← Chapters

အချိန်ကာလထဲက အမွေအနှစ် (၁)

Vol. 34 Ch. 512

အချိန်ကာလထဲက အမွေအနှစ် (၁)

Vol. 34 Ch. 512

နေလည်ခင်းအချိန်ကျော်လွန်လာပြီဖြစ်ကာ နေလုံးကြီးလည်း နေရာပြောင်းလာပြီး နေရောင်တို့သည် ကျမ်းသစ္စာခန်းမအပေါ်သို့ မဟုတ်ဘဲ ရွှီချင်း၏ အနောက်ဘက်သို့ ဖြန့်ကျက်ကျဆင်းလာနေပြီ ဖြစ်သည်။

ရွှီချင်းသည် တည်ကြည်လေးနက်စွာရပ်နေသည့် ဓားကိုင်များ၏ အနောက်ဘက်မှ ထွက်လာသည်။ နေရောင်တို့မှာ သူ့ခန္ဓာကိုယ်မှ ရောင်ပြန်ဟပ်နေပြီး တခြားသူများနှင့် ကွဲပြားခြားနားစေသည်။

ခေါင်းဆောင်က ရွှီချင်း၏ ကိုယ်ရိပ်သဏ္ဌာန်အား ကြည့်သည်။ သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သော်လည်း ကျေနပ်အားရနေသည်။ ‘ဒါက ငါ့ညီငယ်ပဲ’ ဟုပင် မိမိကိုယ်ကို တွေးမိနေ၏။

ချင်းချိုးမှာလည်း လူအုပ်ထဲတွင် ရှိသည်။ မျက်နှာဖုံးအောက်မှ သူမ၏ လှပသော မျက်နှာသည် ခံစားချက်ကင်းမဲ့နေသည်။ သူမက ရွှီချင်းအား လှမ်းကြည့်လိုက်ရင်း ရွံရှာစိတ်တချို့အား ခံစားရသည်။ ထို့ကြောင့် ခေါင်းကိုလှည့်ကာ နန်ဟွမ်ဒေသကြီးဘက်သို့ လှမ်းကြည့်နေလိုက်သည်။

သူမသည် နေသာသည့်နေ့ရက်များအား နှစ်သက်ခြင်းမရှိပါ။ လေပြင်းများတိုက်ကာ နှင်းများကျနေခြင်းကိုသာ သဘောကျသည်။

အဘယ်ကြောင့်ဆိုသော် နှင်းကျသောနေရက်တို့တွင် အဝေးလောကသို့ ငေးကြည့်လိုက်တိုင်း သေးသွယ်ကျုံလှီသော ကိုယ်ရိပ်သဏ္ဌန်လေးတစ်ခုသည် နံရံထောင့်တစ်နေရာမှ ဂရုတစိုက်လျှောက်နေရင်း သူမအား ခေါင်းညိတ်ပြနေသည်ကို ခပ်ရေးရေး မြင်နိုင်သောကြောင့် ဖြစ်သည်။

‘အစ်ကိုလေး…’

ချင်းချိုး ကျိတ်၍ ရေရွတ်သည်။

‘ညီမ နန်ဟွမ်ဒေသကို အမြန်ဆုံးပြန်လာပြီး အစ်ကို့ကိုရှာမယ်။ ဒီနေရာကကောင်းကင်လက်ရွေးစင်ဆိုသူတွေက အစ်ကို့ကိုမမီဘူး။ အစ်ကိုသာ သူတို့နေရာမှာဆိုရင် သူတို့အားလုံးထက်သာနေမှာပဲ။’

ချင်းချိုး အဝေးသို့ ကြည့်နေချိန်တွင် ခုန်ရှန်းလုံနဲ့ တခြားလူများက ရွှီချင်းထံသို့ ကြည့်ကြသည်။ တခြားလူများ၏ မျက်နှာတွင် လက်မခံနိုင်သော ခံစားချက်များ ပေါ်လွင်နေသည့်တိုင် ခုန်ရှန်းလုံကတော့ ထိုသို့ဖြစ်မနေပါ။

