← Chapters

လူသားမျိုးနွယ်၏ ရှေးဘုရင်များ(၁)

Vol. 34 Ch. 515

လူသားမျိုးနွယ်၏ ရှေးဘုရင်များ(၁)

Vol. 34 Ch. 515

နာမကျန်းတစေ မှင်တက်မိသွားသည်။

“အဆိပ်တွေအများကြီး ရောစပ်သွားပါတယ်။ ဆရာကြီးရဲ့ ဒဏ်ရာတွေကို ထိခိုက်မိမလားမသိပါဘူး။ အဆိပ်တွေရောသွားရင် ပြောင်းလဲမှုကြီးတွေ အလွယ်တကူဖြစ်သွားနိုင်ပါတယ်။”

နာမကျန်းတစေ၏ အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။

“ဆရာကြီး..မြန်မြန်သွားပြီး အဆိပ်ဖြေဖို့ လူရှာတာ‌ကောင်းပါမယ်။”

“ပြီးတော့ မိတ်ဆွေတို့… မင်းတို့လည်း တူတူပါပဲ။ ဒီဖြစ်ရပ်အတွက် အားနာပေမဲ့ အဆိပ်က အပေါ်ယံပဲဆိုတော့ အတွင်းဒဏ်ရာတော့ ဖြစ်မှာမဟုတ်ဘူး။ ငါက အဆိပ်ကို အသက်မသွင်းရသေးတော့ ဖြေလို့ ရပါသေးတယ်။”

ရွှီချင်းက တစ်ခွန်းတည်းဖြင့် ပြီးအောင်ပြောလိုက်ပြီး အဆိပ်ဖြေဆေးများစွာ ထုတ်ကာ ကြောင်အမ်းအမ်းဖြစ်နေသည့် လူစုထံသို့ ဖြန့်ဝေပေးသည်။ ထို့နောက် သူက အမူအရာမျိုးစုံ‌ပြောင်းလဲလျက် ငေးငိုင်ရင်းရပ်နေသည့် နာမကျန်းတစေအား တောင်းပန်ဟန်ဖြင့် ကြည့်သည်။

“ဆရာကြီး ဆရာကြီးကိုယ်ထဲက အဆိပ်တွေ ထကြွလာပြီ။ ကျွန်တော့မှာ ဖြေဆေးမရှိပါဘူး။ ဆေးပညာရှင်ကိုသာ အမြန်ရှာပါ။”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက ထိတ်လန့်သောမျက်လုံးများဖြင့် ရွှီချင်းအား ကြည့်လိုက်ကြသည်။ ရှန်ဟယ်ဖြစ်စေ၊ ဝမ်ချန်နှင့် ခုန်ရှန်းလုံတို့ဖြစ်စေ အားလုံးက အထိတ်တလန့် ဖြစ်နေကြ၏။

ခေါင်းဆောင်တစ်ဦးတည်းသာ ဤသို့ဖြစ်လာမည်ကို ကြိုသိဟန်ဖြင့် ဖြေဆေးများစွာကို တည်ငြိမ်စွာ သောက်နေတော့သည်။

နာမကျန်းတ‌စေက တစ်ခုခုပြောတော့မည်ဆဲဆဲတွင် အနက်ရောင်သွေးများစွာ ထွေးအန်ထုတ်လိုက်ပြီး သူမျက်နှာမှာလည်း ချက်ချင်းညိုမည်းသွားသည်။ သူ့ဘေးရှိ လုံခြုံရေးအရာရှိလေးဦးက သူ့ကို ချက်ချင်း‌ဖေးမလိုက်ကြပြီး ဓားကိုင်ရုံးတော်၏ ဆေးပညာရှင်များထံသို့ ခေါ်ဆောင်သွားကြတော့သည်။

ခန်းမတစ်ခုလုံး ငြိမ်ကျသွားပြန်သည်။

ထိုနောက် တစ်ခဏအတွင်း၌ ဂလုဂလုအသံများ ထွက်ပေါ်လာတော့သည်။ အားလုံးက ဖြေဆေးများ သောက်နေကြခြင်း ဖြစ်သည်။ မေ့မြောနေသူတို့ ပြန်လာနိုးထလာပြီး အခြေအနေအား အသိပေးချက်ရရှိကြပြီးနောက်တွင် သူတို့ကလည်း ဆေးလုံးများကို အမြန်သောက်လိုက်ကြသည်။

