← Chapters

ဒီဇာတ်လမ်းတွဲက … ထူးခြားတယ်

Vol. 33 Ch. 495

ဒီဇာတ်လမ်းတွဲက … ထူးခြားတယ်

Vol. 33 Ch. 495

တီဗွီကို ဖွင့်လိုက်သောအခါ နောက်တစ်ခန်းကို ပြနေ၏။

ဝမ်ယွီသည် ဘတ်စ်ကားကို မြန်မြန်တား၍ ပြေးတက်လေသည်။ ထို့နောက် ကျန်းပေါင်၏ ဆွံ့အနေသော အကြည့်အောက်၌ သူမက ကျန်းပေါင်၏ ခုံအောက်တွင် ပုန်းလေသည်။

တစ်ခဏကြာသော် နေကာမျက်မှန်တပ်၍ အနက်ရောင်ဝတ်စုံကို ဝတ်ထားသည့် လူနှစ်ယောက်က ကားပေါ် အပြေး တက်လာသည်။ သူတို့ ဝတ်စားထားပုံအရ သူတို့သည် လူမိုက်များဖြစ်ကြောင်း ပြောနိုင်ပေသည်။ မမျှော်လင့်ဘဲ ပေါ်လာသောပုံစံက ကြည့်ရှုသူများ၏ အာရုံကို ဖမ်းစားသွားပြန်သည်။

ကျန်းပေါင် စိုးရိမ်ပူပန်လာပြီး မသိမသာ ခေါင်းငုံ့မိသည်။ ထိုအနက်ရောင်ဝတ်စုံနှင့်လူများ၏ ပစ်မှတ်က ဘယ်သူလဲ သိသာပေသည်။

အခြေအနေက လေးနက်လာချိန်တွင် ဘတ်စ်ကား ယာဉ်မောင်းက မထင်မှတ်ဘဲ အာဏာပြလာသည်။

“ဟေ့ ဟေ့ ဟေ့၊ မင်းတို့ အကြွေစေ့နဲ့ပေးတာဖြစ်ဖြစ်၊ ကဒ်နဲ့ရှင်းတာ ဖြစ်ဖြစ်လုပ်၊ မဟုတ်ရင်လည်း ဂျောင်းတော့”

သူသည် တူညီသော စကားကိုသာ ပြော၍ လေးနက်နေသော အခြေအနေအား ချိုးဖျက်လာသည်။

ထို့နောက်တွင်မူ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်သည် ဟန်မပျက်ချင်၍ ဘတ်စ်ကားပေါ်မှ မောင်းထုတ်ခံ လိုက်ရသည်။

“ကျစ် … Matrix ဇာတ်လမ်းထဲကလိုသာ ဝတ်ထားတာ၊ ဘတ်စ်ကားခတော့ မပေးနိုင်ဘူး”

ယာဉ်မောင်းက အထင်သေးစွာ ဝေဖန်လေသည်။

“ဖွီး”

စားပွဲ၌ ရေသောက်နေသည့် ကျောင်းသားတစ်ယောက် ရေသီးကုန်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ အတွေးထဲ၌ အတွေးတစ်ခု ပေါ်လာသည်။

*ဒီဘတ်စ်ကားမောင်းတဲ့သူက တော်တယ်ဟ*

ထို့နောက် ဇာတ်လမ်းတွဲက ဆက်လက်ပြသနေ၏။ ကျားကျားယားယား ဟူရီဖေး ပေါ်လာသည်။ သူမ၏ ခက်ထန်၍ အနည်းငယ် ရယ်ချင်စရာကောင်းသော ပုံစံက ဖမ်းစားသွားပြန်သည်။ ထို့နောက်တွင်မူ ကျန်းပေါင်နှင့် ဝမ်ယွီသည် ကားမှားစီးမိပြီးနောက် လမ်းပေါ်၌ စက်တပ်ယာဉ်ငယ်လေးများ ပြိုင်သည့် မြင်ကွင်း ပေါ်လာသည်။

“ငါက လူကောင်းတစ်ယောက်၊ လူကောင်းက ငါပဲ၊ ငါက ကျန်းရှောင်ရှန်းပဲ”

