အားလုံးက ပတ်ဝန်းကျင်အတိုင်းပြောင်းလဲသည် (၁)
Vol. 35 Ch. 517
မတော်တဆမှုများသည် ရုတ်တရက်ပေါ်လာသောအခါ တစ်စုံတစ်ယောက်၏စိတ်ကို လှိုင်းများပြင်းထန်စွာ လှုပ်ယမ်းစေနိုင်၏။
ရွှီချင်းသည် လက်ထောက်ဒေသအကြီးအကဲပြောနေသည့် လူသားသမိုင်းကြောင်းကို နားထောင်နေသည်။ ဤကားလူသားမျိုးနွယ်၏ သမိုင်းကြောင်းကို သူက ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။ သူ အာရုံဝင်စားနေသောအချိန်အတော်အတွင်း သူ ပြင်ဆင်ထားခြင်းမရှိသည့်အချိန်တွင် မကြားချင်ဆုံးသော နာမည်တစ်ခုကို ကြားလိုက်ရသည်။
လက်ထောက်ဒေသအကြီးအကဲ၏ စကားတို့အရ ထိုလူသည်…တစ်ချိန်တစ်ခါက လူသားမျိုးနွယ်အား ကြီးမားစွာ အကျိုးပြုခဲ့သည်။
ရွှီချင်းက စိတ်သဘောထားကြီးသူတစ်ဦးမဟုတ်ပေ။ သူ့အတွေးတို့က ရိုးစင်းပေသည်။ သူက ထိုကျီးကန်းကို လိုက်ရှာကာ သတ်ပစ်မည်။
ထိုလူ၏ အတိတ်က မည်သည့်အရာတို့ လုပ်ခဲ့သည်ဖြစ်စေ၊ လက်ထောက်ဒေသအကြီးအကဲပြောသည်တို့က အမှန်တရားဖြစ်နေပါစေ၊ သို့မဟုတ် နောက်ပိုင်းမျိုးဆက်တို့က လုပ်ကြံဖန်တီးထားခြင်းဖြစ်စေ၊ သူ့အတွက် အထူးတလေ တွေးတောဆုံးဖြတ်နေစရာ မလိုချေ။
ဤကမ္ဘာတွင် ကောင်းခြင်းနှင့် ဆိုးခြင်းသဘောတရားတို့ရှိလျှင်လည်း ရှိနေနိုင်သည်။ သို့သော် အချိန်အများစုတွင် လူသားများကြား၌ ၎င်းတို့မှာ ထိုမျှရိုးစင်းနေခြင်းမရှိဘဲ ရှုပ်ထွေးပွေလီနေတတ်သည်။
ထို့ကြောင့် အကောင်းနှင့် အဆိုးဟူသည် စကားလုံးအဓိပ္ပာယ်အတိုင်းရှိသည်က ရှားပါးကာ အချိန်အများစုတွင် မတူညီသော ရှုထောင့်များအပေါ်တွင်သာ မြစ်ဖျားခံတတ်ကြသည်။
လူတစ်ယောက်က အသက်ရှင်နိုင်ရန်အတွက် တခြားသူတစ်ဦး၏ နောက်ဆုံးဆေးဖြူလုံးကို လုယူသည်။ ဤသို့ဖြင့် ထိုလူက သန္ဓေပြောင်းကာ သေဆုံးခဲ့ရသည်။ လုယူသူက ထိုသို့ဆက်လက်ပြုကျင့်ရင်း အသက်ရှင်သန်လာနိုင်ခဲ့သည်။
သူသတ်ခဲ့သော လူအားလုံးနှင့် ကမ္ဘာကြီးအမြင်တွင် သူက လူဆိုးတစ်ဦးဖြစ်ပေသည်။
