ဓားကိုင်ရုံးတော်၏ သတိစကားတစ်ကြောင်း (၂)
Vol. 34 Ch. 508
“မင်းနှစ်ယောက်လက်ချက်ကိုး။ မင်းတို့နှစ်ယောက်က ဒီကိစ္စကို တရားမဝင်လုပ်ခဲ့တာလို့ ငါတွေ့ပြီးပြီ။”
ထိုတပည့်နှစ်ဦး ပြန်ပြောချိန်မရလိုက်သေးမီ ယောင်ဟွင်ဟွေ့က လက်ကို ဝှေ့ယမ်းလိုက်သည်။
နောက်တစ်ခဏတွင် သူတို့နှစ်ဦးလုံး နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်လာပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ပြီးနောက် အဝေးသို့ လွင့်စင်သွားကြ၏။
“ဖမ်းချုပ်လိုက်ကြ…”
ချက်ချင်းပင် တတိယဌာနမှ တပည့်များ ပျံထွက်လာပြီး သေသည်ရှင်သည် မသိနိုင်သည့် သူတို့နှစ်ဦးအား သယ်ဆောင်သွားကြ၏။
ယောင်ယွင်ဟွေ့က ထိုဖြစ်စဉ်အား လျင်မြန်ကျနစွာ ဖြေရှင်းလိုက်သည်။ ထိုသို့လုပ်ရခြင်းမှာ အကျဉ်းထောင်ဖြစ်စဉ်မှတ်တမ်းများကို တစ်စုံတစ်ယောက်က ဖျက်စီးသွားသဖြင့် သက်သေအဖြစ် သုံး၍မရနိုင်ဟု သတင်းရရှိလိုက်သောကြောင့်လည်း ဖြစ်ပေသည်။
ငယ်သားနှစ်ဦးအား ရှင်းလင်းလိုက်ပြီးနောက်တွင် သူမက အပြစ်ရှိဟန်ဖြင့် ရွှီချင်းနှင့် ကျစ်ရွှမ်တို့ထံသို့ ဦးညွှတ်လိုက်သည်။
“ဒီကိစ္စမှာ ကျွန်မလစ်ဟင်းမှုရှိသွားလို့ ရွှီချင်း ဒုက္ခတွေ့သွားရပါတယ်။ ရွှီချင်းရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းနေတယ် ထင်ပါတယ်။ အမြန်ပြန်ပြီး အနားယူလိုက်ပါ။ ဒီကိစ္စကို အသေအချာ စုံစမ်းစစ်ဆေးပြီးပါပြီ။ မကြာခင် ကိုယ်တိုင်လာရောက် ဖြေရှင်းချက်ပေးပါဦးမယ်။”
ရွှီချင်း၏ မျက်လုံးများ အေးစက်သွားသည်။ တစ်ဖက်လူ၏ လုပ်ဆောင်မှုူများသည် ပြဿနာ၏ တစိတ်တစ်ပိုင်းအား သပ်ရပ်စွာ ဖြေရှင်းသွားသည်။ သူက ဒဏ်ရာများနှင့်ပတ်သက်၍ ဆက်ပြီး တင်းခံနေပါက အခြေအနေများ ပြောင်းလဲကာ ဖိနှိပ်ခံရနိုင်သည်။
ရွှီချင်း စဉ်းစားလိုက်သည်။ သူ့ကိုယ်ရေးမှတ်တမ်းတွင် အမဲစက် ရှိတော့မည်မဟုတ်သော်လည်း ဤသို့အဆုံးသတ်လိုက်ပါက သူ ကျေနပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက စကားပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်သည်။
သို့ရာတွင် သူ့ဒဏ်ရာတို့က ပြင်းထန်လွန်းနေပြီး အားအင်တို့လည်း လွန်စွာလျော့ပါးနေပေသည်။ သူ့နတ်အာရုံနှင့် အသံတို့လည်း ပို့လွှတ်မရနိုင်တော့ပေ။ ခေါင်းဆောင်က ထိုအချင်းအရာကို မြင်လျှင် သူ့နားရွက်အနီးသို့ကပ်ကာ နားထောင်လိုက်သည်။ မကြာမီ သူ့မျက်နှာပေါ်က ဒေါသတို့သည် မယုံနိုင်ဟန်အဖြစ်ပြောင်းလဲသွားပြီး လွှတ်ခနဲအော်လိုက်၏။
“ဘာ ညီလေး၊ ဒီ ဘယ်လိုဖြစ်သွားမှန်းမသိရတဲ့ ခွေးကောင်နှစ်ကောင်က မင်းဆီက ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ယူသွားသေးတယ် ဟုတ်လား။”
