လူသားမျိုးနွယ်၏ ရှေးဘုရင်များ (၂)
Vol. 35 Ch. 516
“မင်းတို့ကို ကျွမ်ရှင်းမျိုးနွယ်အကြောင်း နောက်တစ်ခု သတိပေးရဦးမယ်။ ကျွမ်ရှင်းမျိုးနွယ်တွေရဲ့ အင်မော်တယ်ရုပ်သေးတွေက သူတို့မျိုးနွယ်တွေထက်တောင် အစွမ်းထက်နေသေးတယ်။ သူတို့က စစ်ပွဲအတွက် ဖန်တီးထားတဲ့ သတ်ဖြတ်ရေးစက်တွေပဲ။”
“အင်မော်တယ်ရုပ်သေးတိုင်းက ယွမ်ယင်အဆင့်မှာ အနည်းဆုံးရှိကြတယ်။ ထုတ်လုပ်နည်းအသေးစိတ်ကိုတော့ မသိပေမဲ့ သူတို့ကို ကျွမ်ရှင်းမျိုးနွယ် အရှင်လတ်လတ်တွေကိုသုံးပြီး လုပ်ထားတယ်လို့တော့ ငါသိထားတယ်။ ဘယ်လောက်ရက်စက်လိုက်တဲ့ လုပ်ငန်းစဉ်ဖြစ်မလဲဆိုတာ မှန်းဆကြည့်လို့ရတယ်။ အဓိကရည်ရွယ်ချက်ကတော့ သူတို့ရဲ့အငြိုးအတေးတွေနဲ့ မုန်းတီးမှုတွေကို လှုံ့ဆောင်ပေးရင်း အထူးဓာတ်နှောတချို့နဲ့ပေါင်းစေပြီး အရာအားလုံးကို ကျူးကျော်တိုက်စားတာနဲ့ ဆင်တူတဲ့ အစွမ်းတစ်ခု လုပ်ဖို့ပဲ။”
ထိုသို့ပြောလိုက်ပြီး အဘိုးကြီးက ကျွမ်ရှင်းမျိုးနွယ်ကို သိမ်းလိုက်ကာ ဝိုင်အရက်အား ထပ်မံ၍ သောက်လိုက်၏။
“ဒီကျွမ်ရှင်းမျိုးနွယ်ကို မင်းတို့ရှေ့မှာ ခြေလက်တွေဖြတ်တောက်ပြလို့ မရတာ ဆိုးတာပဲ။ မျိုးနွယ်သုံးခုက မဟာမိတ်ဖွဲ့ထားပြီ။ အဲဒီထဲက တစ်ချက်က မျိုးနွယ်သုံးခုထဲက ရာဇဝတ်သားတွေက တခြားမျိုးနွယ်နယ်မြေမှာ ပြစ်မှုတွေ ကျူးလွန်ရင်တော့ အလွန်ဆုံးဆယ်နှစ်ပဲ အကျဉ်းချထားပြီး သက်ဆိုင်ရာမျိုးနွယ်ကို ပြန်ဖို့ရမယ်လို့ သဘောတူကြတယ်။”
“သန့်စင်ဒီမွန်မျိုးနွယ်၊ ကျွမ်ရှင်းမျိုးနွယ် နဲ့ ငါတို့လူသားမျိုးနွယ်သုံးခုလုံး အတူတူပဲ။”
အဘိုးကြီးက ခေါင်းခါယမ်းလိုက်ပြီး အားလုံးကိုဂရုမစိုက်တော့ဘဲ ထွက်သွား၏။
ရွှီချင်းလည်း သူ့နေရာသို့ ပြန်ကာထိုင်လိုက်လေသည်။
ထိုအချိန်တွင် ညနေစောင်းသို့ရောက်နေပြီဖြစ်ပြီး နေလုံးကြီးလည်း မိုးကုတ်စက်ဝိုင်းသို့ မေးတင်နေကာ ကောင်းကင်တွင် ရွှေအိုရောင်အလင်းများဖြာနေပြီဖြစ်သည်။
နေလုံးကြီး ကျဆင်းလာချိန်တွင် လူရိပ်တစ်ခုသည် ဓားကိုင်ရုံးတော်ထဲသို့ လျှောက်ဝင်လာသည်။
