နတ်ဘုရားကဲ့သို့သော သရုပ်ဆောင်စွမ်းရည်
Vol. 33 Ch. 490
“သရုပ်ဆောင်တယ်ဆိုတာ ဘာလဲ၊ ရှင်းရှင်းပြောရရင် အဲ့ဒါက လှည့်စားခြင်း တစ်မျိုးပဲ”
ရဲ့လင်းချန်က ခုံကိုမှီ၍ တည်ငြိမ်စွာ ပြောသည်။
“သနားစရာကောင်းအောင် သရုပ်ဆောင်တာ၊ ကံဆိုးသလို ဟန်ဆောင်တာ၊ ဟန်ဆောင်ပြီး မျက်ရည်ကျပြတာ၊ အဲ့ဒါတွေအားလုံးက သရုပ်ဆောင်တာပဲ၊ အခြေအနေနဲ့ နည်းလမ်းကို စိတ်ထဲ ထည့်မနေနဲ့၊ အခြားသူတွေကို လှည့်စားနိုင်ပြီး ကြည့်ရှုသူတွေက မင်းတို့ကို သနားလာသရွေ့ အဲ့သရုပ်ဆောင်တာ အောင်မြင်တယ်”
“အရေးအကြီးဆုံး အချက်က သရုပ်ဆောင်တာကို အဲ့ဒါ တစ်ခုတည်းနဲ့ ပြောလို့ မရဘူး၊ အဲ့ဒါက အခြေအနေပေါ်မှာ မူတည်တယ်၊ အခြေအနေက ရယ်ရမှာဆိုပင်မယ့် မင်းက ငိုနေတယ်၊ အဲ့ဒါဆိုရင် မင်း သရုပ်ဆောင်တာ ဘယ်လောက် ကောင်းကောင်း၊ အခြားသူတွေက ဘာမှ ခံစားမိမှာ မဟုတ်ဘူး၊ သရုပ်ဆောင်တာက ဇာတ်ညွှန်းကို အာရုံစိုက်ပြီး လုပ်သင့်တယ်၊ သရုပ်ဆောင်ဖြစ်ဖြစ် သရုပ်ဆောင်ခြင်းဖြစ်ဖြစ် အားလုံးက ဇာတ်ညွှန်းကို အသုံးချရတာပဲ၊ မင်း ဇာတ်လမ်းရဲ့ ဦးတည်ရာကို နားလည်မှဖြစ်ရမယ်၊ မင်း အဲ့ဒါကို ဆန့်ကျင်မယ်ဆိုရင် အားလုံးက ဆိုးရွားသွားလိမ့်မယ်”
ရဲ့လင်းချန်က အတွေးနက်နေပုံရသော လုရှောင်ပုနှင့် လင်းဝမ်ယွီကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်လေသည်။
“မင်းတို့နှစ်ယောက်လုံး ဒုတိယအသင်းဆီသွားပြီး ဒီအခန်းကို ပြန်ပြင်ကြ”
ယခုတစ်ခေါက်သည် ပထမတစ်ခုနှင့် ယှဉ်လျင် အတော်လေး တိုးတက်လာသည်။
ထို့နောက် ရဲ့လင်းချန်သည် ချန်ချီချီနှင့် ဟူရီဖေးကို ဆက်၍ ခေါ်လိုက်သည်။ သူတို့ကို သူ သုံးသပ်ပြပြီး ရှင်းပြကာ အခန်းကို ပြန်ရိုက်စေသည်။
ကြည့်ရှုသူများအတွက် ရုပ်ရှင် ရိုက်ခြင်းက ရိုးရှင်းသည်ဟု ထင်ရပြီး ဇာတ်ညွှန်းအတိုင်း လိုက်လုပ်ရန်သာ လိုအပ်သည်ဟု ထင်ရပေသည်။
သို့သော် လက်တွေ့တွင် ထိုသို လုံးဝ မဟုတ်ပေ။ အန္တရာယ်များသော အခန်းများ ဖယ်ထားလျင်တောင်မှ အခန်းတစ်ခန်းကို တစ်ခါ၊ နှစ်ခါမျှနှင့် ရိုက်ပြီးသွားလျင် ကံကောင်းပြီဟု ဆိုရပေမည်။ သို့သော် တကယ့် ဒုက္ခအစစ်မှာ အခန်းတစ်ခန်း၌ ကိုက်ညီသော ခံစားချက်များ မပေါ်ဘဲ တန့်နေချိန်ပင်။
