← Chapters

အချိန်ကာလထဲက အမွေအနှစ် (၂)

Vol. 34 Ch. 513

အချိန်ကာလထဲက အမွေအနှစ် (၂)

Vol. 34 Ch. 513

သူတို့တစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်သမိုင်းကြောင်းများ ရှိကြသည်။

ထိုကမ္ပည်းတိုင်များနှင့် ဓားများကို ကြည့်ရင်း ရွှီချင်း၏စိတ်တို့ တုန်လှုပ်ရသည်။ ခန်းမထဲမှ ဝိညာဉ်အားလှိုင်းတစ်ခု ရိုက်ခတ်လာပြီး သူ့စိတ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

သူသည် မရေမတွက်နိုင်သော ဓားကိုင်များ သူတို့မသေဆုံးမီ နောက်ဆုံးအကြိမ်အဖြစ် အော်ဟစ်လိုက်သံများနှင့် မရေမတွက်နိုင်သော ဝတ်စုံဖြူပုံရိပ်များအား ဝိုးတဝါး မြင်ရ၏။

သူတို့သည် သူတို့၏နောက်တွင် သူတို့ကာကွယ်ပေးရမည့် လူသားမျိုးနွယ်ရှိနေသဖြင့် နောက်သို့ ဆုတ်ခွာမည့်အစား အသက်အသေခံကာ တိုက်ပွဲဝင်ကြသည်။

ရွှီချင်း၏စိတ်ထဲက ထိတ်လန့်တုန်လှုပ်မှုမှာ ပိုမိုပြင်းထန်လာသည်။

ဓားကိုင်များသည် ဟားတိုက်ရယ်မောရင်း စတေးခံကြသည်၊ အသက်အသေခံကာ တိုက်ပွဲဝင်ကြသည်။ ရန်သူတို့အား သတ်ဖြတ်ရင်း အားရဝမ်းသာ အော်ဟစ်ကြသည်။ သူတို့သည် သေခါနီးအချိန်သို့ ရောက်လာသည့်တိုင် နောင်တရခြင်းအလျင်းမရှိဘဲ ကျမ်းသစ္စာအား ဂုဏ်ယူဝင့်ကြွားစွာ အော်ဆိုကြသည်။

“ငါသည် ဓားကိုင်တစ်ဦးဖြစ်ရန် ဆန္ဒရှိသည်။ တာဝန်အပေါ် သစ္စာစောင့်သိပြီး စတေးရန်လည်း ကြောက်ရွံ့တွန့်ဆုတ်မည်မဟုတ်ပါ။”

“ငါသည် ဓားကိုင်တစ်ဦးဖြစ်ရန် ဆန္ဒရှိသည်။ လူသားမျိုးနွယ်ကို ဘယ်တော့မှ သစ္စာဖောက်မည်မဟုတ်။ အမြဲတိုက်ခိုက်ရန် အသင့်ရှိမည်။”

“ငါသည် ဓားကိုင်တစ်ဦးဖြစ်ရန် ဆန္ဒရှိသည်။ လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပြီး လူသားမျိုးနွယ်အား ကာကွယ်စောင့်ရှောက်မည်။”

“ငါသည် ဓားကိုင်တစ်ဦးဖြစ်ရန် ဆန္ဒရှိသည်။ အန္တရာယ်ဟူသမျှကို ရှင်းလင်းပြီး ကမ္ဘာလောကထံ အလင်းဆောင်ယူပေးမည်။”

ထိုကျမ်းသစ္စာသံတို့က တဖြည်းဖြည်းစုစည်း ထွက်ပေါ်လာကြသည်။ ၎င်းတို့က ကောင်းကင်နှင့် မြေကြီးတို့၏ တေးသံအလား ကမ္ဘာလောကအနှံ့သို့ ပြန့်လွင့်သွားသည်။ တစ်ချိန်တည်းမှာပင် ထိုကျမ်းသစ္စာသည် ထိုနေရာရှိဓားကိုင်အားလုံး၏ နှုတ်ဖျားမှ အလိုလိုထွက်လာကြတော့သည်။

ဓားကိုင်အားလုံး၏အသံတို့သည် တဖြည်းဖြည်းချင်း ထိုကိုယ်ရိပ်သဏ္ဌာန်တို့၏အသံတို့ဖြင့်  ပေါင်းစည်းသွားပြီး တစ်သားတည်းပမာဖြစ်သွားသည်။

