အဆိပ်မိစ္ဆာ၏အကြံ
Vol. 34 Ch. 514
ထိုအဆိပ်သည် အရောင်အဆင်းနှင့် အနံ့တို့ကင်းမဲ့နေပြီး သိရှိခံစားနိုင်ရန် လွန်စွာခက်ခဲလှသည်။ ဆေးပညာအသိတချို့ရှိသူတို့ပင် ချက်ချင်းအာရုံခံနိုင်မည်မဟုတ်ပေ။
အဆိပ်တာအိုအထူးပြုသူတို့သာ အဆိပ်ရှိနေခြင်းအား အလိုလိုခံစားသိနိုင်မည်ဖြစ်သည်။
ရွှီချင်းကဲ့သို့သောလူမျိုးကို ဆိုလိုခြင်း ဖြစ်သည်။
သူက ထိုအဆိပ်အား ချက်ချင်းခံစားလိုက်မိပြီး မသိမသာမျက်မှောင်ကြုတ်သည်။
ဤကား သူတစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသောအဆိပ်တစ်မျိုး ဖြစ်သည်။ ၎င်းအဆိပ်ထဲတွင် ဆေးပင်တို့ပါဝင်ခြင်းကို အနံ့ခံ၍မရနိုင်ဘဲ ဇီဝအဆိပ်အိတ်များ ပါဝင်ကြောင်းကိုသာ ခံစားနိုင်သည်။ ထို့အပြင် အဆိပ်မှာ ရောနှောထားခြင်း ဖြစ်သည်။ တစ်မျိုးတည်းသည် များစွာ အသုံးဝင်နိုင်မည်မဟုတ်ပေ။
‘ဒီအဆိပ်တွေကို တခြားအဆိပ်တွေနဲ့ အသက်သွင်းဖို့လိုသေးတယ်။’
ရွှီချင်း၏မျက်နှာသည် တည်ငြိမ်မှုအပြည့်ရှိနေသော်လည်း စိတ်ထဲတွင်တော့ သတိကြီးစွာထားနေသည်။ သူက အဆိပ်ကို ကြောက်ရွံ့ခြင်းမရှိဘဲ သူ့ကိုယ်ထဲတွင် ပို၍ပြင်းသော အဆိပ်များပင် ရှိနေသော်လည်း သူ၏သတိကြီးသည့်စရိုက်ကြောင့် လက်ချောင်းများအသာတောက်ထုတ်ကာ အဆိပ်တို့ ပတ်ဝန်းကျင်တွင် ဖြန့်ထုတ်ထားလိုက်သည်။
၎င်းသည် သူ့ကိုယ်သူကာကွယ်ရန်ဖြစ်သည်။
တစ်ဖက်လူ၏ အဆိပ်တွင် ထင်မှတ်မထားသည်တို့ ပါဝင်လာလျှင် ရွှီချင်းဖြေရှင်းစရာနည်းလမ်းတစ်ခုခု ရှိနေပေလိမ့်မည်။
ထိုသို့ပြုလုပ်ပြီးနောက်တွင် ရွှီချင်းက ဟန်မပျက် သင်ခန်းစာများနားထောင်သည်။
နာမကျန်းတစေက သွေးများအား ချောင်းနှင့်အတူ ထွေးထုတ်နေသည်ကို မြင်လျှင် ပတ်ပတ်လည်မှ လူများအားလုံးက အချင်းချင်း မသက်မသာကြည့်လိုက်ကြသည်။ သို့ရာတွင် ခုန်ရှန်းလုံကတော့ မတ်လျက်သာ ထိုင်နေသည်။ သူ့မျက်လုံးများထဲတွင် ရိုသေလေးစားမှုတို့ ထင်ဟပ်နေသည်။ သူက နာမကျန်းတစေကို သိရှိကြောင်း ထင်ရှားသည်။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ထဲတွင် ချီနှင့်သွေးတို့က အလိုလိုလည်ပတ်လှုပ်ရှားလျက်ရှိကာ ကာကွယ်ရေးအရံတားတစ်ခု ခပ်ရေးရေးဖြစ်ပေါ်လာသည်။