ဇာတ်ကောင်တစ်ခုချင်းစီအား မှတ်မိလွယ်သော ပုံစံနှင့် တစ်ခန်းချင်း မိတ်ဆက်သွားသည်။ လူတိုင်းတွင် ကိုယ်ပိုင် ညှို့ဓာတ်များရှိပြီး အခန်းတိုင်းက ရယ်စရာများနှင့် ပြည့်နေပြီး မရပ်တန့်နိုင်ချေ။ ယင်းက သူတို့အပေါ်၌ နက်ရှိုင်းစွာ အထင်ကြီးမိသွားစေသည်။

ကျောင်းသားများ၏ စုဝေးပွဲမှ ပြောစရာကိစ္စများက ဇာတ်လမ်းတွဲများဘက်သို့ ပြောင်းသွားသည်။ သူတို့သည် စားသောက်ရန် မေ့လုနီးပါး ဖြစ်သွားပြီး အဆက်မပြတ် ရယ်နေကြသည်။

“သေစမ်း၊ အဲ့ယာဉ်မောင်းက တကယ့် ပုန်းကွယ်နေတဲ့ ဘော့်စ်ပဲ၊ သူ ငယ်ငယ်တုန်းက လူကြီးတွေကို ထိုးကြိတ်ပြီး ကလေးတွေကို ကန်ကျောက်နိုင်တဲ့ ရက်စက်တဲ့လူမျိုး ဖြစ်မှာ သေချာတယ်”

“ထွန်စက်က လမ်းမှာ အရှိန်နဲ့ လိမ့်နိုင်တယ်တဲ့ ပြီးတော့ အခြားကားတွေကိုတောင်မှ ကျော်လိုက်သေးတယ်၊ သူတို့ ဒီလိုဇာတ်ညွှန်းကို ဘယ်လို တွေးမိတာလဲ”

“ငါ သည်းမခံနိုင်တော့ဘူး၊ ငါ့ကို နည်းနည်းလောက် ရယ်ခွင့်ပေးဦး၊ ငါ တကယ် မအောင့်နိုင်တော့ဘူး”

“ဆရာကျန်းရဲ့ လူတွေကို အကြောင်းကြားတဲ့ပုံက အရမ်း ရယ်ရတယ်၊ ဖက်ထုတ်စားနေတုန်း ပရုတ်လုံးကို မှားစားမိတာ၊ ခြင်ရိုက်တံနဲ့ လက်သည်းကို ရိုက်မိတာ၊ ပြီးတော့ အိမ်ရှင်နဲ့ ရဲတွေကို မြင်ချင်ရုံသက်သက်နဲ့ နံရံကို ဖျက်ဆီးပစ်တာ၊ ဟားဟားဟား ရယ်ရလွန်းလို့ ငါ အူတောင် နာတယ်”

“ဆရာကျန်းရဲ့ ဖြေရှင်းနည်းက မိုက်တယ်၊ လိုင်းမကောင်းချင်ယောင်ဆောင်ပြီး ဖုန်းချပစ်တာ၊ ဖုန်းခေါ်တဲ့သူ ဘယ်လောက် စိတ်ဒုက္ခရောက်နေမလဲ ငါ သိချင်လိုက်တာ”

အစကတည်းက သရုပ်ဆောင်ဝိုင်ကို အားပေးသည့် ကျောင်းသားက ရယ်လေသည်။

“ဘယ်လိုလဲ၊ သရုပ်ဆောင်ဝိုင်က ငါတို့ကို စိတ်မပျက်စေရဘူးလို့ ငါ ပြောခဲ့သားပဲ၊ ဟုတ်တယ်မလား၊ ဒီဇာတ်လမ်းက တအား စိတ်ဝင်စားဖို့ ကောင်းတယ်၊ ရယ်စရာ အပြည့်ပဲ”

*စိတ်ဝင်စားဖို့ ကောင်းတာလား*

*ဒါက စိတ်ဝင်စားဖို့ကောင်းတာထက် ပိုတယ်*

ဇာတ်လမ်း အဆက်အစပ်က ပြည့်စုံသည်။ ဇာတ်ကွက်ပြောင်းသွားပုံတိုင်းက ဟာမသွားချေ။ အထူးသဖြင့် စာသားများက ရယ်စရာကောင်းပြီး သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းမွန်လှသည်။ ယင်းက ရယ်ရရန် မခက်ပေ။