သို့ရာတွင် သူက ရှင်သန်လာခဲ့ပြီးနောက် လူအများအပြားအား ကယ်တင်ခဲ့သည်။ ကယ်တင်ခံရသူများအတွက်တော့ သူက လူကောင်းတစ်ဦး ဖြစ်နေသည်။
သို့ဖြစ်လျှင် ထိုလူက လူကောင်းလား လူဆိုးလား။
တချို့သော အရာတို့သည် ခွဲခြားရန်မလွယ်ကူလှပေ။ အဘယ်ကြောင့်ဆိုသော် မည်သို့ပင် ဆုံးဖြတ်သည်ဖြစ်စေ တစ်စုံတစ်ဦးအမြင်တွင်တော့ မှားယွင်းနေမည်ပင်။ အမှားအမှန်ခွဲခြားခြင်းကပင် မတူညီသော ရှုထောင့်များ ပါဝင်နေသည်။
မေးခွန်းတစ်ခုအား ဖြေဆိုသောအခါ မတူညီသော ရှုထောင့်များ ရှိနေသရွေ့ အဖြေများ ကွဲလွဲနေပေလိမ့်မည်။
ရွှီချင်းသည် ငယ်စဉ်က များစွာသော သေခြင်းရှင်ခြင်း အခိုက်အတန့်များနှင့် ကြုံဖူးကာ ထိုအချက်နှင့်ပတ်သက်၍ နားလည်သဘောပေါက်ခြင်း မရှိခဲ့ပါ။
သူက အရာအားလုံးကို ကောင်းစွာသိမြင်နိုင်ပြီ မဟုတ်သေးသော်လည်း ဦးတည်ရာတစ်ခုကိုတော့ သိနားလည်ပေသည်။
စိတ်နှလုံးအတိုင်းသာ လျှောက်လမ်းရပေမည်။
ထိုသို့သိလျှင် လုံလောက်ပေသည်။
ငါ့ကို သတ်ချင်ရင် ငါ မင်းကို ပြန်သတ်မယ်။
ငါ့ဆီက လုချင်ရင် ငါမင်းကို သတ်မယ်။
ငါ့ကို ဒုက္ခပေးချင်ရင် ငါ မင်းကို သတ်မယ်။
မင်းက ငါ့မိဘတွေကို သတ်လိုက်တယ်ဆိုမှတော့ မင်းကို ပိုပြီးတော့တောင် သတ်ရဦးမယ်။
ရွှီချင်းက ငုံ့ထားသည့်ခေါင်းကို ပြန်မော့လိုက်သည်။ သူ့မျက်လုံးတို့မှာ ကြည်လင်နေပြီး လက်ထောင်အကြီးအကဲထံသို့ ကြည့်လိုက်တော့သည်။
လက်ထောက်ဒေသအကြီးအကဲက လူသားမျိုးနွယ်သမိုင်းကြောင်းကို ပြောပြ၍ ပြီးစီးသွားပြီးနောက် ခန်းမထဲတွင် စုရုံးနေကြသည့် ထူးချွန်ပါရမီရှင်တို့အား ကြည့်လိုက်သည်။ သူ့အကြည့်တို့က ရွှီချင်းထံသို့ တိုက်တိုက်ဆိုင်ဆိုင် ကျရောက်သွားသည်။
နှစ်ဦးသား အချင်းချင်း ကြည့်လိုက်ကြသည်။
လက်ထောက်ဒေသအကြီးအကဲ ခေါင်းညိတ်လိုက်တော့သည်။
“အဲဒီနောက်မှာ သစ်သီးဝလံတွေကိုသုံးပြီး အကြပ်အတည်းအချိန်မှာ ဘယ်လိုရှင်သန်ရမလဲဆိုတာ ရှင်းပြမယ်။ ဒီနေရာမှာ ကန့်သတ်ချက်ကတော့ မင်းတို့ကျရောက်နေတဲ့ အကြပ်အတည်းနေရာမှာ ဘယ်လိုသစ်သီးဝလံတွေ ရှိနေမယ်ဆိုတာ မသိနိုင်တာပဲပေါ့။”