ထိုအခန်းကို တူညီသော စကားများ ထပ်လဲလဲပြော၍ ရိုက်ကူးရခြင်းက ပျင်းရိထိုင်းမှိုင်းစေသည်။ ယင်းက လူတစ်ယောက်အား ရူးသွားလောက်စေ၏။
ယနေ့ ရိုက်ကူးရေးက ချောမွေ့နေသည်။ လုပ်ငန်းစဉ်က ရဲ့လင်းချန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီး သူတို့သည် သူတို့၏ တာဝန်များကို လျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ အခြားသူများသည်လည်း ရဲ့လင်းချန်၏ ညွှန်ကြားမှု အောက်၌ သူတို့၏ သရုပ်ဆောင် အရည်အချင်းများ တိုးတက်လာသည်ကို မြင်နေရသည်။
သို့သော် ရိုက်ကူးရေး ပြီးခါနီး၌ သူတို့ အဟန့်အတားတစ်ချို့နှင့် ကြုံရလေသည်။
သူတို့သည် ရိုက်ကူးရေး တစ်ခု၌ တန့်နေသည်။ ထိုအခန်းမှာ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ သရုပ်ဆောင်များ အားလုံး သူတို့၏ တိုက်ခန်းအောက်မှ ဘားတွင် စုဝေးပြီး စကားစမြည် ပြောကြသည့် အခန်း ဖြစ်သည်။
ထိုအခန်းသည် လုံးဝ မရှုပ်ထွေးပါ။ ၎င်းသည် ယခင်အခန်းများ ဖြစ်သည်။ သို့သော် ရဲ့လင်းချန်က ပြန်ကြည့်သောအခါ ထိုအခန်းကို ပြန်ရိုက်ခိုင်းသဖြင့် အချိန်ကြာသွားသည်။
ယခုတစ်ခေါက်တွင် ရဲ့လင်းချန်က သူတို့ ပြဿနာများကို ထုတ်မပြောချေ။ သူက သူတို့ကို ထပ်ခါထပ်ခါ ရပ်ခိုင်းပြီး ပြန်ပြန် ရိုက်စေသည်။
စကားစမြည် ပြောသော အခန်းလေးအား အကြိမ်နှစ်ဆယ်ကျော် ရိုက်လိုက်ရသည်။ ဟူရီဖေးနှင့် အခြားသူများသည် စကားပြောရလွန်း၍ အာခြောက်သကဲ့သို့ ခံစားနေရသော်လည်း ရိုက်၍ မပြီးသေးချေ။
အကြိမ်နှစ်ဆယ်ကျော် ပိုလုပ်ရသည့် ဘယ်အရာမဆိုသည် နှိပ်စက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမှာပင်။ ထို့အပြင် သရုပ်ဆောင်ခြင်းသည် ရိုးရှင်းသော အလုပ်မဟုတ်သဖြင့် သူတို့၏ မျက်နှာတွင် ပင်ပန်းသည့် လက္ခဏာများ ပေါ်လာသည်။
ထိုအခါမှသာ ရဲ့လင်းချန် ထလာပြီး အနားသို့ လျှောက်လာသည်။
