ဂုဏ်ယူရသည့် အခိုက်အတန့်
Vol. 33 Ch. 488
“တန်ဖိုးကြီး ပစ္စည်း ဟုတ်လား”
လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။ သူတို့က ကျောက်လျန့်ရင်ကို တအံ့တဩ ကြည့်နေပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်ကြလေသည်။
“အား …. တန်ဖိုးကြီး ပစ္စည်းတဲ့”
ချန်မိန်ကျားက ပြေးတက်လာပြီး ကျောက်လျန့်ရင်၏ အိတ်ကို မမှိတ်မသုန် ကြည့်နေသည်။ သူမက ၎င်းကို ရှားပါး ရတနာသဖွယ် ကြည့်နေပြီး ကိုင်ကြည့်ချင်သော်လည်း တစ်ချိန်တည်းမှာပင် တုံ့ဆိုင်းမိနေ၏။
“ကိုယ့်ကိုယ်ကိုယ်အတွက် တန်ဖိုးကြီး ပစ္စည်းတစ်ခုလောက် ဝယ်ဖို့ အမြဲ စိတ်ကူးယဉ်နေခဲ့တာ၊ ကျွန်မတို့ နိုင်ငံမှာ ကိုယ်ပိုင် တန်ဖိုးကြီးပစ္စည်းတစ်ခု ရှိလာလိမ့်မယ်လို့ မထင်ထားမိဘူး”
မိန်ကျားက စိတ်လှုပ်ရှားစွာ လက်သီးဆုပ်နေသည်။
“မင်းပါးစပ်ထောင့်က သွားရေတွေကို သုတ်လိုက်ဦး၊ ဒီမှော်ပစ္စည်းပေါ် မပေစေနဲ့”
လုရှောင်ပုက ချန်မိန်ကျားအား ခပ်မြန်မြန် တွန်းထုတ်ပြီး အိတ်အား ငေးကြည့်၍ ငိုင်တွေနေသည်။
“ငါ့မှာသာ ဒီအိတ် ရှိရင် ငါ အချစ်ပြိုင်ပွဲမှာ အနိုင်ရနေပြီ မဟုတ်လား”
“ကျွန်မ ကိုင်ကြည့်လို့ ရမလား”
ဟူရီဖေးက ပို၍ တဲ့တိုးဆန်သည်။ သူမက ကျောက်စိမ်းကဲ့သို့သော သူမလက်လေးကို အိတ်ပေါ် တင်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ကျေနပ်သော အမူအရာ ဖြစ်ပေါ်လာသည်။
“ဝါး … ဒီခံစားချက်က … အရမ်း အံ့ဩဖို့ ကောင်းတာပဲ၊ ဒီအိတ်သာ ရှိရင် အခြားသူတွေက ဘယ်လို ယှဉ်နိုင်မှာလဲ”
“ငါလည်း ကိုင်ကြည့်ချင်တယ်”
ဝမ်ယွီနှင့် မိန်ကျားက ချက်ချင်း လိုက်လုပ်လေသည်။ သူမတို့ကလည်း တအံ့တဩ ရေရွတ်လာသည်။
“အေးလိုက်တာ၊ ကျောက်စိမ်းလိုပဲ”
“ငါတို့နိုင်ငံမှာ တန်ဖိုးကြီး ပစ္စည်း အမှတ်တံဆိပ် မရှိသေးဘူး မဟုတ်လား၊ ဒါက ပထမဆုံး လက်ရာပဲ”
ချန်ချီချီက တအံ့တဩ ပြောလေသည်။