သူသည် ပြုံးနေပြီး စိတ်ရင်းဖြင့် ဝမ်းသာအားရ ဖြစ်နေသည်။

ရွှီချင်းတစ်ဦးတည်းကို ထိုသို့ သဘောထားခြင်း မဟုတ်ပါ။ ၎င်းသည် ခုန်ရှန်းလုံ၏ စိတ်သဘောထားအစစ်အမှန် ဖြစ်သည်။

အားလုံးအကြည့်များအောက်တွင် ရွှီချင်းက တည်ငြိမ်စွာ ရှေ့သို့ တက်လာသည်။ ခြေလှမ်းကိုးလှမ်း ဆက်တိုက်လှမ်းလာပြီးနောက်တွင် သူက ခန်းမရှေ့က လူငါးဦးထံသို့ ရိုသေစွာလက်သီးအုပ်၍ နှုတ်ဆက်သည်။

“နှုတ်ဆက်ပါတယ်… သခင်ကြီးများ။”

လက်ထောက်ရုံးတော်သခင်နှင့် အစောင့်အရှောက်လေးဦးတို့က ရွှီချင်းအား ကြည့်လိုက်ကြသည်။

ရွှီချင်း၏နာမည်အား သူတို့ငါးဦးလုံး ကြားသိပြီး ဖြစ်သည်။ ထိုစဉ်က တာအိုခေါင်းလောင်း မြည်ခြင်းသည် ဓားကိုင်ရုံးတော်တစ်ခုလုံးအား လှုပ်နှိုးသွားပြီး ဒေသအကြီးအကဲကပင် ထိုအကြောင်းအား မေးမြန်းခဲ့ရသည်။

ယခု သူတို့က ရွှီချင်း၏ နေရောင်အောက်က ကိုယ်ရိပ်သဏ္ဌာန်နှင့် ဝတ်စုံဖြူပေါ်က အနီရောင်မီးလျှံတို့ကို ကိုယ်တိုင်မြင်ရချိန်တွင်တော့ အစောင့်အရှောက်လေးပါးတို့မှာ ကျိတ်၍ ခေါင်းညိတ်မိကြသည်။

လက်ထောက်ရုံးတော်သခင်၏ မျက်လုံးတို့တွင် ချီးကျူးအားရမှုတို့ ထင်ဟပ်လာပြီး မျက်နှာထားမှာလည်း အနည်းငယ်နူးညံ့လာသည်။

“ရွှီချင်း… မင်းက နှလုံးသစ္စာစစ်ဆေးမှုမှာ အလင်းပေတစ်သိန်းရနိုင်ပြီး အင်ပါယာကိုယ်တိုင် ရွေးချယ်ခန့်အပ်ခံခဲ့ရတယ်။ ဒါက ငါတို့ ဖုန်းဟိုင်ဒေသမှာ ပထမဆုံးဖြစ်စဉ်ပဲ။ ဒါကြောင့် ရုံးတော်သခင်ရဲ့ အမိန့်နဲ့ မင်းကို ဒီနေရာမှာ ရုံးတော်သခင်ရဲ့ သံတော်ဆင့်အဖြစ် ခန့်အပ်တယ်။”

“မင်းဟာ ခုချိန်ကစပြီး ရုံးတော်သခင်နောက်ကို လိုက်ပါရမယ်။ မင်းကိုယ်မင်း ဆက်ပြီး တိုးတက်အောင် လေ့ကျင့်နိုင်မယ်လို့ မျှော်လင့်တယ်။ မဟာအင်ပါယာရဲ့ ချီးကျူးမှုနဲ့ တာအိုခေါင်းလောင်းမြည်သံတို့ကို အလကားမဖြစ်ပါစေနဲ့။”