ယောင်ယွင်ဟွေ့၏ လှပသော မျက်လုံးများ အတန်ငယ်မှုန်ကုပ်သွားပြီး ခံစားချက်များလည်း လှုပ်ခတ်လာ၏။ ဤရွှီချင်းက မည်မျှဒုက္ခပေးနိုင်ကြောင်း သူမ သဘောပေါက်လာသည်။ သူမက တစ်ဖက်လူ၏ တန်ပြန်တိုက်ကွက်ကို ခြေဖျက်လိုက်နိုင်သော်လည်း သူက နည်းလမ်းကို ချက်ချင်းပြောင်းလဲကာ သူမအတွက်အခက်အခဲများ ဆက်လက်ဖန်တီးနေသေးသည်။
ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ်သည် သူမအတွက်လည်း နည်းပါးသည့်ပမာဏ မဟုတ်ပေ။ အကြပ်ကိုင်ငွေညှစ်ခံရသည့် ဤခံစားချက်သည် ခွေးမစင်အား မျိုမိပြီး မတတ်သာပဲ ဝါးစားလိုက်ရသော ခံစားချက်ဖြစ်သည်။
သို့ရာတွင် သူမက ဒေါသထွက်နေ၍လည်း မဖြစ်ပေ။ သူမက ပင့်သက်တစ်ချက်သာ ရှိုက်လိုက်ပြီး ခံစားချက်တို့အား ပြန်လည်ချုပ်တည်းလိုက်သည်။ ခေါင်းဆောင်နှင့် ရွှီချင်းတို့အား အဓိပ္ပာယ်အပြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူမက အပြုံးတစ်ခုညှစ်ထုတ်လိုက်ပြီး ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။
“ဒီကိစ္စကို စုံစမ်းလိုက်ပါမယ်။ တကယ်လို့…”
သူမ၏ စကားမဆုံးသေးခင်ပင် ရွှီချင်းက နောက်ထပ် သွေးတစ်ပွက် အန်လိုက်သည်။ အသားအရေမှာလည်း ဖျော့တော့လာပြီး ပါးစပ်များ ပြာနှမ်းလာ၏။ ခေါင်းဆောင်က ဝမ်းနည်းမှုနှင့် မခံမရပ်ဖြစ်သော အမူအရာအပြည့်ဖြင့် ရွှီချင်းအား ဆေးလုံးများတိုက်လိုက်သည်။ သူက ဆေးတိုက်ရင်းပင် ဟက်ဟက်ပက်ပက် ရယ်သည်။
“ဒါက တရားရေးရုံးတော် ဟုတ်သေးရဲ့လား။ ငါတို့ကို စိတ်ကြိုက်ရိုက်နှက်ပြီး ပြောင်ပြောင်တင်းတင်း ဓားပြတိုက်နိုင်ကြတယ်။ ညီလေး ငါတို့လာခဲ့တာ လူသားမျိုးနွယ်ရဲ့ မြို့တော်မှ ဟုတ်ရဲ့လား။”
“ကောင်းကင်ဘုံက ဒီကိစ္စကို ခွင့်ပြုမှာမဟုတ်ဘူး။ ဒီကိစ္စ…”
အခြေအနေက တစ်ဖန်ပြောင်းလဲလာတော့မည်ကို မြင်လျှင် ယောင်ယွင်ဟွေ့၏ နဖူးပေါ်က သွေးကြောများဖောင်းပွလာပြီး ရင်ထဲတွင်လည်း ဒေါသများ တလိပ်လိပ်ထွက်လာသည်။ သို့ရာတွင် သူမက အချိန်ဆွဲ၍ မဖြစ်တော့ကြောင်း သဘောပေါက်ကာ အံကြိတ်၍ ပြောလိုက်သည်။
“ဒီကိစ္စကို စုံစမ်းဖို့က အချိန်ယူရဦးမှာဖြစ်ပေမဲ့ တတိယဌာနက ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကို အရင်ပေးထားလိုက်ပါ့မယ်။”
သူမက အတော်လေး ခံရခက်စွာဖြင့် ပြောသည်။
ခေါင်းဆောင်သည် ထိုစကားကိုကြားလျှင် သူ့ခေါင်းတွင် အပူရှိန်တို့ မြင့်တက်လာပြီး နှလုံးခုန်နှုန်းတို့လည်း မြန်ဆန်လာသည်။ သူက နှုတ်ခမ်းကို သပ်လိုက်ပြီး ရွှီချင်းထံသို့ အလျင်အမြန်ကပ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် ရွှီချင်းက မည်သည့်စကားမှ မဆိုတော့ချေ။
