ဖြောင့်မတ်ခြင်းဝိညာဉ်
Vol. 34 Ch. 511
ထိုအသံ ပဲ့တင်ထွက်ခြင်းနှင့်အတူ ဝေဟင်ကောင်းကင်မှ လူတစ်ဦး ဆင်းသက်လျှောက်လှမ်းလာသည်။
ထိုလူသည် အသက်အစိတ်ဝန်းကျင်ရှိပြီး တုတ်ခိုင်ခြင်းမရှိဘဲ အလယ်အလတ်ခန့် ကိုယ်ခန္ဓာသာရှိသည်။
သူ့သွင်ပြင်သည်လည်း နူးညံ့သိမ်မွေ့သည့်အထဲတွင် မပါပေ။ ထိုအစား ထူထဲသော မျက်ခုံးများနှင့် ကြီးမားသော မျက်လုံးတို့ကို ပိုင်ဆိုင်ထားသည်။
သူ၏လက်တို့သည် သာမန်လူများထက် အနည်းငယ်ရှည်လျားပြီး မျက်လုံးများမှာလည်း ကြယ်တာရာတို့ ပါဝင်နေသည့်အလား တဖျပ်ဖျပ်တောက်ပနေလျက် သူ့တကိုယ်လုံးမှာ သူရဲကောင်းသွင်ပြင်အရှိန်အဝါတို့အား ထုတ်လွှတ်နေစေတော့သည်။
သူသည် ကောင်းကင်မှနေ၍ ထည်ဝါခန့်ညားသော အရှိန်အဝါတို့အား ထုတ်လွှတ်လျက် လျှောက်လှမ်းလာသည်။
သူက ကျင့်ကြံခြင်းအဆင့်စွမ်းအားတို့ကို တမင်ထုတ်လွှတ်ခြင်းမပြုသော်လည်း သူ့ကိုယ်မှ ထုတ်လွှတ်သည့် ဖိအားတို့မှာ ပြင်းထန်ပြီး အရာအားလုံးကို ဖိနှိပ်ထားနိုင်သည့်ဟန် ဖြစ်သည်။ ရွှီချင်း ထပ်မံထိတ်လန့်သွားရသည်ကတော့ သူ့ခန္ဓာကိုယ်သည် ရွှေကျီးကန်းနတ်ရုပ်ပင်လျှင် လောင်ကျွမ်းနိုင်သည့် ခံစားချက်အား ပေးနေခြင်း ဖြစ်သည်။
ယခင်က ရှန်ဟယ်နှင့် အခြားသူတို့အား တွေ့ချိန်တွင်လည်း ရွှေကျီးကန်းသည် အပူငွေ့များအား ထုတ်လွှတ်ခဲ့သေးသည့်တိုင် ယခုထုတ်လွှတ်သည့်အပူရှိန်နှင့်တော့ လွန်စွာကွာခြားသည်။
ယခု လျှောက်လှမ်းလာသည့် လူငယ်သည်လည်း အင်ပါယာအဆင့်ကျင့်စဉ်အတတ်အား ပိုင်ဆိုင်ထားသည်။ သူ့နောက်တွင် လေဟာနယ်ပေါက်ပြဲလာပြီး ရွှေနဂါးကြီးတစ်ကောင် ဟိန်းထွက်လာကာ ကောင်းကင်နှင့် မြေကြီးကြားတွင် အံ့မခန်းသော အရှိန်အဝါဖြင့် ရစ်ခွေနေတော့သည်။
နဂါးကြေးခွံတိုင်းသည် အလင်းများတဖျတ်ဖျတ် ထုတ်လွှတ်နေပြီး နဂါးမုတ်ဆိတ်တိုင်းတွင် နတ်ဘုရားအလင်းများ ပါဝင်သည်။ ၎င်းနဂါးမျက်လုံးများထဲမှ စူးရှမှုများသည် ကမ္ဘာကြီးအား ထီမထင်ဟန်ရှိသော အရှင်သခင်တစ်ပါးကဲ့သို့ပင်။
ထိုမျှမက ရွှေနဂါးကြီး၏ ပါးစပ်ထဲတွင် ဓားတစ်စင်းလည်း တည်ရှိနေသည်။
၎င်းသည်…ဓားကိုင်တို့၏အင်ပါယာဓား ဖြစ်သည်။
ထိုလူသည် အင်ပါယာဓားအား အောင်မြင်စွာ ဆင်ခြင်လေ့လာကာ ပိုင်ဆိုင်ထားသောသူတစ်ဦး ဖြစ်သည်။
ထိုမျှ မကသေးပါ။ ရွှီချင်းရင်ထဲတွင် ထပ်မံလှုပ်ခတ်စေသည်ကတော့ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲတွင် သက်စောင့်မီးအိမ်များကို ခံစားမိနေခြင်း ဖြစ်သည်။
သက်စောင့်မီးအိမ်သည် သုံးခုအထိ ရှိနေသည်။
ရွှီချင်း၏ အာရုံထဲတွင် ထိုလူငယ်ကိုယ်ထဲရှိ သက်စောင့်မီးအိမ်များမှ အလင်းများအား သူ့ခန္ဓာကိုယ်က ထိန်းချုပ်ဖိနှိပ်ထားသည်။ ထို့ကြောင့် ၎င်းတို့အား အပြင်လူများ အာရုံခံနိုင်ရန်မလွယ်ဘဲ သက်စောင့်မီးအိမ်ရှိသူတို့သာ အာရုံခံနိုင်မည်ဖြစ်သည်။
