ရွှီချင်း၏ တန်ပြန်တိုက်ကွက်(၃)
Vol. 34 Ch. 506
ဤကား ရွှီချင်း၏ တန်ပြန်တိုက်ကွက်ပင်တည်း။
မြွေတစ်ကောင်၏ ပျော့ကွက်အား တိုက်ခိုက်လိုက်သည့်အလား…။ ထိုတန်ပြန်တိုက်ကွက်နောက်ကွက်က သဘောတရားသည်လည်း ထိုနည်းတူပင်။ သူက တစ်ဖက်လူ မဖြစ်စေလိုသည့် မြင်ကွင်းကို ဖန်တီးပြီး ကိစ္စငယ်ကို ကြီးအောင်ချဲ့လိုက်ခြင်း ဖြစ်သည်။
ထိုစဉ်က ရေကြောင်းပြဌာနပြဿနာကို ဟွမ်ရန်မည်သို့ ပုံကြီးချဲ့ခဲ့သည်ကို သူတွေ့မြင်ဖူးသည်။
ဤတစ်ကြိမ်တွင် ရွှီချင်းက အလားတူနည်းလမ်းအား အသုံးပြလိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် ခေါင်းဆောင်၏ ပူးပေါင်းဆောင်ရွက်မှုတော့ လိုအပ်နေ၏။ ထိုကိစ္စကို သူ စိတ်ပူစရာတော့မလိုပေ။ ခေါင်းဆောင်က ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နိုင်မည်ဟု သူ ယုံကြည်သည်။
“ရွှီချင်း…”
ခေါင်းဆောင်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ရွှီချင်း၏ လဲပြိုကျသွားသော ခန္ဓာကိုယ်ကို ပြေးဖက်သည်။
ရွှီချင်းအကြည့်တို့ မှိန်ကျသွားပြီး နောက်ထပ် သွေးတစ်ပွက်ထပ်အန်လိုက်၏။ သူ့ခန္ဓာကိုယ်က သွေးများ အဆက်မပြတ် ယိုစီးကျလာပြီး သူ့မျက်လုံးတို့လည်း မှိန်ကျလာသည်။
၎င်းဒဏ်ရာတို့မှာ အစစ်အမှန်များ ဖြစ်ကြသည်။ တုပထားခြင်း အလျင်းမရှိပေ။
သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများ ဖြစ်စေ၊ ကိုယ်တွင်းအင်္ဂါများထဲက ဒဏ်ရာများ ဖြစ်စေ အားလုံးမှာ အစစ်အမှန်များ ဖြစ်ကြသည်။ သူ့ခန္ဓာကိုယ်ထဲက ကျင့်ကြံဆင့်အခြေအနေသည်လည်း ရှုပ်ထွေးနေပြီး နန်းတော်များထဲတွင် အက်ကြောင်းများ ပေါ်ထွက်လာနေကြသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ နှိပ်စက်ကိရိယာတို့သည် ကျင့်ကြံဆင့်အား ချိပ်ပိတ်နိုင်သည့် စွမ်းအားများရှိနေကြသည်။
ထိုနှိပ်စက်ကိရိယာတို့အောက်တွင် မိမိကိုယ်ကို ဒဏ်ရာရအောင် ပြုလုပ်ရန်မှာ မဖြစ်နိုင်ပါ။ သို့ဖြစ်ရာ တစ်ခုတည်းသော အဖြေကတော့…
“တရားရေးရုံးတော်။”
“ကျုပ်ညီက ဘယ်လိုဆိုးရွားတဲ့ ပြစ်မှုတွေများ ကျူးလွန်ခဲ့လို့ ဒီလောက်အထိ နှိပ်စက်ထားရတာလဲ။”