“ဟုတ်တယ်၊ ပြီးတော့ ဒါက သာမန် တန်ဖိုးကြီး ပစ္စည်းတစ်ခု သက်သက်ပဲ မဟုတ်ဘူး၊ ဒီအိတ်က နိုင်ငံတကာ စင်မြင့်ပေါ်လည်း ရောက်နေပြီ”
ကျောက်လျန့်ရင်၏ မျက်နှာလေးက တစ်ချိန်လုံး နီမြန်းနေ၏။ သူမက အိတ်အား တင်းကြပ်စွာ ဖက်ထားပြီး လွှတ်ပေးချင်စိတ် မရှိပေ။
“အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ဂျာမနီ၊ ကိုးရီးယား အစုံပဲ၊ နိုင်ငံ ဆယ့်ငါးနိုင်ငံက ဒီအိတ်ရဲ့ အဆင့်အတန်းကို တန်ဖိုးကြီး ပစ္စည်းအဖြစ် အသိအမှတ် ပြုခဲ့တာ၊ ဒါက အိပ်မက်တစ်ခုလိုပဲ”
“သေစမ်း၊ ဒီလိုသာဆိုရင် အခြားနိုင်ငံတွေကပါ ဒီအိတ်ရဲ့ အဆင့်အတန်းကို အသိအမှတ် ပြုလာမှာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ”
လုရှောင်ပု၏ မျက်လုံးများ ပြူးကျယ်လာပြီး တအံ့တဩ ပြောလေသည်။
“ရှင်တို့မ သိဘူးလား၊ ဒီညနေတင် ဒီအိတ်ရဲ့ သတင်းက နာမည်ကြီးနေပြီ၊ နိုင်ငံတော်တော်များများက သူတို့ နိုင်ငံအတွက် ပစ္စည်းပိုရဖို့ ပြိုင်ဆိုင်နေပြီ”
ကျောက်လျန့်ရင်က ဆက်ပြောသည်။
“အိတ်အလုံး ရှစ်ရာနဲ့ အစုံလိုက်က သုံးရာပဲ ရှိတာ၊ ပြိးတော့ ကျွန်မတို့နိုင်ငံက ပြည်တွင်းအတွက် အိတ်အလုံး ခြောက်ဆယ်နဲ့ အစုံ ခြောက်ဆယ်စာ ချန်ထားမှာ၊ အခြားနိုင်ငံက ကျန်တာကိုပဲ မျှယူရမှာ၊ ဟားဟားဟား မြင်ကွင်းက မိုက်နေပြီ”
လူတိုင်း ကိုယ်စီ ဖုန်းထုတ်လိုက်ကြသည်။ အစောပိုင်းက သူတို့အားလုံးသည် ရဲ့လင်းချန်၏ ဆုံးမခြင်း ခံရနေသောကြောင့် ဖုန်းမကြည့်နိုင်ပေ။ ထိုသတင်းက အလွန် စိတ်ဝင်စားစရာ ကောင်းနေပြီး မီဒီယာ ပလက်ဖောင်းကြီးများ အားလုံး၌ တင်ထားကြလေသည်။ သူတို့ တကူးတက ရှာနေစရာပင် မလိုအပ်ချေ။
နိုင်ငံပိုင် အမျိုးသား သတင်းကွန်ရက်ကတောင်မှ ဤအဖြစ်ကို အထူးတလည် ဖော်ပြထားသည်။ ယင်းမှာ ဂုဏ်ယူရသည့် အခိုက်အတန့်ပင်။
စိတ်ဝင်စားစရာ အကောင်းဆုံး ခေါင်းစဉ်မှာ [တရုတ်နိုင်ငံရဲ့ ပထမဆုံး တန်ဖိုးကြီးပစ္စည်း မွေးဖွားလာခြင်း၊ ကမ္ဘာအား အံ့ဩသင့်သွားစေခြင်း၊ ယင်းက ချက်ချင်း ကမ္ဘ့အဆင့်ထဲ တင်သွားပြီး နိုင်ငံတွေကို ပြိုင်ဆိုင်စေ ခဲ့တယ်]
