ဓားကိုင်ရုံးတော်၏ သတိစကားတစ်ကြောင်း(၁)
Vol. 34 Ch. 507
ထိုမြင်ကွင်းတွင် ရွှီချင်းအား လိုက်ပို့ပေးသော တရားရေးရုံးတော်တပည့်နှစ်ဦး၏ အမူအရာတို့ ပျက်ယွင်းသွားကြသည်။ သူတို့ရင်ထဲတွင် ထိတ်လန့်အံ့သြမှုနှင့် ဒေါသများ အတောမသတ်နိုင်အောင် ထွက်ပေါ်လာကြသည်။ သူတို့က ရွှီချင်းအား နှိပ်စက်ခြင်း မပြုခဲ့ကြောင်း သေချာနေသည်။
သူတို့က နှိပ်စက်ခြင်း မရှိရုံသာမက တတိယဌာနထဲက မည်သူမျှလည်း တို့ထိခြင်း မပြုကြပါ။
ထိုအချုပ်ခန်းထဲတွင် ရှိနေသော သုံးရက်တာအတွင်း သူတို့က ရွှီချင်းအား သွားရောက်၍ပင် မတွေ့ကြပါ။
ထိုအချိန်တွင် သူတို့ကလည်း ဒေါသများဖြင့် တစ်ဦးထက်တစ်ဦး အလုအယှက် ပြန်ပြောလိုက်ကြသည်။
“မဖြစ်နိုင်ဘူး။ ငါတို့ သူ့ကို မနှိပ်စက်ဘူး။”
“ဒါက မင်းတို့ လုပ်ကြံတာ ထင်ရှားနေတာပဲ။ တရားရေးရုံးတော်ကို ဘယ်လိုနေရာမျိုး မှတ်နေလဲ။ တရားရေးရုံးတော်ကို လာပြီး အသရေဖျက်ရဲသေးတာပဲ။”
ခေါင်းဆောင်သရုပ်ဆောင်မှုက အကွက်ကျနေသည်ကိုမြင်လျှင် ကျစ်ရွှမ်ကလည်း သူမ ဝင်ရောက်ချိန်တန်ပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။ သူမက ရှေ့သို့ တစ်လှမ်းတက်သည်။ ထိုတစ်လှမ်းတွင် သူမခန္ဓာကိုယ်မှ ဗလာနတ္တိကျင့်ကြံဆင့်အားတို့ ပေါက်ကွဲထွက်လာ၏။
သူမ၏ မျက်လုံးတို့တွင် တာအိုချည်မျှင်ပေါင်း ထောင်နှင့်ချီ၍ စီးဆင်းနေပြီး သူမ၏ ကြောက်ခမန်းလိလိစွမ်းအားလှိုင်းတို့သည် ကောင်းကင်နှင့် မြေကြီးအား အရောင်ပြောင်းသွားစေပြီး တဝုန်းဝုန်းအသံများ အရပ်မျက်နှာမျိုးစုံသို့ မြည်ဟီးထွက်သွားသည်။
ဒေသငယ်မြို့တော်တွင်ပင် ဗလာနတ္တိအဆင့်သည် ကြောက်စရာကေင်းသော ဖြစ်တည်မှု ဖြစ်သည်။ သူတို့၏ ဒေါသတစ်ခုတည်းကပင် ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခါသွားစေနိုင်သည်။ သူမ၏ အမူအရာက သုန်မှုန်နေပြီး ဒေါသတို့တဟုန်းဟုန်း တောက်လောင်နေကြောင်း ထင်ရှား၏။ သူမက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေသည့် အမည်မဲ့နယ်ရုပ်များကို ဂရုမစိုက်ဘဲ တရားရေးရုံးတော်အတွင်းဘက်သို့သာ စူးရဲစွာ လှမ်းကြည့်လိုက်၏။
“ကျွန်မ,ကျစ်ရွှမ်ဟာ ယင်ဟွမ်ပြည်နယ်က လူသားကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျွန်မတို့မဟာမိတ်အဖွဲ့က အတိုင်းအဆမဲ့အလင်းဆောင်ယူခဲ့သူကို မြို့တော်သို့ လာရောက်ပို့ဆောင်သူ ဖြစ်ပါတယ်။ အင်ပါယာက ဓားကိုင်လက်သစ်ရွှီချင်းကို ကိုယ်တိုင်ဒေသဆီသို့ လာရောက်ဖို့ ခန့်အပ်ခဲ့ပါတယ်။ ဒီကိစ္စကို တရားရေးရုံးတော်က ရှင်းပြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့မဟာမိတ်ရဲ့ တာအိုသားတော်ရွှီချင်းက မနာလိုမှုကြောင့် အမှုဆင်ခံရတာလား ဒါမှမဟုတ် တကယ်အပြစ်ရှိနေတာလား။”
တရားရေးရုံးတော်သည် လွန်စွာကြီးမားကျယ်ပြန့်ကာ တတိယဌာနမှာ အစိတ်အပိုင်းငယ်တစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ခေါင်းဆောင်နှင့် ကျစ်ရွှမ်တို့၏ အသံတို့သည် အရပ်မျက်လုံးအားလုံးသို့ ကျယ်လောင်စွာ ပျံ့နှံ့သွား၏။
တရားရေးရုံးတော်ထဲက ကျင့်ကြံသူများစွာတို့သည် နေရာအသီးသီးမှ ထိုအသံများကို ကြားကြရ၏။ ခေါင်းဆောင်၏ အသံကိုကြားလိုက်ချိန်တွင် ရုံးတော်ထဲက ကျင့်ကြံသူတချို့သည် မကြေမနပ်ဖြစ်သွားကာ ဆူညံမှုအား သွားရောက်ဟန့်တားရန် ပြင်ခဲ့ကြသေးသည်.