ခေါင်းဆောင်က ဆံပင်များရှုပ်ပွသည်အထိ ဒေါသတကြီးအော်သည်။
“တရားရေးရုံးတော်။ ပြောစမ်းပါ။ ကျုပ်ညီက ဘာပြစ်မှုကျူးလွန်ခဲ့တာလဲ။”
“သူက သာမန်ဓားကိုင်တစ်ဦးပါပဲ။ ဒီကို တာဝန်သတင်းလာပို့တာမှာ ပထမဆုံးရောက်တဲ့နေ့မှာပဲ မင်းတို့ သူ့ကို ခေါ်သွားခဲ့ကြတာ။ မင်းတို့က ငါတို့ရှေ့မှာတင် သူ့ခန္ဓာကိုယ်ပေါ်မှာ နှိပ်စက်ကိရိယာတွေ ခတ်လိုက်ပြီး ကျင့်ကြံဆင့်ကို ချိပ်ပိတ်ထားခဲ့တာပဲ။ သုံးရက်… သုံးရက်ပဲ ရှိသေးတယ်၊ ဒီလိုလူရုပ်မပေါ်တဲ့ အခြေအနေကို ရောက်သွားရပြီ။”
ခေါင်းဆောင်က မခံမရပ်နိုင် ဖြစ်နေပြီး နတ်မိမယ်ကျစ်ရွှမ်သည်လည်း ဒေါသတို့အလိပ်လိပ် ထွက်နေသည်။ ထိုအချိန်တွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့ဝင် အားလုံး၏ ဒေါသမှာ မြေကမ္ဘာတုန်ဟီးမတတ် ဖြစ်နေသည်။ ချန်ထင်းဟောင်နှင့် ဓားကိုင်တို့၏ မျက်လုံးများတွင်လည်း ဒေါသများပြည့်နေပြီး တပြိုင်နက်ရှေ့သို့ တက်လှမ်းလိုက်ကြသည်။
ထိုမြင်ကွင်းသည် တမဟုတ်ချင်း တရားရေးရုံးတော်ထဲတွင် ဆူညံလှုပ်ရှားမှုများ ဖြစ်သွားစေ၏။ ရွှီချင်းအား ခေါ်ထုတ်လာခဲ့ကြသော တရားရေးရုံးတော်အဖွဲ့ဝင်ယောက်မှာကား တုန်လှုပ်ခြောက်ခြားနေပြီး စိတ်များ ရှုပ်ထွေးနေကြသည်။ သူတို့က ရွှီချင်းအား တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ ထိုသုံးရက်အတွင်း ရွှီချင်းအား မည်သူမျှ လက်ဖျားနှင့်ပင် မထိခဲ့ကြပေ။
သို့ရာတွင် ထိုဒဏ်ရာတို့က အစစ်အမှန်များ ဖြစ်ကြောင်း ထင်ရှားနေ၏။
အားလုံး၏ ဒေါသများက ပတ်ဝန်းကျင်တစ်ခုလုံးအား လှုပ်ခါသွားချိန်တွင် ရွှီချင်းသည် ဆတ်ခနဲ တုန်သွား၏။
ရွှီချင်းအား ဖက်ထားသည့် ခေါင်းဆောင်၏ လည်ပင်းတွင် သွေးကြောများ ထောင်ထလာသည်။ သူ့မျက်လုံးတို့ နီရဲလာပြီး အရူးတပိုင်း အော်ရယ်သည်။
“ညီလေး မင်းဘာလို့ အသက်မရှူတော့တာလဲ။ ငါတို့က လူသားမျိုးနွယ်ကို အတူတူစောင့်ရှောက်ပြီး လူသားမျိုးနွယ်အတွက် အတူတူဓားကိုင်ကြမယ်လို့ သဘောတူထားခဲ့တယ်လေ။”
“ညီလေး မင်းကို ဘယ်သူ ဒီလိုနှိပ်စက်ခဲ့တာလဲ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ မင်းရဲ့ ပေတစ်သိန်းအလင်းကို မနာလိုမုန်းတီးကြတို့လား၊ ဒါမှမဟုတ် ကျန်းစစ်ယွင်ကို ရန်ပြုခဲ့မိလို့လား။”