၎င်းအောက်တွင် မှတ်ချက်များစွာ ရှိနေသည်။
[တရုတ်နိုင်ငံက ပိုသန်မာလာပြီပဲ၊ အား … ငါ အရမ်း စိတ်လှုပ်ရှားတာပဲ]
[ဟားဟားဟား ငါ နိုင်ငံခြားကို ခရီးသွားတုန်းက ဈေးကြီးတဲ့ဆိုင်တွေမှာ အခြားနိုင်ငံက တန်ဖိုးကြီး ပစ္စည်းတွေပဲ ရောင်းခဲ့တာ၊ အခုတော့ ငါတို့ တောက်ပဖို့ အချိန်တန်ပြီပဲ]
[လခွမ်း၊ Vatti က ဒါ သူတို့ရဲ့ သီးသန့်ဌာနကလို့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သေးတယ်၊ အဲ့ဒါရဲ့ အမည်ဝှက်က ဝိုင်တဲ့၊ အား … တန်ဖိုးကြီး ပစ္စည်းလောကက မုန်တိုင်းထန်တော့မယ်လို့ ငါ ခံစားနေရပြီ]
[အပေါ်ကလူ၊ မင်းရဲ့ ခံစားချက်က မှန်တယ်]
[ဟင့်ဟင့်ဟင့်၊ ငါ ငိုနေပြီ၊ ငါ တကယ် ငိုနေပြီ၊ ငါ သိပ်ဂုဏ်ယူမိတယ်၊ ဘာမှ ပြောမနေတော့ဘူး၊ ငါ့ပိုင်ဆိုင်မှုတွေ ရောင်းရမယ်ဆိုရင်တောင်မှ ငါ့အားပေးမှုကို ပြမယ်]
[အပေါ်ကလူ၊ မင်း နောက်နေတာလား၊ ဈေးက ယွမ်လေးသောင်းပဲ ရှိတာလေ၊ မင်းပိုင်ဆိုင်မှုတွေကို ရောင်းဖို့ လိုလို့လား၊ သေစမ်း … အဲ့ဒါကို ဝယ်ဖို့ လူဘယ်နှစ်ယောက် တန်းစီနေလဲ မင်း သိလား]
[ငါက အဲ့လူတန်းအလယ်မှာကွ၊ ဝယ်ဖို့ စာရင်းပေးထားတဲ့သူ တစ်သောင်းတောင် ကျော်နေပြီ၊ အစုံလိုက်တွေကိုပါ ပေါင်းလိုက်ရင် ၂၂၀ လောက် ရှိတယ်]
[ငါ့ပိုင်ဆိုင်မှုတွေကို ရောင်းမယ့် အခွင့်အရေးလေး ငါ့ကို ပေးပါလို့ ပြောချင်ရုံလေးပါ]
[ငါတို့မှာ တန်ဖိုးကြီးပစ္စည်း ရလာပြီဆိုတော့ များများ ထုတ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုချင်ပါတယ်၊ ငါတို့မှာ ရှိသမျှအရာ အားလုံးနဲ့ မင်းတို့ကို အားပေးပါ့မယ်]
[အပေါ်ကလူ ကျေနပ်နေစမ်းပါ၊ ငါတို့နိုင်ငံက အရေအတွက် အများကြီး ရနေပြီ၊ အခြားနိုင်ငံက ပိုဆိုးတယ်၊ ဗြိတိန်လို နိုင်ငံတောင်မှ နှစ်အိတ်ပဲ ရတာ၊ ဟားဟားဟား ငါ ရယ်ရလွန်းလို့ သေတော့မယ် …]
