လျင်မြန်စွာ တိုးတက်ခြင်း
Vol. 33 Ch. 489
ဝိုင်ဌာနသည် ရဲ့လင်းချန်၏ ထိန်းချုပ်မှုအောက်၌ အပြည့်အဝ ရှိသည်။ ရှောင်ဖေးဖေးအတွက် တစ်လုံး ချန်ထားရန် သူ့အတွက် အလွန် လွယ်ကူပေသည်။
“ရှင်က ကျွန်မကို အစ်မဖေးဖေးလို့ ခေါ်နေတာပဲ၊ ကျွန်မက ရှင့်ထက် အသက်ကြီးတယ်လို့ ထင်နေတာလား၊ ကျွန်မက အဲ့လောက် အသက်ကြီးနေပြီလား”
ရှောင်ဖေးဖေး၏ မျက်နှာထားက ပိုကောင်းမလာပေ။ ရဲ့လင်းချန် ဆွံ့အသွားရသည်။
အချိန်တော်တော်များများ၌ အမျိုးသမီးများ၏ အတွေးက အတော်လေး ထူးဆန်းပေသည်။ အမျိုးသား တစ်ယောက်အတွက် ပြဿနာ တစ်စုံတစ်ရာ ပေါ်လာပါက ဖြေရှင်းရန်သာ လိုအပ်ပေသည်။ သို့သော် အမျိုးသမီး များက ထိုသို့ မတွေးပေ။ ပြဿနာတစ်ခု ပေါ်လာပါက သူမတို့က အခြေအနေကို အလွန်အကျွံ လေ့လာ သုံးသပ်ပြီး မရေတွက်နိုင်သော ပြဿနာများကို ဖော်လေတော့သည်။ ကိစ္စ သေးသေးတစ်ခုအတွက်နှင့် သူမတို့ ရုတ်တရက် ထငိုနိုင်ကြသည်။
ရှောင်ဖေးဖေးက ထိုသို့သော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရမှန်း သိသာပေသည်။ အစက သူမကိုယ်သူမ ယုံကြည်ချက် ရှိခဲ့ပြီး အနည်းဆုံး ကျောက်လျန့်ရင်ကိုတော့ သူမ မရှုံးလောက်ဟု ခံစားမိခဲ့သည်။ သို့သော် သူမ ရုတ်တရက် ပြဿနာ တစ်ခုကို သတိပြုမိခဲ့သည်။ ယင်းမှာ သူမက ကျောက်လျန့်ရင်ထက် ပိုအသက်ကြီးပြီး သူမကဲ့သို့ ငယ်ရွယ်နုပျိုခြင်း မရှိပါ။ ထိုပြဿနာက သူမစိတ်ထဲ၌ အတိုင်းအဆမဲ့ ပျံ့နှံ့လာပြီး သူမအား ပို၍ စိုးရိမ်ပူပန်လာစေသည်။
“အင်း … ဖေးဖေး”
ရဲ့လင်းချန်သည် ကိုယ့်ကိုယ်ကိုယ် ဖိအားပေး၍ သူမကို သူ ခေါ်သော အခေါ်အဝေါ်အား ပြောင်းလိုက်ရသည်။
ဤသို့သော အခြေအနေ၌ “မင်းက အသက်ကြီးပုံ မပေါ်ပါဘူး” ၊ “မင်းက လှပါတယ်” ဟူသော စကားများက အသုံးမဝင်ပါ။ အပြုအမူဖြင့် ချက်ချင်း ဖော်ပြသည်က အကောင်းဆုံးပင်။
ထင်ထားသည့်အတိုင်းပင် ရဲ့လင်းချန်၏ အခေါ်အဝေါ်ကို ကြားပြီးနောက် ရှောင်ဖေးဖေးက ပြုံးလာသည်။ သူမက နူးညံ့စွာ ပြုံး၍ ပြန်ပြောလိုက်သည်။