မပြီးပြတ်သော သူရဲကောင်းလမ်းစဉ်မှ မြစ်ဖျားခံလာသည့် ထိုသူရဲကောင်းမျှော်မှန်းချက်သည် အချိန်နှင့် နေရာတို့အား ထိုးဖောက်ဆင့်ကမ်းလာသည့်ပမာပင်။

ဤကား ဓားကိုင်လက်သစ်အားလုံး၏ ကျမ်းသစ္စာပင်တည်း။

ဓားကိုင်ရုံးတော်မှ သူ မည်သို့ထွက်လာဖြစ်သည်ကို ရွှီချင်း မမှတ်မိတော့ပါ။ လမ်းများပေါ်တွင် လျှောက်လှမ်းသွားနေသည့်တိုင် ကျမ်းသစ္စာခန်းမအတွင်းက မြင်ကွင်းတို့သည် သူ့စိတ်ထဲ၌ တရိပ်ရိပ်ပေါ်လာနေဆဲ ဖြစ်သည်။

ထိုဖြစ်စဉ်တစ်ခုလုံးသည် သူဂိုဏ်းထဲတွင် ရှိနေခဲ့စဉ်ကနှင့် လွန်စွာကွဲပြားခြားနားသည်။

ရွှီချင်းတစ်ဦးတည်းသာ မဟုတ်ပေ။ ခေါင်းဆောင်သည်လည်း ထိုနည်းတူဖြစ်သည်။ ဓားကိုင်အားလုံးမှာလည်း ထိုနည်းတူ ဖြစ်ကြသည်။ ကျန်းစစ်ယွင်ကဲ့သို့သော လူသည်ပင် တွေဝေသည့်အမူအရာ ဖြစ်နေသည်။

ဂိုဏ်းခွဲ၏ ခြံဝင်းထဲသို့ ပြန်ရောက်သောအခါတွင်မှ ရွှီချင်း အသိစိတ်များ ပြန်ဝင်လာသည်။

သူက ခေါင်းမော့လိုက်ပြီး ဓားကိုင်ရုံးတော်ဘက်တွင်ရှိသော အာကာပြင်ကြီးအား ကြည့်သည်။ သူက ပင့်သက်တစ်ချက်ကိုလည်း ရှိုက်သည်။ အဘယ့်ကြောင့် ထိုသို့ ဖြစ်သွားသည်ကိုလည်း သူ နားလည်သည်။ ကျမ်းသစ္စာခန်းမထဲတွင် ပြင်းထန်သော စိတ်ဝိညာဉ်လှုပ်ခတ်မှုများ တည်ရှိနေသောကြောင့် ဖြစ်သည်။

ထိုနေရာတွင် သူရဲကောင်းဝိညာဉ်မြောက်မြားစွာ တည်ရှိနေသည်။ သူတို့သည် ဓားကိုင်လက်သစ်များအား မကောင်းသော အကြံအစည်များ မရှိကြပါ။ သို့သော်လည်း သူတို့၏ မပြီးပြတ်သေးသော ရည်မှန်းချက်များနှင့် နောင်တတရားတို့ကိုသာ နည်းလမ်းတစ်မျိုးဖြင့် ဖော်ပြနေကြခြင်း ဖြစ်သည်။

ထိုနည်းလမ်းဖြင့် သူတို့က ဓားကိုင်လက်သစ်တို့အား ပြောပြနေကြသည်…။

ဓားကိုင်တစ်ဦးဟူသည် မည်သို့သောအဓိပ္ပာယ် ဖြစ်ကြောင်း…။

ရွှီချင်း ရင်ထဲတွင် လှိုင်းများထလာသည်။ အမှန်တွင် ဤနေရာသို့လာရောက်သည့် ခရီး၌ ချန်ထင်းဟောင်၏ ပြုမူပုံတို့မှတစ်ဆင့် ဓားကိုင်များသည် သာမန်ဂိုဏ်းသားကျင့်ကြံသူတို့နှင့် များစွာကွဲပြားခြားနားနေကြောင်း သူ ခံစားမိပြီး ဖြစ်သည်။

ရွှီချင်း ငြိမ်ကျသွားသည်။

သူသည် ဓားကိုင်အဖွဲ့ကိုဖြစ်စေ သူ့ဂိုဏ်းအားဖြစ်စေ  မည်သည့် အစွဲအလမ်း အနှောင်အဖွဲ့တစ်ခုတစ်လေမျှ မရှိပါ။ မည်သို့သော အတွေ့အကြုံမျိုးဖြစ်စေ သူ့အား သတိစိတ်လွတ်သွားသည်အထိ ပြုစားရန် မဖြစ်နိုင်ပေ။