သို့ရာတွင် ခေါင်းဆောင်က ညာလက်သီးအား တင်းတင်းဆုပ်လိုက်ပြီး ကြမ်းခင်းများအား ပြင်းထန်စွာ ထုနှက်လိုက်သည်။ ကြမ်းခင်းပြား ကြေမွပေါက်ကွဲသွားပြီး သူ့မျက်လုံးတို့တွင် သွေးရောင်များလွှမ်းကာ အသံကလည်း ကြမ်းရှလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဘာ သူတို့က ငါ မင်းကို ငှားလိုက်တဲ့ သတ်ဖြတ်ခြင်းအစီအရင် ဆယ့်ခုနစ်ခုနဲ့ ဓမ္မအသုံးအဆောင် ငါးဆယ့်ခုနစ်ခုကိုလည်း ချမ်းသာမပေးဘူးဟုတ်လား။”
ခေါင်းဆောင်မှာ နှလုံးသား ကွဲကြေသွားသည့်အလား စိတ်ခံစားချက်များ ပြင်းထန်ကာ မျက်လုံးများလည်း ရဲရဲတောက်နေသည်။
ရွှီချင်းက ခေါင်းဆောင်အားကြည့်လိုက်ပြီး သူ့ရင်ထဲမှ ဆန္ဒမီးအပူတို့ကို ခံစားမိသည်။ ထို့ကြောင့် ခေါင်းညိတ်လိုက်သည်။
ယောင်ယွင်ဟွေ့၏ အသက်ရှူနှုန်းတို့ မဖြစ်စဖူးမြန်ဆန်လွန်းလာပြီး ခံစားချက်တို့လည်း ပြင်းထန်စွာလှုပ်ရှားလာသည်။ သူမက ခေါင်းဆောင်အား မလှုပ်မယှက်စိုက်ကြည့်လိုက်သည်။ သည်လူငယ်အပေါ် သူမ၏ ရွံမုန်းစိတ်တို့သည် ရွှီချင်းအပေါ် မုန်းတီးသည်ထက် ပိုမိုပြင်းထန်စွာ ဖြစ်ပေါ်လာ၏။
သူမက စကားပြောရန် ပြင်လိုက်စဉ်မှာပင် တရားရေးရုံးတော်အတွင်းပိုင်းမှ ကြောက်ခမန်းလိလိနတ်အာရုံကြီးတစ်ခု ဖြန့်ကြက်လာပြီး ထိုနေရာတစ်ခုလုံးအား စစ်ဆေးကြည့်နေသည့်အလား လွှမ်းခြုံသွားသည်။
ထိုနတ်အာရုံကို ခံစားမိသည်နှင့် ယောင်ယွင်ဟွေ့၏ စိတ်တို့ တုန်လှုပ်သွားသည်။ သူမ ပြုလုပ်ခဲ့သည့်ကိစ္စသည် အထက်ပုဂ္ဂိုလ်များအား စိတ်မကြည်မသာဖြစ်စေပြီ ဖြစ်ကြောင်းကိုလည်း နားလည်လိုက်သည်။ ထို့ကြောင့် သူမက အံကိုသာကြိတ်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားရသည်။
သို့ရာတွင် သူမသည် ခေါင်းဆောင်အား လျှော့တွက်မိနေသေးသည်။ သူမ၏ တည်ငြိမ်မှုတို့ ပြန်အနည်ထိုင်လာချိန်တွင်ပင် ခေါင်းဆောင်က ပြင်းထန်စွာ အော်ဟစ်လိုက်ပြန်၏။
“ဆရာပေးလိုက်တဲ့ ဓမ္မရတနာသုံးစကိုလည်း ယူသွားသေးတယ်ဟုတ်လား။”
“ဓားကိုင်ရောင်းရင်းတွေက ငါတို့ချီယွဲ့ထုံရဲ့ပင်တိုင်ထွက်ကုန်တွေကို ဝိညာဉ်ကျောက်ဆယ်သန်းကျော်ပေးပြီး ဝယ်ယူခဲ့သေးတယ်။ အဲဒီငွေကိုပါ သူတို့ကယူသွားသေးတယ် ဟုတ်လား။ ဒါက ဓားကိုင်တွေရဲ့ သွေးချွေးနဲ့ရငွေတွေပဲ…။”
“အဲ… နတ်မိမယ်ကျစ်ရွှမ်ပေးလိုက်တဲ့ နတ်နန်းတော်ဆေးသုံးလုံးရော။ သူတို့က အဲဒါကိုပါ ယူရဲသေးတာပဲလား။”
ကျစ်ရွှမ်၏ မျက်နှာထားလို့ သုန်မှုန်သွားကာ ယောင်ဟွင်ဟွေ့အား ကြည့်လိုက်သည်။
ဘေးတွင်တော့ ချန်ထင်းဟောင်အပါအဝင် ဓားကိုင်များက ခေါင်းဆောင်အား ထူးဆန်းစွာကြည့်လိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