ထိုသို့တူညီစွာလုပ်ဆောင်သူတချို့ရှိသော်လည်း အားလုံးတော့ မဟုတ်ပေ။
ထိုအချိန်တွင် နာမကျန်းတစေက ထပ်မံ၍ အကြိမ်အနည်းငယ် ပြင်းထန်စွာ ချောင်းဆိုးသည်။ သူ့မျက်နှာမှာ ဖျော့တော့လာပြီး နှုတ်ခမ်းထောင့်များအား သုတ်လိုက်လေသည်။
“ကိစ္စမရှိဘူး။ အဲဒီတုန်းက ငါ သန့်စင်ရေလှိုင်းမျိုးနွယ်တွေကြားမှာ သူလျိုလုပ်နေခဲ့တုန်းက ဒီခွေးကောင်တွေလက်ချက်ကြောင့် ဒဏ်ရာရခဲ့တာပဲ။”
“ဓားကိုင်တွေရဲ့ သိုဝှက်ဖုံးကွယ်ခြင်းအတတ်ကတော့ တော်တော်အသုံးဝင်တယ်။ နောက်ပိုင်းကျရင် မင်းတို့က တာဝန်မျိုးစုံနဲ့ တိုက်ပွဲမျိုးစုံရင်ဆိုင်ကြုံတွေ့ကြမှာပဲ။ အဲဒီအချိန်ကျရင် အချက်အလက်နဲ့ ပစ္စည်းသယ်ပို့မှုတွေ ပါဝင်မှာ သေချာတယ်။”
“ဒီလိုဆိုတော့ မင်းက ရန်သူ့စခန်းထဲမှာရောက်နေတာ ဒါမှမဟုတ် အသတ်ခံရခါနီး အချိန်ဖြစ်လာတဲ့အခါ မင်းတို့ သိုဝှက်ထားတဲ့ အရာတွေ ပေါ်မလာတာ သေချာအောင် ဘယ်လိုအာမခံနိုင်မလဲ။ ဒီလျို့ဝှက်အတတ်က မင်းတို့ကိုယ်ပိုင် ဗလာလေဟာနယ်တစ်ခု ဘယ်လိုဖွဲ့စည်းမလဲဆိုတာ သင်ပေးမှာပဲ။”
နာမကျန်းတစေက တဖြည်းဖြည်းပြောသည်။ သူ့အသံက အားလျော့နေသော်လည်း အားလုံး၏နားများအတွင်းသို့ ရှင်းလင်းစွာ ဝင်ရောက်နေသည်။
“ပြီးတာ့ ဒီလျို့ဝှက်နေရာမှာ လျို့ဝှက်သော့တစ်ခုစီ ရှိမယ်။ အားလုံးရဲ့ လျှို့ဝှက်သော့တွေက ကွဲပြားကြတယ်။ တကယ့်ဝိညာဉ်မန္တာန်အတိုင်းပဲ။ ဒါပေမဲ့ မင်းတို့ကိုယ်တိုင်လုပ်ထားတာဆိုတာ့ လျို့ဝှက်သော့မန္တာန်ရဲ့ အရန်မှတ်တမ်းကို အပ်ဖို့တော့ မှတ်ထားရမယ်။ မပူပါနဲ့ ဓားကိုင်ရုံးတော်တစ်ခုလုံးမှာ ရုံးတော်သခင်တစ်ဦးကပဲ အားလုံးရဲ့ လျို့ဝှက်သော့မန္တာန်တွေကို သိပိုင်ခွင့်ရှိတယ်။ တခြားသူတွေကတော့ တာဝန်အရလိုအပ်လာမှပဲ သိနိုင်ခွင့်ရှိမယ်။”
ရွှီချင်း အတွေးနက်သွားသည်။ ပစ္စည်းကိုဖုံးကွယ်လျို့ဝှက်သည့် ထိုနည်းက သူ့အတွက် အသစ်အဆန်းဖြစ်သည်။
ခေါင်းဆောင်၏မျက်လုံးများ ဝင်းလက်သွားသည်။
‘ရုံးတော်သခင်တစ်ဦးတည်းကပဲ အားလုံးရဲ့ လျို့ဝှက်သော့တွေကို သိမယ်ဆိုပဲ။ ဒါဆို ငါက လျို့ဝှက်သော့ကို ‘လူသားမျိုးနွယ်ကို စောင့်ရှောက်ဖို့’ လိုမျိုးစကား တစ်ခွန်းအဖြစ်ပြောင်းလိုက်ရင် ငါ့အပေါ် သူ့အမြင် တန်းပြီးတိုးတက်လာနိုင်မယ်မလား။ တခြားသူတွေသိသွားရင်လည်း ငါ့ကို လေးစားကြဦးမယ်။’
