ကြီးပြင်းလာခြင်း
Vol. 5 Ch. 65
နောက်ဆုံးတွင် ချိုချဉ် အရည်ပျော်သွားသည်။
နေရောင်ခြည်တန်းလေးများက သစ်ရွက်များကြားမှနေ၍ ရွှီချင်း၏မျက်နှာပေါ် ကျဆင်းလာသည်။ ၎င်းတို့သည် ချိုချဉ်ပမာ ရွှီချင်း၏နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးတစ်နေရာတွင် အရည်ပျော်ကျသွားဟန်တူသည်။
သူ၏ဝမ်းနည်းကြေကွဲစိတ်ကို သက်သာသွားစေ၏။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်၍ နေရောင်ခြည်တန်းလေးကို ကြည့်လိုက်သည်။ ထိုအလင်းတန်းမှတစ်ဆင့် ဝေဟင်ရှိ နေမင်းကြီးကို သူ မော့ကြည့်လိုက်ပြီးနောက် အဘိုးအို၏ အုတ်ဂူကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။
“ ခေါင်းဆောင်လဲ့၊ ဘေးအန္တရာယ်ကင်းတဲ့ ခရီး ဖြစ်ပါစေ ”
ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး ခါးကိုကိုင်း၍ ဦးညွှတ်လိုက်သည်။ ထို့နောက် သူ ချာခနဲ လှည့်လိုက်ပြီး သူ၏ရင်ထဲ အနက်ရှိုင်းဆုံးနေရာရှိ ဝမ်းနည်းကြေကွဲစိတ်များအားလုံးကို ဖိနှိပ်လိုက်သည်။ တစ်ဆက်တည်း သူ၏ မရင့်ကျက်သေးသော နောက်ဆုံးလက်ကျန်အပြုအမူများကို ခေါင်းဆောင်လဲ့နှင့်အတူ ဤနေရာတွင် မြှုပ်နှံလိုက်သည်။
ကံကြမ္မာက သူ့ကို အနွေးဓာတ်ကလေး ပေးသနားခဲ့ပါသော်ငြား ယခုအခါတွင်မူ အညှာအတာကင်းမဲ့စွာ လောကကြီးထဲမှ ပြန်လည်သိမ်းယူသွားခဲ့လေပြီ။ ယင်းသည် တစ်နေ့တွင် မလွဲမသွေကြုံတွေ့ရမည့် လောကဓံတရားကြီးဖြစ်ပြီး ရွှီချင်းအနေဖြင့် ဘဝကို ရှေ့ဆက်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။
သူ၏မျက်လုံးများ ပြန်လည်စူးရှတောက်ပလာပြီး လေးနက်တည်ကြည်လာသည်။
သူ၏ပုံစံသည်လည်း ယခင်အတိုင်း ပြန်ဖြစ်လာခဲ့လေပြီ။
လျှပ်တစ်ပြက်အတွင်း သူသည် နေရောင်ခြည်တန်းများကို ခိုလှုံ၍ တောအုပ်အစွန်းကို ပြေးသွားသည်။
သူသည် လက်ဖျားခါရလောက်အောင် မြန်ဆန်နေပြီး နေအလင်းပျောက်ကလေးများကို တရိပ်ရိပ် ကျော်ဖြတ်နေသည်။ သို့သော် အနီးကပ်ကြည့်ရှုမည်ဆိုပါက စိတ်ဓာတ်ကျနေသည့်အရိပ်အယောင်များ ရှိနေသေးကြောင်း မြင်ရပေမည်။ ယင်းသည် အချိန်တိုအတွင်း အလင်းတန်းများက မဖယ်ရှားပေးနိုင်သော အရာတစ်ခုဖြစ်သည်။
ယင်းသည် ပြင်းထန်လွန်းလှ၍ အထီးကျန်နေသည့်ခံစားချက်များ ဖြစ်စေသည်။
ယင်းသည် တဖြည်းဖြည်း နက်ရှိုင်းကာ အေးစက်လာခဲ့သည်။
သူသည် ရက်စက်ကြမ်းတမ်းသော တောနက်ကြီးထဲတွင် ကျက်စားနေသည့် ဝံပုလွေတစ်ကောင်ပမာပင်။ အနည်းငယ် အထီးကျန်စွာ ကြီးပြင်းလာရပြီးနောက် စစ်မှန်သော အထီးကျန်ဝံပုလွေတစ်ကောင်နှင့် ပိုတူလာခဲ့သည်။