လူငယ်သည် အစွမ်းထက်သည်ဟု မသတ်မှတ်နိုင်တော့ဘဲ ကြောက်စရာကောင်းသည်ဟုသာ သမုတ်ရပေတော့မည်။
ဤကား ရွှီချင်း၏ အကဲဖြတ်မှု ဖြစ်သည်။
ရှန်ဟယ်နှင့် အခြားသူတို့သည် အန္တရာယ်ရှိသည်ဟု သူက ခံစားမိသော်လည်း သူတို့အား မတို့မထိနိုင်ဟူသော အဆင့်မဟုတ်ပေ။ သို့ရာတွင် ယခုလျှောက်လှမ်းလာသည့်လူငယ်သည် သူ လှုပ်ခတ်နိုင်သော ပင်လယ်ပြင်မဟုတ်ဟူသော ခံစားချက်အား ပေးစွမ်း၏။
တစ်ဖက်လူ၏ အရှိန်အဝါသည် လွန်စွာသိပ်သည်းနေပြီး နှိုင်းဆမရအောင် ကြီးမားသည်။
တစ်ချိန်တည်းမှာပင် သူရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်ရှိ ဓားကိုင်များက လက်သီးများအုပ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။ သို့ရာတွင် သူတို့အများစုကတော့ ပြုံးရွှင်နေကြ၏။
“အစ်ကိုခုန်။”
“မင်္ဂလာပါ အစ်ကိုခုန်။”
“အစ်ကိုခုန် ကျွန်မတို့ မတွေ့ရတာကြာသွားပြီ။ ကျင့်ကြံဆင့်တွေ တိုးလာပြန်ပြီပဲ။”
လူငယ်က ရယ်မောသည်။ သူက အားလုံးကို ပြန်လည်နှုတ်ဆက်သည်။ နှုတ်ခမ်းထောင့်မှ သွေးများသုတ်လိုက်သော မိန်းကလေးကတော့ မိသားစုငယ်တစ်ခုက မိန်းမလှလေးအသွင်သို့ ပြောင်းသွားသလိုပင်။ သူမက လူငယ်ဘေးသို့ ပြေးသွားပြီး စကားပြောရန် သတ္တိများမွေးလိုက်ဟန်ရှိသည်။
သို့ရာတွင် လူငယ်က သူမ၏မျက်နှာအား ဆွဲညစ်သည်။
“ညဝိညာဉ်လေး မင်းကို မတွေ့ဖြစ်တာ တစ်နှစ်ကျော်ကြာပြီ။ မင်းက ထွားလာတာပဲ။’
သူ ထိုသို့ပြောနေစဉ် ရှန်ဟယ်နှင့် ဝမ်ချန်တို့မှာလည်း အလျင်အမြန်လျှောက်လာကြပြီး လူငယ်အား နှုတ်ဆက်လိုက်ကြသည်။
“ဟယ်လေး တနေကုန်သုန်မှုန်မနေနဲ့။ များများ ပြုံးစမ်းပါ။”
“ပြီးတော့ မင်းက အခေါင်းထဲမှာ နေ့တိုင်းအိပ်နေတာပဲ။ နောက်ကျရင် ငါနဲ့အတူ လာသောက်ဦး။”
လူငယ်၏အသံမှာ ပွင့်လင်းရိုးသားသည်။ သူက ထိုမိတ်ဆွေဟောင်းများနှင့် အတိတ်ကို စားမြုံ့ပြန်နေစဉ် ခေါင်းဆောင်ကလည်း ရွှီချင်းထံသို့ အသံပို့လွှတ်၍ ပြောသည်။
“သူ့ကို တွေ့တယ်မလား။ ငါ ပြောနေတဲ့ မိစ္ဆာကောင်ကြီးဆိုတာ သူပဲ၊ ခုန်ရှန်းလုံးပဲ။ သူက လက်ရှိ ဖုန်းဟိုင်ဒေသထဲက လူသားမျိုးနွယ်ရဲ့ လက်ရှိမျိုးဆက်ထဲက ထပ်ဆုံးနံပါတ်တစ်ပဲ။ အသက်နှစ်ဆယ့်လေးနှစ်ပဲရှိတဲ့ နန်းတော်ဆယ်ခု ရွှေအမြုတေပဲ။ ဒီလိုပါရမီရှင်မျိုးက နှစ်တစ်ထောင်မှာ တစ်ယောက်ပေါ်နိုင်တာမျိုးမဟုတ်ဘူး။”
“ငါ ဝယ်လိုက်တဲ့ သတင်းထဲမှာ ဒီလူအကြောင်း အများကြီးပါတယ်။ သူ့မှာ သက်စောင့်မီးအိမ်သုံးလုံး ရှိတယ်။”
