သူက ကောင်းကင်ဘုံကို တက်နိုင်လို့လား
Vol. 33 Ch. 494
ထိုအခိုက်တွင် ကြည့်ရှုသူများစွာက သူတို့၏ တီဗွီရှေ့၌ စောင့်ဆိုင်းနေကြလေသည်။
သူတို့ အများစုမှာ သရုပ်ဆောင်ဝိုင်နှင့် ရှောင်ဖေးဖေး၏ ပရိသတ်များဖြစ်ပြီး ဇာတ်လမ်းတွဲနှင့် ပတ်သက်၍ သိချင်နေကြသည်။ အခြားလူတစ်စုမှာ ဇာတ်လမ်းကို ကြည့်ရန် မဟုတ်ဘဲ ပြစ်တင်ဝေဖန်ရန်အတွက် ၎င်း၏ ဟာကွက်များကို ရှာဖွေရန် ဖြစ်သည်။
သူတို့အပြင် အခြား ရုပ်သံလိုင်းအများစုကလည်း အာရုံစိုက်နေကြလေသည်။
နှစ်သစ်ကူး၏ ရုပ်သံပြသချိန်က အကောင်းဆုံးပင်။ လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေပြီး နှိုင်းယှဉ်ရန် ပြင်ဆင်နေကြသည်။
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက လက်ခံသူမရှိသော်လည်း အတော်လေး စိတ်ဝင်စားခြင်း ခံရသည်။ လူတော်တော်များများသည် ၎င်းက ဘယ်လောက် ဆိုးနိုင်မလဲ သိချင်နေ၏။
“စနေပြီ”
“အား … ငါ ဒေါသထွက်လိုက်တာ၊ သူတို့အားလုံးက တစ်ပြိုင်တည်း စနေတာပဲ၊ ငါ အားလုံးကို ကြည့်ချင်တာ”
“ဝါး …. ကိုယ့်အချစ်အတွက်ရဲ့ ဇာတ်လိုက်မင်းသားက တအား ချောတာပဲ၊ ပို့စ်ပေးတာကလည်း ပြီးပြည့်စုံတယ်”
“ငါ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို တစ်ချက် ကြည့်လိုက်ဦးမယ်၊ အဲ့ဒါကို သေမိန့်ကျပြီလို့ ငါ ပြောပြီးတာနဲ့ အခြားဇာတ်လမ်းတွေကို အေးအေးလူလူ ပြန်ကြည့်တော့မယ်”
“ငါတော့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ကြည့်မှာ မဟုတ်ဘူး၊ အဲ့ဒါက သေချာပေါက် ထိုးကျမှာ”
…
ယနေ့ညတွင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ရိုက်ကူးရေး အဖွဲ့ဝင်များထဲမှ ဘယ်သူမှ အိပ်ရာ မဝင်ကြချေ။ သူတို့သည် ပုံမှန်အတိုင်း စုဝေး၍ အဖွဲ့လိုက် ကြည့်နေကြသည်။
“ဟူး … စတော့မယ်”
ချန်ချီချီက ပင့်သက်ရှိုက်လိုက်သည်။
“ငါ့အနုပညာကျောင်း စာမေးပွဲတုန်းကတောင် ဒီလောက် မစိုးရိမ်ဖူးဘူး”
“အဓိပ္ပာယ် မရှိလိုက်တာ၊ ဘယ်လိုလုပ် ဒါနဲ့ ယှဉ်လို့ ရမှာလဲ၊ ဒါက ငါတို့ဘဝရဲ့ အောင်မြင်မှုလေ”
ချန်မိန်ကျားက ပြန်တုံ့ပြန်သည်။
ဇာတ်လမ်း မပြခင်က သူတို့သည် ပုံမှန်အတိုင်း နောက်ပြောင်နေကြပြီး မစိုးရိမ်ပုံ ပေါ်နေသော်လည်း အချိန်တန်သောအခါ သူတို့ စကားပင် မပြောနိုင်ကြပေ။
“ကိုယ့်လူတို့ စိတ်မပူနဲ့၊ ရလဒ်က ဆိုးမှာ မဟုတ်ဘူး”