“ကျွန်မ တစ်စုံစာလည်း လိုချင်တယ်ဆိုတာကို ရှင် မမေ့နဲ့ဦးနော်’
“စိတ်မပူပါနဲ့၊ ငါ မင်းအတွက် တစ်စုံစာ ကြိုပြင်ထားပြိးသားပါ၊ ငါ အလျင်စလို လာခဲ့ရတော့ ယူလာဖို့ မေ့သွားတာပါ”
ရဲ့လင်းချန်၏ စကားက ရှောင်ဖေးဖေးကို ပို၍ ပျော်ရွှင်သွားစေသည်။
အားလုံး အဆင်ပြေသွားပြီးနောက် သူတို့သည် အိမ်မပြန်ခင် ညစာစားရန် ထွက်လာကြသည်။
တစ်ဖက်တွင်မူ ချန်ချီချီတို့ အဖွဲ့သည့် အွန်လိုင်းပေါ်မှ စကားများကို ကြည့်ပြီး စကားစစ်ပွဲ၌ ဝင်မပါဘဲ မနေနိုင် ဖြစ်ကာ တရုတ်လူမျိုးဘက်မှ အားကုန် ဝင်အားဖြည့်လေသည်။
…
“ကင်မရာနှစ် ရှေ့ကို ဖြည်းဖြည်းချင်း တိုးလာ”
“လုရှောင်ပု၊ ငါ မင်းကို ခုနက ပြောခဲ့တဲ့အတိုင်း ထပ်လုပ်”
“နောက်ပိုင်းအဖွဲ့က ဒီမှာ တစ်ကိုယ်တော် စကား ထည့်လိုက်၊ ချရေးထားလိုက်”
ထို့နောက် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ရိုက်ကူးရေး လုပ်ငန်းစဉ်သည် ရဲ့လင်းချန်၏ ထိန်းချုပ်အောက်သို့ အပြည့်အဝ ရောက်သွားလေသည်။
ဤရုပ်သံဇာတ်လမ်းတွဲက ဘဝသရုပ်ဖော် ဟာသဇာတ်လမ်းပုံစံ ဖြစ်သည်။ ရိုးရှင်းပုံ ပေါက်သော်လည်း အခက်အခဲက ရိုက်ကူးရေး အကြီးများနှင့် ယှဉ်နိုင်ပေသည်။
ဘဝသရုပ်ဖော် ဇာတ်လမ်းတွဲများက လက်တွေ့နှင့် အမြဲ ဆက်စပ်နေရန် လိုအပ်ပေသည်။ လူတို့၏ ဘဝပုံစံကသာ တိုးတက် ပြောင်းလဲသွားသဖြင့် ဇာတ်လမ်း၏ အတိုင်းအတာကို အကန့်အသတ် ဖြစ်သွားစေသည်။ စီမံခန့်ခွဲမှု မကောင်းလျင် အလွန် ပျင်းစရာ ကောင်းသွားပြီး ဇာတ်လမ်းအား ဆွဲချသွားပေမည်။ တကယ်တမ်းတွင် ဤသို့သော် ဇာတ်လမ်းတွဲမျိုးသည် ဈေးကွက်တွင်း၌ အထင်သေး ခံရသည်။ ၎င်းသည် ထုတ်လုပ်ရန် ခက်ခဲလွန်းပြီး ကျရှုံးရန် လွယ်ကူလွန်းသည်။ ထို့ကြောင့်ပင် လျိုလျန် ရုပ်သံက သူတို့ စာချုပ်ကို ချိုးဖော်၍ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ထုတ်လွှင့်ချိန်ကို ပြောင်းလဲခြင်း ဖြစ်သည်။
လက်ရှိတွင် ဟာသသည် စိန်ခေါ်မှု များသည်။ ယင်းသည် ရယ်ရရန် လိုအပ်ပြီး သို့မဟုတ်ပါက မုချ ကျဆုံးပေ လိမ့်မည်။