အချိန်များ ကုန်လွန်လာခဲ့ပြီး မကြာခင် တစ်နေ့ ကုန်လွန်သွားသည်။ ရွှီချင်းသည် တောအုပ်ထဲတွင် မရပ်နားဘဲ ဆည်းဆာရောင်ခြည်တန်းများ ကျဆင်းလာသောအခါတွင် တားမြစ်နယ်မြေထဲမှ လွန်မြောက်ကာ လူသားလောကကို ရောက်ချလာသည်။
သို့သော်လည်း သူ ရောက်နေသောနေရာသည် စခန်းနှင့်မျက်နှာမူရာအရပ်တွင် ရှိနေသည်မဟုတ်ဘဲ တခြားအရပ်တွင် ရှိနေခြင်းဖြစ်သည်။
စခန်းကို သူ ပြန်သွားရန် စိတ်ကူးမရှိချေ။
ခေါင်းဆောင်လဲ့၏ ရန်သူ သေဆုံးသွားခြင်းသည် နောင်တွင် သေချာပေါက် ပြဿနာတက်လာပေလိမ့်မည်။
ခေါင်းဆောင်လဲ့ရန်သူ၏ အဖွဲ့အစည်းသည် နန်းဟွမ်ဒေသကြီးတစ်ခွင် တည်ရှိနေသောကြောင့် အင်အားကြီးမားသည်ဟု ဆိုနိုင်သည်။ မထင်မရှားလူတစ်ယောက် သေဆုံးသွားခဲ့ခြင်းဖြစ်ပါသော်လည်း စုံစမ်းစစ်ဆေးရန် အခွင့်အရေးများသည်။
ထိုသို့ စစ်ဆေးမည်၊ မစစ်ဆေးမည်နှင့်ပတ်သက်၍ ရွှီချင်း အလောင်းအစား မလုပ်နိုင်ချေ
အရေးအကြီးဆုံးမှာ စခန်းခေါင်းဆောင် သေဆုံးသွားခြင်း ဖြစ်သည်။
ခေါင်းဆောင်လဲ့ထံမှနေ၍ ကျင်းကန်းဂိုဏ်းအကြောင်းကို ရွှီချင်း ကြားဖူးခဲ့သည်။
သူ့ကို အစွမ်းထက်နဂါးတစ်ကောင်ဟု တင်စားမည်ဆိုပါက ကျင်းကန်းဂိုဏ်းသည် အရှိန်အဝါကြီးမားသော ဒေသခံမြွေနဂါးဖြစ်ပေသည်။
ကျင်းကန်းဂိုဏ်းသည် ဤဒေသတစ်ဝိုက်တွင် အင်အားအတောင့်တင်းဆုံးအဖွဲ့အစည်းဖြစ်သည်။
ဤနယ်တစ်ခွင်ရှိ မြို့ဒါဇင်ကျော်နှင့် ရတနာမုဆိုးစခန်းပေါင်းများစွာသည် ကျင်းကန်းဂိုဏ်း၏ ပေါ်တင်ဖြစ်စေ၊ နောက်ကွယ်မှဖြစ်စေ ထိန်းချုပ်ခြင်း ခံထားရသည်။
ဂိုဏ်းစောင့်အကြီးအကဲများက အခြေတည်အဆင့်ကိုပင် ရောက်နေကြသည်။
ဤဒေသတစ်ခွင် နေထိုင်နေကြသော ရတနာမုဆိုးများနှင့် လူများအတွက် အခြေတည်အဆင့် ကျင့်ကြံသူများသည် တန်ခိုးရှင်များပမာ ဖြစ်ကြသည်။ အလွန့်အလွန်နည်းပါးသော လူနည်းစုသည်သာ အခြေတည်အဆင့်ကျင့်ကြံသူများကို မြင်ဖူးကြပါသော်လည်း အခြေတည်အဆင့်ကျင့်ကြံသူများထံမှ ဖိအားနှင့် အရှိန်အဝါသည် လူအားလုံးကို ရင်ထဲတွင် လေးစားခြင်းများ ဖြစ်တည်သွားစေသည်။
သို့ဖြစ်၍ ကျင်းကန်းဂိုဏ်း၏အကြီးအကဲနှစ်ယောက်ကို သူ သတ်လိုက်ကတည်းက ပထမဆုံး သူ ရင်ဆိုင်ရမည်မှာ ကျင်းကန်းဂိုဏ်း၏ အမျက်ဒေါသဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရမည့်နည်းလမ်းမှာ လွန်စွာ ရိုးရှင်းပေသည်။
ကျင်းကန်းဂိုဏ်းအနေဖြင့် လက်လွတ်စပါယ် ရဲတင်းစွာ မလုပ်ဝံ့မည့် အင်အားစုကို သူ ဝင်ရောက်ရန် လိုသည်။
ယင်းအင်အားစုသည် ချီရွှဲ့ထုံဂိုဏ်းဖြစ်သည်။