ရဲ့လင်းချန်က ပြုံး၍ သူတို့ကို တည်ငြိမ်စွာ အားပေးသည်။
“သခင်လေးရဲ့ ပြောတာ မှန်တယ်၊ ငါ့ရွာက လူတွေအားလုံးကို အတူတူ ကြည့်ဖို့ ပြောပြီးပြီ”
အဖွဲ့သားတစ်ယောက်က ပြောလာသည်။
“ငါရောပဲ၊ ငါ့မိန်းမကတောင်မှ သူ့ဘက်က မိသားစုကို အတူတူ ကြည့်ဖို့ အကူအညီတောင်းထားတာ”
“ငါနဲ့မတူဘဲ မင်းမှာ ဇနီးကောင်းလေး ရှိနေတာပဲ၊ ငါက ရလဒ်တွေ ကြေညာတာကို စောင့်ပြီး ငါ့အတွက် ဇနီးတစ်ယောက် ရှာတဲ့နေရာမှာ အဲ့ဒါကို သုံးဖို့ စဉ်းစားနေတာ”
“ကောင်လေး၊ မင်းအတွေးက အရမ်း အန္တရာယ်များတာပဲ၊ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ မင်းက မိန်းမ ရှာနေပြီလား၊ လက်ထပ်ခြင်းက မင်းရဲ့ အချစ်သက်တမ်းအတွက် သင်္ချိုင်းပဲဆိုတာ မသိဘူးလား”
“ဟုတ်တယ်၊ ငါ ပြောတာကို နားထောင်၊ မိန်းမတစ်ယောက် ယူမယ်ဆိုရင် မင်း သေသေချာချာ စဉ်းစားမှရမယ်”
“ရှင်တို့တွေ ဘာဖြစ်နေတာလဲ၊ သူ လက်မထပ်ဘူးဆိုရင် တစ်နေ့လုံး သူ့ကို ပတ်ပြီး ဖွန်ကြောင်ဖို့ မျှော်လင့် နေတာလား”
အမျိုးသမီး အဖွဲ့သားတစ်ချို့ကလည်း ဝင်ပြောလာသည်။
စကားလမ်းကြောင်းက သွေဖယ်လာပြီး ရဲ့လင်းချန် ထိန်းမရတော့ချေ။
ရှန်းကျောင်းရုပ်သံ၌ …
ရုပ်သံဇာတ်လမ်းတွဲ ဌာန၌ ဖြစ်လေသည်။
ရုံးများက သူတို့၏ ဇာတ်လမ်းများကို ဖွင့်ထားပြီး ဝန်ထမ်းများက မနားနိုင်ကြချေ။ နှစ်သစ်ကူး၏ အစီအစဉ် စသည်နျင့် သူတို့ မနားနိုင်ဘဲ စောင့်ကြည့်နေရန် လိုအပ်ပေသည်။
အားလုံးသည် ရှန်းကျောင်းရုပ်သံကို ဖွင့်ထားပြီး ဖန်သားပြင်အား မျက်လုံးများ ကပ်မတတ် ကြည့်၍ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ကြည့်နေကြသည်။
“အဓိက ဇာတ်လမ်း စတော့မယ်”
“နောက်ဆုံးတော့ မိတ်ဆက်စာတွေ ပြီးသွားပြီပဲ”
“ဟူး … ငါတို့ရုပ်သံက ဘာဖြစ်တာလဲ၊ ဘာလို့ ငါတို့က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းလို ဇာတ်လမ်းတွဲမျိုးကို ရွေးရတာလဲ ငါတို့အဆင့်တွေက တိုးတက်ခါစပဲ ရှိသေးတာကို ထပ်ပြီး နာမည်ဆိုးတွင်တော့မှာပဲ”
“ဟုတ်တယ်၊ ဒါပေမဲ့ ဒါက ဒါရိုက်တာကျန်း အကြံပေးထားတာလို့ ငါ ကြားတယ်၊ ဒါက အဆိုတော်ဝိုင်ရဲ့ တောင်းဆိုမှုတဲ့၊ ဒါရိုက်တာကျနန်းရဲ့ လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်းက အဆိုတော်ဝိုင်ကြောင့် နာမည်ကြီး သွားတာလေ၊ အဲ့ဒါကြောင့် သူက ဒီတောင်းဆိုမှုကို လက်ခံပေးတာ”