၎င်းက အစိမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးတစ်ဦးပင်ဖြစ်သည်။ သူ့ဆံပင်တို့က ဖြူဖွေးနေပြီး မျက်လုံးတို့ကတော့ တဖျပ်ဖျပ်လက်နေသေးသည်။ ၎င်းထံမှ စာပေပညာရှင်အရှိန်အဝါတို့ ထုတ်လွှတ်နေသည်ကို အဝေးကပင် တပ်အပ်သိနိုင်ပေသည်။
သူလျှောက်ဝင်လာသည်နှင့် ဓားကိုင်အားလုံးက သူ့အား ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။
“နှုတ်ဆက်ပါတယ်။ လက်ထောက်ဒေသအကြီးအကဲ။”
ရုံးတော်သုံးခု၏ ရုံးတော်သခင်ကြီးများသည် ရာထူးနေရာအဆင့်လိုက်စီပါက ဒေသအကြီးအကဲတစ်ယောက်သာ သူတို့အထက်တွင်ရှိနေသည်။ ထိုအဆင့်အောက်တွင်တော့ လက်ထောက်ဒေသအကြီးအကဲ ရှိနေသည်။
လက်ထောက်ဒေသအကြီးအကဲက ပြုံးလျက် အသိပညာခန်းမထဲသို့ လျှောက်ဝင်လာခဲ့သည်။ လမ်းတလျှောက်တွင် သူက ပတ်ပတ်လည်မှ ခန်းမများကို ကြည့်လိုက်ပြီး ပြုံးကာ ဘေးက ဓားကိုင်များကို ပြောလိုက်သည်။
“ပြန်တွေးလိုက်တော့ ကျုပ် ဒီကို နောက်ဆုံးလာခဲ့တာက လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကပဲ။ မနေ့က ဒေသအကြီးအကဲဆီက ဒီတစ်ခေါက်ဓားကိုင်လက်သစ်တွေက ထူးချွန်ကြတယ်လို့ ကြားခဲ့ရတယ်။ ကျုပ်လည်း ဒီတစ်ခေါက်အခွင့်ကောင်းယူပြီး ကျုပ်တို့လူသားမျိုးနွယ်ရဲ့ လက်ရွေးဝင်တွေကို လာကြည့်တာပဲ။”
လက်ထောက်ဒေသအကြီးအကဲအား အဖော်ပြုလာခဲ့သော ဓားကိုင်ရုံးတော်၏ စီမံခန့်ခွဲရေးမှူးလေးဦး၏ ခေါင်းဆောင်ဖြစ်သူသည် ထိုစကားတွင် ပြုံးလိုက်၏။
“ဒီကောင်လေးတွေက သင်ယူဖို့အများကြီးလိုပါသေးတယ်။ လက်ထောက်ဒေသအကြီးအကဲက အသိပညာကြွယ်ဝပါတယ်။ သူတို့ကို အကြီးအကဲက ညွှန်ကြားမှုတချို့ပေးနိုင်မယ်ဆိုရင် သူတို့အတွက် ကံထူးမှုကြီးဖြစ်မှာပါပဲ။”
လက်ထောက်ဒေသအကြီးအကဲက ပျော်ရွှင်စွာခေါင်းညိတ်လိုက်ပြီး စီမံခန့်ခွဲရေးမှူးချုပ်နောက်သို့လိုက်ကာ အသိပညာခန်းမသို့ လိုက်ပါလာခဲ့၏။
သူတို့ဝင်လာသည်နှင့် ခန်းမထဲရှိ လူအားလုံးသည် စီမံခန့်ခွဲရေးမှူးချုပ်က လူတစ်ဦးအား လိုက်ပါပို့ဆောင်နေခြင်းကို တွေ့မြင်သွားကာ အားလုံးက မတ်တပ်ရပ်နှုတ်ဆက်လိုက်ကြသည်။ ရွှီချင်းလည်း ထိုနည်းတူပြုလုပ်ကာ လျှောက်ဝင်လာသူနှစ်ဦးအား ကြည့်လိုက်သည်။
