← Chapters

ရွှီချင်း၏ တန်ပြန်တိုက်ကွက်(၂)

Vol. 34 Ch. 505

ရွှီချင်း၏ တန်ပြန်တိုက်ကွက်(၂)

Vol. 34 Ch. 505

“ဒီအစွန်းအထင်းဟာ သူ့ပေတစ်သိန်းအလင်းတန်းကို ဖုံးနိုင်လောက်ပေမဲ့ မလုံလောက်သေးဘူး။ ဒီကိစ္စကို နည်းလမ်းမျိုးစုံနဲ့ အကြိမ်ကြိမ်မှတ်တမ်းတင်ထားရဦးမယ်။ အကြိမ်ရေ တဖြေးဖြေး များလာတဲ့အခါ သူ့အတိုင်းအဆမဲ့အလင်းဟာလည်း အားလုံးရဲ့အမြင်မှာ မှေးမှိန်လာမှာပဲ။ အဲဒီအချိန်ကျရင် သူ့ကို အကွက်ဆင်လို့ရပြီ။”

“အဲဒီအချိန်ကျရင် ဘယ်သူမှ ဘာမှပြောနိုင်မှာ မဟုတ်တော့ဘူး။ သူ့သက်စောင့်မီးအိမ်တွေကိုတော့ မင်းလိုချင်ရင်တောင် တန်းယူလို့တော့ မရသေးဘူး။ နည်းလမ်းကို ပြောင်းရမှာပေ့ါ။ သက်စောင့်မီးအိမ်တွေကို ရုံးတော်ကို ပေးအပ်အောင် အရင်လုပ်ရမယ်။ ပြီးမှ မင်းက အကျိုးဆောင်မှတ်တွေနဲ့ ပြန်လဲလှယ်လိုက်ပေါ့။ ဒါဆိုရင် မင်းက နည်းလမ်းတကျနဲ့ ရယူတာ ဖြစ်မယ်။”

“တစ်ခုခုကို ကြံစည်တဲ့အခါ အားလုံးက တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာတွေချည်း မဟုတ်ဘူး။ မင်း အတွေ့အကြုံတွေ လိုသေးတယ်။”

ကျန်စစ်ယွင်၏ အမေက ညင်သာစွာ ပြောသည်။ သူမ၏ အသံသည် စမ်းရေကြည်အလား အေးမြသည့်တိုင် ထိုစမ်းချောင်းမှာ မည်းနက်ကာ အဆိပ်တို့ဖြင့် ပြည့်နေ၏။

ကျန်းစစ်ယွင်က ပင့်သက်ရှိုက်လိုက်ပြီး မိခင်ဖြစ်သူအား ဦးညွှတ်လိုက်၏။

တစ်ချိန်တည်းမှာပင် တရားရေးရုံးတော်၏ အကျဉ်းထောင်ထဲတွင် ရွှီချင်းသည် တင်ပျဉ်ခွေထိုင်လျက် တည်ငြိမ်စွာဖြင့် ဝန်းကျင်အား ကြည့်ရှုနေ၏။

ဤနေရာသည် ဒေသငယ်မြို့တော်၏ အကျဉ်းထောင်တော့ မဟုတ်ဘဲ တရားရေးရုံးတော်၏ ယာယီအချုပ်ထောင်သာ ဖြစ်သည်။ လူဆိုးထိန်းဌာနတွင်လည်း ထိုသို့အချုပ်ခန်းများရှိသည်ပင်။

ဤနေရာတွင် အချုပ်သားများစွာမရှိပေ။ သို့သော် လေဝင်လေထွက်ပေါက် မရှိသဖြင့် အနံဆိုးများနှင့် အစိုဓာတ်တို့သည် လေထဲတွင် ပျံ့လွင့်လျှက် ရှိသည်။

ရွှီချင်း၏ ကျင့်ကြံဆင့်အခြေသည် နှိပ်စက်ရေးကိရိယာတို့၏ ထိန်းချုပ်မှုအောက်တွင် ဖိနှိပ်ခံထားရသည်။ သို့ရာတွင် ထိုအချက်က အပေါ်ယံသာဖြစ်သည်။ သူ့ကျင့်ကြံဆင့်အား ပြန်လည်ထုတ်ယူနိုင်ရန် နည်းလမ်းများစွာ သူ့တွင်ရှိသည်။