“သူဟာ အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်နှစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်။ တစ်ခုဟာ အင်ပါယာဓားဖြစ်ပြီး နောက်တစ်ခုကတော့ နတ်ရွှေနဂါးကောင်းကင်အရံအတားအတတ်ပဲ။”
“သူ့မှာ ငါးကြိမ်မြောက်ပူဇော်သန့်စင်ထားတဲ့ တားမြစ်ဓမ္မလက်နက်တစ်စလည်း ရှိနေသေးတယ်လို့ သတင်းတွေထဲမှာ ညွှန်းထားသေးတယ်။”
“ပြီးတော့ လွန်လိုက်တဲ့တစ်နှစ်က ဒီလူဟာ နန်းတော်ကိုးခုတိုက်ခိုက်ရေးအင်အားပဲ ရှိပေမဲ့ ယွမ်ယင်အဆင့် သန့်စင်ရေလှိုင်းမျိုးနွယ်တစ်ဦးကို သတ်ခဲ့သေးတယ်။”
ခေါင်းဆောင်၏အသံသည် ခံစားချက်တို့ဖြင့် ပြည့်နေသည်။ ထိုစကားတွင် ရွှီချင်းလည်း စိတ်လှုပ်ရှားမိသွားသည်။
“ဒီခုန်ရှန်းလုံက သူရဲကောင်းဆန်တဲ့စရိုက်ရှိတယ်။ သူက ပွင့်လင်းရိုးသားပြီး မိတ်ဆွေတွေလည်း ပေါင်းစုံရှိတယ်။ နောက်ဆုံးမှာ သူနဲ့တိုက်ခိုက်လိုက်တဲ့ လူသားကျင့်ကြံသူအများစုက သူနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ သူက အခြားမျိုးနွယ်တွေအပေါ်တော့ အရမ်းရက်စက်ကြမ်းကြုတ်တယ်။ သူက အခြားမျိုးနွယ်တွေကို အပိုင်းပိုင်းခုတ်ထစ်ပစ်လေ့ ရှိတယ်လို့လည်း ပြောကြတယ်။”
“ဒါပေမဲ့ ငါအဓိကပြောချင်တာ ဒါတွေမဟုတ်ဘူး။” ခေါင်းဆောင်က ရယ်မောပြောဆိုနေသည့် ခုန်ရှန်းလုံအားကြည့်ရင်း အသံပို့လွှတ်ပြောသည်။ သူ့မျက်လုံးများထဲတွင် လေးစားမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
“ချင်းလေး တချို့လူတွေက အပြင်ပန်းကသာ သူတော်ကောင်းဖြစ်နေပေမဲ့ တကယ်တော့ ကြောင်သူတော်တွေ ဖြစ်နေကြတာပဲ။ ဒါပေမဲ့ တချို့ကတော့ တကယ်ကို အပြင်ပုံထဲကတိုင်း ဖြစ်နေတတ်ကြတယ်။ သူ့အကြောင်းကို တွေ့မြင်ခဲ့တုန်းက ဒီလူက တကယ်ရိုးသားပွင့်လင်းတဲ့လူ ဟုတ်ရဲ့လားဆိုတာ ငါမယုံနိုင်ဘူး။”
“ဒါကြောင့် ငါ့နည်းစနစ်နဲ့ ငါစုံစမ်းကြည့်ခဲ့တယ်။ နောက်ဆုံးမှာ ဒီလူက သူ့အပြင်ကပုံအတိုင်းတကယ်တစ်ထေရာတည်း ဖြစ်နေတာကို ငါ တွေ့ရှိခဲ့တယ်။”
“သူ့သက်စောင့်မီးအိမ်သုံးခုကလည်း အကြီးအကဲတွေဆီက ဒီအတိုင်းရခဲ့တာမဟုတ်ဘဲ သူ့အင်အားစွမ်းနဲ့သူ ရနိုင်ခဲ့တာ။ သူက ဓားကိုင်လက်သစ်ဆိုပေမဲ့ ဓားကိုင်ရုံးတော်ထဲမှာ ငယ်ငယ်ကတည်းက နေခဲ့တာဖြစ်ပြီး အလုပ်သမားမိသားစုတစ်ခုထဲက ပေါက်ဖွားလာခဲ့တာလို့လည်း ပြောကြတယ်။”
“အဲဒီနောက်မှာ သူက အသက်ကိုစွန့်ပြီး စစ်ရေးအကျိုးပြုမှတ်တွေ ရယူခဲ့ရာက အဲဒီအကျိုးပြုမှတ်တွေကိုသုံးပြီး ကျင့်ကြံနိုင်လာခဲ့တယ်။ သူက လူမဟုတ်မျိုးနွယ်တွေနဲ့ တိုက်ပွဲအများကြီး တိုက်ဖူးပြီး တိုက်ပွဲတိုင်းမှာ ရှေ့တန်းနေရာကချည်းပဲဖြစ်လို့ မကြာမကြာလည်း သေခြင်းရှင်ခြင်းတိုက်ပွဲတွေနဲ့ တွေ့ကြုံရတယ်။ အကြိမ်တိုင်းမှာလည်း သူက အသက်ရှင်နိုင်ပြီး အရင်ကထက် သန်မာလာတာပဲ။”