“ဘုရားရေ၊ ဒါက သရုပ်ဆောင်ဝိုင်ပဲလေ၊ အခြားဘယ်သူကမှ ဇာတ်လမ်းကို ဒီလို ရိုက်နိုင်မယ်လို့ ငါ မထင်ဘူး”

“ချီးပဲ”

မျက်မှန်နှင့်ကျောင်းသားသည် ထိတ်လန့်ပြီး တစ်ခဏမျှ ငြိမ်သက်ပြီးမှ ထအော်သည်။

“ဒီဇာတ်လမ်းက … အံ့ဩဖို့ကောင်းတယ်”

ယခုမတိုင်ခင်က သူသည် သရုပ်ဆောင်ဝိုင်က ကောင်းသော အရာတစ်ခုခု လုပ်နိုင်လိမ့်မည်ဟု မထင်ဘဲ ဝေဖန်ခဲ့သည်။

*ဒီဇာတ်လမ်းက ပျင်းဖို့ကောင်းလို့လား*

*အခြားသူတစ်ယောက်က ရိုက်တာဆိုရင် ပျင်းလောက်တယ်*

*ဒါပေမဲ့ သရုပ်ဆောင်ဝိုင်ရဲ့ ထုတ်လုပ်ရေးက အတူတူပဲ ဖြစ်ပါ့မလား*

အထင်သေးခဲ့သည့် ကျောင်းသားများသည် ကသိကအောက်ဖြစ်စွာ ပြုံးနေကြသည်။ အရှက်ကွဲသည့်အဖြစ်က လျင်မြန်စွာ ရောက်လာခဲ့ပါတကား။

ဤသည်က ဇာတ်လမ်းအမျိုးအစားနှင့် ဘာမှမဆိုင်ချေ။ ယင်းက ဒါရိုက်တာပေါ်တွင်သာ မူတည်လေသည်။ သရုပ်ဆောင်ဝိုင်၏ အရည်အချင်းကို ဘယ်လိုလုပ် သာမန်အမြင်နှင့် တိုင်းတာနိုင်ပါမည်နည်း။

လူအချို့သည် မနေနိုင်ဘဲ သူတို့၏ WeChat Moments ၌ ရေးတင်ကြသည်။

[ဘုရားရေ၊ ဒီဇာတ်လမ်းက ငါ့အမြင်ကို အသစ်ဖြစ်သွားစေတာပဲ၊ အံ့ဩဖို့ကောင်းလွန်းတယ်]

မကြာခင်မှာပင် မှတ်ချက်များစွာ ဝင်လာ၏။

[ဘာဖြစ်တာလဲ၊ မင်း ဘယ်ဇာတ်လမ်းကို ကြည့်နေတာလဲ၊ ငါ ကိုယ့်အချစ်အတွက်ကို ကြည့်နေတာ၊ အဲ့ဒါက အဲ့လောက်ကြီး မကောင်းပါဘူး၊ ဟုတ်တယ်မလား]

[ငါ နန်းတော်ကို ကြည့်နေတာ၊ အဆင်ပြေပါတယ်၊ ဒါပေမဲ့ မင်းပြောတဲ့ အဆင့် မဟုတ်ဘူး]

[ဒီမှတ်ချက်က နည်းနည်း လွန်နေပြီ မဟုတ်ဘူးလား၊ ဒါ ဘာဇာတ်လမ်းလဲ]

[ငါ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ပြောနေတာ၊ သောက်ရမ်း မိုက်တယ်]

[ဘာ … တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းလား၊ မင်း နောက်နေတာပဲ]

[ဒါ လိမ်နေတာလား]

[ငါလည်း ကြည့်ပြီးပြီ၊ အဲ့ဒါက မိုက်တယ်၊ လုံးဝ ထောက်ခံတယ်၊ သရုပ်ဆောင်ဝိုင်က တော်လွန်းတယ်ကွာ]

လူတောတော်များများသည် ဇာတ်လမ်းထဲ နစ်နေပြီး မှတ်ချက်ပေးရန် မေ့နေကြသည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ပထမပိုင်း ပြီးသွားမှသာ သူတို့ ငိုင်နေရာမှ သတိဝင်လာသည်။