အရိပ်လေးဖြစ်စေ၊ သူ့ကိုယ်ထဲက တားမြစ်အဆိပ်ဆေးလုံးဖြစ်စေ၊ သို့မဟုတ်ခရမ်းရောင်လ၏ စွမ်းအားဖြစ်စေ ၎င်းတို့အားလုံးသည် သူ့အား ကျင့်ကြံဆင့် ပြန်လည် ရယူနိုင်ပေးနိုင်သည်။

သို့ရာတွင် သူက အလောတကြီး ဖြစ်မနေပေ။

သူ့လုံခြုံရေးကို အရင်ဆုံး အတည်ပြုရဦးမည်။ ထိုကိစ္စသည် သူ့အား ပစ်မှတ်ထားခြင်း ဖြစ်သော်လည်း အလင်းပေတစ်သိန်း၏ သက်ရောက်မှုက ယခုအခါ အသုံးဝင်လာသည်။

သူ့ကိုယ်သူ တစ်ဖက်လူ၏ နေရာ၌ တွေးကြည့်ပါက အရာအားလုံးမှာ ထင်ရှားပြတ်သားလာသည်။

“သူတို့က ငါ့ဂုဏ်သိက္ခာကို တမင်စွန်းထင်းအောင်လုပ်ပြီး ပေတစ်သိန်းအလင်းကြောင့် ဖြစ်လာတဲ့ သဏ္ဌာန်မဲ့အကာအကွယ်ကို ဖျက်ဆီးပစ်ချင်တာပဲ။”

“သိပ်မဆိုးတဲ့အကြံပဲ။ ဒါပေမဲ့ ဒီနည်းက ရိုးစင်းလွန်းနေတယ်။”

ရွှီချင်း ခေါင်းခါယမ်းသည်။

သူ့အထင်အရ တစ်ဖက်လူက စုံစမ်းမှုအချိန်ကြာမြင့်ခြင်းအား အကြောင်းပြကာ ရက်အနည်းငယ်အတွင်း သူ့ကို လွှတ်ပေးမည် ဖြစ်သည်။ သို့ရာတွင် အမှုကတော့ ဖြေရှင်းနိုင်ခြင်းမရှိသဖြင့် သူ့ကိုယ်ရေးမှတ်တမ်းတွင် အစွန်းအထင်း ဖြစ်နေပေလိမ့်မည်။

ကိုယ်ရေးမှတ်တမ်းတို့ကို အလေးထားသည့် လူသားလမ်းမှန်တို့အတွက် ၎င်းသည် ကြီးမားသော အမဲစက်ဖြစ်သည်။

ပေတစ်သိန်းအလင်းအပြင် အာဏာအလွဲသုံးစားလုပ်မှုအတွက်လည်း သံသယအစွန်းအထင်းများ အမြဲတစေ ရှိနေပေလိမ့်မည်။

၎င်းသည် သံသယသာ ဖြစ်သော်လည်း တစ်ဖက်လူက ရည်ရွယ်ချက်ပြီးမြောက်စေရန် တခြားသော စီစဉ်မှုများဖြင့် ဆက်လက်အကွက်ဆင်ဦးမည် ဖြစ်သည်။

ထိုကိစ္စသည် ပိရိသေသပ်သော အကြံအစည်မဟုတ်သော်လည်း တစ်ဘက်လူအတွက် ၎င်းထက် ကောင်းမွန်အောင် ကြံစည်ရန်လည်း မလွယ်ကူပေ။

ရွှီချင်း၏ မျက်လုံးများထဲတွင် အေးစက်မှုတို့ ဝင်းလက်သွားသည်။ ထိုကိစ္စကို ဖြေရှင်းရန်က လွယ်ကူလှသည်။ သို့သော် သူ လိုချင်သည်က ဖြေရှင်းရုံမျှသာ မဟုတ်ချေ။ ထိုနည်းက သူ့စရိုက် မဟုတ်ပေ။ သူက တန်ပြန်တိုက်ခိုက်လိုသည်။