“သူက သူ့စစ်ရေးအကျိုးပြုမှတ်တွေကို သုံးပြီး သက်စောင့်မီးအိမ်သုံးခုထဲက တစ်ခုနဲ့ အင်ပါယာအဆင့်ကျင့်စဉ်ပညာရပ်နဲ့ လဲလှယ်ခဲ့တယ်။ အဲဒီထဲမှာမှ အင်ပါယာဓားကို နှစ်ကြိမ်တောင် ဆင်ခြင်နားလည်နိုင်ခဲ့တယ်။”
“ဒုတိယသက်စောင့်မီးအိမ်ကိုတော့ အားလုံးရှေ့မှာ သူ့အချစ်ဆုံးသူငယ်ချင်းက ကိုယ့်ကိုယ်ကိုယ်စတေးပြီး သူ့အစား မပြီးပြတ်တဲ့လမ်းကို လျှောက်လမ်းဖို့အတွက် ပေးခဲ့တယ်။”
“တတိယမီးအိမ်ကိုတော့ သန့်စင်ရေလှိုင်းမျိုးနွယ်ကနေ သူလုယူလာခဲ့တာပဲ။”
“ဒီလိုလူမျိုးကို မင်းအစ်ကိုကြီးဖြစ်တဲ့ ငါ လေးစားတယ်။”
ခေါင်းဆောင်က ရှားရှားပါးပါး လေးစားချီးကျူးသံဖြင့် ပြောသည်။
ထိုစကားတွင် ရွှီချင်းစိတ်ထဲတွင် လှိုင်းများထန်လာတော့သည်။ ထို့ကြောင့် ခုန်ရှန်းလုံကို သူ လှမ်းကြည့်လိုက်၏။
သူ လှမ်းကြည့်လိုက်သည့်ခဏတွင် ခုန်ရှန်းလုံကလည်း မိတ်ဆွေဟောင်းများနှင့် ပြောဆိုနှုတ်ဆက်ပြီးချိန် ဖြစ်သည်။ သူ၏အကြည့်က ဖြတ်သန်းလှုပ်ရှားသွားပြီး ရွှီချင်းထံသို့ ကျရောက်လာကာ သူက ကျယ်လောင်စွာရယ်မောလျက် လျှောက်လာတော့သည်။
“မင်းက ယင်ဟွမ်ပြည်နယ်ရဲ့ နာမည်ကြီး ရွှီချင်းဖြစ်မယ်။”
“အစ်ကိုခုန်ကို နှုတ်ဆက်ပါတယ်။”
ရွှီချင်းက လက်သီးအုပ်ကာ ဦးညွှတ်သည်။
“ရွှီချင်း မင်းနဲ့ တရားရေးရုံးတော် ဖြစ်တဲ့ကိစ္စကို ငါကြားပြီးပြီ။ ငါက ယောင်မိသားစုက အဲဒီမိန်းမကို ကြည့်မရတာ ကြာပြီ။ သူက နောက်ကနေပြီး ကြံစည်အကွက်ချနေဖို့ပဲသိပြီး စည်းကမ်းချက်တွေကို သူ့ကိုယ်ပိုင်လက်နက်လို သုံးနေတယ်။ သူက သတ္တိမရှိတဲ့ ခွေးကောင်တွေလုပ်သလိုပဲ လုပ်နေတာပဲ။”
“မင်း လုပ်တာ ကောင်းတယ်။”
“နောက်ပိုင်း ငါတို့ အတူတူသွားသောက်ကြတာပေါ့။ ငါ ဒကာခံပါ့မယ်။”
ခုံရှန်းလုံ ရယ်မောနေချိန်တွင် အဝေးမှ လူတစ်ဦးလျှောက်လာသည်။ ထိုလူသည် ကျန်းစစ်ယွင် ဖြစ်သည်။
သူ၏မျက်နှာသည် သုန်မှုန်နေ၏။ ထိုစကားကို ကြားချိန်တွင် သူက ခုန်ရှန်းလုံးအား အေးစက်စက်ကြည့်လိုက်တော့သည်။
သို့ရာတွင့် သူ့၏ အေးစက်သော အကြည့်တို့က ခုန်ရှန်းလုံထံသို့ ကျရောက်သည့်တခဏတွင်ပင် ညဝိညာဉ်၏အကြည့်များ ခက်ထန်သွားသည်။ ရှန်ဟယ်က မျက်လုံးများမှေးကြုတ်ကြည့်လိုက်ချိန်တွင် ဝမ်ချန်ကလည်း သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ပြုံးပြသည်။
သူတို့အားလုံးက ကျန်းစစ်ယွင်အား စိုက်ကြည့်နေလိုက်ကြသည်။
ကျန်စစ်ယွင်မှာ ခဏတာမှင်တက်သွားပြီးနောက် ချက်ချင်း သူ့ကိုယ်သူပြန်ထိန်းချုပ်ကာ လူအုပ်အစွန်ဖျားတို့ တိတ်တဆိတ် ပြန်လျှောက်သွားလိုက်တော့သည်။