တကျွီကျွီမြည်သံများလည်း ထွက်ပေါ်လာသည်။ ရွှီချင်း၏ပတ်ပတ်လည်ရှိ စားပွဲများ ရွှေ့ပြောင်းသွားကြခြင်းပင်။ ခုန်ရှန်းလုံးလည်း အလိုအလျှောက် လိုက်လံရွှေ့ပြောင်းသည်။ ချင်းချိုးကတော့ သူ့ထက် မြန်ပြီးသားဖြစ်သည်။

ရွှီချင်းသည်ကား တိတ်တဆိတ် ထိုင်နေပါသေးသည်။ သူက ထိုသို့သော အထီးကျန်မှုကို ကျင့်သားရနေပြီးဖြစ်သည်။ အနည်းဆုံးတော့ သူ့အစ်ကိုကြီး ရှိနေပါသေးသည်။

ခေါင်းဆောင်ကတော့ ဟန်မပျက်ပင်ရှိသည်။ သူက ရွှီချင်းနှင့် သိကျွမ်းကတည်းက သူ့သိုလှောင်အိတ်ထဲတွင် အဆိပ်ဖြေဆေးများ မလျော့နည်းစေရန် အမြဲဖြည့်တင်းထားသည်။ ထိုအချိန်တွင် သူက ဖြေဆေးနောက်တစ်ဆုပ်ထုတ်လိုက်ပြီး ချိုချဉ်ကဲ့သို့ စားနေလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် ခုန်ရှန်းလုံထံသို့ ဂုဏ်ယူဝင့်ကြွားစွာကြည့်လိုက်ပြီး သူ့ကိုယ်သူတွေးသည်။

‘ဘာတွေ ကိစ္စကြီးလုပ်နေတာလဲ။ မြင်ရုံနဲ့ မင်းက အမြော်အမြင်မရှိတာ သိသာနေတာပဲ။’

ခေါင်းဆောင်၏ အကြည့်တွင် ခုန်ရှန်းလုံး မချိပြုံးပြုံးသည်။ သူ့ကိုယ်သူ အားတင်းလိုက်ပြီး စားပွဲကို ပြန်ရွှေ့လာလိုက်တော့သည်။ ထို့နောက် သူက ရွှီချင်းထံ ရယ်ပြလိုက်ပြီး ဖြေဆေးတချို့ထုတ်ကာ စားသည်။

ရွှီချင်းကတော့ နှုတ်ဆိတ်လျက်ပင်။

ထိုအချိန်တွင် ခန်းမထဲတွင် တိတ်ဆိတ်မှုလွှမ်းခြုံနေပြီး လေထုထဲ၌ ထူးဆန်းသည့်ခံစားချက်တစ်ခု ပြန့်လွင့်လာသည်။ ဓားကိုင်များစွာက ရွှီချင်းအား ခိုးကြည့်နေကြသည်။

ထိုကိစ္စသည် ဓားကိုင်ရုံးတော်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားစေနိုင်သည်။

မကြာမီ ခန်းမထဲတွင် ခြေသံတို့ ထွက်ပေါ်လာပြီး တခြားသော ဓားကိုင်တစ်ဦး လမ်းလျှောက်ဝင်လာလေသည်။

ထိုလူသည် အဘိုးကြီးတစ်ဦးဖြစ်သည်။ နာမကျန်းတစေနှင့်မတူပဲ ကွဲပြားနေသည်ကတော့ သူထုတ်လွှတ်သော အရှိန်အဝါသည် လွန်စွာပြင်းထန်ပြီး ဖိအားလည်း ကြီးမားသည်။ သူလမ်းလျှောက်ဝင်လာချိန်တွင် ခြေလှမ်းများ မြေပြင်သို့ ကျရောက်သည်နှင့် တဖျောက်ဖျောက်အသံများထွက်နေတော့သည်။ သူ၏ ချီနှင့်သွေးတို့မှာလည်း အားကောင်းလှသည်။

ရှေ့ဆုံးသို့ ရောက်ရှိလာချိန်တွင် အဘိုးကြီးက လှည့်ကြည့်လိုက်ရာ အေးစက်သောအကြည့်က အားလုံးထံသို့ ဖြတ်သန်းသွားသည်။ နောက်ဆုံးတွင် သူ့အကြည့်က ရွှီချင်းထံတွင် ရပ်တန့်သွားသည်။

“နာမကျန်းတစေရဲ့ အဆိပ်ကို ပြင်းထန်အောင်လုပ်လိုက်တာ မင်းလား။”