တရားရေးရုံးတော်တွင် ပြဿနာရှာခြင်းသည် ရုံးတော်ကို မထီလေးစား ပြုမူခြင်း ဖြစ်သည်။
သို့ရာတွင် ထိုကိစ္စသည် မနာလိုမှုဝန်တိုမှု ပါဝင်နေကြောင်းကို ကြားသိလိုက်လျှင် အားလုံးက ချက်ချင်း ရပ်တန့်လိုက်ကြ၏။
မနာလိုဝန်တိုမှုဟူသည့် စကားလုံးသည် ကိုယ်ရေးကိုယ်တာရန်ငြိုးဖြစ်ကြောင်း ထင်ရှားစွာဖော်ပြနေသည်။ ၎င်းကိစ္စသည် တရားဝင်ကိစ္စများနှင့်ဖြစ်စေ၊ သူတို့နှင့်ဖြစ်စေ သက်ဆိုင်ခြင်းမရှိသဖြင့် သူတို့ ဝင်ရောက်စွက်ဖက်ရန်လည်း အကြောင်းမရှိပေ။
လေးနက်တည်ကြည်သော ဟန်ပန်တို့ဖြင့် ခေါင်းဆောင်အား ဟန့်တားလိုသူတို့ပင် ‘မဟာအင်ပါယာ’ဟူသော စကားလုံးကို ကြားသည်နှင့် တစ်ဦးပြီး တစ်ဦး ရပ်တန့်သွားကြ၏။
ဤနေရာတွင် တုံးအသူများ မရှိပါ။
တတိယဌာနမှူးယောင်ယွင်ဟွေ့နှင့် ရင်းနှီးသောလုပ်ဖော်ကိုင်ဖက်များသည်ပင် ကျစ်ရွှမ်ရှေ့သို့ တက်လှမ်းလာသည်ကိုမြင်လျှင် တုံ့ဆိုင်းသွားကြသည်။
ကျစ်ရွှမ်၏ ဟန်ပန်အပြင် မကျေနပ်ဟန် ရှိသော ဓားကိုင်ဆယ်ဂဏန်းကြောင့်လည်း ပို၌ တွန့်ဆုတ်လာမိကြသည်။
မည်သူကမှ အခြေအနေကို ဟန့်တားခြင်းမရှိသဖြင့် ပြဿနာသည် တဖြည်းဖြည်း ပိုမိုကြီးထွားလာ၏။ ဓားကိုင်တို့က အသိအကျွမ်းများထံသို့ပင် သတင်းများပို့ကာ ခေါ်ယူလိုက်ကြ၏။ အခြေအနေမှာ ပြောင်းလဲလာကြောင်း မြင်တွေ့ရသဖြင့် ကျန်းစစ်ယွင်၏ မိခင်မှာလည်း ရပ်ကြည့်မနေနိုင်တော့ချေ။
ရွှီချင်းက မည်မျှခက်ခဲသော ပြိုင်ဘက်ဖြစ်ကြောင်း သူမ သဘောပေါက်လာသည်။ ဤပြဿနာကို ဤသည့်နည်းနှင့်မျှ ဆက်သွားရန် ခွင့်ပြု၍ မဖြစ်ကြောင်းကိုလည်း သူမ နားလည်လာသည်။ သို့မဟုတ်လျှင် အခြေအနေက သူမအတွက် လွန်စွာဆိုးရွားလာမည် ဖြစ်သည်။
ဤပြဿနာသည် မူလကပင် အခြေအမြစ် ကင်းမဲ့လှချေသည်။ သူမ၏ မူလအစီအစဉ်အတိုင်းဆိုပါက ပြဿနာမရှိသော်လည်း တစ်ဖက်လူ၏ တန်ပြန်တိုက်ကွက်မှာ လျင်မြန်ထက်မြက်လွန်းနေပြီး အဓိကနေရာများသို့ ကွက်တိထိနေသည်။
ထို့ကြောင့် သူမသည် သုန်မှုန်စွာဖြင့် ရုံးခန်းထဲမှ လျှောက်ထွက်လာ၏။ ခြေတစ်လှမ်းဖြင့် သူမသည် တတိယဌာနအကျဉ်းထောင်ပြင်ပသို့ ရောက်လာပြီး အားလုံး၏ ရှေ့မှောက်သို့ ပေါ်ထွက်လာ၏။