ခုန်ရှန်လုံးက ခေါင်းလှည့်ပြီး တစ်ချက်လှမ်းကြည့်သည်။ သူ့မျက်လုံးများထဲတွင် မနှစ်မျို့ဟန်တို့ ထင်ဟပ်လာသည်။ ကျန်းစစ်ယွင်၏အမေသည် တရားရေးရုံးတော်က ယောင်ယွင်ဟွေ့ဖြစ်ကြောင်း သူသိထားသည်။
တစ်ဖက်လူ၏ မိခင်ဖြစ်သူက သားဖြစ်သူအတွက် ရပ်တည်ပေးခြင်းဖြစ်ကြောင်းကိုလည်း သူနားလည်သည့်တိုင် ဤသို့သောအမှုကိစ္စများအား သူ လက်မခံနိုင်ချေ။ သူသည် ဓားကိုင်ရုံးတော်ထဲတွင် ကြီးပြင်းလာပြီး ထိုနေရာတွင် အလုပ်လုပ်သည်။ ဓားကိုင်ရုံးတော်၏ လူသားမျိုးနွယ်ကို ကာကွယ်ရေးတာဝန်လမ်းစဉ်သည် သူ့အား လွှမ်းမိုးထားသည်။
ထို့ကြောင့် ဓားကိုင်သူတို့ အချင်းချင်းယှဉ်ပြိုင်ချင်းသည် ကိစ္စမရှိသော်လည်း ထိုသို့အဓိပ္ပာယ်မဲ့ အချင်းချင်းတိုက်ခိုက်ခြင်းမျိုးကိုတော့ သူ အမုန်းဆုံးဖြစ်သည်။ ထို့ကြောင့် ကျန်းစစ်ယွင်၏လုပ်ဆောင်မှုအား သူ မုန်းတီးနေသည်။
သို့ရာတွင် ရွှီချင်းကိုတော့ သူက လေးစားသည်။
သို့သော် သူတို့ချင်းက သက်ဆိုင်မှုများစွာလည်းမရှိသဖြင့် စကားအများအပြား ပြောဆိုနေပါက နားလည်မှုလွဲခြင်းများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရွှီချင်းအား ပြုံးပြလိုက်ပြီးနောက် သူက လှည့်ထွက်သွားသည်။
ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် သူက ခေါင်းဆောင်ကိုတော့ တစ်ချက်မျှပင် မကြည့်ပါ။
သူ ထွက်လာပြီးနောက်တွင် သူ့မိတ်ဆွေတို့ ချက်ချင်းစုရုံးလာကြသည်။ ချင်းချိုးက လူစိမ်းများစွာနှင့် ဆက်ဆံရသည်ကို မကြိုက်သဖြင့် ညဝိညာဉ်၏ဖိတ်ခေါ်မှုကို ငြင်းပယ်ကာ တစ်ကိုယ်တည်းရပ်နေသည်။
“အစ်ကိုခုန် ဒီရွှီချင်းကို ဘာလို့ ဒီလောက် စိတ်ပါလက်ပါဖြစ်နေတာလဲ။”
ချင်းချိုးထွက်သွားပြီးနောက်တွင် ရှန်ဟယ်က အနည်းငယ်နားမလည်နိုင်ဖြစ်နေပြီး ခုန်ရှန်းလုံအား မေးသည်။
ဝမ်ချန်နှင့် ညဝိညာဉ်တို့လည်း လှမ်းကြည့်လိုက်ကြသည်။ အမှန်တွင် သူတို့လည်း ရွှီချင်းအား ဆိုးရွားသည့်အမြင်မရှိသော်သည့်တိုင် ကောင်းသည့်အမြင်လည်း မရှိသေးပေ။
မဟာအင်ပါယာက ကိုယ်တိုင်ခန့်အပ်ခြင်းကြောင့်လည်း ဖြစ်သည်။ သူတို့သည် ထိုအချက်အား အနည်းငယ် လက်မခံနိုင်ဖြစ်နေသည်။
“ငါပြောပြမယ်။ မင်းတို့က အခြားသူတွေအပေါ် ရန်စိတ်ထားလို့ရပေမဲ့ ဒီရွှီချင်းကိုတော့ ရန်စိတ်မထားကြနဲ့။”
ခုန်ရှန်းလုံက ပြုံးလျှက်ပြောသည်။
“အင်ပါယာရဲ့ရွေးချယ်ခန့်အပ်မှုဆိုတာက ဗလာဘွဲ့သက်သက်ပဲ။ အရေးမကြီးဘူး။ အရေးကြီးတာက ရွှီချင်းက နှလုံးသစ္စာစစ်ပွဲမှာ ပေတစ်သိန်းအလင်း ရထားတယ်။ ဒီလိုလူမျိုးက အယုံကြည်ရဆုံးမိတ်ဆွေညီနောင်ပဲ။”
“အစ်ကို ခုန်။ အစ်ကိုက ပေ ၈၇၀၀၀အလင်း ရတာပဲ။ အစ်ကိုကလည်း ယုံကြည်ရတာပါပဲ။”
ညဝိညာဉ်က ဘေးမှ ညင်သာစွာ ပြောသည်။ သူမ၏ လေးစားမှုတို့မှာ ပိုမိုထင်ရှားလာသည်။
