← Chapters

ရွှီချင်း၏ တန်ပြန်တိုက်ကွက်(၁)

Vol. 34 Ch. 504

ရွှီချင်း၏ တန်ပြန်တိုက်ကွက်(၁)

Vol. 34 Ch. 504

“လမ်းပြပါ။”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

သူ့ ပြုမူပုံတို့ကြောင့် တရားရေးရာရုံးတော်က တပည့်နှစ်ယောက်၏ မျက်လုံးတို့ အနည်းငယ် မှေးကြုတ်သွားကြသည်။ သူတို့က ရွှီချင်းကို အကဲခတ်လိုက်ရင်း စိတ်ထဲတွင် ချီတုံချတုံ ဖြစ်လာကြ၏။ အချင်းချင်း ကြည့်လိုက်ကြပြီးနောက်တွင် သူတို့က အံကြိတ်လိုက်ကြပြီး နှိပ်စက်ကိရိယာများ ထုတ်ကာ ရွှီချင်းထံသို့ လျှောက်လာကြ၏။

ရွှီချင်း အတွေးနက်သွားပြီး ခေါင်းဆောင်လည်း မျက်ခုံးများကို ပင့်သည်။

ထိုအချိန်တွင် ဤမူမမှန်သော မြင်ကွင်းမှ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူတို့ အတည်ပြုလိုက်ကြပြီး ဖြစ်သည်။

ခေါင်းဆောင် ကောက်ကျစ်စွာ ပြုံးသည်။

ရွှီချင်းက ခုခံခြင်း မပြုပေ။ တရားရေးရုံးတော်က တပည့်နှစ်ဦးသည် သူ့အပေါ်တွင် နှိပ်စက်ကိရိယာများ ဝတ်ဆင်သည်ကို ခွင့်ပြုလိုက်ပြီးနောက် ‌ရှေ့သို့ လျှောက်သွားလိုက်သည်။

သူ လမ်းလျှောက်သည်မှာ နှေးကွေးနေသဖြင့် တရားရေးရုံးတော်က တပည့်တစ်ဦးသည် မာန်မဲလိုက်၏။

ရွှီချင်းက သူ့ဘက်သို့ လှည့်ကာ စူးစိုက်ကြည့်သည်။ ထို့နောက် မည်သည့်စကားမှ မဆိုဘဲ သူတို့နှစ်ဦးနောက်သို့ လိုက်ပါသွား၏။

နတ်မိမယ်ကျစ်ရွှမ်သည် ထိုမြင်ကွင်းအား တည်ငြိမ်စွာ ကြည့်နေသည်။ ရွှီချင်းက ပြဿနာအား ပြေလေအောင် ဖြေရှင်းနိုင်မည်ဟု သူမ ယုံကြည်ထားသည်။ သို့ရာတွင် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ ဒေသငယ်မြို့တော်က အသိမိတ်ဆွေကောင်းတစ်ဦးထံသို့ ဆက်သွယ်လိုက်၏။ သူမက ထိုကိစ္စတွင် ကိုယ်ပိုင်နည်းလမ်းဖြင့် အာမခံချက်တစ်ခုတော့ ပြုလုပ်ထားရမည် ဖြစ်သည်။

ချန်ထင်းဟောင်လည်း ထိုနည်းတူပင်။ သူက နေရာတကာ စိတ်ကောင်းရှိသူတစ်ဦးတော့ မဟုတ်ပါ။ သူက ဓားကိုင်များအပေါ်တွင်သာ ဂရုစိုက်တတ်သူ ဖြစ်သည်။ သူကလည်း ဓားကိုင်ရုံးတော်အား ဆက်သွယ်ပြီး ထိုကိစ္စအား သတင်းပို့သည်။

“အားလုံးပဲ သွေးပျက်နေစရာမလိုပါဘူး။ တစ်ဖက်လူက ရွှီချင်းကို နာမည်ဖျက်ချင်တယ်ဆိုတာ ထင်ရှားနေတယ်။ ရည်ရွယ်ချက်က သိသာလွန်းပြီး နည်းစနစ်ကလည်း အကြမ်းဖျင်း ဆန်လွန်းတယ်။”

“ဒီလို မလောက်လေးမလောက်စားနည်းလမ်းမျိုးက ကျုပ်ညီငယ်အပေါ်မှာ အလုပ်ဖြစ်မယ်ဆိုရင် လူဆိုးထိန်းဌာနမှာ နှစ်တွေအကြာကြီးလုပ်ခဲ့တာ အလကား ဖြစ်သွားမှာပေါ့။”

