ကောင်းကင်ဘုံနစ်မြှုပ်ခြင်းအဆင့်တွေကိုတောင် ဒုက္ခပေးနိုင်တယ်....ဉီးလေးယွမ်ကို ချိန်းခြောက်ဖို့ ဖေဟောင်က သတိပေးလိုက်တဲ့သဘောပဲ...."
လီလော့သည် ကုလင်း၏ခန္ဓာကိုယ်ရှိ အဆိပ်နှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်ပြီးသည့်အခါ သတင်းကောင်းတစ်ခုမျှ မရှိခဲ့ပေ။
ကုလင်းခန္ဓာကိုယ်ထဲက အဆိပ်တွေက သူထင်ထားတာထက် ကိုင်တွယ်ရ ပိုခက်နေသည်။ ၎င်းသည် တန်ယွမ်တို့အဆိပ်မိတုန်းကနှင့် လုံးဝခြားနားနေသည်။
ငရဲပိုးကောင် ကိုယ်တိုင်က ရှာရခက်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပါဝင်ပစ္စည်းဖြစ်သည်။ လီလော့သည် လွန်ခဲ့သောလအနည်းငယ်က သူဖတ်ဖူးသော စာအုပ်များထဲတွင် ဖော်ပြထားသောကြောင့်သာ အခုလိုသိနေခြင်းဖြစ်သည်။
ယွမ်ချင်းသည် ဒေါသတကြီးဖြင့် လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
"ခွေးမသား ဖေဟောင်!"
ယွမ်ချင်းသည် သူ့တပည့်ကို ချစ်ခင်သောကြောင့် လော့လန်အိမ်တော်၏ ခက်ခဲမှုများနှင့်မကြုံတွေ့ရအောင် နှစ်ပေါင်းများစွာ အဝေးသို့ခေါ်ဆောင်သွားခဲ့သည်။ အခုလိုပြန်လာဖို့ ဆုံးဖြတ်လိုက်သည့်အတွက် သူ့တပည့် သေဆုံးရတော့မည်ကို မည်သူ့ကိုအပြစ်တင်ရမည်နည်း......
ဒီလိုဖြစ်လာမယ်ဆိုတာ သိရင် ပြန်လာဖို့ဆုံးဖြတ်ခဲ့ပါ့မလား......
"အဲဒါကို ချေဖျက်လို့ရလား?"
ကျန်းချင်းအာက လေးနက်စွာ မေးလိုက်သည်။
လီလော့က ထိုမေးခွန်းကို တွေးတောလိုက်ပြီး...
“ဒါက အရမ်းခက်ခဲလိမ့်မယ်... ဒါပေမယ့် အဆိပ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မယ်ဆို ကုသဖို့နည်းလမ်းရှာဖို့အချိန်ရနိုင်တယ်....."
"ငါတောင်းထားတဲ့ ကုထုံးတွေ ပြင်ဆင်ပြီးပြီလား"
“စိတ်ချပါ သခင်လေး...."
ချိုင်ဝေ သည် အထုပ်အပိုးမျိုးစုံနှင့် စာအိတ်မျိုးစုံကို ကိုင်ဆောင်ကာ အစေခံများနှင့်အတူ အခန်းထဲသို့ တိုးဝင်လာသည်။
"ကျေးဇူးတင်ပါတယ် အစ်မချိုင်ဝေကိုပဲအမြဲတမ်းအားကိုးနေရတယ်...."