“ဒီပုဂ္ဂိုလ်က ငါတို့ဖုန်းဟိုင်ဒေသရဲ့ လက်ထောက်ဒေသအကြီးအကဲဖြစ်သူပဲ။ သူက မင်းတို့ကို လူသားမျိုးနွယ်ရဲ့သမိုင်းကြောင်းကို ရှင်းပြမှာဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်ချိန်မှာ သစ်ပင်ပန်းမာန်တွေကြားကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကယ်တင်ရမလဲဆိုတာကို ရှင်းပြမှာဖြစ်တယ်။”
စီမံခန့်ခွဲရေးမှူးချုပ်က အလေးအနက်ပြောလိုက်သည်။
“လက်ထောက်ဒေသအကြီးအကဲက သူတော်ကောင်းစိတ်နဲ့ ရက်ရောမှုစေတနာတို့ရဲ့ စံနဖူနာပဲဖြစ်တယ်။ လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက သူက ဆေးဖြူလုံးတွေကို အဆင့်မြှင့်ပေးနိုင်ခဲ့ပြီး သန့်စင်ဆေးဖြူလုံးတွေကို တီထွင်ဖော်စပ်နိုင်ခဲ့တယ်။ ဒီဆေးလုံးတွေရဲ့ ဓာတ်နှောခြေဖျက်နိုင်စွမ်းက နှစ်ဆကျော်တိုးတက်လာပြီ။ ဒီစွမ်းဆောင်မှုကြီးက ဒေသထဲက လူသားများစွာရဲ့ ဝေဒနာကို လျှော့ချပေးနိုင်ခဲ့ပြီး ဓာတ်နှောတွေ နှိပ်စက်မှုကတော့ ကာကွယ်ပေးနိုင်ခဲ့တယ်။”
ထိုအချိန်တွင် စီမံခန့်ခွဲရေးမှူးချုပ်က လက်ထောင်အကြီးအကဲထံသို့ လက်သီးအုပ်ဂါရဝပြုလိုက်သည်။
လက်ထောက်ဒေသအကြီးအကဲကလည်း ပြန်လည်ဂါရဝပြုကာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်၏။
“တိုင်းတာမရနိုင်တဲ့ သူတော်ကောင်းစိတ်လို့တော့ ချီးကျူးတာကို မခံယူဝံ့ပါဘူး။ သန့်စင်ဆေးဖြူလုံးတွေအတွက် ဆေးပင်တွေပျိုးထောင်စိုက်ပျိုးဖို့လည်း အချိန်လိုသေးတယ်။ အခု ဒီဆေးတွေကို ဒေသမြို့ထဲက သာမန်လူတွေဆီကိုပဲ ပေးနိုင်သေးတယ်။ ဒေသထဲက ပြည်နယ်ဆယ့်သုံးခုလုံးမှာ ပေါများလာနိုင်ပြီး လူသားမျိုးနွယ်တစ်ခုလုံးထိ ဖြန့်ဝေနိုင်ချိန်မှာမှ ကောင်းကျိုးပြုတဲ့ သူတောင်ကောင်းအဖြစ် ပြောနိုင်လောက်မှာပါပဲ။”
“အကြီးအကဲက နှိမ့်ချနေပြန်ပြီ။”
စီမံခန့်ခွဲရေးမှူးချုပ်က ရိုသေစွာပြောလိုက်ပြီး နှုတ်ဆက်ကာထွက်ခွာသွားသည်။ သူ အသိပညာခန်းမထဲက ထွက်သွားတော့မှ ရွှီချင်းနှင့် တခြားသူတို့အာရုံစိုက်နေသော လက်ထောက်ဒေသအကြီးအကဲက ပြုံးလျက် ထိုင်ခုံသို့လျှောက်လာ၏။ ထိုင်ခုံပေါ်ထိုင်လိုက်ပြီးနောက် ရင်းနှီးစွာပြောလိုက်သည်။
“အားလုံးပဲ ထိုင်ကြပါ။ မင်းတို့စီမံခန့်ခွဲရေးမှူးချုပ်က ငါ့ကို ချီးကျူးလွန်းနေတာပါ။ ငါက စာပေသမားတစ်ဦးပါပဲ။”