[နိုင်ငံတကာကိုလည်း ကြည့်လိုက်ဦး၊ အချို့နိုင်ငံတွေဆို ခွင့်ပြုတဲ့ ပမာဏရဖို့ အချင်းချင်း ရန်စောင်နေတာ၊ တော်တော် ရယ်ရတယ်၊ တရုတ်က အံ့ဩဖို့ ကောင်းတယ်လို့ပဲ ငါ ပြောချင်တော့တယ်]
[နိုင်ငံတကာ website လေးတွေ ပြကြပါဦး၊ ငါ ကြည့်ချင်လို့ပါ]
…
နိုင်ငံတကာ website ၌ …
ဂျပန်နိုင်ငံ တန်ဖိုးကြီးပစ္စည်း စင်တာ: [ငါတို့ကို မျှမျှတတ ဆက်ဆံဖို့ တရုတ်ကို တိုက်တွန်းပါတယ်၊ မင်းတို့နိုင်ငံအတွက် ပမာဏ အများဆုံး ချန်ထားတယ်၊ ဒါ မတရားဘူး၊ ပိုပြီး အရေးကြီးတာက ငါတို့နိုင်ငံက ဘာလို့ ငါးအိတ်ပဲ ရတာလဲ၊ ဒါ ပေါ်ပေါ်တင်တင် ခွဲခြားတာပဲ]
ကိုရီးယားနိုင်ငံ တန်ဖိုးကြီး ပစ္စည်း စင်တာ: [ဂျပန်နိုင်ငံ ပြောတာ မှန်တယ်၊ ငါတို့ မကျေနပ်ဘူး]
အမေရိကန်နိုင်ငံ တန်ဖိုးကြီးပစ္စည်း စင်တာ: [ငါတို့နိုင်ငံကို တရုတ်နိုင်ငံနဲ့ တူညီတဲ့ ပမာဏမျိုး ပေးသင့်တယ်]
မြောက်ကိုရီးယားနိုင်ငံ တန်ဖိုးကြီးပစ္စည်း စင်တာ: [ဘာလို့ ငါတို့နိုင်ငံက လုံးဝ ခွဲတမ်း မရတာလဲ၊ ဒါ ဘာသဘောလဲ၊ ငါတို့ကိုလည်း မျှမျှတတ ဆက်ဆံပါ]
ထိုနိုင်ငံများအပြင် အခြားနိုင်ငံမှ ပြည်သူများကလည်း ဝင်ပါလာသည်။
[မြတ်စွာဘုရား၊ တရုတ်က ကိုယ်ပိုင် တန်ဖိုးကြီး ပစ္စည်း ရှိပြီတဲ့လား၊ ဘုရားသခင်က ငါတို့ကို နောက်နေတာလား]
[ဒါ တကယ်လား၊ ဒီအိတ်က သာမန်လိုပါပဲ၊ အကဲဖြတ်သူတွေ ဘာဖြစ်နေတာလဲ၊ သူတို့ တရုတ်လူမျိုးတွေဆီက လာဘ်စားထားတာပဲ ဖြစ်ရမယ်]
[ဒါ မျက်နှာလိုက်တာ၊ တရုတ်တွေရဲ့ တန်ဖိုးကြီး ပစ္စည်းကို သပိတ်မှောက်ရအောင်]
[ဟုတ်တယ်၊ ငါတို့ အဲ့တရုတ်ပစ္စည်းတွေ မလိုချင်ဘူး၊ ထွက်သွား]
[လခွမ်း၊ အပေါ်ကလူတွေက ခွေးရူးတစ်သိုက်လိုပဲ၊ ငါတို့က အဲ့ပစ္စည်းတွေကို ပို့ချင်တယ်လို့ ထင်နေလား၊ ပြန်ပို့လိုက်စမ်းပါ]
[မင်းတို့ အကုန် ပြန်ပို့လိုက်ရင် အကောင်းဆုံးပဲ၊ ငါ အားလုံး ဝယ်ပစ်မယ်]
[ဒါ ငါတို့နိုင်ငံရဲ့ ဂုဏ်ယူရတဲ့ အခိုက်အတန့်ပဲ၊ သိလား]
[ပြည်ပကခွေးတွေ၊ ချီးသွားစားလိုက်]
..