“ဒီအချက်ကြောင့်ပဲ ပေတစ်သိန်းအလင်းကာ အတွင်းစိတ်အရည်အသွေးကို ဘယ်လိုမျိုး ကိုယ်စားပြုသလဲဆိုတာငါ နားလည်နေတာပဲ။ ငါပြောတာ ယုံပါ။ ငါဘယ်တုန်းကမှ လူကြည့် မမှားခဲ့ဘူး။ ပြီးတော့ မဟာအင်ပါယာကလည်း သူ့ကို ချီးမြှောက်ခဲ့တယ်။ ဒီလိုလူမျိုးနဲ့ မိတ်ဆွေတစ်ခါဖြစ်လာနိုင်ရင် တစ်သက်လုံးမိတ်ဆွေဖြစ်သွားမှာပဲ။”
“ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ အခွင့်ကောင်းရှာပြီး ဆယ်ပေပဲရတဲ့ သူ့အစ်ကိုကြီးကို သတိထားဖို့ ရွှီချင်းကို သတိပေးရဦးမယ်။ အခုတောင် တစ်ချက်ပဲ ကြည့်လိုက်မိသေးတယ်။ ဒီလူက လူကောင်းဖြစ်ပုံမရဘူးလို့ ခံစားလိုက်ရတယ်။”
ခုန်ရှန်းလုံနှင့် ကျန်သုံးဦးတို့က ထိုနေရာတွင် ပြောဆိုနေကြချိန်တွင် ခေါင်းဆောင်ကလည်း ရွှီချင်းအား သွေးဆောင်သည်။
“ချင်းလေး ငါစောစောက ပြောတာကို ပြန်ရုတ်သိမ်းတယ်။ ဒီခုန်ရှင်းလုံက စရိုက်ကောင်းရှိတဲ့ပုံဖြစ်ပေမဲ့ သိပ်ရင်းရင်းနှီးနှီးနေသင့်တယ်လို့ ငါမထင်တော့ဘူး။”
ရွှီချင်းက အံ့သြမိသွားပြီး ခေါင်းဆောင်အား ကြည့်သည်။
ခေါင်းဆောင် ချောင်းဟန့်သည်။
“ငါက မင်းရဲ့ အကြီးဆုံးအစ်ကိုဖြစ်တယ်ဆိုတာ အသေအချာမှတ်ထားရမယ်။”
အစောပိုင်းတွင် ခုန်ရှန်းလုံက ရွှီချင်းအား လွန်စွာအားတက်သရောဖြစ်နေကြောင်း သူ ခံစားရသည်။ ထိုအားတက်သရောဖြစ်မှုနှင့် ၎င်း၏ ကိုယ်ကျင့်စရိုက်တို့ကြောင့် ၎င်းအား အစ်ကိုကြီးအဖြစ် သတ်မှတ်ဆက်ဆံရန် လွယ်ကူနေသည်။ ထို့အချက်ကြောင့် ခေါင်းဆောင် သတိထားလာရတော့သည်။
ထိုစကားတွင် ရွှီချင်းပြုံးလိုက်တော့သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ ပန်းသီးတစ်လုံးထုတ်လိုက်ပြီး ခေါင်းဆောင်အား ကမ်းပေးသည်။
“အစ်ကိုကြီး ပန်းသီးစားပါ။”
ခေါင်းဆောင် ချက်ချင်းပြုံးပျော်သွားသည်။ သူက ပန်းသီးကို ယူကာကိုက်လိုက်သည်။ ထိုပန်းသီးက လွန်စွာချိုနေကြောင်း ခံစားမိလိုက်သဖြင့် သူက လက်ယမ်းသည်။
“ထားလိုက်တော့။ ငါ့ကိုပေးရမယ့် ဝိညာဉ်ကျောက်တုံးတွေကို….သုံးဆယ်ရာခိုင်နှုန်းလျှော့လိုက်မယ်။”
ရွှီချင်း၏ အပြုံးက အနည်းငယ်ပြန်ကျုံ့သွားသည်။ ထို့နောက် သူကခေါင်းမော့လိုက်ပြီး ခုန်ရှန်းလုံဘက်သို့ လှမ်းကြည့်သည်။
ခေါင်းဆောင် သက်ပြင်းချလိုက်တော့သည်။
“ခုနစ်ရာခိုင်နှုန်း လျှော့တယ်။”
ရွှီချင်းက စကားပြောရန်ပြင်လိုက်ပြီး နောက်တစ်ခဏတွင်ပင် သူအမူအရာတို့ လေးနက်တည်ကြည်သွားသည်။ ခေါင်းဆောင်လည်း ချက်ချင်း ကိုယ်ဟန်ပြန်မတ်သည်။ ပတ်ပတ်လည်ရှိဓားကိုင်များအားလုံးလည်း ထိုနည်းတူ ဖြစ်ကြသည်။ အားလုံးက ခေါင်းများမော့ကာ ရှေ့တွင်ရှိနေသည့် ဓားကိုင်ရုံးတော်သို့ ကြည့်လိုက်ကြသည်။