ခေါင်းဆောင်က ထိုကိစ္စ၏ ဖြစ်နိုင်ချေကို စဉ်းစားနေချိန်တွင် နာမကျန်းတစေကတော့ ဆက်ပြောသည်။
“ဒီအရန်သိမ်းဆည်းခြင်းရဲ့ရည်ရွယ်ချက်ကတော့ မင်းတို့သေသွားချိန်မှာ တခြားဓားကိုင်တွေက မင်းတို့ကိုယ်ပေါ်က လျို့ဝှက်သိုလှောင်နေရာကို ရှာပြီး မင်းတို့ရဲ့ နောက်ဆုံးစကားနဲ့ ပစ္စည်းတွေ ထုတ်ယူနိုင်ဖို့ပဲ။”
ခေါင်းဆောင်က မျက်တောင်ခတ်နေလိုက်မိပြီး သူ့အတွေးတို့က လာဘ်မကောင်းလှဟု ခံစားလိုက်မိကာ ပယ်ဖျက်လိုက်တော့သည်။
နာမကျန်းတစေက ထိုလျို့ဝှက်နေရာအတတ်အား မိတ်ဆက်ပြီးနောက် ကျင့်စဉ်ပညာရပ်အား စတင်သင်ကြားပို့ချတော့သည်။
သူက တခြားသူတို့ပြောဆိုမေးမြန်းခြင်းကို ခွင့်မပြုသော်လည်း နာမကျန်းတစေ၏ သင်ကြားမှုများသည် လွံန်စွာအသေးစိတ်လှသည်။ သို့ရာတွင် ထိုအချိန်အတွင်း၌ သူက သွေးများစွာထွေးထုတ်ပြီး သူ့ခန္ဓာကိုယ်က ပြိုလဲလုဆဲဆဲအခြေအနေဖြစ်လာသည်။ မနက်ခင်းကုန်လွန်သွားချိန်တွင်မှ သင်ခန်းစာတို့အား ရပ်တန့်လိုက်တော့သည်။
မကြာမီဓားကိုင်များက ထိုလျို့ဝှက်အတတ်အား စတင်စမ်းသပ်အသုံးပြုကြည့်ကြတော့သည်။
“မင်းတို့ပြန်သွားပြီး ကိုယ်ဖာသာဆက်ကျင့်ကြံနိုင်ပြီ။”
နာမကျန်းတစေက ထိုသို့ပြောလိုက်ပြီး ထရပ်သည်။ သူထရပ်လိုက်ခြင်းသည် မြန်ဆန်နေသဖြင့် သူ့နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာသည်။ သူက ၎င်းသွေးတို့အား ဟန်မပျက်သုတ်လိုက်ပြီး အသိပညာခန်းမဝင်ပေါက်သို့ လမ်းလျှောက်ထွက်သွားသည်။
သူက ထွက်ခွာရန်ပြင်လိုက်ရင်း ရုတ်တရက် နောက်ပြန်လှည့်လိုက်ပြီး ခန်းမထဲက လူများအား ပြုံးလျက်ကြည့်သည်။
“ဒါနဲ့ ငါက ဒီသင်ခန်းစာထဲမှာ သိုဝှက်ခြင်းလျို့ဝှက်အတတ်အကြောင်းကိုပဲ ပြောနေတာမဟုတ်ဘူး။ ငါ့လုပ်ရပ်တွေကတစ်ဆင့် ဓားကိုင်တွေဟာ အချိန်ပြည့်သတိရှိနေရမယ်လို့လည်း ပြောပြနေသေးတယ်။”
“ငါက ဓားကိုင်တာအိုဝတ်စုံမဝတ်ထားဘူးဆိုတာ မင်းတို့သတိမထားမိဘူးလား။”
“ဓားကိုင်ရုံးတော်ထဲမှာ ဓားကိုင်တာအိုဝတ်စုံမဝတ်ဘဲနေတဲ့သူကို မင်းတို့ မြင်ဖူးလို့လား။”