အားလုံးက ရိုသေစွာဦးညွှတ်လိုက်ပြီးနောက်မှ ထိုင်လိုက်ကြသည်။ ထို့နောက် သူတို့က ရှေ့တွင်ရှိနေသည့် လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်ကြ၏။
ရွှီချင်းက တစ်ဖက်လူအား ကြည့်လိုက်ပြီးနောက် သမားတော်ကြီးပိုင်နှင့် ပြည်နယ်ဓားကိုင်ရုံးတော်မှ မဟာအကြီးအကဲကြီးတို့နှင့် ဆင်တူသော အရှိန်အဝါတစ်ခုအား ခံစားမိလိုက်သည်။ ထိုအချက်ကြောင့် သူ့အပေါ် ကောင်းမွန်သော အမြင်ရှိသည်။
အထူးသဖြင့် အစောပိုင်းက သန့်စင်ဆေးဖြူလုံးများအကြောင်းကြားလိုက်ရချိန်တွင် ဖြစ်သည်။ ၎င်းသည် သူ၏စိတ်ဝင်စားမှုကို နှိုးဆွသွားကာ နောက်ပိုင်းတွင် လေ့လာနိုင်ရန်အတွက် ဆေးလုံးတစ်လုံးဝယ်ယူရန်လည်း တွေးထားသည်။
လက်ထောက်ဒေသအကြီးအကဲ၏ သင်ခန်းစာများမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သူက လူသားမျိုးနွယ်၏ သမိုင်းကြောင်းများကို ရှင်းပြ၏။ ရှေးဘုရင်ရွှမ်ယုံ၏ ဂုဏ်ရောင်ထွန်းပြောင်မှုမှ ဝမ်ကူးကုန်းမြေက မျိုးနွယ်အပေါင်းတို့ ကိုးကွယ်မှုရရှိခဲ့ခြင်းတို့မှတစ်ဆင့် နတ်ဘုရားမျက်နှာပျက်ကြီး ရောက်လာပြီး ဝမ်ကူးကုန်းမြေတွင် ကပ်ဘေးကြီးကြုံခဲ့ရချိန်အထိ ဖြစ်သည်။
ထို့နောက်တွင် နတ်ဘုရားမျက်နှာပျက်ကြီးပြီးခေတ်ကတည်းက လူသားမျိုးနွယ်လူသားအင်ပါယာမျိုးဆက်အဆက်ဆက်အကြောင်းတို့ကို အာရုံစိုက်ရှင်းပြ၏။
တချို့အင်ပါယာတို့က တုံးအကြပြီး တချို့ကတော့ ဉာဏ်ပညာထက်မြက်ကြသည်။ တချို့က လူသားမျိုးနွယ်ကို ပြန်လည်တိုးတက်ရန်ကြံဆောင်ကြပြီး တချို့ကတော့ မူလအခြေအနေ၌ ကျေနပ်နေကြသည်။
“သုန်ရှန်းသက္ကရာဇ်နှစ် ၃၇၉၃၈ခုနှစ်မှာ သုန်ရှန်းလူသားဘုရင်က စစ်မာန်ပြလိုစိတ်ပြင်းနေခဲ့တယ်။ သူက ကန့်ကွက်မှုတွေကို လစ်လျူရှုခဲ့ပြီး မျိုးနွယ်တစ်ခုလုံးကို စုစည်းကာ ယန်ယွဲ့ရှန်ထန်းမျိုးနွယ်တွေနဲ့ စစ်မက်ဖြစ်ပွားခဲ့တယ်။ ဒီစစ်ပွဲက အရှုံးကြီးအဖြစ် အဆုံးသတ်ခဲ့ပြီး လူသားမျိုးနွယ်ရဲ့ နှစ်ပေါင်းသောင်းချီကြာ စုဆောင်းလာသမျှ ဆုံးရှုံးသွားခဲ့ရပြီး လူငယ်ပေါင်းမြောက်မြားစွာ တိုင်းတစ်ပါးနယ်မြေမှာ မြှုပ်နှံခံခဲ့ကြရတယ်။ အဲဒီနောက်မှာ ငါတို့လူသားမျိုးနွယ်ရဲ့အင်အားက တဟုန်ထိုးကျဆင်းလာပြီး လူသားမျိုးနွယ်ရဲ့ အပြောင်းအလဲကြီးတစ်ခုဖြစ်သွားရတယ်။ သမိုင်းမှာ အဲဒီအချိန်ကို ရွှမ်ရီကပ်ဘေးကြီးလို့ခေါ်ကြတယ်။”