သူမရောက်ရှိလာခြင်းကြောင့် တရားရေးရာတပည့်နှစ်ဦး လေပူတို့ မှုတ်ထုတ်လိုက်မိကြပြီး အလျင်အမြန်ပြေး၍ နှုတ်ဆက်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့ဝင်အားလုံးနှင့် ဓားကိုင်တို့လည်း ယောင်ယွင်ဟွေ့အား ကြည့်လိုက်ကြသည်။
ကျစ်ရွှမ်လည်း လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။ သူမ၏ အရှိန်အဝါသည် လှုပ်ခတ်နေပြီး ရာသီဥတုကိုပင် ပြောင်းလဲနေစေသည်။ သူမ၏ လှပသော မျက်လုံးတို့က အေးစက်နေလျက် အသွင်ပြင်အားဖြင့် သူမကဲ့သို့ပင် တုနှိုင်းမမီလှပသည့် မိန်းမလှအား ကြည့်လိုက်၏။
ယောင်ယွင်ဟွေ့ ငြိမ်ကျသွားသည်။ သူမ၏ ကျင့်ကြံဆင့်မှာ ဗလာနတ္တိသို့ မရောက်ရှိသေးဘဲ ဝိညာဉ်သိုက်အဆင့်တွင်သာ ဖြစ်သည်။ တခြားသော လူသူတို့ မရှိသည့်နေရာတွင်ဖြစ်ပါက သူမသည် ကျစ်ရွှမ်အား ကြောက်ရွံ့ရမည် ဖြစ်သည်။ ယခု တရားရေးရုံးတော်ထဲတွင်တော့ သူမက ကြောက်လန့်ခြင်း မရှိပါ။
သို့သော် သူမသည် ပြဿနာတစ်ခုအား ဖြေရှင်းရန်ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့ကြောင့် ယောင်ယွင်ဟွေ့သည် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်ထံသို့ ဦးညွှတ်လိုက်၏။ သူမက ရွှီချင်းထံသို့ ကြည့်လိုက်ချိန်တွင်တော့ မျက်လုံးတွင် တောင်းပန်ဟန်တို့ ဖော်ပြလျက် ညင်သာစွာ ထုတ်ပြောလိုက်၏။
“ရွှီချင်း ဒီကိစ္စက ငါတို့တတိယဌာနရဲ့ လစ်ဟင်းမှုပါ။ ဌာနမှူးအနေနဲ့ ဒီကိစ္စကို အသေအချာစုံစမ်းပြီး ဖြေရှင်းချက် ပြန်ပေးပါ့မယ်။ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းခွဲနဲ့ မင်းတို့က စုံစမ်းမှုကို ပူးပေါင်းဆောင်ရွက်ဖို့အတွက်ပဲ ဒီကို ရောက်နေတာပါ။ အခုစုံစမ်းမှုက ပြီးသွားပြီဆိုတော့ မင်းတို့မှာ အာဏာအလွဲသုံးစားမှုအတွက် အပြစ်မရှိဘူးလို့ သိထားပြီးပါပြီ။”
“ဒါကြောင့် မင်းတို့ကိုလွှတ်ပေးဖို့ အမိန့်ထုတ်လိုက်တာပါပဲ။ ဒါပေမဲ့ ဒီလို ပြဿနာဖြစ်လာတယ်ဆိုတော့ ဘာအကြောင်းကြောင့်ဆိုတာ အရေးမကြီးတော့ပါဘူး။ ထောင်ရဲ့ ဖြစ်စဉ်မှတ်တမ်းကိုလည်း ကြည့်စရာမလိုတော့ပါဘူး။ ငါ့တာဝန်အဖြစ်ပဲ ခံယူလိုက်ပါမယ်။”
ယောင်ဟွင်ဟွေ့က တည်ကြည်စွာ ပြောသည်။ ပြော၍ပြီးသည်နှင့် သူမက ထိုကိစ္စအား အမှန်ပင်စုံစမ်းနေသည့်ဟန်ဖြင့် ကျောက်စိမ်းပေလွှာတစ်ခုပင်ထုတ်ယူသည်။