“မင်းက ဘာလို့ ဒီလောက်တုံးရတာလဲ။ ကျန်းစစ်ယွင်အမေက တရားရေးရုံးတော်အဖွဲ့ဝင်ပဲ။ မင်း ဒီကို မလာသင့်ဘူးလို့ ငါ ပြောခဲ့သားပဲ။ ဒါပေမဲ့ မင်းက လူသားမျိုးနွယ်ရဲ့ မျှတမှုနဲ့ ဓားကိုင်ရဲ့အလင်းကို ယုံကြည်တယ်လို့ ပြောခဲ့တယ်မလား။”
“ငါတို့က ဒီကို ရှစ်လကြာအောင်လာခဲ့တာက ဒီလိုနာမည်ဖျက်မှုနဲ့ လုပ်ကြံမှုခံရဖို့ပဲလား။”
“ညီလေး မင်းရဲ့ပေတစ်သိန်းအလင်းက မင်းကို ဒီအကျင့်မကောင်းတဲ့လူတွေကနေတောင် မကယ်နိုင်တာ ဘာမသုံးကျမှာလဲ။”
“အင်ပါယာရွေးချယ်ခံရတာက နှိပ်စက်ခံရတာကနေတောင် မကာကွယ်နိုင်မှတော့ ဘာအသုံးကျမှာလဲ။”
“ဓားကိုင်တစ်ဦးကို ဒီလိုအနိုင်ကျင့်လို့ရတာပဲလား။”
“ညီလေး ဒီနေ့ မင်းအစ်ကိုကြီးက ဓားကိုင်နေရာကို လက်လွှတ်ပြီး မင်းအတွက်တရားမျှတမှုကို ရှာပေးမယ်။”
“တရားရေးရုံးတော်… ကျုပ်ညီက တကယ်အပြစ်ရှိရင် သက်သေထုတ်ပြလိုက်၊ ဒါဆို ကျုပ် ဆက်မပြောတော့ဘူး။ ဒါပေမဲ့ ကျုပ်ညီက အပြစ်မရှိကြောင်း ထင်ရှားနေတာကို မင်းတို့တွေ ရန်ပြုနှိပ်စက်ခဲ့တာဆိုရင်တော့ ဒီကိစ္စက… ဒီမှာပြီးသွားမှာမဟုတ်ဘူး။”
“ကောင်းကင်ဘုံက ဒီကိစ္စကို ခွင့်ပြုမှာ မဟုတ်ဘူး။”
“ဒီကိစ္စကို ပေတစ်သိန်းအလင်းကလည်း ခွင့်မပြုနိုင်ဘူး။”
“အင်ပါယာရဲ့ အမိန့်တော်ကလည်း ဒီကိစ္စကို ခွင့်မပြုဘူး။”
ခေါင်းဆောင်က အရူးတပိုင်း ဟိန်းအော်သည်။ သူ့အသံမှာ ကျယ်လောင်လွန်းလှသဖြင့် တရားရေးရုံးတော်အနှံ့ ပြန့်ထွက်သွားပြီး ဝေးကွာသော အရပ်များသို့ထိတိုင် ရောက်ရှိသွား၏။
မည်သူက မန္တာန်အတတ်ဖြင့် ပြုစားလိုက်သည်မသိရ၊ ထိုခဏတွင်းချင်း၌ ကောင်းကင်သည် မိုးချိန်းသံများ ဟိန်းခနဲ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအား တုန်ခါသွားစေသည်။ မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ်လက်လာပြီး ၎င်းတို့က ရှေးဘုရင်ရွှမ်ယုံရုပ်တုကြီးမျက်နှာကို ဝင်းလက်စေကာ ပို၍ ခန့်ညားထည်ဝါလာစေသည်။
ကောင်းကင်သည် အမျက်ဒေါသထွက်နေသလို ရှေးဘုရင်ကြီးလည်း ဒေါသထွက်နေချေသည်။