အနီးအနားမြို့များနှင့် စခန်းများ၌ ကျင်းကန်းဂိုဏ်းသည် လွန်စွာ ထင်ရှားကျော်ကြားပါသော်လည်း ချီရွှဲ့ထုံဂိုဏ်းဆိုသည်မှာ မိုးမြေတုန်ဟည်းစေနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကျင်းကန်းဂိုဏ်းက မိုက်ရူးရဲဆန်ပါသည်ဆိုသည့်တိုင်အောင် ချီရွှဲ့ထုံဂိုဏ်းကို ရန်စဝံ့မည်မဟုတ်ချေ။
ထို့ကြောင့် ရွှီချင်းအတွက် ရှင်းပေသည်။ သူသာ ချီရွှဲ့ထုံဂိုဏ်းသားတစ်ယောက်ဖြစ်သွားသည်နှင့် ထိုပြဿနာကို ယာယီဖြေရှင်းနိုင်သွားမည် ဖြစ်သည်။
သို့ဖြစ်၍ တားမြစ်နယ်မြေထဲမှ ထွက်လာသည့်အခါ သူ၏သားရေအိတ်ရှုံ့ထဲရှိ ချီရွှဲ့ထုံဂိုဏ်း ဝင်ခွင့်တံဆိပ်ပြားကို စမ်းကြည့်ကာ မျက်လုံးများ တဖိတ်ဖိတ် တောက်ပလာသည်။
ချီရွှဲ့ထုံဂိုဏ်းကို သူ ခရီးဆက်တော့မည်ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းသည် ဤနေရာမှ အလွန်ဝေးကွာသောအရပ်တွင် တည်ရှိသည်။ သာမန်လူတစ်ယောက်သာ ချီရွှဲ့ထုံဂိုဏ်းကို သွားမည်ဆိုပါက နှစ်ပေါင်းများစွာ အချိန်ကုန်သွားမည်ဖြစ်သည်။ ထိုအတောအတွင်း တောင်တန်းများစွာကို ကျော်ဖြတ်ရမည်သာမက ဘေးအန္တရာယ်များစွာကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။
သို့သော်လည်း ဝင်ခွင့်တံဆိပ်ပြားရှိသော လူတစ်ယောက်အတွက် အရာအားလုံး အဆင်ပြေချောမွေ့နေသည်။
တံဆိပ်ပြားနောက်၌ ချီရွှဲ့ထုံဂိုဏ်း၏မြေပုံရှိသည်။ ထိုမြေပုံပေါ်တွင် အမှတ်အသားများ ရှိနေပြီး ၎င်းတို့၏ ချီရွှဲ့ထုံဂိုဏ်း၏ မြို့ခွဲများကို ညွှန်ပြထားခြင်း ဖြစ်သည်။
ဝင်ခွင့်တံဆိပ်ပြားနှင့် မည်သည့်မြို့ခွဲကိုမဆို ဝင်ရောက်ပါက အခမဲ့ တည်နေရာရွှေ့ပြောင်းခွင့်ရမည် ဖြစ်သည်။
အနီးဆုံးမြို့မှာ စုန့်တောက်မြို့နှင့် ဆန့်ကျင်ဘက်တွင် တည်ရှိသော လုကျောက်မြို့ဖြစ်သည်။ စုန့်တောက်မြို့နှင့် မတူသည်မှာ လုကျောက်မြို့ဝင်ခွင့်သည် ဝိညာဉ်ကြေးပြားများစွာ သုံးစွဲရသည်သာမက ချီရွှဲ့ထုံဂိုဏ်းသားများ၏ ထောက်ခံချက် လိုအပ်သည်။ သို့ဖြစ်၍ ခေါင်းဆောင်လဲ့က လုကျောက်မြို့ကို မဝင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအတွေးကြောင့် ရွှီချင်းသည် နောက်လှည့်၍ တားမြစ်နယ်မြေကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်သည်။ ခဏအကြာ သူသည် ချာခနဲလှည့်၍ ဆည်းဆာနေရောင်ခြည်တန်းများအောက်၌ ထွက်ခွာသွားသည်။ သူ၏ပစ်မှတ်က လုကျောက်မြို့မှလွဲ၍ တခြားမဟုတ်ချေ။
“ ခန့်မှန်းရသလောက် လုကျောက်မြို့ကို အလွန်ဆုံး သုံးရက်အတွင်း ငါ ရောက်မယ် ”