သူက ဆက်လက်စောင့်ကြည့်ရန် လိုသေးသည်။

အချိန်အတန်ကြာသော် ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး စိတ်နှလုံးကို တည်ငြိမ်အောင် ထိန်းသည်။ ထို့နောက် ဓားကိုင်အမိန့်တော်ဓားကို ထုတ်လိုက်သည်။

ယနေ့သတင်းပို့ခြင်းနှင့် ကျမ်းသစ္စာဆိုခြင်းတို့ ပြီးနောက်တွင် ဤအမိန့်တော်ဓားသည် အနည်းငယ်ထူးခြားလာသည်။

၎င်း၏ လုပ်ဆောင်ချက်တချို့ အသက်ဝင်လာခြင်း ဖြစ်သည်။ သူ့နတ်အာရုံအား ဓားအတွင်းသို့ ထည့်သွင်းလိုက်လျှင် စစ်ရေးအကျိုးပြုမှတ်လဲလှယ်ခြင်းနှင့်ပတ်သက်၍ သူ့စိတ်ထဲ၌ ပေါ်လာသည်။

စစ်ရေးအကျိုးပြုမှတ်များသည် ဓားကိုင်တစ်ဦးအတွက် လွန်စွာအရေးကြီးသည်။ မည်သည့်အရာမဆို စစ်ရေးအကျိုးပြုမှတ်နှင့် လဲလှယ်နိုင်၏။ ဤအချက်အလက်များထဲတွင် သက်‌စောင့်မီးအိမ်များနှင့် အင်ပါယာအဆင့်ကျင့်စဉ်ပညာရပ်အမွေအနှစ်တို့ကိုပင် ရွှီချင်း တွေ့မြင်ရသည်။

သို့ရာတွင် ၎င်းတို့အတွက် လိုအပ်သော စစ်ရေးအကျိုးပြုမှတ်ကလည်း လွန်စွာများပြားသည်။ တချို့တွင် တိုက်ပွဲအကျိုးပြုဆုမှတ်တို့ပင် လိုအပ်သည်။

စစ်ရေးအကျိုးပြုမှတ်နှင့် တိုက်ပွဲအကျိုးပြုဆုမှတ်များမှာ မတူညီပေ။

ပထမတစ်မျိုးအား ဓားကိုင်ရုံးတော်မှ ထုတ်ထားသော အလုပ်တာဝန်မျိုးစုံတို့နှင့် ရာထူးနေရာတို့မှတစ်ဆင့် စုဆောင်းရရှိနိုင်သည်။ ဒုတိယတစ်မျိုးကိုတော့…ချီးမြှင့်ခြင်းမှသာ ရရှိနိုင်ပြီး အတန်းအစား ငါးဆင့်ခွဲထားသည်။

၎င်းတို့ထဲတွင် ပထမတန်းစားတိုက်ပွဲဆုမှတ်တို့က အရှားပါးဆုံးဖြစ်ပြီး ထိုမှတစ်ဆင့် အစဉ်လိုက် ပေါများသွားသည်။

ရွှီချင်းက နတ်အာရုံကို လှုပ်ရှားလိုက်ပြီး အမွေအနှစ်လဲလှယ်ခြင်းအချက်အလက်များအား ကြည့်သည်။ ထိုနေရာတွင် ကျောက်ရှာတောင်ကို ရှာတွေ့သွားသည်။

“စစ်ရေးအကျိုးပြုမှတ် သုံးသိန်းနဲ့ တတိယတန်းစား တိုက်ပွဲဆုမှတ်တွေ သုံးပြီး ကျောက်ရှာတောင်မှာ တစ်ကြိမ်လေ့လာဆင်ခြင်ခွင့်နဲ့ လဲလှယ်နိုင်တယ်။”

ထိုအချက်တို့အား ကြည့်လိုက်ပြီး ရွှီချင်း၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှုတို့ ထင်ဟပ်လာသည်။

“စစ်ရေးအကျိုးပြုမှတ်တွေ ရနိုင်မယ့်နည်းကို ရှာရမယ်။”

ခေါင်းဆောင်လည်း သိပ်မထူးခြားပါ။ ထိုအချိန်တွင် ခေါင်းဆောင်သည် အိမ်ခန်းထဲ၌ အမိန့်တော်ဓားထဲမှ လဲလှယ်ခြင်းအချက်အလက်တို့ကို အာရုံခံကြည့်လျက်ရှိသည်။ သူ့မျက်လုံးတို့ တဖြည်းဖြည်းဝင်းလက်လာသည်။