လီလော့ ပြုံးလိုက်သည်။
သူ နှောင့်နှေးမနေတော့ဘဲ ဝတ်ရုံလက်စကိုပင့်တင်လိုက်ပြီး သူ့စိတ်ထဲမှာ ရှိနေတဲ့ ရောစပ်မှုကို ပြင်ဆင်လိုက်သည်။ ရှုံးနိမ့်မှုများစွာရှိခဲ့ပြီး ရလဒ်ထွက်ပေါ်လာဖို့ လေးနာရီကြာအောင် အချိန်ယူခဲ့ရသည်။
ဤသည်မှာ ဖြေဆေးမဟုတ်သေးပေ။ ကုလင်း၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကို ပိုမိုမပျံ့နှံသွားအောင် အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားရန်မျှသာဖြစ်သည်။
ကုလင်း သတိမေ့မြောနေပြီဖြစ်သည်။ လီလော့ သူမ၏ပါးပြင်ကို ညင်သာစွာ ညှစ်လိုက်ပြီး ဆေးရည်များကိုလောင်းထည့်လိုက်ရသည်။
ထို့နောက် ကုလင်း၏အေးစက်နေသောလက်ကိုကိုင်ပြီး ကုသရေးစွမ်းအင်များပို့လွှတ်ပေးဖို့ပြင်ဆင်လိုက်သည်။ရေနှင့်သစ်သားပဲ့တင်ထပ်သံစွမ်းအားများကို သုံးပြီး အဆိပ်ကိုအားပျော့အောင် ပြုလုပ်နိုင်ဖို့သာမျှော်လင့်ရတော့မည်။
ယွမ်ချင်းနှင့်ကျန်းချင်းအာတို့ မျက်တောင်မခတ်စတမ်း ကြည့်နေကြသည်။
လီလော့ မျက်လုံးများကိုမှိတ်ထားပြီး အပြာနှင့်အစိမ်းရောင်စွမ်းအားများကို သူမ၏လက်ထဲသို့ ပိုမိုနက်ရှိုင်းစွာ တွန်းပို့ကာ သူမ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်စေလိုက်သည်။
ထိုအခါ သူမရဲ့ ဖြူဖျော့တဲ့ အရေပြားတစ်လျှောက် စွမ်းအားတွေ ပျံ့နှံ့လာခဲ့သည်။
စွမ်းအားများသည် အလွန်လျင်မြန်စွာဖြင့်
အနက်ရောင်ပိုးကောင်နှင့်တူသောအငွေ့များကိုတိုက်စားနေ၏။
ပထမတော့ လီလော့ရဲ့ ပဲ့တင်ထပ်သံ စွမ်းအားတွေက အတော်လေး ကောင်းမွန်ခဲ့ပါသည်။ ငရဲပိုးကောင်က ကုလင်းရဲ့ နှလုံးသားကနေ သစ်သားနှင့်ရေ ပဲ့တင်ထပ်သော စွမ်းအားများဆီသို့ တိုးလာရာမှ ရပ်တန့်သွားခဲ့သည်။ ထို့အပြင် ၎င်း၏ပျံ့နှံမှုအရှိန်ကိုလည်း နှေးကွေးစေခဲ့သည်။ လီလော့ ကြိုတင်ခန့်မှန်းထားသည့်အတိုင်း အောင်မြင်စွာ ထိန်းချုပ်နိုင်သော်လည်း ဖျောက်ဖျက်မပစ်နိုင်ခဲ့ပေ။
ဤအဆိပ်သည် တကယ်ဆို ကောင်းကင်ဘုံနစ်မြုပ်ခြင်းအဆင့်များကိုပင် သေစေနိုင်လောက်သည်။
သို့ပေမယ့်လည်း လီလော့ရဲ့ ပန်းတိုင် ပြီးမြောက်ခဲ့ပြီဟုယူဆနိုင်သည်။
သူသက်ပြင်းချခါနီးတွင် ငရဲကင်းခြေများတွေက ရုတ်တရက် ရူးသွပ်သလိုလှုပ်ရှားလာသည်။
၎င်းတို့ ရူးသွပ်စွာ လှုပ်ယမ်းနေသည်ကို လီလော့ ခံစားနေရပြီး အနက်ရောင်ပိုးကောင်များအဖြစ်ကနေ နီညိုရောင်အလင်းတန်းများအဖြစ်တောက်ပလာကြသည်။
ငရဲပိုးကောင်များ သည် လိပ်ပြာအဖြစ်သို့ အသွင်ပြောင်းသွားကြလေပြီ။
တခုခုကိုသတိရလိုက်သောအခါ လီလော့တကိုယ်လုံးအေးစက်တောင့်တင့်သွားခဲ့သည်။
ထူးခြားဆန်းပြားသော အဆိပ်နှစ်သွယ်....