အဘိုးကြီးအသံသည် အေးစက်နေပြီး သတ်ဖြတ်လိုစိတ်တချို့ ရောစွက်ပါဝင်နေ၏။

သူ့ထံမှ ပြင်းထန်ကြမ်းတမ်းသော အရှိန်အဝါတစ်ခုလည်း ထုတ်လွှတ်နေပြီး ခက်ထန်မှုတို့အား ချုပ်တည်းထားဟန်ရှိသော လေးနက်သည့်သွင်ပြင်ကို ထပ်မံအားဖြည့်ပေးထားသည်။

ထိုအဘိုးကြီးသည်လည်း ယွမ်ယင်အဆင့်တွင်ရှိကြောင်း ရွှီချင်းအာရုံခံသည်။ သို့သော် သူ၏ အရှိန်အဝါမှာ နာမကျန်းတစေထက် များစွာပြင်းထန်သည်။ သူက ဟုတ်မှန်ကြောင်း ခေါင်းညိတ်သည်။

“တော်တော်ကောင်းတယ်။”

အဘိုးကြီးက ရွှီချင်းအား တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်ရယ်သည်။

“နာမကျန်းတစေက သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့အဆိပ်နဲ့ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ သူ့ထူးခြားချက်ကိုသုံးပြီး အဆိပ်အမြဲထုတ်နေတတ်တယ်။ ဒါပေမဲ့ အဆိပ်တာအိုမှာတော့ သူအသိက နည်းနေသေးတယ်။ ဒီတစ်သုတ်ဓားကိုင်တွေက တော်တော်ဟုတ်နေတာပဲ။”

“မင်းနာမည်က ရွှီချင်းမဟုတ်လား။ ဒီကို လာခဲ့။ နာမကျန်းတစေကို အဆိပ်ခတ်တဲ့အတွက် ဆုအဖြစ် မျိုးနွယ်ပေါင်းစုံအကြောင်း ရှင်းပြချိန်မှာ ငါ့ကို ကူညီခွင့်ပေးလိုက်မယ်။”

ရွှီချင်းက ထရပ်လိုက်ပြီး အဘိုးကြီးထံသို့ လျှောက်သွားကာ ဘေးတွင်ရပ်သည်။

အဘိုးကြီး၏အကြည့်က ရွှီချင်းထံမှ ပြောင်းသွားပြီး ခန်းမထဲရှိ လူများထံသို့ ကျရောက်သွားသည်။

“ငါ့ကိုတစေလက်လို့ ခေါ်နိုင်တယ်။ ငါက မျိုးနွယ်အပေါင်းရဲ့ အကြမ်းဖျင်းကွဲပြားခြားနားချက်တွေနဲ့ သေကွင်းသေကွက်တွေကို ရှင်းပြဖို့ တာဝန်ယူထားတယ်။”

ချင်းချိုးက ရွှီချင်းထံသို့ အလိုလိုကြည့်မိသည်။

ရွှီချင်းက အာရုံစူးစိုက်ထားသည်။ ထိုအဘိုးကြီးထံမှ သွေးနံ့များ လှိုင်လှိုင်ထနေကြောင်း ခံစားရသည်။ တစ်ချိန်တည်းမှာပင် ခုန်ရှန်းလုံ၏အမူအရာထဲက လေးစားမှုသည် နာမကျန်းတစေအတွက်ထက်ပင် ပိုများနေသည်ကို သူ သတိပြုလိုက်သည်။

ရွှီချင်းအတွေးနက်နေချိန်တွင် ခုန်ရှန်းလုံ၏ အသံပို့လွှတ်မှုက သူ့နားထဲကို ရောက်ရှိလာသည်။

‘နယ်ရုပ်။’

ရွှီချင်း၏ မျက်လုံးများ မှေးကြုတ်သွားသည်။ နယ်ရုပ်ဆိုသည့်အဓိပ္ပာယ်ကို သူသိသည်။ သူ့ရှေ့က ဤအဘိုးကြီးသည် အချုပ်ထောင်ဌာနခွဲမှ ဖြစ်သည်ဟု ဆိုလိုသည်။

ထိုအဘိုးကြီး ရှင်းပြမည့်အကြောင်းအရာတို့အပေါ် သူ့စိတ်ဝင်စားမှုတို့ ပိုမိုအားကောင်းလာ၏။