[လခွမ်း အရမ်း ရယ်ရတယ်ကွာ၊ ဒါ လုံးဝကို နတ်ဘုရား လက်ရာပဲ]

[ဒါ အံ့ဩဖို့ကောင်းတယ်၊ တကယ် အံ့ဩဖို့ကောင်းတာ၊ ချီးပဲ … နောက်ဆုံးတော့ ငါ ဆက်ကြည့်ရမယ့် ဇာတ်လမ်းကို တွေ့ပြီ၊ မိုက်တယ်ကွာ]

[ဒါက တော်တော်မိုက်တဲ့ ဇာတ်လမ်းပဲ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို မကောင်းဘူးလို့ ဘယ်သူ ပြောတာလဲ၊ ပြော … ငါ နာမည်ကို ကူရှင်းပေးဖို့ လိုနေပြီ]

ပထမပိုင်းအပြီး၌ ဝေ့ပေါ်၊ Tieba နှင့် အင်တာနက်ပေါ်၌ ပွက်ပွက်ညံနေ၏။

အစပိုင်း၌ အခြားဇာတ်လမ်းတွဲများသည် ရေပန်းစားနေသော ရှာဖွေမှုများအတွက် ပိုက်ဆံ ပေးခဲ့ကြသည်။ သို့သော် ကြည့်ရှုသူများ၏ မရေတွက်နိုင်သော အားပေးမှုအောက်၌ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် အားအင်အပြည့်ဖြင့် တက်လာပြီး ရေပန်းစားနေသော ရှာဖွေမှုစာရင်း၌ တတိယနေရာသို့ ချိတ်လာသည်။

[ငါတို့ အွန်လိုင်းပေါ်မှာ ခင်မင်လာတာ နှစ်ချီနေတာမို့လို့ ငါ မင်းတို့ကို ရာစုနှစ် လက်ရာတစ်ခုကို မျှဝေပေးမယ်၊ အဲ့ဒါက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းပဲ]

[ငါ မှတ်မိသလောက်ဆို ငါ ဒီလိုပျော်တာ ဆယ်နှစ်တောင် ရှိသွားခဲ့ပြီ၊ ကျေးဇူးတင်ပါတယ် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရေ]

[ဟုတ်တယ်၊ အဲ့ဒါက ဖြတ်သွားရင်း ပြောနေသလိုပဲ၊ သရုပ်ဆောင်အားလုံးက တအားရယ်ရတယ်လို့ ငါ ထင်တယ်၊ သူတို့ကို ကြည့်နေရုံနဲ့တင် ငါ့ကို ရယ်စေတာပဲ]

[အမှန်ပဲ၊ ငါ့ကိုယ်ကျင့်တရားကို တိုင်တည်ပြီး ကျိန်ရဲတယ်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက တကယ်ကို ကြည့်ရတာ တန်တယ်၊ ဒီည ငါ့မိသားစုနဲ့အတူ တီဗွီရှေ့ ထိုင်ကြည့်ခဲ့တာ၊ ရယ်တာ ရပ်မရဘူး၊ ငါ့မိဘတွေက အသက် ခြောက်ဆယ်ရှိနေပြီ၊ ငါ့ကလေးဆို ရှစ်နှစ်ရှိပြီ၊ ဒါပေမဲ့ ငါတို့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အတူတူ ကြည့်တော့ အတူတူ ရယ်ခဲ့ရတယ်၊ ကျေးဇူးတင်ပါတယ် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရေ]

[အပေါ်ကလူ၊ ငါလည်း အဲ့လို ခံစားရတယ်၊ ငါ့ရဲ့ အသက်ရနေတဲ့ အဖေက အဲ့လောက် ပျော်နေတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ တကယ် ကြည်ဖူးဖို့ ကောင်းတယ်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသာ ဒီအရည်အသွေးကို ဆက်ထိန်းထားနိုင်ရင် ငါ အဲ့ဒါရဲ့ အမာခံ ပရိသတ်ဖြစ်မှာ]

[ယီးပဲ၊ ဒါ လေလုံးထွားနေတာ မဟုတ်လား၊ သူတို့က ဒီလောက်တော်တဲ့ အလိမ်အညာသမားတွေကို ငှားထား တာလား]