ရွှီချင်းက တွေးတွေးဆဆဖြင့် ရေရွတ်လိုက်သည်။
လုကျောက်မြို့ကို သူ တစ်ခါမှ မသွားဖူးပါသော်လည်း ထိုနာမည်က စိမ်းနေသည်တော့ မဟုတ်။ လုကျောက်မြို့သည် သူ ခြောက်နှစ်ကြာနေထိုင်ခဲ့ပြီး ယခုအခါတွင် မြို့ပျက်ကြီးဖြစ်သွားသော မြို့နှင့် မနီးမဝေးတွင် တည်ရှိသည်။
ယခုအခါ ရွှီချင်းသည် အမှောင်ထုကို အားပြု၍ မြန်ဆန်စွာ ခရီးဆက်နေသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး နှစ်ရက်ဆိုသောအချိန်က လျှပ်တစ်ပြက်အတွင်း ကုန်လွန်လာခဲ့သည်။
ရွှီချင်း စခန်းသို့ ပြန်မသွားခဲ့သည်မှာ မှန်ကန်သွားခဲ့သည်။
ယခု ကျင်းကန်းဂိုဏ်းသားဒါဇင်ကျော်က ရတနာမုဆိုးစခန်း၌ အေးစက်တင်းမာစွာ စောင့်နေသည်။ ဂိုဏ်းသားခုနစ်ယောက်၊ရှစ်ယောက်က တောနင်း၍ပင် ရှာနေကြသည်။
သူတို့ ထိုကိစ္စကို မြန်မြန် သိသွားရသည့်အကြောင်းအရင်းမှာ စခန်း၌ ရတနာမုဆိုးမျိုးစုံ ရှိနေသောကြောင့် ဖြစ်သည်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်သည် မဟုတ်ပါလား။ သူသာ လူအားလုံးကို မသတ်ဖြတ်လျှင် သတင်းစကား ပေါက်ကြားသွားစေမည့်လူတစ်ယောက်တော့ ရှိနေမည် ဖြစ်သည်။
သို့ဖြစ်၍ ထိုသတင်းက ကျင်းကန်းဂိုဏ်းကို ရောက်သွားသောအခါ တစ်ဂိုဏ်းလုံး အကြီးအကျယ် ဒေါသူပုန်ထသွားကြသည်။
သူတို့အတွက် အကြီးအကဲနှစ်ယောက် သေဆုံးသွားခြင်းသည် ကိစ္စကြီးတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် ဂိုဏ်း၏ဂုဏ်သတင်းကျော်ကြားမှုကို ထည့်သွင်းစဉ်းစားသောအခါတွင် ဖြစ်သည်။ ယင်းသည် ရန်စစော်ကားလိုက်ခြင်းလည်း ဖြစ်သည်။ သို့ဖြစ်၍ ထိုပြဿနာကို သူတို့ မြန်နိုင်သမျှ မြန်ဆန်စွာ ဖြေရှင်းရမည်သာမက သူတို့၏ဂုဏ်သိက္ခာကိုလည်း ပြန်လည်အဖက်ဆည်ရပေမည်။
အချိန်အတော်ကြာပြီးသည့်တိုင်အောင် ရွှီချင်းက ပေါ်မလာသည့်အပြင် တားမြစ်နယ်မြေကလည်း ကြီးမားလွန်းလှသည့်အတွက် တားမြစ်နယ်မြေထဲကို ရွှီချင်း ဝင်သွားသလား၊ မဝင်သွားသလား သူတို့ မသေချာပေ။
ထိုသို့ဖြင့် နှစ်ရက်ဆိုသောအချိန်က အချည်းနှီးသာ ကုန်ဆုံးသွားခဲ့ရသည်။
သို့သော်လည်း ထိုကိစ္စကို ထိန်းချုပ်မထားနိုင်ဘဲ ပျံ့နှံ့သွားသည်ဖြစ်၍ ကျင်းကန်းဂိုဏ်း၏ ပိုင်နက်ထဲတွင် ရှိနေသော ရတနာမုဆိုးစခန်းများနှင့် မြို့များကို ရောက်သွားသည်။ ယင်းသည် အချိန်အတော်ကြာမြင့်စွာ ရှာနေသည့်တိုင်အောင် မတွေ့ဘဲဖြစ်နေသော သူတို့ကို ပို၍သာ ဒေါသထွက်လာစေသည်။
ထိုအချိန်၌ ကျင်းကန်းဂိုဏ်းတောင်တန်းများရှိ တောင်ထိပ်တစ်လုံးမှနေ၍ ဒေါသတကြီး ဆူပူငေါက်ငမ်းသံတစ်သံ ထွက်လာသည်။