“သခင်လေးရဲ့၊ နောက်ဆုံးတော့ ရှင် ရောက်လာပြီပဲ”
ဝမ်ယွီက သူ့အား အားအင်မရှိစွာ ကြည့်လာပြီး သူမပုံစံက အပြစ်လုပ်ထားမိသည့် ကလေးတစ်ယောက်နှင့် တူနေ၏။ သူမ ကြံရာမရ ဖြစ်နေသည့်ပုံပင်။
တစ်ဖက်တွင်မူ ဟူရီဖေးက လျှာလေးထုတ်၍ ငြိမ်နေသည်။
“မင်းတို့အားလုံးလည်း ခံစားမိတယ် မဟုတ်လား၊ ဒီစကားစမြည် ပြောနေတာက အရမ်း နေရခက်နေပြီးတော့ ဟန်လုပ် ပြုံးဖို့တောင် ခက်နေတယ်လို့ မထင်ဘူးလား”
ရဲ့လင်းချန်က အေးအေးလူလ မေးလိုက်သည်။
“အာ … ဟုတ်တယ်၊ နည်းနည်းပေါ့”
ဟူရီဖေး ခေါင်းညိတ်လိုက်သည်။ သူမသည် မိန်ကျားက လျှို့ဝှက်ချက်တစ်ခု မျှဝေလာသည်ကို နားထောင်ရမည် ဖြစ်သည်။ သို့သော် ဇာတ်ညွှန်းကို သိထားသဖြင့် သူမက လျှို့ဝှက်ချက်က ဘာလဲ သိနေ၏။ သင့်လျော်သော အမူအရာတစ်ခု ဖန်တီးရန် တကယ် အခက်တွေ့နေ၏။
“သခင်လေးရဲ့ ပြုံးရလွန်းလို့ ကျွန်တော့်မျက်နှာ တောင့်နေပြီ”
လုရှောင်ပုက သူ့ပါးကို ပွတ်၍ ညည်းညူလိုက်သည်။
“မင်း ဘာသင်ယူလိုက်ရလဲ”
လုရှောင်ပုက တစ်ခဏမျှ စဉ်းစားလေသည်။
“ပင်ပန်းတာကိုရော ထည့်တွက်လို့ရလား”
ရဲ့လင်းချန်က ခေါင်းခါ၍ ညင်သာစွာ ပြောလိုက်သည်။
“ခုနက အခန်းမှာ မင်းတို့ အပြုံး ခြောက်မျိုး လုပ်ဖို့ လိုအပ်တယ်”
“အပြုံးခြောက်မျိုး ဟုတ်လား”
လူတိုင်း အံ့ဩသွားသည်။
*အဲ့လောက် အပြုံးအမျိုးအစား အများကြီး ရှိလို့လား*
“ဟုတ်တယ်၊ ဒါပေမဲ့ အစကနေ အဆုံးအထိ မင်းတို့ အပြုံးတစ်မျိုးတည်းကိုပဲ ပြခဲ့တယ်၊ အဲ့ဒါက အဲ့တစ်ခန်းလုံးကို အရမ်း တောင့်သွားစေပြီးတော့ အတင်း လုပ်ယူနေရသလို ဖြစ်သွားစေတယ်”
သူ တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောသည်။
“ဥပမာ ပြောရရင်၊ မိန်ကျားနဲ့ ဟူရီဖေးက အတင်း ပြောနေတာ၊ ပြောတဲ့လူက ထူးဆန်းတဲ့ အပြုံးမျိုး ပြနေသင့် ပြီးတော့ နားထောင်တဲ့သူက မျှော်လင့်ချက်တွေ ပြည့်နေတဲ့ အပြုံးမျိုး ဖော်ပြသင့်တာ၊ သူ့လျှို့ဝှက်ချက်ကို ကြားတာနဲ့ အံ့ဩတဲ့ အပြုံးမျိုးကို ပြောင်းသွားသင့်တာ”
ဥပမာကို ကြားရသောအခါ လူတိုင်း နားလည်ပြီး ခေါင်းညိတ်လာသည်။ သို့သော် သူတို့၏ မျက်နှာတွင် မျက်မှောင်ကြုတ်နေသည့် အမူအရာက ရှိနေဆဲပင်။