ယခင်က သူချီယွဲ့ထုံ၏လူဆိုးထိန်းဌာနတွင် ရှိခဲ့ချိန်တွင် သူက တခြားသော လူမဟုတ်မျိုးနွယ်များနှင့် တွေ့ကြုံခဲ့ဖူးပြီး မျိုးနွယ်များစွာတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံများသည် လူသားမျိုးနွယ်တို့နှင့် လွန်စွာကွဲပြားနေကြောင်းကို သူသိထားသည်။ ထိုအချက်ကြောင့် သူတို့၏ သေကွင်းသေကွက်များမှာလည်း ကွဲပြားနေတတ်သည်။

ဥပမာအားဖြင့် ဆန်းကြယ်ဘီလူးဆိုးမျိုးနွယ်နှင့် ကြယ်ငါးမျိုးနွယ်တို့တွင် မတူညီသည့် သေကွင်းသေကွက်များရှိကြသည်။

“မီးခိုးမျိုးနွယ်၊ ဒီမျိုးနွယ်က နေရောင်အောက်မှာ ပေါက်ဖွားလာပြီး ကောင်းကင်လေလှိုင်းကြားမှာ ရှင်သန်နေထိုင်ကြတယ်။ သူတို့မှာ သေကွင်းသေကွက်မရှိသလိုပုံပဲ၊ ဒါပေမဲ့ အမှန်ကတော့ သူတို့ခန္ဓာကိုယ်ဟာ သေကွင်းသေကွက်တွေ ပြည့်နေတယ်။ အဲဒါကို လေဓာတ်မန္တာန်တွေသုံးပြီး နှိုးဆွဖို့လိုတယ်…”

“ရွှီချင်း ရော့ဖမ်းလိုက်။”

အဘိုးကြီးက တည်ငြိမ်စွာ ပြောလိုက်ပြီး ညာလက်ကို ယမ်းသည်။ ထိုခဏတွင်းချင်း သူ့ရှေ့တွင် ရေခဲတစ်စပေါ်လာပြီး ရွှီချင်း၏ရှေ့သို့ ဝဲပျံသွားသည်။

ရွှီချင်းက ချက်ချင်းဖမ်းသည်။

ထိုသို့နီးကပ်သော အကွာအဝေးတွင် သူက တခြားသူများထက်ပို၍ ရှင်းလင်းစွာ အာရုံခံနိုင်သည်။

ရေခဲသည် အကြည်ရောင်ထွင်းဖောက်မြင်နိုင်ခြင်းမျိုး ဖြစ်ပြီး အထဲတွင် မီးခိုးတစ်စပိတ်လှောင်ထားသည်ကို မှုန်ဝါးဝါး တွေ့မြင်နိုင်သည်။

“ပိုပြီး ရိုးစင်းအောင်လည်း လုပ်လို့ရတယ်။ ဥပမာ သူတို့ကို ရေခဲထဲပိတ်ထားလိုက်တာမျိုးပေါ့။”

မီးခိုးမြူမျိုးနွယ်ကို မိတ်ဆက်ပြီးနောက် အဘိုးကြီးက လက်စကိုလှုပ်ခတ်လိုက်ပြီး ရေခဲကို ပြန်သိမ်းကာ တခြားမျိုးနွယ်တို့အား ဆက်လက်မိတ်ဆက်၏။

“ဝတ်ရုံမွေးမျိုးနွယ်က သူတို့ရဲ့ မွေးရာပါဗီဇပါရမီအစွမ်းတွေကို သုံးပြီး ရန်သူတွေကို ရုပ်သေးအဖြစ် ပြောင်းလဲနိုင်ကြတယ်။ သူတို့ရဲ့ သေကွင်းသေကွက်ကတော့ တတိယလက်ချောင်းပဲ။ သူတို့ရဲ့အသက်က အဲဒီမှာ ရှိနေတယ်။”

အဘိုးကြီးက လက်ကိုဝှေ့ယမ်းလိုက်ပြန်ရာ သူရှေ့တွင် သေးငယ်ကျုံလှီသော အရိုးစုလေးတစ်ခု ပေါ်လာသည်။ ၎င်းသည် ရွှီချင်းရှေ့သို့လည်း ပျံဝဲလာပြီး ရွှီချင်းက ၎င်းအား မန္တာန်အတတ်တစ်ခုဖြင့် ထိန်းချုပ်ထားလိုက်သည်။ ထို့နောက်သူက အဘိုးကြီး စေခိုင်းသည့်အတိုင်း အလောင်းကို လှုပ်ရှားစေသည်။