“ဒီကိစ္စက သုံးရက်ကနေ အလွန်ဆုံးငါးရက်အတွင်း ပြေလည်သွားမှာပဲ။ အဲဒီအချိန်ကျရင် မင်းတို့က ငါ့ကိုယုံကြည်ပြီး ငါ ပြောသလိုသာ လုပ်ဖို့လိုတယ်။”

ခေါင်းဆောင်သည် ရွှီချင်းထွက်ခွာသွားသည့် အရပ်သို့ ကြည့်လိုက်ရင်း ရင်ထဲတွင် ဒေါသတို့ တိုးပွားလာ၏။

သူ့ရှေ့မှနေ၍ သူ့ညီငယ်ကို တစ်စုံတစ်ယောက်က ဤသို့ခေါ်ယူသွားခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုအချိန်တွင် မြို့ပြင်၌ တည်ရှိနေသည့် နန်းတော်သုံးခုထဲက တရားရေးရုံးတော်၏ ဘေးခန်းမတစ်ခုထဲတွင် ကျန်းစစ်ယွင်သည် စိတ်ပူပင်လှုပ်ရှားဟန်ဖြင့် ဘေးတွင် ခပ်ကျုံ့ကျုံ့ရပ်လျှက် ရှိနေသည်။

သူ၏ ထိုသို့သော ပုံစံအား အပြင်လူများ မြင်ဖူးခြင်း မရှိကြပါ။

သုန်မှုန်၊ ရက်စက်ကာ အေးစက်နေတတ်သည့် ကျန်းစစ်ယွင်သည် လူတစ်ဦးတည်း၏ ရှေ့တွင်သာ ဤသို့ ပြုမူတတ်သည်။ ထိုလူမှာ သူ့အမေ ဖြစ်သည်။

ယခုအချိန်တွင် သူ့အမေသည် မလှမ်းမကမ်းရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်လျက် တရားရေးရုံးတော်၏ မှတ်တမ်းများအား လှန်လှောဖတ်ရှုနေသည်။

သူမသည် လူသားတစ်ဦးဖြစ်ကြောင်း ထင်ရှားနေသော်လည်း သူမ၏ နက်မှောင်‌ဖြောင့်စင်းနေသောဆံနွယ်များ၊ နုနွယ်လွန်းသည့်ဟန် ရှိသည့် ဖြူဖွေးနေသည့် အသားအ‌ရေနှင့် ထိုလှပသော မျက်နှာငယ်လေးတို့ကြောင့် ပန်းချီကားထဲက နတ်သမီးပမာ ထင်မှတ်မှားမိနေစေသည်။

သူမသည် လှပလွန်းနေသဖြင့် သေမျိုးလောက၏ ညစ်ညမ်းမှုတို့မှ ကင်းလွတ်နေဟန် ရှိသည်။

သူမသည် ကျန်းစစ်ယွင်၏ အမေနှင့် မတူပဲ အစ်မဟုသာ ထင်မှတ်ရ၏။

သူမသည် ထိုနေရာတွင် ကိုယ်ဟန်မတ်မတ်ကာ ထိုင်နေပြီး ဖွံထွားလှသော ရင်အစုံနှင့် ကောက်ကြောင်းတို့ကို ဖော်ပြလျှက် ရှိသည်။

ကျန်းစစ်ယွင်မှာကား အသက်ပင် ကျယ်ကျယ်မရှူဝံ့ပေ။ သူက ခေါင်းကိုငုံ့လျက် တိတ်တဆိတ်စောင့်နေ၏။

အချိန်အနည်းငယ်ကြာပြီးနောက် ဘေးခန်းမှပြင်ပတံခါးတွင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်‌။ အမျိုးသမီး၏ အသံတိုးတိုးထွက်ပေါ်လာပြီး တံခါးလည်း ပွင့်လာသည်။

အစောပိုင်းတွင် ရွှီချင်းအား ဖမ်းခေါ်သွားသည့် ကျင့်ကြံသူနှစ်ဦးသည် ရိုသေစွာ လမ်းလျှောက်ဝင်လာကြပြီး အမျိုးသမီးရှေ့၌ ဒူးထောက်လိုက်ကြသည်။

“သခင်မကို ဂါရဝါပြုပါတယ်။”