ဓားကိုင်ရုံးတော်၏ အဆောက်အအုံကြီးသည် တသားတည်းဖြစ်နေဟန်ထင်ရသော်လည်း အမှန်တွင်တော့ ခန်းမများ စုစည်းထားခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဓားကိုင်လက်သစ်များသည် ဘေးစွန်းနေရာတွင်သာ ရှိနေကြသည်။
သူတို့ရှေ့တွင်တော့ ဓားကိုင်ရုံးတော်၏ အပြင်ပိုင်းခန်းမဖြစ်သည်။
ထိုခန်းမတွင် အပြာရောင်အမိုးချပ်များပေါ်၌ ရွှေရောင်ရတနာသုတ်ထားသော အမိုး၊ အနီရောင်တိုင်လုံးများနှင့် ထောင်နေသော သူရဲခိုများရှိသည်။
၎င်းတွင် အခြားသောနာမည်တစ်ခုလည်းရှိသည်။ ကျမ်းသစ္စာခန်းမပင်။
ထိုနေရာတစ်ခုလုံး ငြိမ်ကျသွားကာ ရှေ့ကခန်းမထဲမှ ခြေသံများထွက်ပေါ်မြည်ဟိန်းလာသည်။ မကြာမီရုံးတော်ထဲမှ လူရိပ်ငါးခု လမ်းလျှောက် ထွက်လာကြသည်။ နေရောင်အလင်းများအောက်တွင် သူတို့ငါးဦးသည် အားလုံး၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာကြသည်။
ထိုငါးဦးတွင် တစ်ဦးသည် ရှေ့ဆုံးတွင်ရှိနေပြီး နောက်ထပ်လေးဦးမှာ နောက်တွင် ချန်ရပ်ကြသည်။
ရှေ့ဆုံးက တစ်ဦးကတော့ မားမတ်ရှည်လျားသော ကိုယ်ဟန်ဖြင့် သက်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ သူသည် အမှုထမ်းဝတ်စုံဝတ်ထားပြီး တည်ကြည်သော အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။
သူ၏ ခန္ဓာကိုယ်တွင် အရိပ်ပေါင်းတစ်ထောင်ရှိဟန်ဖြင့် အထပ်ထပ်ဖုံးလွှမ်းကြသည်။ ၎င်းအရိပ်များသည် သန်းတစ်ရာအထိ စုပုံလာနိုင်သည့် ခံစားချက်တစ်မျိုးလည်း ပေးနေသည်။
သူ့နောက်က လူလေးဦးမှာ အဘိုးကြီးများ ဖြစ်ကြသည်။ သူတို့အားလုံးတွင်လည်း အရိပ်မြောက်မြားစွာအထပ်ထပ်ဖုံးလွှမ်းဟန်ရှိနေကြပြီး ကောင်းကင်အား လွှမ်းခြုံသည်အထိ မြောက်မြားစွာသော ကိုယ်အရိပ်တို့ ဖြစ်တည်လာနိုင်ဟန်ရှိသည်။
သူတို့မှာ သန်းတစ်ရာဖြစ်ရန်တော့ လွန်စွာကွာဝေးနေကြသော်လည်း ထိုနေရာတွင် ရပ်လျက်ထုတ်လွှတ်နေသည့် အရှိန်အဝါတို့က မြေကမ္ဘာတုန်ဟီးနေစေတော့သည်။
“ကျုပ်က ဖုန်းဟိုင်ဒေသထဲက ဓားကိုင်နန်းတော်ရဲ့ လက်ထောက်ရုံးတော်သခင် လင်ချန်းကျစ်ပဲ။”
“ကျုပ်နောက်က လူလေးဦးကတော့ ဖုန်းဟိုင်ဒေသဓားကိုင်ရုံးတော်ရဲ့ အစောင့်အရှောက်လေးပါးပဲ။ ဒီနေ့ ကျုပ်တို့ငါးဦးက မင်းတို့အတွက် ဓမ္မမှာတမ်းတွေရွတ်ပေးပြီး စည်းကမ်းတွေသင်ကြားပေမယ်။ တာဝန်နေရာတွေချထားပြီး ကျမ်းသစ္စာကို သက်သေပြုမယ်။”
“အခုမှာတမ်းကို ရွတ်ဆိုကြမယ်။”
လက်ထောက်ရုံးတော်သခင်က တည်ငြိမ်စွာ ပြောသည်။ ဓားကိုင်အစောင့်အရှောက်ကြီးတစ်ဦးက နောက်မှလျှောက်ထွက်လာပြီး သူ့အသံသည် အရပ်မျက်နှာမျိုးစုံသို့ ပြန့်လွင့်သွားသည်။
“ဓားကိုင်ရဲ့ ပထမဆုံးစည်းမျဉ်းသည်..”