“ဒီအတန်းထဲကို ဝင်လာသူတိုင်းက ဓားကိုင်ဖြစ်နေရမှာလား။ မင်းတို့ရဲ့ သတိတွေက ဘယ်မှာလဲ။ စည်းမျဉ်းသုံးခု၊ မူဝါဒခုနစ်ရပ်နဲ့ စည်းကမ်းချက်ငယ်ပေါင်း ခြောက်ဆယ့်ကိုးခုကို မေ့သွားကြပြီလား။”
“တူညီဝတ်စုံမဝတ်ရင်တော့ ပုံမှန်လုပ်ငန်းစဉ်အရဆို ဓားကိုင်တွေက နာမည်ကို မိတ်ဆက်ဖို့အပ်နေသေးတယ်။ ဒါက အရမ်းရိုးစင်းတဲ့ စမ်းသပ်မှုပဲ။ ဒီစမ်းသပ်မှုအဖြေကတော့ …မင်းတို့ထဲက တချို့က အတွေ့အကြုံနုလွန်းနေသေးတာပဲ။”
နာမကျန်းတစေက ထိုသို့ပြောလိုက်ရင်း ညာလက်ကို ဝှေ့ယမ်းသည်။
ထိုခဏတွင်းချင်း ဓားကိုင်ငါးဆယ့်တစ်ဦးထဲမှ ဆယ်ဦးကျော်ခန့်တို့သည် မြေပြင်သို့ လဲကျကာ မေ့မြောသွားကြသည်။ ကျန်ရစ်သူများက နာမကျန်းတစေအား ကြည့်လိုက်ကြသည်။
ထိုအထဲတွင် ခေါင်းဆောင်၊ ချင်းချိုး၊ ခုန်ရှန်းလုံးနှင့် တခြားသောသူများပါဝင်ကြသည်။
“ငါက တကယ့်ရန်သူသာဆို ဒီလူတွေ သေနေလောက်ပြီ။”
နာမကျန်းတစေက လဲကျခြင်းမရှိဘဲ ကျန်နေသူများကိုကြည့်လျှက် ပြုံးသည်။
“ဒီဓားကိုင်တစ်သုတ်ကတော့ အရင်ကနဲ့မတူတာအမှန်ပဲ။ ဒါပေမဲ့အစကနေအဆုံးထိ င့ါဝတ်စုံမူမမှန်မှုကို သတိထားမှုသူတော့ သိပ်မများဘူး။ ဒီတော့ မင်းတို့က ကျရှုံးခဲ့သေးတာပဲ။”
“မေ့လဲတဲ့သူတွေက တော်တော်ညံ့တယ်။ ဒါပေမဲ့ မင်းတို့ကလည်း သိပ်တော့ မကွာပါဘူး။ ဒီကိစ္စကို အကဲဖြတ်မှုထဲမှာ မှတ်တမ်းတင်ထားလိုက်မယ်။”
နာမကျန်းတစေက စကားဆုံးသည်နှင့် လက်စကို လှုပ်ခတ်လိုက်ပြီး ဝတ်ရုံတို့အား ဓားကိုင်တာအိုဝတ်စုံသို့ ပြောင်းလိုက်လေသည်။
ထို့နောက်တွင် သူက ဆေးလုံးတချို့ထုတ်လိုက်ပြီး မေ့မြောနေသော ဓားကိုင်များထံ ပစ်ပေးသည်။ ထို့နောက် သူက ရွှီချင်းနှင့် ကျန်တခြားသူတို့အား အားရပါးရပြုံးကာ ကြည့်သည်။
“ဒါပေမဲ့ ဒီစမ်းသပ်မှုကို အောင်မြင်ခဲ့သူ နည်းနည်းတော့ ရှိနေသေးတယ်။ ဒါက ဘယ်သူ့မျက်လုံးလဲ။”
နာမကျန်းတစေက ပြောလိုက်ရင်း နောက်မှ မျက်လုံးတစ်လုံးကို ဖမ်းဆုပ်သည်။
ခေါင်းဆောင် ချောင်းဟန့်သည်။
“ဒီဖရုံစေ့ကရော။”
“ပြီးတော့ ဒီမိစ္ဆာတစေစိတ်အားတစ်စရော။”
“ပြီးတော့ ရုတ်တရက်ပေါ်ထွက်လာတဲ့ ဒီဆံပင်။”
“ပြီးတော့ ဒီမြူခိုးတစ်ဆုပ်၊ မင်းက မီးခိုးမြူမျိုးနွယ်ဝင်တစ်ဦးကို ကျွန်ပြုထားတာများလား။”