ထိုအလောင်းသည် အစိမ်းရောင်ဖြစ်ကာ ၎င်း၏ ခေါင်းပေါ်တွင် ဦးချိုတစ်ချောင်းလည်း ပါရှိသည်။ ၎င်း၏ တကိုယ်လုံးမှာ ဗလာကျင်းထားလျက် အရေများတွန့်လိမ်နေ၏။

“ရွှီချင်း သူ့တတိယလက်ချောင်းကို ရှာကြည့်။”

ထိုစကားတွင် ရွှီချင်းက အလောင်း၏ ညာလက်ကိုချက်ချင်းမလိုက်ပြီး ကျိုးလုလုဖြစ်နေသည့် တတိယလက်ချောင်းကို ဓားကိုင်အားလုံးထံသို့ ပြသည်။

“နှစ်မျက်နှာမျိုးနွယ်လည်းရှိသေးတယ်။ သန့်စင်ဒီမွန်မျိုးနွယ်ရဲ့ နီးကပ်တဲ့အနွယ်ပွားတစ်ခုပေါ့။”

“မဟာမိတ်စာချုပ်ကြောင့် သန့်စင်ဒီမွန်မျိုးနွယ်ကို  စိတ်ထင်တိုင်းသတ်ဖြတ်တာမျိုးလုပ်မရပေမဲ့ နှစ်မျက်နှာမျိုးနွယ်ကိုတော့ သတ်ဖြတ်လို့ရတယ်။ သူတို့က သန့်စင်ဒီမွန်းမျိုးနွယ်လိုပဲ သန်မာတဲ့ခန္ဓာကိုယ်တွေ ပိုင်ဆိုင်ကြတယ်။ သူတို့မျက်နှာနှစ်ခု ပြောင်းလဲလည်ပတ်ချိန်မှာ နဖူးကြောကို တိုက်ခိုက်ရမယ်။”

အဘိုးကြီးကလက်ကို ထပ်မံဝှေ့ယမ်းလိုက်ပြီး ပေနှစ်ဆယ်မြင့်သော နှစ်မျက်နှာမျိုးနွယ်အလောင်းတစ်လောင်းကို ထုတ်ယူသည်။ ၎င်း၏နဖူးမှ သွေးများတစက်စက်ကျနေသည်။

ရွှီချင်း၏ အာရုံတွင်တော့ ပို၍ထင်ရှားသည်။ နှစ်မျက်နှာမျိုးနွယ်၏ နဖူးမှ ဒဏ်ရာသည် ဓားရာတစ်ခုဖြစ်ကြောင်း သူပြောနိုင်‌သည်။ ဓားသည် ခေါင်းတစ်ခုလုံး ထုတ်ချင်းခတ်ဖောက်ကာ နဖူးကြောနှစ်ခုလုံးအား ထွင်းဖောက်သွားသည်။

ပတ်ဝန်းကျင်ရှိ ဓားကိုင်အားလုံး၏ မျက်နှာတို့ လေးနက်တည်ကြည်လာသည်။ သူတို့အားလုံးက သင်ကြားပို့ချက်မှုများအား စိတ်နှစ်မြုပ်လျက် နားထောင်ကြသည်။

အဘိုးကြီးက ဆက်ပြောနေရင်း လူမဟုတ်မျိုးနွယ်ပေါင်းတစ်ရာအား အသေးစိတ်ရှင်းလင်းပြောဆိုသည်။ ရှင်းပြချက်တစ်ခုတိုင်းတွင် သူက ထိုမျိုးနွယ်၏ နမူနာတစ်ခုကို ထုတ်ပြတတ်သည်။ နမူနာများအားလုံးမှာ မကြာသေးခင်ကပင် သေဆုံးသွားကြဟန် ရှိသည်။

အသက်ရှင်နေသေးသူတချို့လည်း ရှိနေပြီး သူတို့အား အဘိုးကြီးက အားလုံး၏ရှေ့တွင် တစ်ခါတည်း သတ်ဖြတ်ပြသည်။

တဖြည်းဖြည်းခန်းမထဲတွင် သွေးညှီနံ့များ လှိုင်လာ၏။

ထိုလုပ်ငန်းစဉ်အတွင်း ရွှီချင်းသည် အကျိုးအမြတ်များစွာ ရရှိသည်။

သူက ဖြစ်စဉ်များအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်သည့်အပြင် ထက်မြက်သော အာရုံကြောင့် လွန်စွာအသေးစိတ်သော အချက်အလက်များကိုလည်း ခံစားနိုင်သည်။