ထိုမြင်ကွင်းတွင် ယောင်ယွင်ဟွေ့၏ ရင်ထဲကဒေါသမီးလျှံတို့နှင့် မုန်းတီးမှုတို့မှာ ချုပ်တီးမရနိုင် ဖြစ်လာသည်။ ထိုသို့ ပြောင်ပြောင်တင်းတင်း ငွေညှစ်မှုမှသည် စုပေါင်းငွေညှစ်မှုသို့ ပြောင်းလဲလာခြင်းအားလည်း မခံမရပ်နိုင်ဖြစ်လာ၏။
ထိုမြင်ကွင်းတွင် ရွှီချင်း၏ လက်ချောင်းတို့ လှုပ်ရှားလာပြီး အချိန်တန်ပြီဖြစ်ကာ ရပ်သင့်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။
ခေါင်းဆောင် ဆက်၍ ဖိအားပေးနေပါက ပြန်ကန်မှု ဖြစ်လာတော့မည်ဟု သူ ခံစားမိနေသည်။
ခေါင်းဆောင်မှာ အနည်းငယ် ဝန်လေးနေသေးသည်။ သူ ဆက်ပြောရန်ပြင်လိုက်ချိန်မှာပင် ရွှီချင်းက နောက်ထပ် သွေးတစ်ပွက် အန်လိုက်၏။
ထိုအချိန်တွင်မှ ခေါင်းဆောင်လည်း ပါးစပ်ပိတ်သွား၏။ ဝမ်းနည်းမှုနှင့် မခံမရပ်ဖြစ်မှုတို့ဖြင့် ခေါင်းဆောင်သည် ရွှီချင်းကို သယ်ဆောင်ကာ နတ်မိမယ်ကျစ်ရွှမ်ထံသို့ လျှောက်လှမ်းသွားလိုက်၏။ နောက်ဆုံးတွင် ယောင်ဟွင်ဟွေ့မြင်ကွင်းထဲမှ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က လူများအားလုံး လျင်မြန်စွာ ထွက်ခွာသွားကြသည်။
သူတို့ထွက်သွားပြီးနောက်တွင် ထိုနေရာတစ်ခုလုံးတိတ်ဆိတ်သွားသည်။ တရားရေးရုံးတော်အတွင်းပိုင်းမှ ထွက်လာခဲ့သော ကြောက်ခမန်းလိလိနတ်အာရုံကြီးသည် တည်ငြိမ်သော အသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
“ဌာနမှူးယောင် ဒီနေရာဟာ တရားရေးရုံးတော်ဖြစ်တယ်။ လူသားမျိုးနွယ်အတွက် တရားမျှတမှုရဲ့ ရုံးတော်လည်းဖြစ်တယ်။ မင်းကို ပေးထားတဲ့ အခွင့်အာဏာက လူသားမျိုးနွယ်အတွက် တရားမျှတမှုကို ထိန်းသိမ်းဖို့ပဲ။ ကိုယ်ရေးကိုယ်တာအငြိုးအတေးတွေ ဖြေရှင်းရမယ့်နေရာမဟုတ်ဘူး။ ဒီကိစ္စမှာ မင်းအာဏာအလွဲသုံးစားလုပ်ခဲ့တာပဲ။”
ယောင်ယွင်ဟွေ့၏ စိတ်တို့ တုန်လှုပ်သွားပြီး သူမက ခေါင်းငုံ့လိုက်၏။
“ဓားကိုင်ရုံးတော်က အခုပဲ တရားဝင်စာပို့လာတယ်။ အဲဒီထဲမှာ စာတစ်ကြောင်းပဲပါတယ်။”
“ယောင်ယွင်ဟွေ့ မင်းသေချင်နေတာလား။”
ယောင်ယွင်ဟွေ့ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အချိန်အတန်ကြာ ငြိမ်သက်သွားပြီးမှ ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
“ရုံးတော်သခင် ကျွန်မရဲ့အမှားကို သိပါပြီ။”
“မင်း အလုပ်ကို သေသေချာချာလုပ်ပါ”
ကြောက်ခမန်းလိလိနတ်အာရုံကြီးက ထိုသို့ပြောလိုက်ပြီး ပျောက်ကွယ်သွား၏။
ယောင်ယွင်ဟွေ့သည် ထိုနေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေ၏။ အချိန်အတန်ကြာပြီးနောက်တွင်မှ သူမ၏ရုံးတော်ထဲသို့ ဟန်မပျက် ပြန်ဝင်သွားလိုက်သည်။
သူမ ဝင်ရောက်လာသည်နှင့် ကျန်းစစ်ယွင်သည် ထိုနေရာတွင် စိုးရိပ်နေသည့်မျက်နှာဖြင့် စောင့်နေသည်ကို တွေ့မြင်လိုက်ရသည်။
“အမေ..”