ငရဲပိုးကောင်နောက်ကွယ်တွင် ဒုတိယထူးခြားဆန်းပြားသော အဆိပ်ဖြစ်သည့် ငရဲလိပ်ပြာအဆိပ်ရှိနေသည်။ ဤအဆိပ်သည် ကောင်းကင်ဘုံနစ်မြုပ်ခြင်းအဆင့်များကို လဲကျစေနိုင်သည်။
စစ်သူကြီးအဆင့်ကိုတောင် သေစေနိုင်သော အဆိပ်သည် ဆရာသခင်အဆင့်ဖြစ်သော ကုလင်းကို ဆယ်ခါပြန်သေစေနိုင်သည်။
ဒီကောင်ပိုက်ဆံတော်တော်ပေါနေလား....ဘာလို့ ကုလင်းကိုဒီလောက်စျေးကြီးတဲ့အဆိပ်ခတ်လိုက်ရတာလဲ...ဒါပေမယ့် ကုလင်းကို မဟုတ်ရင် အဆိပ်တွေက ဘယ်သူတွေကို ပစ်မှတ်ထားနိုင်မလဲ...
ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကုလင်း၏ ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံ စွမ်းအားများကို အမြန်ပြန်ဆွဲထုတ်လိုက်သည်။
သို့သော် နက်မှောင်သော နီညိုလိပ်ပြာ အဆိပ်သည် ယခုပင် စတင်နေပြီဖြစ်သည်။ ၎င်းတို့သည် လီလော့၏ ပဲ့တင်ထပ်သံ စွမ်းအားများကနေတဆင့် လီလော့ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်လာခဲ့ကြပြီ။
ထိုလိပ်ပြာများသည် ကုလင်း၏ ခန္ဓာကိုယ်ထဲမှာ နေဖို့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။
လီလော့သည် ပဲ့တင်ထပ်သံ စွမ်းအားများကို ပြတ်ပြတ်သားသား ဆွဲထုတ်လိုက်သော်လည်း ငရဲလိပ်ပြာများ၏ အမြန်နှုန်းကို လျှော့တွက်ထားခဲ့မိသည်။
ဉီးရေပြားများထုံကျင်သွားကာ လိပ်ပြာအတောင်ပံများ တဖျပ်ဖျပ်ခတ်သံ သူ့နားထဲသို့ တိုးဝင်လာသည်။
သူ့မျက်လုံးများ ပွင့်လာသည်....
"ဘာမှားလို့လဲ?"
ကျန်းချင်းအာက လီလော့၏အမူအရာပြောင်းလဲမှုကိုပထမဆုံးသတိပြုမိခဲ့သည်။
ယွမ်ချင်းက ဖြူဖျော့မနေတော့ဘဲသွေးရောင်သမ်းနေပြီဖြစ်သော ကုလင်းကိုကြည့်ပြီး....
" အဆိပ်ဖြေနိုင်ပြီလား....."
လီလော့ ထူးဆန်းသောအမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။
"မဖယ်နိူင်ဘူး... လွဲယူလိုက်ရတာ..."
သူ့လက်မောင်းကို မြှောက်လိုက်ပြီး သွေးကြောထဲတွင် လိပ်ပြာများ ဝင်လိုက်ထွက်လိုက် ပျံဝဲနေတာကို ပြလိုက်သည်။
ငရဲလိပ်ပြာသည် ငရဲပိုးကောင် ကဲ့သို့ပင် ခန္ဓာကိုယ်အတွင်း အဝင်အထွက် လွင့်ပျံနေသော အခိုးအငွေ့များဖြစ်သည်။
" ဖေဟောင်က ကျွန်တော့်ကို တော်တော် ချစ်တယ်နဲ့တူတယ်....စစ်သူကြီးအဆင့်တွေကိုတောင်သေစေနိုင်တဲ့အဆိပ်ကို နှစ်မျိုးတောင်ရောသုံးပေးလိုက်သေးတယ်..."
***