“ပစ္စည်းကောင်းတွေအများကြီးပဲ။”

သူ့အသက်ရှူနှုန်းတို့ မြန်ဆန်လာပြီး သူက အင်ပါယာအဆင့်ကျင့်စဉ်အတတ်တို့အား ချက်ချင်းစူးစိုက်ကြည့်သည်။ သူက တခြားအရာတို့အား လစ်လျူရှုလိုက်ပြီး ကျင့်စဉ်ပညာရပ်တစ်ခုတည်းကိုသာ အာရုံစိုက်ကြည့်သည်။ သူ့မျက်လုံးတို့တွင် ယခင်အချိန်တို့ထက်သာလွန်သော လိုချင်တပ်မက်စိတ်များ ထင်ဟပ်လာသည်။

“ရှေး‌တာအိုတံဆိပ်အမိန့်၊ မပြည့်စုံတဲ့ အပိုင်း။”

“ဒီကျင့်စဉ်ပညာရပ်ကို ငါရှာနေခဲ့တာ အတော်ကြီးကိုကြာနေပြီ။ ထင်တဲ့အတိုင်းပဲ မြို့တော်မှာရှိနေတာကိုး။”

ခေါင်းဆောင်မျက်လုံးတို့တွင် ပြင်းထန်သော ဆန္ဒဇောများ ထင်ဟပ်လာပြီး သူ့မျက်လုံးအိမ်များထဲတွင် တခြားသော သူ့မျက်နှာတစ်ခုလည်း ထပ်မံပေါ်လာသည်။ ၎င်းကလည်း မျက်လုံးများဖွင့်လာပြီး ရူးသွပ်မှုဟန်တို့အား ထုတ်ဖော်ပြသည်။

အချိန်အတန်ကြာပြီးနောက်တွင်မှ သူ့ရင်ထဲက ဆန္ဒတို့ကို ချိုးနှိမ်နိုင်လိုက်သည်။ ထို့နောက် သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရွှီချင်းနေထိုင်ရာအိမ်ခန်းနေရာဘက်သို့ လှမ်းကြည့်သည်။

“ချင်းလေး၊ ဒီဘဝမှာ မင်းနဲ့အတူ ခရီးလျှောက်သွားနိုင်ဖို့ အစွမ်းကုန်လုပ်မယ်လို့ အစ်ကိုကြီးက ပြောခဲ့တယ်မဟုတ်လား။”’

“ငါ ဒီအမိန့်ပညာရပ်ကို ရနိုင်သရွေ့… မင်းနဲ့တစ်သက်လုံးအတူတူ ခရီးလျှောက်သွားနိုင်ပြီပဲ။”

ခေါင်းဆောင်က ညင်သာစွာ ရေရွတ်သည်။

ဓားကိုင်လက်သစ်တို့ ကျမ်းသစ္စာကျိန်ပြီးနောက်တွင် တတိယမြောက်နေ့မနက်၌ ဓားကိုင်တို့၏ ခုနစ်ရက်လျို့ဝှက်သင်တန်း စတင်တော့သည်။

ထိုလျို့ဝှက်သင်တန်း၏ တည်နေရာမှာလည်း ဓားကိုင်ရုံးတော်ထဲတွင်ဖြစ်သည်။ နေရာအတိအကျအားဖြင့် အသိပညာခန်းမထဲတွင် ဖြစ်လေသည်။

မနက်ခင်း၌ လျို့ဝှက်သင်တန်းအချိန် ရောက်ရှိလာလျှင် ဓားကိုင်လက်သစ် ငါးဆယ့်တစ်ဦးလုံး အချိန်ကိုက်ရောက်ရှိလာကြသည်။ သူတို့အားလုံးက အသိပညာခန်းမထဲတွင် ကိုယ်ဟန်များမတ်လျက် ထိုင်ကြသည်။

အသိပညာခန်းမသည် တခြားသောခန်းမများနှင့် ကွဲပြားခြားနားသည်။ ထိုခန်းမထဲတွင် စားပွဲများစွာရှိနေပြီး ကျောင်းတစ်ခုပမာခင်းကျင်းထားသည်။