ဟာသကားက အဘယ်နည်း။ ၎င်းသည် အမှန်တကယ် ရယ်ရရန် လိုအပ်ပြီး လက်တွေ့နှင့် အလွန် နီးစပ်နေရပေမည်။
ခေတ်သစ် ဟာသကား အများစုသည် အတင်း ရယ်ရရန် ဖန်တီးထားပြီး မရယ်ရယ်အောင် လုပ်ကြသည်။ ၎င်းသည် အခြားသူများအား ပျော်စေရန် တစ်စုံတစ်ယောက်အား အတင်း ကလိထိုးနေသလိုပင်။ ယင်းက လုံးဝ အဓိပ္ပာယ်မဲ့ပြီး ပရိသတ်အား အနေရခက်စေသည်။
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ပန်းတိုင်က သဘာဝအတိုင်း ဖြစ်အောင် ပြုလုပ်ရန် ဖြစ်သည်။ ဇာတ်လမ်းက ဘဝတွင်းမှ ကျပန်း ရယ်စရာ ဇာတ်လမ်းများကို စုစည်းထားခြင်း ဖြစ်ပြီး ကြည့်ရှုသူများအား သတိမထားမိခင်မှာပင် ရယ်လာစေရန် ဖြစ်သည်။
ပထမအတွဲက သိပ်မရှည်ပါ။ အပိုင်းက နှစ်ဆယ်သာ ပါရှိသည်။ ရိုက်ကူးရေးက ပြီးခါနီးလာသည်။ ထိုစဉ် ချန်ချီချီက မီးသတ်ဘူးကို ကြော်ငြာနေ၏။
“ပတ်ဝန်းကျင် တိုက်ခန်းတွဲ အဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌအနေနဲ့ ကျွန်မက ဥပမာထားပြီး ဦးဆောင်ရတာပေါ့”
“ဥပမာထားပြီး ဦးဆောင်မယ် ဟုတ်လား၊ ရှင့်ဘာသာရှင် အရင် မီးရှို့လိုက်ပါလား၊ ရှင့်ကိုယ်ရှင် သုံးစက္ကန့်အတွင်း ဘယ်လို ကယ်မလဲ ကျွန်မ ကြည့်ချင်လို့”
ဟူရီဖေးက စိတ်ပျက်ဟန်ဖြင့် အကြည့်လွှဲ၍ ပြောလိုက်သည်။
…
“ဒါဆို ငါ နည်းနည်း ပိုဝယ်မယ်၊ ငါ့လုပ်ဖော်ကိုင်ဖက်တွေကို ပေးလို့ ရတာပေါ့”
လင်းဝမ်ယွီက ချန်ချီချီ၏ စကားကို နားဝင်သွားသည်။ သူမက ပြုံး၍ ပိုက်ဆံအိတ်ကို ထုတ်ကာ ပေးရန် အသင့်ပြင်လိုက်သည်။
“တစ်ဘူးကို ဘယ်လောက်လဲ”
“၃၈၀ ယွမ်”
လင်းဝမ်ယွီက သူမပိုက်ဆံကို တိတတဆိတ် ပြန်ပိတ်၍ အနေရခက်သော်လည်း လေးစားမှုရှိသော အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။
“ရှင်က ဒုဥက္ကဋ္ဌဆိုတဲ့ နေရာနဲ့ လိုက်တယ်လို့ ကျွန်မ ထင်တယ်”
“ကဒ်”
ရဲ့လင်းချန်က အော်လန်ဖြင့် ပြောလိုက်သည်။