နာမကျန်းတစေ၏အကြည့်က ခေါင်းဆောင်၊ ညဝိညာဉ်၊ ချင်းချိုး၊ ရှန်ဟယ် နှင့် ဝမ်ချန်တို့အား ဖြတ်သန်းသွားသည်။
“မင်းတို့ငါးဦး အောင်တယ်။”
သူ့စကားဆုံးသွားသည်နှင့် ခန်းမအပြင်ဘက်မှ ခြေသံများမြည်ဟိန်းလာသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါတို့ ထုတ်လွှတ်နေသည့် လူရိပ်သဏ္ဌာန်လေးခု ပေါ်ထွက်လာသည်။ သူတို့ကိုယ်ပေါ်က ဓားကိုင်ဝတ်စုံတို့မှာ အနည်းငယ်ကွဲပြားသည်။ သူတို့၏ ကော်လံများတွင် အနက်ရောင်ဓားတစ်စင်း ရေးထိုးထားသည်။
“နာမကျန်းတစေ မင်းရဲ့ စမ်းသပ်မှုကို လူတစ်ယောက်က ထိုးဖောက်မြင်နိုင်ခဲ့တယ်။ ငါတို့လုံခြုံရေးဌာနခွဲကို အသံပို့လွှတ်ပြီး မင်းကို ဖမ်းဖို့ ပြောခဲ့သူရှိနေတယ်။” ထိုလေးဦးထဲမှ သက်လတ်ပိုင်းလုံခြုံရေးဝန်ထမ်းတစ်ဦးက တည်ငြိမ်စွာ ပြောသည်။
“အိုး ဘယ်သူများလဲ။”
နာမကျန်းတစေ ပြုံးသည်။ သူက ခန်းမထဲရှိ လူအားလုံးကို ကြည့်လိုက်ရာ ခုန်ရှန်းလုံးက ထရပ်လိုက်ပြီး လက်သီးအုပ်နှုတ်ဆက်သည်။
“ကောင်လေး မင်းတော်တယ်။ မင်းက ငါ့ကို ကောင်းကောင်းသိနေပေမဲ့ လူချင်းသိခြင်းရဲ့ အတားအဆီးကို ဖြတ်ကျော်နိုင်ပြီး တကယ့်အနှစ်သာရကို မြင်နိုင်ခဲ့တယ်။ ဒါက ပိုအံ့သြစရာပဲ။ မင်းရဲ့လုပ်ဆောင်ချက်က အရမ်းကောင်းတယ်။” နာမကျန်းတစေ၏မျက်လုံးများဝင်းလက်သွားပြီး သူက လေးစားချီးကျူးမိကာ ခေါင်းတညိတ်ညိတ်ဖြစ်သည်။ သူက ထွက်ရန်ပြင်လိုက်လေသည်။
ခေါင်းဆောင်က ချောင်းဟန့်လိုက်ပြီး ရှက်ရွံ့မှုဟန်တဝက်ဖြင့် ပြောသည်။
“ဆရာ နောက်မျက်လုံးတစ်လုံးကျန်ပါသေးတယ်…”
နာမကျန်းတစေက မှင်တက်မိသွားပြီး ခေါင်းဆောင်အား ကြည့်သည်။
“သိုလှောင်အိတ်ထဲမှာပါ။”
ခေါင်းဆောင်က မျက်တောင် တဖျတ်ဖျတ်ခတ်သည်။
နာမကျန်းတစေက ခေါင်းငုံ့ကာ စစ်ကြည့်လိုက်ပြီးနောက် လက်ကိုယမ်းလျက် သိုလှောင်အိတ်ထဲမှ မျက်လုံးတစ်လုံးထုတ်ယူသည်။ သူက ၎င်းမျက်လုံးအား လက်ထဲတွင် ကိုင်ကာ ကြည့်သည်။ သူ့မျက်လုံးတို့တွင် ထူးဆန်းသော အရိပ်တစ်ခုလက်သွားပြီး ခေါင်းဆောင်အား အကြိမ်တချို့ အသေအချာပြန်၍ အကဲခတ်ကြည့်လိုက်တော့သည်။
“မဆိုးဘူးပဲ။ ငါသတိမထားမိအောင် လုပ်နိုင်တာပဲ။ ဒါတွေက လှည့်ကွက်လေးတွေ ဆိုပေမဲ့ တော်တော်ကောင်းတဲ့လှည့်ကွက်တွေပဲ။ မင်းရဲ့လုပ်ဆောင်ချက်အဖြေကလည်း အရမ်းကောင်းပဲ။ အို၊ ဒါနဲ့ မင်းနာမည်ကရော ဘာလဲ။”