“ကောင်းကင်မြတ်သက္ကရာဇ် ၂၁၄၃၅ခုနှစ်မှာ ရွှမ်ရီကပ်ဘေးကြောင့် ဖြစ်လာတဲ့ ရိုက်ခတ်မှုတွေ အဆင့်ဆင့်ဖြစ်လာခဲ့တယ်။ ငါတို့လူသားမျိုးနွယ်က နှစ်ပေါင်းသောင်းချီပိုင်ဆိုင်ထားခဲ့တဲ့ ဒေသကြီးသုံးဆယ့်ကိုးခုကို ဆုံးရှုံးခဲ့ရတယ်။ လူပေါင်းသန်းထောင်ချီဟာ ဒုက္ခသည်တွေဖြစ်သွားရပြီး လူမဟုတ်မျိုးနွယ်တွေအောက်မှာ ကျွန်ပြုခံရရင်း ဝမ်ကူးကုန်းမြေတစ်ခုလုံး တကွဲတပြားဖြစ်သွားကြတယ်။”
“ဒီသာမန်ပြည်သူတွေက လူမဟုတ်မျိုးနွယ်ခြားတွေလက်ထဲမှာ ပျံ့နှံ့နေခဲ့ပြီး မျိုးဆက်တစ်ခုပြီးတစ်ခု ကိုယ့်မျိုးနွယ်ရဲ့သမိုင်းကြောင်းနဲ့ ဇစ်မြစ်တွေကို မသိနိုင်ဘဲ သေဆုံးသွားကြရတယ်။ တချို့က တိုင်းပြည်ငယ်တွေဖွဲ့စည်းပြီး အနည်းငယ်အခြေအနေကောင်းသွားကြပေမဲ့ သူတို့ကလည်း အမြဲလိုလိုကျွန်ပြုမှုနဲ့ အဖျက်အဆီးရန်တွေကို ရင်ဆိုင်ကြရသေးတယ်။”
“နှစ်ကာလကြာပြီးနောက်မှာ ကျင်းယွင်ခေတ်ကို ရောက်လာတော့မှ ငါတို့လူသားမျိုးနွယ်တွေ ပြန်လည်ထူထောင်နိုင်ခွင့်တစ်ခုရလာခဲ့တယ်။ ကျင်းယွင်လူသားဘုရင်ကြီးက ဉာဏ်ပညာထက်မြက်ပြီး ဖြောင့်မတ်မှန်ကန်တယ်။ ကျစ်ချင်းနယ်မြေဒေသမှာလဲ တိုင်းပြည်ငယ်တစ်ခုက ကောင်းကင်ကို ဆန့်ကျင်တိုးတက်လာနိုင်ခဲ့ပြီး နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။”
“အဲဒီတိုင်းပြည်နာမည်က ကျစ်ချင်းပဲ။ ဒီတိုင်းပြည်ရဲ့ဘုရင်က သာမန်အရည်အချင်းပဲရှိနေပေမဲ့ အိမ်ရှေ့မင်းသားက အံ့မခန်းအောင်ထက်မြက်ပြီးတော့ နတ်ဘုရားမျက်နှာပျက်ကြီးရောက်လာပြီးနောက်မှာ လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံးပထမပါရမီရှင်အဖြစ် ပြောစမှတ်တွင်ခဲ့တယ်။ သူက လူသားမျိုးနွယ်ရဲ့ ကံကောင်းခြင်းနဲ့အတူ မွေးဖွားခဲ့တာပဲ။ သူမွေးဖွားခဲ့ချိန်မှာ ဝမ်ကူးကုန်းမြေရဲ့ တားမြစ်နယ်မြေတွေအားလုံးကနေ အော်သံကြီးတွေထွက်လာခဲ့တယ်။ တားမြစ်နယ်မြေမျိုးစုံကနေ ထူးဆန်းတဲ့သွေးတွေ စီးထွက်လာပြီး အပြင်ဘက်ကို ပြန့်ထွက်လာကြတယ်။”