“ဟူး … ဒီကျေးဇူးကို အပြည့်အဝ ပြန်ပေးဆပ်ပြီးပြီပဲ၊ အဆင့်တွေက အရမ်းမဆိုးဖို့ မျှော်လင့်ရတာပဲ၊ ငါတို့ ရုပ်သံလိုင်းက နဂိုကတည်းက ဆိုးနေတာ”
သူတို့ထဲမှ အချို့က သူတို့၏ အတွေးများကို မျှဝေကြသည်။
သူတို့ ဆွေးနွေးနေစဉ်မှာပင် မိတ်ဆက်သီချင်းက ပြီးသွားလေသည်။
ဇာတ်လမ်းတွဲက ပထမပိုင်းကို စပြလေသည်။ မည်သည့် ထူးခြားသော အချက်အလက်များ မပါဘဲ သာမန် မြို့ပြရှုခင်းသာ ဖြစ်သည်။ ၎င်းသည် ရှေးခေတ်ကားကဲ့သို့ ခမ်းနားမနေသလို စစ်ပွဲဇာတ်လမ်းကဲ့သို့ ကြမ်းတမ်းသော အဖွင့် မဟုတ်ဘဲ ကွန်ပျူတာ အထူးပြုလုပ်ချက် ရှုခင်းများ နည်းပေသည်. ၎င်းသည် အလွန် ရိုးရှင်းလှသည့် အဖွင့်ပင်တည်း။
၎င်းသည် မြို့ပြလူနေမှုပုံစံအတိုင်း သွားတော့မည်ဖြစ်ကြောင်း သိသာလှသည်။
သာမန် ရုပ်ရည်ရှိသော လူငယ်လေးတစ်ယောက်က ခရီးဆောင်အိတ်ကြီးကို ဆွဲ၍ ဘတ်စ်ကားပေါ်သို့ အလျင်စလို တက်နေသည်။
ထိုလူငယ်၏ ရှေ့တွင် လှပသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် မိန်းမပျိုလေး တစ်ယောက် ရှိသည်။ သူမသည် တင်ကို အသာပင့်ကာပွတ်၍ ကဒ်ကိုဖြတ်လေသည်။ စက်ထံမှ ကဒ်ဖြတ်ပြီးကြောင်း အသံထွက်လာမှ သူမက အပေါ်ကို တက်လေသည်။
ကျန်းပေါင်သည် သူမနောက်မှ မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး မသိလျင် အမြင်ပွင့်စေလောက်သည့် အတွေ့အကြုံ တစ်ခုကို ဖြတ်သန်းလိုက်ရသလိုပင်။ သူက ခေါင်းကုတ်၍ သူမအတိုင်း တင်ကိုပင့်၍ စက်ကို ပွတ်လိုက်ပြီးနောက် အပေါ်တက်ရန် ပြင်လေသည်။
ယာဉ်မောင်းက နေကာမျက်မှန်တစ်လက်ကို တပ်ထားပြီး ကျန်းပေါင်ကို အူကြောင်ကြောင်ဖြင့် ကြည့်နေသည်။
“ဟေ့ ဟေ့ ဟေ့၊ ဒီကို ပြန်လာခဲ့”
ကျန်းပေါင်က ဖြူစင်စွာ နောက်ပြန်လှည့်လာပြီး ဆက်၍ တင်ကို ပွတ်လေသည်။ ၎င်းက အလုပ်မဖြစ်သည်ကို မြင်သောအခါ သူက ဘက်ပြောင်း၍ အခြားတစ်ဖက်ဖြင့် ကပ်ကာ ပွတ်လိုက်သည်။
ယာဉ်မောင်းက သူ့ကို သေမတတ် စိုက်ကြည့်၍ စိတ်မရှည်စွာ မာန်မဲလေသည်။
“မင်း အကြွေစေ့နဲ့ ပေးတာဖြစ်ဖြစ် ကဒ်နဲ့ ပေးတာဖြစ်ဖြစ် လုပ်လေ၊ ဒီဖင်ကို ကပ်ပြီးပွတ်နေတာက ဘာလုပ်တာလဲ”
…
“ခွီး”
ရှန်းကျောင်းရုပ်သံ၏ ရုံးတွင်း၌ ရယ်သံများနှင့် ပြည့်နှက်သွားသည်။ သူတို့အားလုံး အဖွင့်ဇာတ်ဝင်ခန်းကြောင့် ရယ်မိသွားလေသည်။