ဤတစ်ကြိမ်တွင် ရှုပ်ထွေးသော အစဉ်အလာပူဇော်ခြင်းများ မရှိတော့ပေ။ အားလုံးက ရိုးစင်းသည်။ စကားလုံးများသည် ဓားကိုင်အားလုံး၏ စိတ်ထဲသို့ ကျဆင်းသွားကြသည်။
ရွှီချင်း၏ မျက်နှာထားသည် တည်ကြည်လေးနက်နေပြီး တခြားသူများသည်လည်း ထိုနည်းတူ ဖြစ်ကြသည်။
အချိန်အတန်ကြာပြီးနောက်တွင် အခမ်းအနားပြီးဆုံးသွားတော့သည်။
“ဓားကိုင်တွေမှာ အခိုင်အမာမှတ်သားထားရမယ့် စည်းမျဉ်းသုံးခု၊ မူဝါဒခုနစ်ရပ်နဲ့ စည်းကမ်းချက်ငယ်ပေါင်း ခြောက်ဆယ့်ကိုးခုရှိတယ်။
“မင်းတို့က ပြည်နယ်မျိုးစုံက လာခဲ့တာဖြစ်ပြီး ပြည်နယ်အသီးသီးမှာ ကိုယ်ပိုင် ရှင်သန်မှုစည်းမျဉ်းတွေ ရှိနေကြမှာပဲ။ မင်းတို့အားလုံးမှာ ကိုယ်ပိုင်အကျင့်စရိုက်နဲ့ နေထိုင်မှုပုံစံတွေ ရှိနေကြတယ်။”
“မင်းတို့က ထောင်လွှားပြီး ကိုယ်ကိုယ်ကိုယ်ထူးချွန်တယ်လို့ ထင်နေကြမှာပဲ။ ဒါက လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဓားကိုင်တွေထဲကို ဝင်ရောက်လာတဲ့ အစောပိုင်းအဆင့်တွေအထိပဲဖြစ်တယ်။ ခုချိန်ကစပြီး မင်းတို့ တစ်ခုတော့ မှတ်သားထားရမယ်။”
“ဓားကိုင်တွေက ညီနောင်ချင်း နောက်ကျောလုံလုံစိတ်ချနိုင်တယ်။”
“ဒါက မင်းတို့လာလိုက်တဲ့ ဂိုဏ်းတွေနဲ့ လုံးဝမတူတဲ့ကွာခြားမှုပဲ။”
“ဂိုဏ်းတွေထဲမှာ အကျိုးအမြတ်က ပဓာနကျတယ်။ ဒါပေမဲ့ ဓားကိုင်ရုံးတော်ထဲမှာတော့ တာဝန်တွေက ပဓာန၊ လူသားမျိုးနွယ်က ပဓာနဖြစ်ပြီး ညီနောင်မိတ်ဆွေတွေကလည်း တန်းတူပဓာနဖြစ်တယ်။”
“ဒါက ဓားကိုင်တွေဖြစ်လာပြီးနောက် ပထမဆုံးစိတ်ထဲမှာ စွဲမြဲအောင် မှတ်ထားရမဲ့ သဘောတရားပဲ။”
“အဲဒီနောက်မှာ ခုနစ်ရက်ကြာတဲ့ လျို့ဝှက်လေ့ကျင့်ရေးသင်တန်းတစ်ခု တက်ရမယ်။ အဲဒီခုနစ်ရက်အတွင်းမှာ မင်းတို့က ဓားကိုင်တွေပဲ ပိုင်ဆိုင်နိုင်တဲ့ လျို့ဝှက်အတတ်ပညာရပ်မျိုးစုံကို တတ်မြောက်ကျွမ်းကျင်နိုင်ကြမယ်။ အဲဒီအချိန်အတွင်းမှာ လူသားမျိုးနွယ်ရဲ့သမိုင်းအမွေအနှစ်နဲ့ မျိုးနွယ်အပေါင်းတို့ရဲ့ ဓလေ့ထုံးထမ်းတွေကိုလည်း ရှင်းပြပေးမှာဖြစ်တယ်။”
“ခုနစ်ရက်အတွင်း အကဲဖြတ်မှုကို အောင်မြင်နိုင်ရင် တာဝန်တွေခန့်အပ်ရရှိနိုင်မှာပဲ။”
“ဒါပေမဲ့ မင်းတို့ထဲက တစ်ဦးကတော့ အကဲဖြတ်မှုကို ပါဝင်တက်ရောက်စရာမလိုဘူး။ မင်းရဲ့တာဝန်ကို အခုခန့်အပ်ပေးလိုက်မယ်။”
“ရွှီချင်း ကိုးလှမ်းတက်လှမ်းပါ။”
ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်သည်။ ပတ်ဝန်းကျင်မှ ဓားကိုင်များအားလုံးရှေ့တွင် သူက တည်ကြည်သော ဟန်ပန်ဖြင့် လျှောက်လှမ်းသွားလိုက်၏။