“ဒီအခန်းမှာ မင်းအပြုံးက နည်းနည်း လုပ်ယူထားတယ်၊ မင်းတို့က အခန်းဖော်တွေ ဆိုတာကို သတိရဦး၊ မင်းတို့ စကားဝိုင်းက သဘာဝကျနေဖို့ လိုတယ်၊ ဇာတ်ညွှန်းကို အလွတ်ကျက်တာပဲ မလုပ်နဲ့၊ အလယ်မှာ ချန်ချီချီရဲ့ စကားကလည်း နည်းနည်း ပြဿနာရှိတယ်၊ မင်းရဲ့ အပြုံးက မခိုးမခန့် ဖြစ်သင့်တယ်”
ရဲ့လင်းချန်က ရှင်းပြသည်။
“တိုးတက်ဖို့ လိုတဲ့ အခန်းတွေကို ပြန်ရိုက်ကြတာပေါ့”
ရဲ့လင်းချန်၏ ညွှန်ကြားမှုအောက်၌ ရိုက်ကူးရေးက လျင်မြန်စွာ တိုးတက်လာသည်။
အခန်းအများစုအား တစ်ခါ သို့မဟုတ် နှစ်ခါသာ ရိုက်ရန် လိုအပ်ပေသည်။ လက်ရှိ အပိုင်းများကို မူလက နောက်ထပ် နှစ်ရက်အကြာမှ အပြီးသတ်ရန် အချိန်ဇယား ဆွဲထားခဲ့သော်လည်း သူတို့သည် ပို၍ တိုးတက် လာအောင် လုပ်နိုင်ခဲ့သည်။ မနက် ဆယ်နာရီမှ နေ့လယ် ၃နာရီအတွင်းနှင့် သူတို့ ရိုက်ကူးရေးကို အပြီးသတ် နိုင်ခဲ့သည်။ ရလဒ်ကလည်း အတော်လေး ကောင်းပေသည်။
သူတို့ တစ်နေ့တာ အပိုအားလပ်ချိန် ရသွားလေသည်။ သူတို့၏ အားထုတ်မှုက ကြောက်စရာ ကောင်းလှသည်။
အားလုံးက ရဲ့လင်းချန် ဦးဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူက အမိန့်များ ပေးခဲ့ပြီး အခြားသူများက သူ့ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရန်သာ လိုအပ်ပြီး ကြားထဲ၌ အချိန်ဖြုန်းခြင်း မရှိခဲ့ပေ။
အချိန်အတော်တော်များများ၌ ဌာနများက ရှုပ်ထွေးနေလျင် အချင်းချင်း ပဋိပက္ခ ဖြစ်နိုင်ပြီး လုပ်ငန်းစဉ်အား နှောင့်နှေးနိုင်စေသည်။ ဌာနများစွာ ရှိရသည့် အကြောင်းရင်းမှာ အခြားတစ်ခုစီ၏ အားနည်းချက်ကို ကူကာပေးရန် ဖြစ်သည်။ ထို့ကြောင့် ယင်းက အခြေအနေအများစု၌ လုပ်ငန်းအား နှောင့်နှေးစေသည်။ သို့ရာတွင် ရဲ့လင်းချန် ရှိနေလျင် ယင်းက ပြဿနာ မဟုတ်ပေ။
ခေါင်းဆောင်သူ၏ လုပ်နိုင်စွမ်းကလည်း ပြဿနာ ဖြစ်နိုင်သည်။
များသောအားဖြင့် ခေါင်းဆောင်သူသည် ဆုံးဖြတ်ချက် ချရာ၌ အဓိက ကဏ္ဍ၌ ပါဝင်လေသည်။
ဥပမာ ပေးရလျင် ပြဿနာ တစ်ခုရှင့် ရင်ဆိုင်ရချိန်တွင် ခေါင်းဆောင်က ပြဿနာကို ခံစားမိသော်လည်း ပြဿနာ အရင်းအမြစ်ကို မထုတ်ဖော်နိုင်ပေ။ ထို့ကြောင့် အဖြေကို အကြုံမပြုနိုင်ချေ။ သူက ရလဒ်ကို မကျေနပ်မချင်း အခြားသူများအား ပြုပြင်ခိုင်းပေလိမ့်မည်။ ထိုသို့ဆိုလျင် အခြားသူများသည် မတတ်သာဘဲ လုပ်ငန်းအား နှေးကွေးအောင် လုပ်မိပေမည်။