“ယွင်အာ မင်းရဲ့မိတ်ဆွေနှစ်ယောက်က မရိုးစင်းဘူးပဲ။”
ယောင်ယွင်ဟွေ့က သားဖြစ်သူထံ ချဉ်းကပ်လာပြီး အေးစက်စွာပြောလိုက်သည်။
ကျန်းစစ်ယွင်၏ စိတ်မှာ တုန်လှုပ်သွားရသည်။ သူက ပြန်ပြောရန်စဉ်းစားနေစဉ်တွင်ပင် ယောင်ယွင်ဟွေ့က သူ့အား ရက်စက်စွာ ပါးရိုက်လိုက်၏။
ရိုက်ချက်သည် လွန်စွာ ပြင်းထန်၏။ ကျန်းစစ်ယွင်မှာ နံရံသို့ လွင့်စဉ်ထိမှန်ကာ ပါးစပ်မှ သွေးများထွက်လာ၏။ သူ ပြန်ကျလာချိန်တွင် သူ့မျက်နှာတစ်ခြမ်းမှာ ဖောင်းကားလာပြီး ကိုယ်တွင်းအင်္ဂါတို့လည်း လှုပ်ခတ်နေကာ သွေးတစ်ပွက် ထပ်မံအန်ထုတ်လိုက်၏။
“အမှိုက်ကောင်။”
“မင်းအဖေက အမှိုက်ပဲ။ ထိုက်စီရှိန်းမုန်ဂိုဏ်းကလည်း အမှိုက်ပဲ။ မင်းလည်း အမှိုက်ပဲ။”
ယောင်ယွင်ဟွေ့က အံကြိတ်လိုက်ပြီး ထိုရိုက်ချက်ဖြင့် ရင်ထဲက ဒေါသတို့အား လွှတ်ထုတ်လိုက်သည်။
မိခင်ဖြစ်သူ ကြိမ်းမောင်းသည်ကို ကျန်းစစ်ယွင် ပြန်ပြောရဲခြင်းမရှိချေ။ သူက ပါးစပ်မှထွက်လာသည့် သွေးတို့ကိုပင် သုတ်ရဲခြင်းမရှိပေ။ ခေါင်းကိုသာ ငုံ့ထားသည်။ သူသည် ငယ်စဉ်ကတည်းက ထိုသို့သော ဆင်တူဖြစ်စဉ်မျိုး ကြိမ်ဖန်များစွာ ကြုံတွေ့ဖူးသည်။
ကျန်းစစ်ယွင်အား ဆူပူပြီးနောက်တွင် ယောင်ယွင်ဟွေ့သည် ထိုင်ခုံပေါ်တွင် ထိုင်ကာ ပင့်သက်ရှည်တစ်ချက် ရှိုက်လိုက်၏။ သူမ၏ ခံစားချက်တို့အား ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက်တွင် ဘေးတွင်ချထားသော မှိုဖြူစွပ်ပြုတ်တစ်ခွက်ကို ယူလိုက်ကာ တစ်ငုံမျှသောက်လိုက်ကာ ခေါင်းပြန်မော့လိုက်သည်။
သူမ၏ အပြစ်ဆိုဖွယ်မရှိသော မျက်နှာပေါ်က ရတနာကျောက်ကဲ့သို့သော မျက်လုံးတစ်စုံသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းခွဲဖက်သို့ ကြည့်လိုက်၏။ သူမ၏ နှုတ်ခမ်းထောင့်ကွေးလေးများ ကွေးညွတ်တက်လာပြီးနောက်တွင် လှပသော နှုတ်ခမ်းကွေးတစ်ခု ဖြစ်လာသည်။
“ငါ့ကိုသတိပေးနေတာလား။ စိတ်ဝင်စားစရာ ပိုကောင်းလာပြီပဲ။”