ကျင်းကန်းဂိုဏ်းသည် စုန့်တောက်မြို့နှင့် မနီးမဝေးတွင် ရှိပြီး တောင်ထိပ်တစ်လုံးပေါ်တွင် ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားသည်။ ဂိုဏ်းထဲ၌ တပည့်ရာချီ၍ ရှိပြီး ပညာရှင်များစွာလည်း ရှိသည်။
ယခုလောလောဆယ်တွင် တောင်ထိပ်ပေါ်ရှိ ပင်မခန်းမထဲမှနေ၍ ဒေါသတကြီး ငေါက်ငမ်းသံများ ဂိုဏ်းတစ်ခွင် လွင့်ပျံနေသည်။
“ မင်းတို့ကောင်တွေ သူ့ကို အခုထိ မတွေ့သေးဘူးလားကွ ”
ပင်မခန်းမထဲ၌ ရွှေရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းအရွယ်လူသည် ပလ္လင်ကြီးပေါ်တွင် ထိုင်နေသည်။ သူသည် ဂုဏ်အရှိန်အဝါ ကြီးမားဟန်ရှိပြီး သူ၏မျက်လုံးများထဲမှ ဒေါသအရိပ်အငွေ့များ တိုးထွက်နေသည်။ ယင်းအပြင် သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားအငွေ့အသက်များလည်း အဘက်ဘက်သို့ ပျံ့နှံ့နေပေရာ ဖိအားတစ်ရပ် ဖြစ်တည်နေတော့သည်။
သူ့အောက်မှာ လူနှစ်ယောက် မတ်တတ်ရပ်နေသည်။
ထိုလူနှစ်ယောက်သည် သက်လတ်ပိုင်းအရွယ်ဖြစ်ကြပြီး ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။ သူတို့ဝိညာဉ်စွမ်းအားအငွေ့အသက်များက ပြင်းထန်ပြီး စခန်းခေါင်းဆောင်ထက် သာလွန်သည်။ ယခုအချိန်၌ သူတို့နှစ်ယောက်လုံး မျက်မှောင်ကြုတ်နေကြသည်။ အချိန်အတော်ကြာပြီးနောက် တစ်ယောက်က လေသံပျော့ပျော့ဖြင့် ဆိုသည်။
“ ဂိုဏ်းချုပ်၊ မြေရိုင်းဒေသက ကျယ်ပြန့်လွန်းတယ်။ မြို့တွေက မြို့စောင့်တွေနဲ့ ရတနာမုဆိုးစခန်းတွေက ရတနာမုဆိုးတွေကို ဘာလို့ ထွက်မရှာစေတာလဲ။ ဒီလိုသာဆိုရင် သုံးရက်အတွင်း အဲဒီကလေးကို ကျုပ်တို့ ရှာတွေ့မှာပါ ”
“ မင်းက ဟာသလုပ်နေတာလား။ ကလေးတစ်ယောက်က အကြီးအကဲနှစ်ယောက်နဲ့ စခန်းကလူတွေကို သွေးချောင်းစီးအောင် လုပ်သွားတာလေ။ ဒီကိစ္စလေးကိုတောင် ငါတို့ အကူအညီတောင်းနေရင် ငါတို့ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ဘယ်နားသွားထားတော့မှာတုံး ”
ဂိုဏ်းချုပ်က ဒေါသတကြီး ပြောလိုက်သည်။
လူနှစ်ယောက် ငြိမ်သက်သွားပြီး စကားထပ်မပြောတော့ချေ။
ခဏအကြာ ဂိုဏ်းချုပ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သွေးဆာနေသည့်အကြည့်ဖြင့် သူ့အောက်ရှိ လူနှစ်ယောက်ကို ညွှန်ကြားလိုက်သည်။
“ အကြီးအကဲလီ၊ အကြီးအကဲချန် … မင်းတို့နှစ်ယောက်လုံးက ချီစုစည်းခြင်းအဆင့်ကိုးရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့လူတွေပဲ။ အဲဒီကလေးကို မင်းတို့ အသာလေး သတ်နိုင်မှာ ”