“အမိန့်တော်အတိုင်းပါ။”

ရွှီချင်းက လေးနက်တည်ကြည်စွာ လက်သီးအုပ်ကာ ဦးညွှတ်သည်။

ထိုနေရာချထားမှုအား သူအံ့သြခြင်းများစွာ မရှိသော်လည်း အနည်းငယ်တော့ စိတ်ပျက်ရသည်။

သူက သံတော်ဆင့်မဖြစ်လိုပေ။ လူဆိုးထိန်းဌာနကဲ့သို့သော ဌာနတစ်ခုသို့သာ သူ ဝင်ရောက်လိုသည်။

လက်ထောက်နန်းတော်သခင်၏ စကားသံဆုံးသည်နှင့် ဓားကိုင်လက်သစ်များစွာတို့၏ စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။ ရွှီချင်းထံသို့ ကြည့်နေသည့် အကြည့်များတွင်လည်း အားကျမနာလိုမှုများ ပါဝင်နေသည်။

သံတော်ဆင့်နေရာသည် ရုံးတော်သခင်ဘေးတွင် အရပ်သားရာထူးနေရာတစ်ခု ရရှိခြင်းနှင့် တူညီသည်။ ထိုသို့သော နေရာမျိုးသည် အခွင့်အာဏာမရှိသော်လည်း ရုံးတော်သခင်ကို ကိုယ်စားပြုထားခြင်းလည်း ဖြစ်သည်။ ထိုနေရာကို တာဝန်ယူလိုက်ပြီးနောက်တွင် သူ့အား မြင်တွေ့သူတိုင်းက တလေးတစားဖြင့် ဆက်ဆံကြရပေတော့မည်။

အထူးသဖြင့် ရုံးတော်သခင်သည် မည်သည့်အခါကမှ သံတော်ဆင့်တစ်ဦးအား ခေါ်ယူဖူးခြင်း မရှိရာ ယခုတစ်ခေါက် ရွှီချင်းအား ပထမဆုံးအကြိမ် ထိုရာထူးနေရာ၌ ခန့်အပ်ခြင်းက ထူးခြားလှသည်။

အားလုံး၏ မျက်လုံးထဲတွင်တော့ ထိုအချက်သည် ဓားကိုင်ရုံးတော်၏ ရုံးတော်သခင်က ရွှီချင်းအား မည်မျှအလေးထားကြောင်းကို ပြသနေခြင်း ဖြစ်သည်။ ထိုလုပ်ဆောင်မှုဖြင့် သူက ကမ္ဘာလောကအား ပေတစ်သိန်းအလင်းနှင့်  အင်ပါယာ၏ ‌ရွေးချယ်ချီးမြှောက်များသည် မည်မျှအရေးပါကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။

ထိုကိစ္စသာလျှင် ပျံ့နှံ့သွားသွားပါက နောင်အနာဂတ် ဓားကိုင်အကဲဖြတ်ပွဲများတွင် ဝင်ရောက်အရွေးခံသူများသည် နှလုံးသစ္စာစစ်ဆေးခြင်းအား ပို၍ အာရုံစိုက်ကြတော့မည်မှာ မုချဖြစ်ပေမည်။

ထိုနေရာသည် ရွှီချင်းရရှိခဲ့သော ဂုဏ်ရောင်နှင့် ကိုက်ညီသော်လည်း လက်ခံ၍ မရနိုင်သေးသော ဓားကိုင်များလည်း ရှိပေသည်။

ဥပမာ ကျန်းစစ်ယွင် ဖြစ်သည်။

သူက ရွှီချင်းအား စိုက်ကြည့်နေပြီး သူ့ရင်ထဲတွင် မုန်းတီးမှုတို့ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။ အထူးသဖြင့် သူ့ဘယ်ဘက်ပါးသည် ရောင်ရမ်းခြင်း မရှိတော့သော်လည်း စူးရှသော နာကျင်မှုတစ်ခုအား ခံစားနေရသည်။ ထိုနေရာသည် သူ့အမေက သူ့အား ပါးရိုက်ခဲ့သော နေရာဖြစ်သည်။