သူမ၏ စကားတို့သည် အဓိပ္ပာယ်တို့ဖြင့် ပြည့်နေကြသည်။ သူမက တောင်းပန်နေဟန် ထင်ရသော်လည်း အမှန်တကယ်အားဖြင့် တတိယဌာနမှူးဖြစ်သော ရာထူးနေရာကို အသုံးချနေခြင်းသာ ဖြစ်နေသည်။
ထို့အပြင် သူမက ဤကိစ္စတို့အား မသိရှိသည့်သဘောကိုလည်း ဖော်ပြနေသည်။ အရာအားလုံးမှာ သူမငယ်သားတို့၏ ကျပန်းလုပ်ရပ်တစ်ခုသာ ဖြစ်နေသည့် သဘောဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမက တာဝန်ခံယူ၍ လူကြီးလူကောင်းဆန်သော ဖြေရှင်းချက်အား ထုတ်ပေးသည်။
ဖြစ်စဉ်အားလုံးကို စုံစမ်းနေသည်ဟုလည်း ဆိုခဲ့ပြီး ယခုလွှတ်ပေးခြင်းကို ကိုယ်ရေးကိုယ်တာရန်ငြိုး မဟုတ်ကြောင်း သက်သေအဖြစ်လည်း သုံးလိုက်၏။
ထိုနည်းဖြင့် သူမကိုယ်တိုင်အား ပြဿနာထဲမှ ခွဲထုတလိုက်သည်။
နောက်ဆုံးတွင် သတိပေးဟန်ဖြင့် ဖြစ်စဉ်မှတ်တမ်းကိုပင် ထည့်ပြောလိုက်၏။
ထိုမြင်ကွင်းတွင် ရွှီချင်း၏ မျက်လုံးများ အနည်းငယ်မှေးကြုတ်သွားရသည်။ ခေါင်းဆောင်သည်လည်း မျက်ခုံးများပင့်ကာ ယောင်ယွင်ဟွေ့အား တစ်ချက်လှမ်းကြည့်လိုက်၏။
တစ်ဖက်လူ၏ အစီအစဉ်တို့က အကြမ်းဖျင်းဖြစ်နေသော်လည်း သူမ၏ ပြဿနာဖြေရှင်းနည်းတို့ကတော့ မညံ့လှပေ။
“ဒီပြဿနာရဲ့ အကျိုးနဲ့အကြောင်းတို့ကို စုံစမ်းပြီးနောက် မကြာခင်အဖြေတစ်ခုပေးပါမယ်။ ရွှီချင်းရဲ့ ဒဏ်ရာတွေက တော်တော်ပြင်းထန်နေတယ်။ ဝိညာဉ်အားဖြည်းဆေးတစ်လုံး ဒီမှာရှိပါတယ်။ ဒါကို ယူသောက်လိုက်ပြီး ဒဏ်ရာတွေအရင် ကုလိုက်ပါ။”
ယောင်ယွင်ဟွေ့က တောင်းပန်သည့်ဟန်ဖြင့် ဆေးလုံးတစ်လုံးထုတ်သည်။
ထိုဆေးလုံးသည် ညင်သာဖျော့တော့သောအလင်းတစ်ခုရှိနေပြီး မြင်လိုက်ရုံဖြင့်ပင် အစွမ်းထက်ဆေးဖြစ်ကြောင်း သိနိုင်၏။
“မပူပါနဲ့၊ အင်ပါယာကိုယ်တိုင်ခန့်အပ်ထားတဲ့ မင်းမပြောနဲ့ ငါတို့ တရားရေးရုံးတော်မှာ သေမျိုးတွေကိုတောင် တန်းတူဆက်ဆံကြတယ်။ တရားဥပဒေကို ဘက်လိုက်မှုမရှိဘဲ ထိန်းကျောင်းဖို့က ငါတို့ရဲ့တာဝန်ပါပဲ။”
ယောင်ယွင်ဟွေ့က ထိုသို့ပြောလိုက်ပြီး ဆေးလုံးကို ဘေးသို့ချသည်။ ထို့နောက် သူမလက်ထဲက ကျောက်စိမ်းပေလွှာကို ကြည့်သည်။ ၎င်းကျောက်စိမ်းပေလွှာအား အာရုံစိုက်ကာ စစ်ကြည့်ပြီးနောက်တွင် သူမမျက်နှာတွင် တည်ကြည်သည့် အမူအရာတို့ ဖြစ်လာသည်။ သူမက ဘေးတွင်ရှိသည့် တရားရေးရုံးတော်တပည့်နှစ်ဦးအား ကြည့်လိုက်၏။