ရွှီချင်းသည် ခန်းမညာဘက်ပိုင်းတွင် ခေါင်းဆောင်၏ အနောက်၌ ထိုင်သည်။

သူ့ဘယ်ဘက်တွင် ချင်းချိုးရှိနေပြီး ညာဘက်တွင်တော့ ခုန်ရှန်းလုံ ရှိသည်။

ချင်းချိုးကတော့ ထုံးစံအတိုင်း ရွှီချင်းအား လစ်လျူရှုထားသည်။ ခုန်ရှန်းလုံက ရွှီချင်းအား ပြုံးလျက် ဖော်ရွေစွာ ပြောသည်။

“ဒီအကြောင်းတွေကို အရင်အလုပ်သမားဘဝကတည်းက ငါသင်ယူပြီးပြီ။ တာဝန်တွေလုပ်လာတဲ့ နှစ်တွေတစ်လျှောက်လုံး ဒီအသိပညာတွေက တော်‌တော်အသုံးဝင်ခဲ့တယ်။ မင်းနားမလည်တာရှိရင် ငါ့ကို မေးကြည့်လို့ရတယ်။”

ရွှီချင်းက လက်သီးအုပ်ကာကျေးဇူးတင်ကြောင်း ပြောသည်။ ရှေ့ကခေါင်းဆောင်ကလည်း ခေါင်းလှည့်လိုက်ပြီး ရွှီချင်းအား စိုက်ကြည့်သည်။

“ညီလေး ငါ့ကိုလည်း မေးလို့ရတယ်။”

ခုန်ရှန်းလုံးက ပြုံးသာပြုံးလျှက် ပြန်ပြောခြင်းမပြုပေ။

ရွှီချင်းက ခေါင်းဆောင်ထံ လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

ခေါင်းဆောင်မှာ ကျေနပ်သွားပြီး ဆက်ပြောရန် ပြင်သည်။ သို့ရာတွင် နောက်တခဏတွင် သူက ချက်ချင်းပြန်လှည့်ကာ ခါးပြန်မတ်လိုက်တော့သည်။ တခြားဓားကိုင်များအားလုံးလည်း ထိုနည်းတူဖြစ်သည်။ ခန်းမ အပြင်ဘက်မှ လူတစ်ဦး လျှောက်လှမ်းဝင်လာသောကြောင့် ဖြစ်သည်။

ထိုလူသည် အနက်‌ရောင်တာအိုဝတ်စုံနှင့် သက်လတ်ပိုင်းတစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ လွန်စွာပိန်လှီနေပြီး မျက်နှာမှာလည်း ချောင်ချနေကာ နာမကျန်းဖြစ်နေသော ပုံစံ ဖြစ်သည်။ သူသည် ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ချောင်းတဟွတ်ဟွတ်ဖြင့် လမ်းလျှောက်ဝင်လာလေသည်။

သူက ခန်းမထဲရှိ စားပွဲများအကြား ဖြတ်လျှောက်လာပြီး ရှေ့ဆုံးသို့ ရောက်လာသည်။ ထို့နောက် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကာ ခန်းမထဲက ဓားကိုင်များအား ကြည့်သည်။

“ငါစကားပြောချိန်မှာ ကြားဖြတ်နှောင့်ယှက်တာမျိုးကို မကြိုက်ဘူး။ ဒီတော့ နားမလည်တာရှိရင်…ကိုယ်ရဲ့တွေးခေါ်နိုင်စွမ်းကိုက မကောင်းတာလို့ပဲ မှတ်လိုက်။”

“ငါ့ကို ကြားဖြတ်ပြောတာမျိုးရှိလာရင် အဲဒီလူကို အပြင်သို့ မောင်းထုတ်ပစ်မယ်။”

“ဒါနဲ့ ငါ့ကို နာမကျန်းတစေလို့ ခေါ်လို့ရတယ်။ ငါက ဓားကိုင်တို့ရဲ့ လျို့ဝှက်ဖုံးကွယ်နည်းအတတ်ကို သင်ပေးဖို့ တာဝန်ယူထားတယ်။”

နာမကျန်းတစေက ချောင်းဆိုးလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ချောင်းက ပြင်းထန်လွန်းနေပြီး သွေးတစ်ပွက်ပင် ထွေးထုတ်လိုက်ရလေသည်။

သွေးတို့ ပျံထွက်လာသည်နှင့် သွေးထဲတွင် ဖုံးကွယ်ပါရှိနေသော အဆိပ်တို့သည်…ထိုခဏတွင်တိတ်တဆိတ်ပြန့်ထွက်လာသည်။

ရွှီချင်း မျက်မှောင်ကြုတ်လိုက်မိသည်။

All Chapters