ကျန်းပေါင်ဖြစ်စေ၊ ယာဉ်မောင်းဖြစ်စေ၊ အစကတည်းက ကဒ်နှင့်ဖြတ်သွားသည့် မိန်းမလှလေးဖြစ်စေ၊ သူတို့အားလုံး၏ အဖွင့်က ကြည့်ရှုသူများ၏ စိတ်ထဲတွင် ခိုင်မာစွာ စွဲထင်သွားလေသည်။
မိန်းကလေးများထဲမှ တစ်ယောက်က တအံ့တဩ ပြောသည်။
“ဒါက …”
လူငယ်တစ်ယောက်က ဖန်သားပြင်ကို ကြည့်၍ ပြောလေသည်။
“ဒီဇာတ်လမ်းတွဲက ပေါက်လိမ့်မယ်လို့ ကျွန်တော် … ထင်နေတယ်”
လူတိုင်း စကားပြောရာမှ ရပ်သွားပြီး အခန်းတွင်း၌ တိတ်ဆိတ်မှုက နေရာယူသွားသည်။
“ဒီဇာတ်ကွက်က အံ့ဩဖို့ကောင်းတယ်၊ ဒါက အစကတည်းက တအား စိတ်ဝင်စားစရာ ကောင်းနေပြီ၊ ဟာသကလည်း သဘောပေါက်လွယ်တယ်၊ သူတို့ ဒါကို ဘယ်လို တွေးမိတာလဲမသိဘူး”
“ဒါက အစပိုင်းကောင်းပြီး အဖျားရှူးမသွားဖို့ မျှော်လင့်ကြတာပေါ့၊ ကျန်တဲ့ ဇာတ်ကွက်တွေကလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါစေဦး၊ ငါတော့ မျှော်လင့်နေပြီ”
“ဒါကို ကြည့်လိုက်တာနဲ့ ရှောင်ဖေးဖေးနဲ့ သူအဖွဲ့က တကယ်ကို တော်တော်လေး အားထုတ်ထားတာပဲ”
သူတို့သည် ရုပ်သံလိုင်း၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သဖြင့် အတော်လေး စူးရှသော မျက်လုံးများ ရှိလာသည်။ ဤသို့ ကောင်းမွန်သော အစနှင့်ဆိုလျင် ဤဇာတ်လမ်းတွဲ၏ ယေဘုယျလားရာကို သူတို့ ခန့်မှန်းနိုင်ပေသည်။ ဇာတ်လမ်းနှင့် ဇာတ်ကောင်များက ကောင်းသည်။ အလွန် ကောင်းနေ၏။
ဤပုံစံကိုပါ ထိန်းနိုင်ပါက ဇာတ်လမ်းတွဲက သေချာပေါက် နာမည်ကြီးမှာပင်။
သူတို့၏ ကျွမ်းကျင်သော အမြင်အရ ဤဇာတ်လမ်းတွဲ၏ အဖွင့်က အမှတ်ပြည့် မရလျင်တောင်မှ အနည်းဆုံး ၉၅ မှတ် ရနိုင်သည်။
ဤဇာတ်လမ်းတွဲအပေါ် သူတို့၏ ကနဦး အထင်သေးမှုများ ပြိုလဲကုန်လေပြီ။
သူတို့၏ စိတ်ထဲ၌ သူတို့သာဆိုလျင် ဤသို့သော အဖွင့်မျိုး ရိုက်နိုင်ပါ့မလားဟု သူတို့ကိုယ်သူတို့ ပြန်မေးစ ပြုလာသည်။
အဖြေက ခြွင်းချက်မရှိ မဖြစ်နိုင်ပေ။
သူတို့ မဆိုထားနှင့် ထိပ်တန်းအဆင့် ရိုက်ကူးရေး အဖွဲ့သားများတောင်မှ ဤသို့သော အားထုတ်မှုနှင့် ဇာတ်လမ်းအား လုပ်နိုင်မည် မဟုတ်ပါ။
…
ခပ်ဝေးဝေး ဘတ်စ်ကားမှတ်တိုင်၌ ခရီးသွားများသည် ကြီးမားသော ဖန်သားပြင်အား ကြည့်နေကြသည်။ ကျားမမရွေး၊ အသက်အရွယ်မရွေး အားလုံးက အတူတူ ရယ်နေကြလေသည်။
“အမလေး … ဒီလူက အရမ်း ရယ်ရတာပဲ၊ သူ့တင်နဲ့ ပွတ်လို့ ရတယ်လို့ အတည်တွေးနေတာတော့ မဟုတ်ဘူး မလား”