ဆင်းရဲသား ရပ်ကွက်များတွင် နေစဉ်ကကဲ့သို့ပင်၊ သူက ရန်စလာသူကို ချက်ချင်းသတ်ဖြတ်နိုင်ခြင်းမရှိလျှင်ပင် တစ်နည်းနည်းဖြင့် နာကျင်အောင် ကြံစည်နိုင်သေးသည်။

ယခင်က ကျင်းကန်းဂိုဏ်းဘိုးဘိုး သူ့နောက်သို့ လိုက်သတ်စဉ်က ရွှီချင်းသည် သေချာပေါက် ပြေးလွတ်သော်လည်း ကျင်းကန်းဂိုဏ်းထံသို့ ပြန်လာကာ မီးလောင်တိုက် သွင်းပစ်သည်။ ဤကား သူ့စရိုက် ဖြစ်သည်။

သို့ရာတွင် တန်ပြန်တိုက်ကွက်တို့က အခြေအနေကို လိုက်၍ ပြောင်းလဲတတ်သည်။

ရွှီချင်းက မျက်လုံးများမှိတ်လိုက်သည်။

သူက တန်ပြန်တိုက်ကွက်အတွက် နည်းလမ်းတစ်ခု စဉ်းစားမိပြီး ဖြစ်သည်။

အချိန်တို့ ကုန်လွန်သွားပြီး မကြာခင် သုံးရက် ကြာမြင့်သွားသည်။

ဆယ်ရက်ကြာ ချုပ်နှောင်ခံထားရသော ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းခွဲက တပည့်များအားလုံးကို တရားရေးရုံးတော်မှ လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ထိုဆယ်ရက်တွင် သူတို့အား စစ်မေးခြင်း ရှိခဲ့သော်လည်း မေးခွန်းများမှာ ကျပန်းသာဖြစ်နေပြီး ရေရာသည့် အကြောင်းအရင်း ခေါင်းစဉ်မရှိပေ။ သို့ဖြစ်ရာ ယခုအချိန်ထိ သူတို့က ချုပ်နှောင်ခံရခြင်း၏ အကြောင်းရင်းကို မသိကြသေးပါ။

သူတို့က တရားရေးရုံးတော်မှ ထွက်လာကြသည်နှင့် သတင်းရကာကြိုစောင့်နေကြသော  နတ်မိမယ်ကျစ်ရွှမ်နှင့် အဖွဲ့တို့အား တွေ့မြင်လိုက်ကြ၏။

“နတ်မိမယ်ကို ဂါရဝပြုပါတယ်။”

ဂိုဏ်းခွဲ၏ ဂိုဏ်းချုပ်မှာ တတိယတောင်ထိပ်မှ ဖြစ်သည်။ သူက နတ်မိမယ်ကျစ်ရွှမ်ကို မြင်လိုက်သည့် တခဏတွင်ပင် ရှက်ရွံ့မိလျက် အလျင်အမြန်ထွက်လာ၏။ ထို့နောက် လက်သီးအုပ်ကာ ဦးညွှတ်လိုက်၏။

ဂိုဏ်းခွဲကလူများကို ကြည့်လိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်က ခေါင်းညိတ်သည်။ လူအုပ်ထဲတွင် ရွှီချင်းအား မတွေ့ရသဖြင့် သူမက အတွေးများနေသည်။

ပဥ္စမသခင်ကြီးလည်း ထိုနည်းတူဖြစ်နေသည်။

ခေါင်းဆောင်သည်သာ စိတ်ပူပင်လှုပ်ရှားဟန်ဖြင့် ဝူကျန်းဝူအား လက်ဟန်ပြနေလျှက် ရှိသည်။

ဝူကျန်းဝူက အလျင်အမြန်မှတ်တမ်းတင် ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ယူသည်။

သူတို့အပြင် ချန်ထင်း‌ဟောင်သည်လည်း ရွှီချင်းအား လာရောက်ခေါ်ယူသည်။ ဤတစ်ကြိမ်တွင် သူ တစ်ဦးတည်း လာသည်မဟုတ်တော့ဘဲ သူနှင့် သိကျွမ်းသော ဓားကိုင်ဆယ်ဦးလည်း လိုက်ပါလာကြသည်။

“ရွှီချင်း ဘယ်မှာလဲ။”