“ ငါ ဘိုးဘိုးဆီကနေ ကလေးကို ရှာဖို့ မင်းတို့နှစ်ယောက်အတွက် ခြေရာခံအဆောင်တွေ တောင်းထားတယ်။ ဘိုးဘိုးသာ သဘောတူရင် မင်းတို့နှစ်ယောက်ကိုယ်တိုင် သွားရှာလိုက်ကြ။ မင်းတို့ ဘယ်လိုနည်းလမ်းပဲသုံးသုံး အဲဒီကလေးရဲ့ခေါင်းကို အလွန်ဆုံး တစ်ရက်အတွင်း ငါ လိုချင်တယ် ”
ထိုကိစ္စကို ဘိုးဘိုးသိကြောင်း အကြီးအကဲနှစ်ယောက်ကြားသောအခါ ချက်ချင်း လေးနက်တည်ကြည်သွားသည်။
ဂိုဏ်းချုပ်၏အကြည်က အေးစက်နေပြီး စကားဆုံးသောအခါ ကျောက်စိမ်းပေလွှာကို ထုတ်၍ ဘိုးဘိုးကို အသိပေးရန် ပြင်လိုက်စဉ် ခန်းမဆောင်အပြင်ဘက်မှ မိုးခြိမ်းသံအလား အေးစက်စက်နှာမှုတ်သံတစ်သံ လွင့်ပျံလာသည်။
အသံက ကျယ်လောင်လွန်းလှသည်ဖြစ်၍ အကြီးအကဲနှစ်ယောက်မှာ တုန်ရီသွားရသည်။ ဂိုဏ်းချုပ်သည်ပင် အမူအရာပြောင်းသွား၏။ သူသည် ချက်ချင်း မတ်တတ်ရပ်၍ အောက်ကိုဆင်းသွားသည်။ ခန်းမဆောင်အပြင်ဘက်၌ ရွှေနီရောင်ရောစပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် လျှောက်လာသည်။
ထိုအဘိုးအိုသည် ထောင်ထောင်မောင်းမောင်းရှိပြီး နီမြန်းသောအသားအရေရှိသည်။ သူ၏ဖြူဖွေးသောဆံပင်ရှည်များသည် ရှုပ်ပွနေပြီး မှိုင်းညို့နေသော သူ၏မျက်လုံးများထဲတွင် စူးရှသောအလင်းတန်းများ ရှိနေသည်။ သူလျှောက်လာစဉ် ချီစုစည်းခြင်းအဆင့်ထက် သာလွန်နေသည့် ဝိညာဉ်စွမ်းအားအငွေ့အသက်များ အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေသည်။
သူ သွားလိုက်တိုင်း မြေပြင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါများက မုန်တိုင်းတစ်ခုပမာ သူ၏ပတ်လည်တွင် ဖြစ်တည်လာသည်။ အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက သူ၏ခြေထောက်များသည် မြေပြင်နှင့် ထိကပ်မနေဘဲ လေထဲတွင် ရှိနေသည်ကို မြင်ရပေမည်။
သူ့အနေဖြင့် ကိုယ်ဖော့သိုင်း သုံးစရာမလိုဘဲ လေပေါ်ပျံနိုင်နေပြီဖြစ်သည်။
သူ၏နောက်တွင် အမျက်ဒေါသကြီးနေသော ကင်းကောင်ကြီးတစ်ကောင်ကဲ့သို့ မှိန်ဖျော့ဖျော့ပုံရိပ်တစ်ခု ရှိနေသည်။ ထိုပုံရိပ်သည် ပေါက်ကွဲထွက်လာသည်နှင့် ခန်းမဆောင်တစ်ခုလုံးသည်ပင် ၎င်း၏တန်ခိုးစွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
သူ ရောက်ရှိလာခြင်းကြောင့် ခန်းမဆောင်ထဲရှိ လူသုံးယောက်သည် ချက်ချင်း ဒူးထောက်လိုက်ကြသည်။
“ ဘိုးဘိုးကို နှုတ်ဆက်ပါတယ် ”
ဂိုဏ်းစောင့်ဘိုးဘိုးသည် စကားမပြောဘဲ ပလ္လင်ပေါ်တွင် ထိုင်၍ အောက်ရှိလူသုံးယောက်ကို အေးတိအေးစက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏ စူးရှသောအကြည့်က ဂိုဏ်းချုပ်အပေါ် ကျရောက်သွားသည်။