“ဟားဟားဟား အဲ့ကောင်မလေးက သူ့ရဲ့ ဘောင်းဘီအနောက် အိတ်ကပ်ထဲမှာ ကဒ်ကို ထည့်ထားတာလေ၊ အဲ့လူက ဘာတွေ တွေးနေတာလဲ”
“ဒါက မြို့တော်ကို ငါ ပထမဆုံး ခရီးထွက်လာတုန်းကလိုပဲ၊ ဒီအဖွင့်နဲ့တင် ငါ ဒီဇာတ်လမ်းကို ဆက်ကြည့်ဖို့ ဆုံးဖြတ် လိုက်ပြီ”
“အာ … ဒါ ဘာဇာတ်လမ်းလဲ၊ ငါ ဘာလို့ အရင်က မမြင်ဖူးရတာလဲ၊ တော်တော်လေး ရယ်ရမယ့်ပုံပဲ”
…
စားသောက်ဆိုင်တစ်ခုအတွင်း၌ တက္ကသိုလ်ကျောင်းသားတစ်ဖွဲ့သည် သီးသန့်ခန်းတစ်ခန်းတွင် ညစာ စားနေကြသည်။
လူကြီးများ အားလပ်ရက် ရကြသည့်အပြင် ကျောင်းသားများသည်လည်း ကျောင်းမှ အားလပ်ရက် ရနေကြသည်။ တက္ကသိုလ်ကျောင်းသားများသည် ပျော်ရွှင်စွာ အောင်ပွဲခံ၍ ပျော်ပျော်ကြီး ညတာကို ကုန်ဆုံးရန် စီစဉ်ထား ကြလေသည်။
“ဟာ … တီဗွီကို မြန်မြန်ဖွင့်ဦး၊ ဒီအချိန် ဇာတ်လမ်းကောင်းတွေ ရှိတယ်”
“ငါ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အရင် ကြည့်ချင်တယ်၊ ဒါ သရုပ်ဆောင်ဝိုင်ရဲ့ ထုတ်လုပ်ရေးလေ”
တစ်ယောက်က အကြံပြုသည်။
ကျောင်းသားများသည် အခြားသူများထက် ဝိုင်ကို ပိုအာရုံစိုက်ကြသည်။ သူတို့စိတ်ထဲတွင် ဝိုင်သည် ကြီးမားသော အားကျအတုယူစရာ ဖြစ်လေသည်။
“အာ … ငါလည်း ကြည့်ချင်တယ်၊ ဝိုင်တိုင်းက ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ အွန်လိုင်းမှာ ချိုးချိုးဖဲ့ဖဲ့ မှတ်ချက်တွေ ပေးထားကြပင်မယ့် ဝိုင်က ငါတို့ကို စိတ်မပျက်စေရဘူးလို့ ငါ ထင်တယ်”
“ဟုတ်တယ်၊ ငါ တကယ် သိချင်တယ်”
“ဘလာ ဘလာ … မင်းတို့တွေ အရမ်းကြီး မျှော်လင့်မထားသင့်ဘူးလို့ ငါ ထင်တယ်၊ ဒီလိုဇာတ်လမ်းမျိုးက များသောအားဖြင့် လူအများကြီးက အချင်းချင်း စကားပြောနေကြတာပဲ၊ ဘာများ ရှိမှာမို့လို့လဲ”
မျက်မှန်နှင့် ယောက်ျားလေးတစ်ယောက်က ပြောလာသည်။
“ဟုတ်တယ်၊ ဒီလိုဇာတ်လမ်းမျိုးက အရမ်း ကုန်ကျစရိတ် နည်းပြီးတော့ ပြပြီးသား အခန်းတွေကိုပဲ ရှေ့နောက် ပြန်ထည့်နေတာ၊ တော်တော်လေး အဆင်မပြေလောက်ဘူး”
“အဲ့လိုမဖြစ်နိုင်ပါဘူး၊ ဝိုင်က ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာ ငါတို့အားလုံး သိနေတာပဲ၊ ဒါ ဆန်းကြယ်မှုရဲ့ သင်္ကေတပဲ၊ သူ့ဇာတ်လမ်းက သေချာပေါက် နောက်ထပ် ဆန်းကြယ်မှုကို ဖန်တီးပြီး မျိုးဆက်သစ်တစ်ခုကို စတင်နိုင်မှာ”
“မင်းက အတွေးလွန်နေပြီပဲ၊ ဝိုင်က အံ့ဩစရာ ကောင်းမယ်လို့ ဘယ်သူက ပြောလဲ၊ သူက ကောင်းကင်ကို တက်လှမ်းနိုင်လို့လား”