“နောက်ဆုံးတစ်ခုကတော့ ကျွမ်းရှင်းမျိုးနွယ်ပဲ။”

ထိုအချိန်တွင် အဘိုးကြီးက အစောပိုင်းသတ်ဖြတ်ခဲ့မှုတို့ကြောင့် စိတ်ရွှင်နေသည့်အလား ပြုံးလာသည်။ သူက ဝိုင်အရက်တစ်အိုးထုတ်လိုက်ပြီး အားပါးတရသောက်သည်။

“မင်းတို့အစပိုင်းတွေ့ခဲ့တဲ့မျိုးနွယ်နမူနာတိုင်းက ဒီပြသမှုမှာ သုံးဖို့ ငါကိုယ်တိုင် လိုက်ဖမ်းပြီးသတ်ထားတာတွေပဲ။ သူတို့တစ်ကောင်ချင်းစီတိုင်းက ဓားကိုင်တွေအပါအဝင် လူသားကျင့်ကြတွေကို ရက်စက်စွာသတ်ဖြတ်ခဲ့သူတွေချည်းပဲ။ အားလုံးက ဓားကိုင်ရုံးတော်က အလိုရှိသူတွေပဲ။”

“မင်းတို့အသုတ်ထဲမှာ မျိုးနွယ်ခြားတွေကို သနားစိတ်ရှိတဲ့ စာအုပ်ကြီးသမားတွေမပါတာ တော်တော်ဝမ်းသာမိသေးတယ်။ အစောပိုင်းနှစ်တွေမှာ ဒီလိုငတုံးတွေတစ်ခါတစ်ခါ ပါလာတတ်သေးတယ်။”

“ကျွမ်ရှင်းမျိုးနွယ်တွေကို အနီးကပ်တွေ့နိုင်ဖို့ မလွယ်ဘူး။ ဒီတစ်ယောက်ကို ငါက အချုပ်ထောင်ဌာနခွဲထဲက ထုတ်လာခဲ့တာပဲ။ ကံမကောင်းတာက သူတို့ကလည်း သန့်စင်ဒီမွန်မျိုးနွယ်နဲ့တူတူပဲ… ပုံမှန်ဆိုရင် သတ်ဖြတ်ခွင့်မရှိဘူး။”

အဘိုးကြီးက ထိုသို့ပြောရင်း လက်ကိုဝှေ့ယမ်းလိုက်ရာ ကျွမ်းရှင်းမျိုးနွယ်ဝင်တစ်ယောက် အားလုံးရှေ့တွင် ပေါ်လာ၏။

ထိုကျွမ်ရှင်းမျိုးနွယ်ဝင်မှာ မေ့မြောနေပြီး လေထဲတွင် ဝဲလျက်ရှိသည်။

“အသေအချာကြည့်ထားကြ။ ကျွမ်ရှင်းမျိုးနွယ်က လူသားတွေနဲ့တူတယ်။ ဒါပေမဲ့ သူတို့မှာ နှလုံးသားငါးခုရှိတယ်။ ဒါကြောင့် သူတို့ရဲ့ အင်အားနဲ့ ပြန်လည်ကုစားနိုင်စွမ်းတွေက တော်တော်ပြင်းထန်ကောင်းမွန်နေတာပဲ။ သူတို့မှာ သေကွင်းသေကွက် နည်းနည်းပဲရှိတယ်။ နှလုံးတွေနဲ့ ယှဉ်ရန် ငါ့အမြင်မှာတော့ ကျောက်ကပ်တွေက ပိုပြီး သေစေနိုင်မယ်ထင်တယ်။”

“နောက်ပိုင်းကျရင် သူတို့နဲ့ ရင်ဆိုင်ရတဲ့အခါ ခြေတွေလက်တွေကို ခုတ်ဖြတ်ပစ်ကြ။ ဒါဆို အမှားအယွင်း မရှိနိုင်တော့ဘူးပေါ့။”

“ငါပြောခဲ့တာတွေက မျိုးနွယ်မျိုးစုံရဲ့ ကိုယ်ခန္ဓာမှာရှိတဲ့ သေကွင်းသေကွက်တွေပဲ။ အတတ်ပညာရပ်တွေနဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေအပေါ်မူတည်ပြီး ကွဲပြားခြားနားတချို့ ရှိနိုင်ပေမဲ့ အဲဒါကိုတော့ မင်းတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ အကဲဖြတ်ရင်ဆိုင်ဖို့လိုတယ်။”

All Chapters