“သခင်မ ရွှီချင်းကို အကျဉ်းထောင်ထဲကို ပို့လိုက်ပါပြီ။ ကံမကောင်းတာက သူတို့ဂိုဏ်းဟာ ဖြစ်စဉ်တစ်ခုလုံးမှာ ဟန့်တားခြင်း မရှိခဲ့ပါဘူး။ ရွှီချင်းကလည်း ရုန်းကန်ငြင်းပယ်ခြင်း မရှိပါဘူး။..ကျွန်တော်တို့ နောက်ပိုင်းမှာ ဘဘ်လိုဆက်လုပ်သင့်ပါလဲ။”

“ဒီဂိုဏ်းငယ်လေးက ဉာဏ်တော့မမဲ့ဘူးပဲ။ တခြား ဆက်လုပ်စရာ မလိုတော့ဘူး။ သူ့ကို ချုပ်သာထားလိုက်။”

အမျိုးသမီးက စာရင်းစာအုပ်ကို ချလိုက်ပြီး ခေါင်းမော့သည်။ ထို့နောက် တပည့်နှစ်ဦးအား ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

ကျင့်ကြံသူနှစ်ဦးက ထိုအမျိုးသမီးအားကြည့်လိုက်မိချိန်တွင် စိတ်တို့ ထိန်းချုပ်မရနိုင်အောင် လှုပ်ရှားသွားရသည်။ သူမအား သူတို့ မကြာခဏတွေ့မြင်ရသော်လည်း တွေ့ချိန်တိုင်းတွင် ထိုသို့ ဖြစ်ရသည်။

ဤအထက်လူကြီး၏ အလှသည် သေစေနိုင်သည့် ဆွဲဆောင်မှုများ ရှိနေသည်။ သို့သော် ဤသခင်မသည် မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်းကိုလည်း သူတို့သိထားသည်။ ထို့ကြောင့် ကြက်သီးထမိသွားပြီး ခေါင်းများအလျင်အမြန်ငုံ့ကာ အမိန့်နာခံပြီး ထွက်ခွာသွားကြ၏။’

မိခင်ဖြစ်သူ၏ ငယ်သားများ ထွက်ခွာသွားသည်ကို မြင်လျှင် ကျန်းစစ်ယွင်မှာ ရင်တွင်းခံစားချက်တို့အား ဖုံးဖိမရနိုင်တော့ပေ။ သူက မိခင်ဖြစ်သူအား မျော်လင့်တကြီး ကြည့်သည်။

ဤကိစ္စ၏ ဇစ်မြစ်ကတော့ သူ ရောက်လာပြီးသည့်နောက်တွင် မိခင်ဖြစ်သူအား ယင်ဟွမ်ပြည်နယ်ဓားကိုင်ရုံးတော်တွင် သူ ကျရှုံးရသည့် အကြောင်းရင်းကို ပြောပြသည်။ ထိုမှတစ်ဆင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းခွဲအား ဖမ်းချုပ်ခြင်းသို့ ဆက်ဖြစ်လာသည်။

ဤကိစ္စတစ်ခုလုံးသည် သူ့မိခင် စီစဉ်ထားခြင်း ဖြစ်သည်။ သူမက ဂိုဏ်းခွဲအား ဦးဆုံးဖမ်းချုပ်လိုက်ပြီး သက်ဆိုင်ခြင်းမရှိသော်လည်း သက်ဆိုင်ဟန်ထင်ရသည့် သူတို့အား စစ်မေးသည်။ ထို့နောက်တွင်မှ ရွှီချင်းထံသို့ ဦးတည်ကာ ပစ်မှတ်ထားလိုက်သည်။

ယခု သူတို့က ရွှီချင်းအား ဖမ်းချုပ်ထားလိုက်ပြီ ဖြစ်ရာ ကျန်းစစ်ယွင်၏ အတွေးတို့ သွက်လက်လှုပ်ရှားလာ၏။

“အမေ… ရွှီချင်းဆီမှာ သက်စောင့်မီးအိမ်နှစ်လုံးရှိတယ်။”

“တိတ်စမ်း။”

ကျန်းစစ်ယွင်၏ အမေက တည်ငြိမ်စွာ ပြောသည်။

ကျန်းစစ်ယွင်မှာ ထိတ်လန့်မိသွားပြီး ဆက်မပြောဝံ့တော့ပေ။

“မင်းအဖေက အမှိုက်ပဲ။ မင်းကတော့ ပိုတော်လောက်မယ်လို့ ထင်ထားပေမဲ့ မင်းကလည်း အမှိုက်စဖြစ်နေမယ်လို့ ထင်မထားမိဘူး။ မင်းက ဓားကိုင်အမိန့်ဓားတစ်လက်တောင် မယူနိုင်ခဲ့ဘူး။ နောက်ဆုံးတော့လည်း မင်းဆရာဘိုးဘိုးကပဲ မင်းကို ခေါ်ယူခဲ့ရတာပဲ။”