“ ယွင်ဝမ်၊ ငါတို့ဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို မေ့သွားပြီလား ”
ဂိုဏ်းချုပ်သည် ချွေးစေးများ စီးကျလာပြီး ခပ်သွက်သွက် ပြောလိုက်သည်။
“ ဘိုးဘိုးခင်ဗျာ … ကျနော်တို့ဂိုဏ်းရဲ့ဆောင်ပုဒ်က “ ငြိမ်သက်ရင် ငြိမ်သက်၊ လှုပ်ရှားတာနဲ့ တစ်ချီတည်း ပွဲသိမ်းစေရမယ် ” ဆိုတာကို ကျနော် မမေ့ပါဘူး။ အဲဒါကြောင့်လဲ မဟာအကြီးအကဲနှစ်ယောက်ကို တစ်ပြိုင်နက်တည်း စေလွှတ်ခဲ့တာပါခင်ဗျာ ”
“ ရူးနှမ်းလိုက်တာ ”
ဂိုဏ်းစောင့်ဘိုးဘိုးက ဂိုဏ်းချုပ်ကို ဒေါသတကြီး ကြည့်လိုက်သည်။
“ ဒီအဘိုးကြီးက အဲဒီကလေးရဲ့အကြောင်းကို အခုလေးတင် သေချာလေ့လာပြီးတာ။ အဲဒီကလေးက သာမန်လူတစ်ယောက်ကနေ အချိန်တိုအတွင်း တိုးတက်လာခဲ့တယ်။ အစက မိုးကြိုးအဖွဲ့ဝင်အသစ်တစ်ယောက်ဆိုပေမဲ့ တားမြစ်နယ်မြေထဲကို ဝင်တဲ့ ပထမနေ့မှာပဲ လူမရေမတွက်နိုင်လောက်အောင် သတ်ဖြတ်ခဲ့တယ်။ သူက သွေးအရိပ်အဖွဲ့ကို ချေမှုန်းခဲ့ရုံတင်မကဘူး၊ ရတနာမုဆိုးတွေအများကြီးကိုလည်း ကယ်ခဲ့တယ် ”
“ သူက အဆိပ်သုံးတဲ့နေရာမှာလည်း ထူးချွန်တယ်။ ချီစုစည်းခြင်းအဆင့်ခြောက်နဲ့ သူ့ထက် အဆင့်မြင့်တဲ့ ငါတို့ဂိုဏ်းအကြီးအကဲနှစ်ယောက်နဲ့ ဂိုဏ်းသားတွေကို သတ်သွားခဲ့တာတောင် အခုထိ မင်းတို့ကောင်တွေ အစအန ရှာမတွေ့နိုင်အောင် ထွက်ပြေးနေတယ်မလား ”
“ စခန်းမှာ လူတွေအများကြီး ရှိတာတောင် ငါတု့ိကို သတင်းပေးရဲတာ ရတနာမုဆိုးနှစ်ယောက်ပဲ ရှိတယ်။ ဒါက သူ ဘယ်လောက် နာမည်ကြီးနေလဲဆိုတာ ပြနေတာပဲကွ ”
“ ဒီအဘိုးကြီးရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေနဲ့ ရှေးဟောင်းစာအုပ်တွေကို အခြေခံပြီးပြောရရင် ဒီလိုလူမျိုးတစ်ယောက်ကို မင်းတို့ လျော့တွက်လိုက်လို့မရဘူး၊ သူ့ကို အင်အားကုန်သုံးပြီး သတ်ပစ်ရမယ် ”
“ သူတို့နှစ်ယောက်ကို အဲဒီလိုအရင်ဆုံး လွှတ်လိုက်တာက အစွမ်းနိမ့်ကျပေမဲ့ ခုခံတဲ့နေရာမှာ ထူးချွန်တဲ့လူတစ်ယောက်လက်ထဲ အသေခံခိုင်းလိုက်တာနဲ့ အတူတူပဲကွ ”
နောက်ဆုံး၌ ဂိုဏ်းစောင့်ဘိုးဘေးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
အောက်ရှိလူသုံးယောက်သည် ခေါင်းများငုံ့ထားကြကာ ဒေါသကြောင့် တုန်ရီနေကြသည်။
ဂိုဏ်းစောင့်ဘိုးဘိုးသည် သက်ပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး အေးစက်စက်နှာမှုတ်လိုက်သည်။ ထို့နောက် သူသည် မည်းမှောင်နေသောအမူအရာဖြင့် ဆက်ပြောလိုက်သည်။
“ သူတို့နှစ်ယောက် ရောက်သွားလို့ အဲဒီကလေးကို ရှာမတွေ့ရင် တော်သေးတယ်။ ရှာတွေ့သွားလို့ကတော့ အဲဒီကလေးသတ်တာခံရမယ်ဆိုတာ ငါ ပြောနိုင်တယ် ”