ရဲ့လင်းချန်က မတူပါ။ သူသည် အခြားသူများအား အားနည်ချက်များကို အတိအကျ ပြောနိုင်ပြီး အဖြေကို ပေးနိုင်သည်။ ဥပမာအားဖြင့် မပီပြင်သော အကြည့်၊ ပုံမှန်မကကျသော လမ်းလျှောက်ဟန် စသည်တို့ကို ချက်ချင်း ပြင်ခိုင်းသည်။ ယင်းက သူတို့ကို အတော်လေး အချိန် သက်သာစေ၏။
ရိုက်ကူးပြီးနောက် ရဲ့လင်းချန်က သူတို့ကို မရပ်ခိုင်းဘဲ နောက်တစ်ခန်းကို ဆက်၍ ရိုက်စေသည်။ လူတိုင်းသည် ၎င်းနှင့် အသားကျနေသဖြင့် ဆက်၍ အလုပ်လုပ်ကြသည်။
“လုရှောင်ပု၊ ဝမ်ယွီ ဒီကို လာဦး”
ရဲ့လင်းချန်က သူတို့ကို လှမ်းခေါ်သည်။ သူသည် ယခင်အခန်းများကို စစ်ဆေးရင်း ရိုက်ကူးရေး လုပ်ငန်းစဉ်အား ကြည့်နေသည်။ အခန်း တော်တော်များများကို သူ မကြိုက်သဖြင့် ပြန်ရိုက်ရသည်။
လက်ရှိတွင် သူက ကြိုတင်၍ ပြင်ဆင်နေ၏။
သရုပ်ဆောင်၏ သရုပ်ဆောင်စွမ်းရည်များကို ပြုပြင်မှသာ လုပ်ငန်းက တိုးတက်လာပေမည်။
ရဲ့လင်းချန်၏ ရှင်းပြချက်က အလွန် အသေးစိတ်သည်။ သူသည် ဘာကိုမှ လျှို့ဝှက်ချင်စိတ် မရှိပါ။
ဘယ်လို သရုပ်ဆောင်ရမလဲ၊ ဘာလို့ ထိုသို့ လှုပ်ရှားရသလဲ၊ အကြည့်က ဘယ်လို ဖြစ်သင့်လဲ။ သို့မှသာ သူတို့ ဇာတ်လမ်းထဲ ပိုဈာန်ဝင်ပြီး ပို၍ သဘောဝကျအောင် လုပ်နိုင်ပေမည်။
တကယ်တမ်းတွင် သူ၏ ဦးဆောင်မှုအောက်၌ အားလုံး၏ သရုပ်ဆောင်စွမ်းရည်က အတော်လေး တိုးတက်လာသည်။ ရုပ်သံဇာတ်လမ်းတွဲ၏ အကောင်းဆုံး မင်းသမီး ရှောင်ဖေးဖေးတောင်မှ ရဲ့လင်းချန်အနား၌ နေရုံနှင့်တင် အတော်လေး သင်ယူလိုက်ရသလို ခံစားလိုက်ရသည်။
ယင်းက တစ်ချက်ကြည့်ရုံနှင့်တင် ခွဲခြားနိုင်သော သရုပ်ဆောင် အမျိုးအစားပင်။ လူတိုင်းက ပို၍ ပွင့်လင်းစွာ ပြုမူလာပြီး သူတို့၏ အမူအရာက ပိုသဘာဝ ကျလာသည်။ သူတို့၏ စကားပြောဟန်နှင့် သရုပ်ဆောင်ဟန်က ပို၍ ဈာန်ဝင်လာပြီး မျက်နှာတွင် ခံစားချက်များကို ချောမွေ့စွာ ဖော်ပြလာနိုင်သည်။