ကျန်စစ်ယွင်မှာ ခါးသီးမှုတို့ဖြင့် ခေါင်းငုံ့နေလိုက်၏။

သူမ၏ သားကို ကြည့်လိုက်ရင်း ယောင်ယွင်ဟွေ့ သက်ပြင်းအသာကျိတ်ချသည်။ သူမက ကျန်းစစ်ယွင်အပေါ် အမှန်တကယ်လည်း စိတ်ပျက်နေသည်။

“ယွင်အာ မင်းတစ်ဆင့်ချင်း လုပ်သွားမှရမယ်။ ရွှီချင်းက ပေတစ်သိန်းအလင်းကို ရထားတယ်။ အင်ပါယာကိုယ်တိုင် သူ့ကို ရွေးချယ်ခဲ့ပြီး ဖုန်းဟိုင်ဒေသငယ်ထဲက ဓားကိုင်ရုံးတော် တာအိုခေါင်းလောင်းတောင် သူ့အတွက် မြည်ပေးခဲ့သေးတယ်။ သူက အားလုံးရဲ့ အာရုံစိုက်မှုအောက်ကို ရောက်နေတယ်။ သူက ယင်ဟွမ်ပြည်နယ်ရဲ့ ဂုဏ်သိက္ခာကိုလည်း သယ်ဆောင်ထားလိုက်သေးတယ်။ သူ့ကို အလွယ်တကူထိလို့ရမယ်လို့ မင်းထင်နေတာလား။”

“အမေ ငါးမျှားတော့မှာလား။”

ကျန်းစစ်ယွင် အတွေးနက်သွား၏။

“မင်းက သိပ်တော့ မတုံးသေးဘူးပဲ။ ဟုတ်တယ်။ သူ့ကို ဖမ်းချုပ်ရတဲ့ ပထမဆုံးအကြောင်းရင်းကတော့ ဒီဖမ်းချုပ်မှုကို ဘယ်သူက ဝင်တားပြောပေးမလဲဆိုတာနဲ့ ဘယ်သူက အေးစက်စက်နဲ့ စောင့်ကြည့်မလဲဆိုတာ ကြည့်ရအောင်လို့ပဲ။ သူက အတိုင်းအဆမဲ့အလင်းကို ‌ရခဲ့တာပဲ။ သူ့ဘက်က ရပ်တည်ပြောပေးမဲ့လူ မရှိဘူးလို့တော့ ငါမယုံဘူး။”

“ရွှီချင်းက အခုရောက်လာခါစပဲဖြစ်ပြီး အတောင်တွေ သိပ်မဖြန့်နိုင်သေးခင်မှာပဲ ငါတို့ သူ့အပေါ် လှုပ်ရှားလို့ရမယ်။ သူက တာဝန်သတင်းပို့ပြီးတာနဲ့ သူ့ကို ဘယ်သူက အလွယ်တကူ ရန်စရဲမှာလဲ။”

“ကိစ္စတွေ လုပ်ဆောင်ရာမှာ မင်း စိတ်လောကြီးလို့ မရဘူး။”

“ပြီးတော့ ဒီကိစ္စနဲ့ သူ့ကို ပြစ်ဒဏ်ချလို့ လုံးဝမရဘူး။ သူ့ကို ဖမ်းရတဲ့ ဒုတိယရည်ရွယ်ချက်က သူ့ကို ပြစ်ဒဏ်ချဖို့ မဟုတ်ဘူး။”

“အများဆုံး သုံးရက် ကြာပြီးနောက်မှာ စုံစမ်းဖို့အချိန်လိုသေးတယ်လို့ အကြောင်းပြပြီး သူ့ကို လွှတ်ပေးလိုက်ရမယ်။ ပြီးရင် ဂိုဏ်းခွဲကလူတွေကိုလည်း လွှတ်ပေးလိုက်မှာပဲ။”

“ဒါပေမဲ့ စုံစမ်းမှုက မပြီးပြတ်သေးတာကြောင့် သူဟာ အာဏာအလွဲသုံးစားလုပ်တယ်လို့ သံသယအစွန်းအထင်းရှိနေမယ်။ ဒါ့ကြောင့်ပဲ သူ့မှတ်တမ်းထဲမှာ အမဲစက်တစ်ခု အမြဲရှိနေလိမ့်မယ်။”

All Chapters