*ဒါက အရမ်း ခက်လွန်းတယ်*
၎င်းသည် နားလည်ရန် လွယ်သော်လည်း လုပ်ဆောင်ရန် ခက်ပေသည်။
“ငါ့ကိုကြည့်”
ထိုသို့ပြောပြီးနောက် ရဲ့လင်းချန်၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့မျက်လုံးများက အေးစက်လာပြီး နှုတ်ခမ်းထောင့်က တဖြည်းဖြည်း ကော့တက်လာသည်။
“ဒါက ဘာအပြုံးမျိုးလဲ”
“ဒါက ညစ်ကျယ်ကျယ် ပြုံးတာ”
ဝမ်ယွီက ပခုံးတွန့်၍ ပြောသည်။ အစောပိုင်းက အပြုံးကြောင့် သူမ ရင်တုန်သွားပြီး ရဲ့လင်းချန်က သူမကို မကောင်းတာ တစ်ခုခုလုပ်ရန် ကြိုးစားနေသည်ဟု ခံစားမိသွားရသည်။
“အခု အနားတိုးလာခဲ့၊ ငါ မင်းကို စိတ်ဝင်စားစရာကောင်းတာ တစ်ခု ပြောမလို့”
ရဲ့လင်းချန်၏ အပြုံးက ပြောင်းလဲသွားပြီး လင်းဝမ်ယွီအား လက်ကိုကွေး၍ လှမ်းခေါ်သည်။
ထိုအခါ လင်းဝမ်ယွီ၏ ခန္ဓာကိုယ်က အလိုလို ကိုယ်ကို ကိုင်းလုနီးပါး ဖြစ်သွားရသည်။
“ဒါက ထူးဆန်းတဲ့အပြုံးပဲ”
မိန်ကျားက ပြောသည်။
“ဝိုး အံ့ဩဖို့ ကောင်းလိုက်တာ”
“အခုကရော”
“အဲ့ဒါက အနေရခက်တဲ့ အပြုံး”
“ဒါကရော”
“ဝမ်းနည်းပြီး ခါးသီးတဲ့အပြုံး”
…
ရဲ့လင်းချန်၏ အပြုံးက ဆက်တိုက် ပြောင်းလဲနေသည်။ အစက လူတိုင်း သိချင်စိတ်ဖြစ်ပြီး စိတ်လှုပ်ရှားခဲ့သည်။ သို့သော် အချိန်ကြာလာသောအခါ သူတို့ အံ့ဩလာရသည်။
ယင်းက အလွန် ကြောက်စရာ ကောင်းလှသည်။ သူသည် မျက်နှာတစ်ခုတည်းနှင့် လူတစ်ယောက်တည်း ဖြစ်သော်လည်း ဘယ်လိုလုပ် သူ့အပြုံးက မတူညီသော ပုံစံများ ပေါ်နေရသနည်း။ သူ ဘယ်လို လုပ်လိုက်သလဲ။ ၎င်းက အလွန် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
“လင်းချန် ရှင်က အံ့ဩဖို့ ကောင်းလွန်းတယ်”
ရှောင်ဖေးဖေး ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိပြီး ရဲ့လင်းချန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လေသည်။ သရုပ်ဆောင်တိုင်းတွင် ကိုယ်ပိုင် သရုပ်ဆောင် အရည်အချင်းများ ရှိလျင် အဆိုးဆုံး ရုပ်ရှင်တောင်မှ သရုပ်ဆောင်ခြင်း တစ်ခုတည်းနှင့်တင် အမြင်လှပေလိမ့်မည်။