[မင်း ယုံချင်လည်းရတယ်၊ မယုံလည်း ရတယ်၊ တော်ပြီ ငါတော့ ဒုတိယအပိုင်း သွားကြည့်ဖို့ လိုနေပြီ]

…

ထိုသို့သောအချိန်၌ ကျန်းယုံသည်လည်း တီဗွီရှေ့၌ ထိုင်နေသည်။ သူသည် ရှန်းကျောင်းရုပ်သံအား တအံ့တဩ ကြည့်နေမိသည်။

သူ့ဦးခေါင်းသည် ဝီခေါ်နေပြီး ဤသို့ ကြီးမားသော အံ့ဩစရာကြောင့် လုံးဝ မှင်တက်နေမိလေသည်။

အဆိုတော်ဝိုင်ကို လေးစားသောအားဖြင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ထုတ်လွှင့်ရန် သူ သဘောတူခဲ့ သော်လည်း မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ပါ။ သူသည် ခံစားချက်သမား ဖြစ်ပြီး အဆိုတော်ဝိုင်အပေါ် ကျေးဇူးတင်ကြောင်း ပြသည့်အနေဖြင့် ရုပ်သံလိုင်းက ပယ်ချသော်လည်း သူက တိုက်ခန်း တွင်းမှ အချစ် ဇာတ်လမ်းအား အတင်း ထုတ်လွှင့်အောင် လုပ်ခဲ့သည်။

အဆက်အသွယ်အပေါ် မှီခိုရသည့် ဇာတ်လမ်းမျိုးက ပုံမှန်အားဖြင့် ရလဒ်ကောင်းများ မရပေ။ ထို့ကြောင့် သူသည် ကျရှုံးခြင်းအတွက် ကြိုအသင့်ပြင်ထားခဲ့လေသည်။

သို့သော် သူ အမှားကြီး မှားသွားမှန်း သိလိုက်ရသည်။ ပထမတစ်ပိုင်းတည်းနှင့်တင် ဤဇာတ်လမ်းက ထူးခြားမှန်း သိလိုက်သည်။ တကယ် ထူးခြားလွန်းလှသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျင် နောက်အပိုင်းများက စိတ်ပျက်စရာကောင်းသော ဇာတ်လမ်းကြောင့် ကျဆင်းလျင် တောင်မှ ပထမပိုင်း၏ အရည်အသွေးက ကြည့်ရှုသူနှုန်းအား ကောင်းစေပေလိမ့်မည်။

အဘယ်ကြောင့်နည်း။ ယင်းမှ ပထမဆုံးအမြင်ကြောင့်ပင်တည်း။ ၎င်း၏ ကျော်ကြားမှုအတွက် အခြေခံက ခိုင်မာသွားလေပြီ။

သူ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး ရှန်းကျောင်းရုပ်သံ၏ ဥက္ကဋ္ဌကို စိတ်မရှည်စွာ ဖုန်းခေါ်လိုက်သည်။

“ဥက္ကဋ္ဌ၊ ခင်ဗျား တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ကြည့်လိုက်လား”

“အရေးမပါလိုက်တာ၊ ငါ အဲ့ဒါကို မျှော်လင့်ချက် များများစားစား မထားပင်မယ့် ငါတို့ရုပ်သံလိုင်းက ဇာတ်လမ်း ဖြစ်နေသေးတယ်လေ၊ ငါ ဘယ်လိုလုပ် မကြည့်ဘဲ နေမှာလဲ”

ဥက္ကဋ္ဌက ပြန်ပြောလာသည်။ သူသည် တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောသည်။

“ရောင်းရင်းကျန်း၊ မင်း ငါ့ကို ကောင်းကောင်း သိပါတယ်၊ ငါ ပုံမှန်ဆို ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ မသုံးပါဘူး၊ ဒါပေမဲ့ အခုတော့ ငါ “လခွမ်း ငါတို့ ရှန်းကျောင်းရုပ်သံတော့ အချီကြီးမိပြန်ပြီလို့ ပြောမိပြီ၊ ဒါ အကြီးကြီး ပေါက်မှာကွ”

All Chapters