“နောက်ပိုင်းမျိုးဆက်တွေက ရှာဖွေစူးစမ်းကြည့်ခဲ့ပြီးနောက်မှာ သူက ကမ္ဘာမြေကြီးရဲ့စွမ်းအားနဲ့ ဝမ်ကူးကုန်းမြေကမ္ဘာကြီးက ဖန်တီးလိုက်တဲ့ ကယ်တင်ရှင်ပဲလို့ ယုံကြည်ခဲ့ကြတယ်။ သူဟာ ဝမ်ကူးကုန်းမြေကို စုစည်းဖို့တာဝန်အပ်နှင်းခံရတယ်။”
“ခေတ်တစ်ခေတ်ကို ချုပ်ကိုင်နိုင်တဲ့ ကျစ်ချင်းအိမ်ရှေ့မင်းသားနဲ့ လူသားဘုရင်ကျင်းယွင်တို့က ဆန့်ကျင်ဘက်အရပ်မျက်နှာနှစ်ဘက်မှာ ကိုယ်စီအောင်မြင်ခဲ့ကြတယ်။ သူတို့နှစ်ဦးရဲ့ ပူးပေါင်းစွမ်းဆောင်မှုနဲ့ လူသားမျိုးနွယ်ဟာ နယ်မြေပိုင်နက်တွေ အဆက်မပြတ်ဆုံးရှုံးနေရတဲ့အခြေအနေကနေ အခြေအနေပြန်ပြီးတော့ တည်ငြိမ်လာနိုင်ခဲ့တယ်။”
“အဲဒီအချိန်တုန်းက လူသားမျိုးနွယ်မှာ ငါတို့ အခု ခြေချနေတဲ့ သန့်စင်ရေလှိုင်းဒေသကြီးလို့ လူသိများတဲ့ ကျစ်ရှင်းဒေသကြီးအပါအဝင် ဒေသကြီးသုံးခုနဲ့ ဒေသငယ် ၂၇ခု ရှိနေသေးတယ်။”
“အဲဒီပြိုင်စံရှားကောင်းကင်လက်ရွေးစင်က ကျဆုံးသွားခဲ့တယ်။”
“သူက ကျစ်ချင်းပြည်ထောင်ရဲ့ မြေပေါ်ပဲ သေဆုံးသွားခဲ့တာ။ သတ်ဖြတ်လုပ်ကြံမှုထဲမှာ ပါဝင်သူတွေက ကမ္ဘာမြေပေါ်က အိပ်စက်ခြင်းနတ်ဘုရားအပါအဝင် အကုန်လုံးက ကြောက်ခမန်းလိလိအစွမ်းထက်သူတွေချည်းပဲ။ လူသားမျိုးနွယ်ကျင်းယွင်ဘုရင်လည်း အချိန်မီစစ်ကူမပေးနိုင်ခဲ့ဘူး။ အဲဒီအချိန်ကစပြီး ဒီကမ္ဘာမှာ ကျစ်ချင်းဆိုတာမရှိတော့ဘူး။ ပြိုင်ဘက်ကင်းကောင်းကင်လက်ရွေးစင်က နောက်ဆုံးမှာ ဒီနေရာကနေ အလှမ်းဝေးတဲ့ နယ်မြေခြားကုန်းမြေတစ်ခုမှာသေဆုံးသွားခဲ့ရတယ်။”
“သူသေဆုံးတဲ့နေ့မှာ ဝမ်ကူးကုန်းမြေရဲ့ တောင်တန်းတွေက အော်ဟစ်နေကြတဲ့အတိုင်း လှုပ်ခါနေခဲ့ကြတယ်။ မြစ်ကြီးပေါင်းသန်းထောင်ကလည်း ငိုကြွေးနေကြတဲ့အလား ပြောင်းပြန်စီးဆင်းကုန်တယ်။ ဒီကိစ္စကြောင့် ကောင်းကင်မှာရှိနေတဲ့ နတ်ဘုရားမျက်နှာပျက်ကြီးတောင် မျက်လုံးဖွင့်ကြည့်ခဲ့သေးတယ်။”
“နှစ်တွေကြာသွားတဲ့အချိန်မှာ ကျစ်ချင်းပြည်ထောင်လည်း ပျောက်ဆုံးသွားပြီး တာအိုကမ္ဘာသက္ကရာဇ် ၁၂၅၇ခုနစ်မှာ သန့်စင်ရေလှိုင်းမဟာနယ်စားကြီး ကို နယ်မြေခံသခင်အဖြစ် ခန့်အပ်ပေးခဲ့တယ်။ လူသားဘုရင် တာအိုကမ္ဘာက ဉာဏ်ပညာရှိပြီး ဖြောင့်မတ်မှန်ကန်ပေမဲ့ အရာအားလုံးပြောင်းလဲသွားရသေးတာပဲ။ ဟေးထန်းမျိုးနွယ်တွေ ကြီးစိုးလာပြီး လူသားမျိုးနွယ်ကို ကျူးကျော်လာကြတယ်။”