သရုပ်ဆောင်များသာမက ရိုက်ကူးရေး အဖွဲ့သားများလည်း ပါးစပ် အဟောင်းသားနှင့် အံ့ဩနေကြသည်။ သူ၏ အမူအရာ ပြောင်းလဲသွားသည့်နှုန်းက မြန်လွန်းလှသည်။
“ဒါကို မြင်ပြီးတော့ ဘယ်နေရာမှာ ပြဿနာ ရှိနေတာလဲ သိပြီလား”
ရဲ့လင်းချန်က ရုတ်တရက် ကောက်မေးလာသည်။ သူတို့အားလုံး မှင်တက်သွားသည်။ တစ်ခဏမျှ တိတ်နေပြီးမှ ဟူရီဖေးက ပြောလာသည်။
“မျက်လုံးပဲ၊ ရှင့်အကြည့်က မတူဘူး”
ရဲ့လင်းချန်က ခေါင်းခါသည်။
“မျက်လုံးတင် မဟုတ်ဘူး၊ စိတ်ဝိညာဉ်လည်း ပါတယ်”
“ကျွန်မ နားလည်တယ်၊ မျက်လုံးတွေက လူတစ်ယောက်ရဲ့ စိတ်တံခါးပေါက်ပဲ၊ လင်းချန်က ငါတို့ကို ငါတို့ စိတ်နဲ့ ခံစားမိဖို့ ပြောချင်တာ၊ ဒီလိုအခြေအနေမျိုးမှာ စိတ်နှစ်ဖို့ လိုတယ်၊ ပြီးရင် အဲ့ဒါကို အကြည့်နဲ့ ဖော်ပြရမယ်၊ ကိုယ့်ခံစားချက်က ပေါ်နေသရွေ့ ပြုံးနေတာ ဒါမှမဟုတ် ငိုနေတာဖြစ်ဖြစ် မတူညီတဲ့ ခံစားချက်ကို ဖန်တီးနိုင်လိမ့်မယ်”
ရှောင်ဖေးဖေးက လွယ်ကူစွာ နားလည်သွားသည်။ သူမတွင် အလွန် ကောင်းမွန်သော အခြေခံရှိသည် မဟုတ်ပါ တကား။
“ဟုတ်တယ်၊ ဒါကို အတွင်းစိတ်လို့ ခေါ်တယ်”
ရဲ့လင်းချန်က ခေါင်းညိတ်သည်။
“ဘာအပိုစကားနဲ့ လှုပ်ရှားမှုတွေ မလိုဘူး၊ ကြည့်တဲ့သူတွေကို မင်းရဲ့ ရည်ရွယ်ချက်ကို နားလည်စေပြီး မင်းကို သနားအောင် လုပ်၊ ဒါမှ သူတို့ ဇာတ်လမ်းထဲ ပိုနစ်မျောလာမှာ၊ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ဆို မင်းက ဇာတ်ကောင်ထဲ စီးမျောဖို့ လိုတယ်၊ အဲ့ဒါအပြင် လှည့်ကွက်လေးတွေလည်း ရှိတယ်၊ ဥပမာ မျက်လုံးနဲ့ ပါးစပ်နားက ကြွက်သားတွေကို ထိန်းညှိနိုင်ရင် ကိုယ့်အမူအရာနဲ့ အပြုံးကို ဖော်ပြနိုင်မယ်”
ရဲ့လင်းချန်က ဖြည်းဖြည်းချင်း ရှင်းပြသည်။ သူ ရှင်းပြလာသည်နှင့် အကြောင်းအရာက ပိုနက်ရှိုင်းလာသည်။ သူ ပြောသော ပညာက ပိုမြင့်လာပြီး သူတို့ကို အတော်လေး အကျိုးရှိလာစေသည်။ သူတို့အားလုံးသည် စမ်းသပ်ရန် စိတ်မရှည်နိုင် ဖြစ်လာကြသည်။ အစောပိုင်းက ပင်ပန်းနွမ်းလျမှုများ လွင့်ပြယ်ကုန်၏။