အားလုံးအံ့သြမိနေကြချိန်တွင် တရားရေးရုံးတော်တပည့်နှစ်ဦး၏ တွန်းပို့မှုဖြင့် ရွှီချင်းသည် တရားရေးရုံးတော်ထဲမှ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာ၏။

“ပေတစ်သိန်းအမြင့်ရနေပေမဲ့ အာဏာအလွဲသုံးစားလုပ်မှု သံသယရှိနေသေးတယ်။ မင်း ဒီတစ်ခေါက် ကံကောင်းသွားတယ်။”

“ပြန်သွားချိန်မှာ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ပြန်သုံ့သပ်ကြည့်ပါ။ မင်းအမှုက မပြီးပြတ်သေးဘူး။”

တရားရေးရုံးတော်တပည့်နှစ်ဦးက အေးစက်စက်ပြောသည်။ ခံစားချက်မဲ့ဟန် ရှိနေသည့် ရွှီချင်းအား အပြင်သို့ ခေါ်လာပြီးနောက် နှိပ်စက်ရေးကိရိယာတို့အား ဖယ်ရှားဟန် ပြင်လိုက်ကြသည်။

ထိုအချိန်၌ ရွှီချင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါလာပြီး အကြည့်တို့လည်း မှုန်ဝါးသွားပြီးနောက် သွေးတစ်ပွက် အန်ထုတ်လိုက်၏။

ထိုသွေးပွက် မြေပြင်သို့ ကျရောက်သွားချိန်တွင် ကြောက်စရာ မြင်ကွင်းတစ်ခု ဖြစ်လာ၏။ ရွှီချင်း၏ တကိုယ်လုံးတွင် သွေးမြူများဖြင့် ပေါက်ကွဲထွက်လာသည်။ သူ့ကိုယ်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်လာသည်ကို မျက်လုံးဖြင့် အတိုင်းသား တွေ့မြင်ရ၏။

ထိုဒဏ်ရာတစ်ခုချင်းစီတိုင်းသည် ကြောက်စရာပုံပန်းဖြစ်သည်။ ၎င်းဒဏ်ရာတို့သည် နက်ရှိုင်းလွန်းသဖြင့် အရိုးများအထိတိုင် မြင်နေရသည်။ ထို့အပြင် ၎င်းဒဏ်ရာတို့အား မန္တာန်အတတ်တစ်ခုဖြင့် ဖုံးကာထားဟန်ရန် ရနေ၏။ သို့ရာတွင် ယခုအချိန်တွင်တော့ ၎င်းဒဏ်ရာတို့မှာ ထင်ရှားပြတ်သားစွာ ပေါ်ထွက်လာတော့သည်။

ရွှီချင်း၏ မျက်နှာ၊ လည်ပင်းနှင့် တွေ့မြင်သမျှ ခန္ဓာကိုယ်နေရာအနှံ့တွင် ဒဏ်ရာပေါင်းများစွာ ထွက်ပေါ်လာသည်။ ထို့ကြောင့် မျက်လုံးဖြင့် တိုက်ရိုက်မမြင်နိုင်သော အဝတ်အစားများအောက်တွင် ဒဏ်ရာများစွာ ရှိနေသေးကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်၏။

အကြောင်းကား သူ့အဝတ်အစားတို့အား ဖောက်ထွင်းစိမ့်ထွက်လာသော သွေးများသည် ရေတံခွန်အလား ဒလဟော စီးကျလာကြသောကြောင့် ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ဖမ်းချုပ်ခံရသည့် သုံးရက်တွင် ရွှီချင်းတစ်ယောက် လူမဆန်သော နှိပ်စက်မှုများဖြင့် တွေ့ကြုံထားရကြောင်း လူတိုင်း သိမြင်နိုင်သည်။  နှိပ်စက်သူတို့သည် သူ့အား အရှင်လတ်လတ် အရေခွံမခွာရုံတမယ်သာ ကျန်ရစ်၏။

ထိုအချိန်တွင် သူ့ကိုယ်တွင်းအင်္ဂါတို့ပင် ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများမှာ ကျိုးအက်လာပြီး ရွှီချင်းတစ်ယောက် ရုတ်တရက် ပျော့ခွေလဲပြိုကျသွား၏။

သူသည်ကား သေချာပေါက် သေလုမျောပါး အခြေအ‌နေ ဖြစ်သည်။

All Chapters