‘ငါက အမှိုက်မဟုတ်ဘူး။’

ကျန်းစစ်ယွင်က အံကြိတ်ကာ စိတ်ထဲတွင် အော်ဟစ်နေသည်။

ကျမ်းသစ္စာခန်းမရှေ့တွင် ရပ်နေကြသော လက်ထောက်ရုံးတော်သခင်နှင့် တခြားအကြီးအကဲများသည် တခြားလူများ၏ တုံ့ပြန်မှုတို့ကို အာရုံမစိုက်ကြပေ။ ကျန်းစစ်ယွင်၏ ဘိုးဘေးသည်လည်း အကြီးအကဲငါးယောက်ထဲ၌ ပါဝင်နေသည့်တိုင် အစမှအဆုံးထိ ကျန်းစစ်ယွင်အား တစ်ချက်မျှပင် လှည့်ကြည့်ခြင်းမရှိပါ။

“ရွှီချင်း မင်းက ရုံးတော်သခင်ရဲ့ ခန့်အပ်မှုကို ခံရပြီး အကဲဖြတ်မှုကို ဝင်ဖြေစရာမလိုပေမဲ့ ခုနစ်ရက်လျို့ဝှက်သင်တန်းကိုတော့ တက်ရောက်ရဦးမှာပဲ။”

ရွှီချင်းက လေးနက်စွာခေါင်းညိတ်လိုက်ပြီး နောက်သို့ ပြန်ဆုတ်သွားလိုက်သည်။ သူ၏ တည်ငြိမ်ရင့်ကျက်သော အပြုအမူကြောင့် ကျမ်းသစ္စာခန်းမရှေ့က အကြီးအကဲငါးယောက်က ကျိတ်၍ ခေါင်းညိတ်လိုက်ကြသည်။

“အားလုံး နားထောင်ကြ။”

လက်ထောက်ရုံးတော်သခင်က ရွှီချင်းထံမှ အကြည့်ပြန်လွှဲလိုက်ပြီး အောက်တွင်ရှိသော ဓားကိုင်များထံသို့ တစ်ချက်ကြည့်သည်။

“မင်းတို့ရဲ့ သက်ဆိုင်ရာဓားကိုင်ရုံးတော်တွေမှာ ရရှိလာတဲ့ အမိန့်တော်ဓားတွေက ဓားကိုင်တွေရဲ့ အသံပို့လွှတ်ပစ္စည်းဖြစ်ရုံတင်မကဘူး၊ အကျိုးပြုမှုတွေကို စစ်ဆေးတဲ့ အသုံးအဆောင်တစ်ခုလည်း ဖြစ်တယ်။ တစ်ချိန်တည်းမှာ ဓားခန်းဆောင်ရဲ့ အုတ်မြစ်လည်း ဖြစ်နေသေးတယ်။”

“ခဏကြာရင် ဒီဓားကိုသုံးပြီး မြို့ထဲက သတ်မှတ်နေရာမှာ ဓားခန်းဆောင် တည်ဆောက်လို့ရပြီ။ ဒီဓားခန်းဆောင်က မင်းတို့တသက်လုံး အတူလိုက်ပါတည်ရှိနေမှာ ဖြစ်တယ်။ အပြင်ထွက်ပြီး တာဝန်လုပ်နေချိန်မှာလည်း တည်ရှိနေဦးမှာပဲ။”

“ဓားခန်းဆောင်ရဲ့ အမြင့်ကမြင့်မားလေ ပိုပြီးကြီးမားတဲ့ဂုဏ်ရောင်ကို ကိုယ်စားပြုလေပဲ။ တစ်နေ့မှာ မင်းတို့ထဲက တစ်ယောက်ယောက်က ပေတစ်သိန်းအမြင့်ဓားခန်းဆောင် ဖွဲ့တည်နိုင်မယ်လို့ ငါ မျှော်လင့်တယ်။”