ရုတ်တရက် တရုတ်နိုင်ငံ၏ တန်ဖိုးကြီးပစ္စည်း မွေးဖွားလာခြင်းက အင်တာနက်တစ်ခုလုံးကို စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်လာစေသည်။ တရုတ်လူမျိုးများသည် ဂုဏ်ယူနေကြပြီး ဝံပုလွေများကဲ့သို့ ကျယ်လောင်စွာ ဟစ်ကြွေး နေကြသည်။ သူတို့သည် ကြွားလုံးထုတ်ရန် အသည်းအသန် တစ်လုံးမျှ ဝယ်ချင်နေ၏။
နိုင်ငံခြားသားများက အော်ဟစ်ဆဲဆို၍ သူတို့၏ အလွန်အမင်း မကျေနပ်မျုကို ပြသနေသည်။ ယင်းက တရုတ်လူမျိုးများနှင့် နိုင်ငံခြားသားများအား အင်တာနက်ပေါ်၌ စကားရန်ပွဲ ဖြစ်လာစေသည်။ နှစ်ဖက်လုံးက ဘာသာစကား အတားအဆီးကြောင့် အခက်အခဲများ တွေ့နေကြသည်။ သို့သော် ယင်းက သူတို့ကို မတားနိုင်ပါ။ သူတို့သည် ပြိုင်ဘက် ပြောသည့်စကားကို ကြည့်ပြီး ပြန်၍ နှုတ်ဖြင့် ဝေဖန်ပြောဆိုကြသည်။ အပြန်အလှန် ပြောဆိုခြင်းက အတော်လေး ကြာသွားလေသည်။
“လင်းချန်၊ ရှင့်ကို ကျေးဇူးအများကြီး တင်ပါတယ်၊ ဒီအိတ်ကို ကျွန်မ သိပ်သဘောကျတယ်၊ ဒါက ကျွန်မ ရသမျှထဲမှာ အကောင်းဆုံး လက်ဆောင်ပဲ၊ ကျွန်မ ရှင့်ကို သိပ်ချစ်တာပဲ”
ကျောက်လျန့်ရင်၏ မျက်လုံးများက တောက်ပနေပြီး ကလေးသဖွယ် ပြုံး၍ ပြောလာသည်။
ဧရာမ စပါးအုံးမြွေကြီး၏ အရေခွံနှင့် ပြုလုပ်ထားသည့်အိတ်အား သူမကို လက်ဆောင်ပေးမည်ဖြစ်ကြောင်း သူမ သိထားသော်လည်း ဤအိတ်က မျက်မှောက်ခေတ်ကို အကြီးအကျယ် ပြောင်းလဲစေမည့် သင်္ကေတ ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားမိပေ။
သူမ အိတ်ကို ရသည်နှင့် ဟူယွဲ့အာနှင့် သူမသည် ဝေ့ပေါ်၌ တစ်ပြိုင်တည်း တင်၍ အိတ်နှင့် ရိုက်ထားသည့် သူမတို့ပုံကို တင်၍ ကြွားကြလေသည်။ ယင်းက ပရိသတ်များထံမှ အားကျသော စိတ်ကို ဖမ်းစားနိုင်ခဲ့ပြီး နှစ်သက်သူပေါင်းများစွာ ရလာခဲ့သည်။
ရဲ့လင်းချန်က နှာခေါင်းပွတ်၍ ငြိမ်နေသည်။ ရှောင်ဖေးဖေး၏ စိတ်ခံစားချက်က တစ်ခုခု မှားနေပြီဖြစ်ကြောင်း သူ ခံစားမိသည်။ သူမက စကားတစ်ခွန်းမှ မပြောသဖြင့် အခြေအနေက အနည်းငယ် ပို၍ အေးစက်လာစေသည်။
ရဲ့လင်းချန် ရှောင်ဖေးဖေးကို ကြည့်လိုက်သောအခါ သူ့ကို ကြည့်နေသည့် အကြည့်နှင့် ဆုံသွားလေသည်။ သူမ အကြည့်၌ မကျေနပ်ချက်တို့နှင့် ပြည့်နှက်နေ၏။
“အစ်မဖေးဖေး၊ ကျွန်တော် အစ်မအတွက်လည်း တစ်လုံး ပြင်ထားပါတယ်၊ အစ်မ မကြာခင် ရလာလိမ့်မယ်လို့ ကျွန်တော် ယုံတယ်”
ရဲ့လင်းချန်က အနေရခက်စွာ ရယ်၍ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ကျိတ်၍ မှတ်ထားမိသည်။ နောက်တစ်ခေါက်၌ သူ ကောင်းသော အရာတစ်ခုခုကို မျှဝေမည်ဆိုပါက သေချာ စဉ်းစားမှ ဖြစ်ပေတော့မည်။ သူ ညီတူမျှတူ ချန်ထားကာ မျက်နှာမလိုက်မိရန် အသေအချာ လုပ်ရပေမည်။