“ ပြီးရင် မင်းက အကြီးအကျယ် ဒေါသတွေထွက်ပြီး ကိုယ်တိုင် လိုက်သွားမယ်။ အဲဒီအခါ မင်းလည်း သေချာပေါက် အသတ်ခံရမှာပဲ ”
“ အဲဒီအချိန်ရောက်လို့ ငါ ထပ်လိုက်သွားရင် အဲဒီကလေးက အဝေးကို ရောက်နေလောက်ပြီ။ နောင်နှစ်နည်းနည်းကြာလို့ သူ ပြန်ရောက်လာရင် ငါ့ကို လက်ဝါးရိုက်ချက်တစ်ချက်နဲ့ပဲ အသေသတ်သွားလိမ့်မယ် ”
ဂိုဏ်းစောင့်ဘိုးဘိုး၏စကားများကိုကြား၍ ဂိုဏ်းချုပ်သည် စကားမပြောနိုင်လောက်အောင် ဖြစ်သွားရပြီး သူ၏နဖူးမှ ချွေးစေးများ ပို၍ စီးကျလာသည်။ သို့သော်လည်း သူ့ရင်ထဲတွင် ထိုသို့မဖြစ်လာနိုင်ကြောင်း ခံစားနေရဆဲပင်။ ဂိုဏ်းစောင့်ဘိုးဘိုးရှေ့တွင်မူ ထိုသို့ ပွင့်ပွင့်လင်းလင်း ထုတ်မပြောဝံ့ချေ။
“ ဘိုးဘိုး၊ ကျနော့်ကို လမ်းညွှန်ပြသပေးပါခင်ဗျာ ”
ဂိုဏ်းစောင့်ဘိုးဘိုးသည် ခေါင်းမော့၍ ခန်းမဆောင်အပြင်ဘက်ရှိ မြေရိုင်းဒေသကို ကြည့်လိုက်သည်။ သူက အတွေးနက်နေပြီးနောက် အချိန်အတော်ကြာသည့်အခါ တစ်ခွန်းချင်း ပြောလိုက်သည်။
“ ဂိုဏ်းသားတွေအားလုံးကို ဖြန့်ကျက်ပြီး ဒီနယ်တစ်ကြောကို ပိုက်စိပ်တိုက် ရှာခိုင်းလိုက်။ ပြီးရင် မြို့တိုင်းနဲ့ ရတနာမုဆိုးစခန်းတွေမှာ စောင့်ကြည့်နေ၊ ဘေးပတ်ဝန်းကျင် နယ်နိမိတ်တွေကိုလည်း အဲဒီလိုမျိုး စောင့်ကြည့်နေ ”
“ အကြီးအကဲနှစ်ယောက်ကို ပျံသန်းစေနိုင်တဲ့အဆောင်တစ်ခုနဲ့ ခြေရာခံအဆောင်တစ်ခု ပေးမယ်။ မင်းတို့ထဲက တစ်ယောက်စီက ဂိုဏ်းပိုင်နက်တစ်ဝက်ကို တာဝန်ယူရမယ်။ ငါကတော့ ကိုယ်တိုင် လိုက်လာခဲ့မယ်။ မင်းတို့ တစ်ခုခု ရှာတွေ့တာနဲ့ ချက်ချင်း ငါ့ကို သတင်းပေးလိုက်။ ပြီးတာနဲ့ တစ်ချီတည်း လက်စတုံးပစ်မယ် ”
“ ဒါဆိုရင် ဘာမှလွဲစရာအကြောင်းမရှိတော့ဘူး။ ငါလည်း ငါ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်နိုင်မှာပဲ ”
ခဏအကြာ ဂိုဏ်းတွင်း အချက်ပေးသံ မြည်ဟည်းသွားသည်။
ဂိုဏ်းသားများစွာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ မဟာအကြီးအကဲနှစ်ယောက်နှင့်အတူ ဘိုးဘေးသည်ပင် ဝေဟင်ကို ပျံသန်းလာသည်။
သူတို့၏ရှေ့တွင် မြေရိုင်းဒေသထဲ၌ သူတို့ကို လမ်းပြပေးမည့် စူးရှတောက်ပနေသော အဆောင်သုံးခုရှိသည်။ ၎င်းအဆောင်သုံးခုသည် လမ်းသုံးလမ်းခွဲထွက်ကာ အဝေးကို ပျံသန်းသွားသည်။
ဘာသာပြန်သူမှတ်စု။ ချီရွှဲ့ထုံ ဆိုသည်မှာ " သွေးမျက်လုံးခုနစ်လုံး " ဟု အဓိပ္ပါယ်ရပါသည်။ နောင်တွင် မည်သည့်အတွက် ထိုနာမည်ဖြစ်နေရသည်ကို မြင်တွေ့လာရမည်ဖြစ်သည်။