“ချန်အားညိုပါ…”
ခေါင်းဆောင် ဂရုတစိုက်ဖြေသည်။
နာမကျန်းတစေ ငြိမ်ကျသွားပြီး ခေါင်းဆောင်အား ခပ်စူးစူးကြည့်လိုက်တော့သည်။
သူက ထိုနာမည်ကို ကြားဖူးပြီး ဖြစ်သည်။ ထိုအချိန်တွင် သူကခေါင်းခါလိုက်ပြီး ထွက်ခွာရန် လှည့်ထွက်သည်။
ရွှီချင်းက ခဏတာ တွန့်ဆုတ်နေပြီးနောက် သူ့အဆိပ်တို့နှင့် ပြည့်နေသော တဖက်လူ၏ အားနည်းသော ကိုယ်ခန္ဓာကို ကြည့်သည်။
တစ်ဖက်လူသည် အဆိပ်တာအိုတွင် ကျွမ်းကျင်နှံ့စပ်သူမဟုတ်ကြောင်း သူပြောနိုင်သည်။ ထိုအဆိပ်က သူ့ကိုယ်ထဲက ဒဏ်ရာတို့ကြောင့် အလိုလိုပြန့်နှံ့ထွက်လာခြင်းဖြစ်ပြီး ထိုအဆိပ်တို့အား သူက လက်နက်အဖြစ်သုံးနေခြင်းသာ ဖြစ်ပေသည်။
ယခင်အစောပိုင်းက ထိုလူသည် သွေးများ အကြိမ်ကြိမ်ထပ်မံထွေးထုတ်နေခဲ့သဖြင့် အကာအကွယ်အဖြစ်ဖြင့် အဆိပ်များ ပြန်လည်ဖြန့်ကျက်ထားလိုက်သည်။ ထိုအဆိပ်တို့က နာမကျန်းတစေ၏ ဒဏ်ရာတို့နှင့် ရောယှက်သွားပါက ကြီးမားသော ပြောင်းလဲမှုများ ဖြစ်လာနိုင်မည်လား သူမပြောနိုင်ပေ။
သို့ရာတွင် သူ့အား သတိပေးရန် ရွှီချင်း မတ်တပ်ရပ်လိုက်တော့သည်။
“ဆရာကြီး။”
နာမကျန်းတစေက လမ်းတဝက်တွင် ရပ်သွားပြန်ပြီး ရွှီချင်းထံသို့ ထပ်မံလှည့်ကြည့်လာသည်။ အမှန်တကယ်အားဖြင့် ပေတစ်သိန်းအလင်းရခဲ့သော ရွှီချင်းအား သူ ကြိုတင်သိရှိထားကာ အနည်းငယ်အာရုံစိုက် ကြည့်ရှုခဲ့သေးသည်။ သို့ရာတွင် နောက်ဆုံးတွင်တော့ သူ အနည်းငယ်စိတ်ပျက်သွားရသည်။
သူ့အမြင်တွင် ရွှီချင်းက သူ့အကွက်ထဲ မကျရောက်သော်လည်း သူ့အပေါ် တန်ပြန်တိုက်စစ်ဆင်ထားခြင်းများ မရှိပေ။ ထိုပြင် သူ့ဝတ်ရုံနှင့် ပြဿနာကိုလည်း မမြင်နိုင်ပေ။ ထိုအချက်ကြောင့် သူသည် သာမန်စွမ်းဆောင်ရည်များဖြင့် ရိုးစင်းသူတစ်ဦးဟု ထင်မြင်မိသည်။
ယခု သူသည် ဟန့်တားခြင်းခံလိုက်ရဖြင့် မျှော်လင့်ချက်တချို့ ခံစားလာရ၏။
“ရွှီချင်း ငါ့ကိုယ်ပေါ်မှာ မင်းလျှို့ဝှက်ချထားတာ တစ်ခုခုရှိနေလား”
ရွှီချင်း ခေါင်းညိတ်သည်။
“အဲဒါဘာလဲ။”
နာမကျန်းတစေ စိတ်ဝင်စားသွားသည်။ သူက မည်သည့်အရာကိုမှ အာရုံမခံမိပေ။
“အဆိပ်..”
ရွှီချင်းက တောင်းပန်သံဖြင့် ပြောသည်။