“မင်းတို့ သေဆုံးသွားချိန်မှာမှ မင်းတို့ရဲ့ဓားခန်းဆောင်ကို ဓားကိုင်ရုံးတော်က ဖယ်ရှားမှာ ဖြစ်တယ်။ ဒါပေမဲ့ မင်းတို့ရဲ့နာမည်တွေကိုတော့ ကျမ်းသစ္စာခန်းမမှာ မှတ်တမ်းတင်ထားမှာပဲ ဖြစ်တယ်။ နောင်လာမယ့်ဓားကိုင်တွေက ကျမ်းသစ္စာပြုချိန်တိုင်း မင်းတို့ကို အရိုအသေပေးရမှာ ဖြစ်တယ်။ ဓားကိုင်ရုံးတော်ဟာ မင်းတို့ကို အမြဲမှတ်တမ်းတင်ထားမှာဖြစ်ပြီး ဘယ်တော့မှာမေ့ပျောက်ခံရမှာ မဟုတ်ဘူး။”

လက်ထောက်ရုံးတော်သခင်က ဖြည်းလေးစွာ ပြောသည်။ ထိုသို့ပြောပြီးသည်နှင့် သူ့လက်စကိုလှုပ်ခတ်လိုက်ရာ နောက်တွင်ရှိသော ခန်းမထဲမှ တဖျပ်ဖျပ်လက်နေသောအလင်းများသည် အရပ်မျက်နှာအနှံ့သို့ ပြန့်လွင့်ထွက်ခွာသွားကြသည်။ တံခါးများအားလုံး ချက်ချင်းပွင့်လာပြီး အတွင်းမှ အရာအားလုံးသည် ဓားကိုင်အားလုံး၏ မျက်လုံးများထဲသို့ ထင်ဟပ်လာကြသည်။

ခန်းမထဲတွင် သီးခြားနေရာတစ်ခုရှိနေပြီး ထိုနေရာမှာ ခန်းမကိုယ်တိုင်ထက်ပင် ကျယ်ဝန်းသည့် သီးခြားလေဟာနယ် ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ထိုနေရာတွင်ကား အမိန့်တော်ဓားပေါင်း မြောက်မြားစွာ ရှိနေကြသည်။

တချို့က အကောင်းပကတိ၊ တချို့သည် ထိခိုက်ပျက်စီးနေပြီး တချို့မှာတော့ အပိုင်းအစများအဖြစ်သာ ရှိကြသည်။ တချို့ကတော့ ဓားကိုယ်ထည်တစ်ခုလုံး ဆုံးရှုံးထားသောကြောင့် ဝိညာဉ်ကမ္ပည်းကျောက်ပြားများဖြင့် အစားထိုးထားရသည်။

သူရဲကောင်းဆန်သော အငွေ့အသက်များသည် သူတို့အားလုံးထံသို့ ရိုက်ခတ်လာ၏။

ခန်းမကြီးအတွင်းတွင် ဝိညာဉ်ကမ္ပည်းပြားများစွာနှင့် အမိန့်တော်ဓားများစွာတို့ဖြင့် ပြည့်နှက်နေသည်။

၎င်းတို့သည် မရေမတွက်နိုင်သော နှစ်ကာလအတွင်း ဖုန်းဟိုင်ဒေသတိုက်ပွဲများထဲ၌ ကျဆုံးသွားလေပြီးသောဓားကိုင်များ ဖြစ်ကြသည်။

သူတို့တစ်ဦးချင်းစီသည် တစ်ချိန်က လူသားမျိုးနွယ်၏ ကောင်းကင်လက်ရွေးစင်များ ဖြစ်ကြသည်။

All Chapters