“လူသားဘုရင်ကိုယ်တိုင်ဦးဆောင်ပြီး မျိုးနွယ်တစ်ခုလုံးက ရင်ဆိုင်ခုခံခဲ့ကြတယ်။ ငါတို့က ဟေးထန်းမျိုးနွယ်တွေကို တွန်းလှန်အောင်မြင်တော့မဲ့ဆဲဆဲ အရေးကြီးဆုံးအချိန်မှာ သန့်စင်ရေလှိုင်းမဟာနယ်စားကြီးက ပုန်ကုန်ခဲ့ပြီး ဟေးထန်းမျိုးနွယ်ကို ဒေသကြီးတစ်ခုပေးလိုက်တော့တယ်။ သူက ရန်သူနဲ့သွေးချင်းတော်စပ်ခဲ့ပြီး ကိုယ်မျိုးနွယ်ကို သစ္စာပြန်ဖောက်ခဲ့တယ်။”
“ဒီစစ်ပွဲအပြီးမှာ လူသားမျိုးနွယ်က ဒေသကြီးနှစ်ခုနဲ့ ဒေသငယ်နှစ်ဆယ်ဆုံးရှုံးခဲ့ရတယ်။ ဒီဖြစ်ရပ်ကို သန့်စင်ရေလှိုင်းပုန်ကန်မှုလို့ ခေါ်တွင်ခဲ့တယ်။”
“အဲဒီအချိန်ကစပြီး ကျစ်ချင်းဒေသကြီးရဲ့နာမည်က သန့်စင်ရေလှိုင်းဆိုပြီး ပြောင်းလဲသွားခဲ့တယ်။”
လက်ထောက်ဒေသအကြီးအကဲကြီးက ပြောနေရင်း အားလုံးကို ခရီးတစ်ခုပို့ဆောင်ခဲ့သည့်အလား လူသားမျိုးနွယ်သမိုင်းကို တွေ့ကြုံစေခဲ့သည်။ ဇာတ်လမ်းသည် လွမ်းဆွေးဖွယ် ခံစားချက်တို့ ဖြစ်စေပြီး စိတ်အားတက်ကြွခြင်း၊ ဝမ်းနည်းပူဆွေးခြင်းများဖြင့် ပြည့်နေသည်။
“ဒီလိုနဲ့ ငါတို့လူသားမျိုးနွယ်ရဲ့ ပိုင်နက်က ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းရာကနေ ဒေသကြီးတစ်ခုနဲ့ ဒေသငယ်ခုနစ်ခုပဲကျန်တဲ့အထိ ရောက်ရှိလာတော့တယ်။ အခု ရွှမ်ကျန်းသက္ကရာဇ် ၂၉၃၁ခုနစ်ကို ရောက်လာခဲ့ပြီ။ ငါ့တို့ရဲ့ ရွှမ်ကျန်းလူသားဘုရင်မင်းမြတ်က မြင့်မြတ်ခြင်းအလင်းရောင်ကို ဆောင်ယူလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
လက်ထောက်ဒေသအကြီးအကဲက သက်ပြင်းအသာအယာကျလိုက်သည်။
“အနာဂတ်ဟာ မင်းတို့အပေါ်မှာပဲ မူတည်နေတယ်။ မင်းတို့က ရှေးဟောင်းလူသားတို့စံကိုယူနိုင်ပြီး ကိုယ်ကျိုးကိုပဲကြည့်မနေဘဲ လူသားမျိုးနွယ်ကို တကယ်ကာကွယ်စောင့်ရှောက်မဲ့ဓားကိုင်တွေ ဖြစ်လာမယ်လို့ မျှော်လင့်တယ်။”
အားလုံးငြိမ်ကျသွားသည်။
ရွှီချင်းက ခေါင်းငုံ့ထားလိုက်သည်။ သူ့လက်တို့က မည်သည့်အချိန်ကတည်းကမှန်းမသိရဘဲ တင်းတင်းဆုပ်ထားမိနေသည်။ ၎င်းတို့သည် တင်းကြပ်လွန်းစွာ ဆုပ်ထားသဖြင့် ဖြူဆွတ်နေပြီဖြစ်သည်။