“ဒီလိုပဲ ဖြစ်ဖို့များတယ်။ ဝမ်ကူးကုန်းမြေမှာရှိတဲ့ သစ်ပင်ပန်းမာန်တွေက မျိုးနွယ်မျိုးစုံထက်တောင် ကျော်လွန်နေသေးတယ်။”
“မင်းတို့က ထိပ်ဆုံးအမြင့်တစ်နေရာကနေ ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ငုံ့ကြည့်လိုက်ရင် မျိုးနွယ်ပေါင်းစုံတို့ကို ရှင်းထုတ်ပစ်လိုက်ပြီးရင်တောင်မှ ဝမ်ကူးက မပြောင်းလဲသလောက်ပဲ ကျန်ရှိနေခဲ့မှာပဲ။ ဒါပေမဲ့ သီးနှံသစ်ပင်အားလုံးကို ရှင်းထုတ်လိုက်ရင်တော့ ဝမ်ကူးမှာ ပြောင်းလဲမှုတွေက အရမ်းသိသာလာမှာပဲ။”
လက်ထောက်ဒေသအကြီးအကဲ၏ အသံက ပြာနေပြီး အိုမင်းနေသော သူ့ကိုယ်ခန္ဓာသွင်ပြင်နှင့် ပေါင်းစပ်လိုက်လျှင် ထိုအသံသည် အချိန်၏လေးလံခြင်းကိုပင် သယ်ဆောင်ထားသည့်အလား ထိုနေရာရှိလူအားလုံး၏ စိတ်ထဲသို့ တဖြည်းဖြည်းစိမ့်ဝင်လာတော့သည်။
“မင်းတို့ကို တိကျတဲ့နည်းလမ်းတွေ သင်ပေးမှာတော့မဟုတ်ဘူး။ အဲဒါကတော့သင်တန်းပြီးမှ ကိုယ်ဟာကိုယ် ရှာဖွေဖော်ထုတ်ကြရမှာပဲ။ ငါက မင်းတို့ကို အကြမ်းဖျင်းလမ်းကြောင်းတစ်ခုပဲ ပြလိုက်မှာ။ ဒါကလည်း ငါ နှစ်တွေအများကြီး ရှာဖွေဖော်ထုတ်လာခဲ့တဲ့ လမ်းကြောင်းပဲ။”
“ဒါကတော့…အပင်ရဲ့ ထူးခြားချက်တွေကို ပြောင်းလဲဖို့ပဲ။ ဥပမာ သာမန်အပင်ကနေ ဆေးပင်ဖြစ်အောင်၊ ဝိညာဉ်မြက်ပင်ကနေ အဆိပ်ပင်ဖြစ်အောင် ဒါမှမဟုတ် အဆိပ်ပင်ကနေ ဝိညာဉ်မြက်ပင်ဖြစ်အောင်ပြောင်းလဲဖို့ပဲ။ ဒီနည်းနဲ့ မင်းတို့ဘေးန္တရာယ်အကြပ်အတည်းပတ်ဝန်းကျင်နေရာမှာ ကိုယ်ကိုယ်ကိုယ် ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခု ရရှိလာနိုင်မှာဖြစ်တယ်။”
ရွှီချင်းအတွေးနက်သွားသည်။ သူက ထိုလမ်းကြောင်းအကြောင်း တစ်ချိန်ကတွေးကြည့်ခဲ့ဖူးသည်။
သမားတော်ကြီးပိုင်ပြောခဲ့သည်တို့အရ သူက ယင်ယန်တို့ဟန်ချက်ညီမျှခြင်းနည်းလမ်းကို အသုံးပြုကာ ဆေးပင်တို့၏ ဂုဏ်သတ္တိကို ပြောင်းလဲနိုင်ပေသည်။ ထိုပြောင်းလဲမှုအားဖြင့် ခူးယူထားသည့်ဆေးပင်တို့ကို တခြားမတူသည့်ဂုဏ်သတ္တိရှိသော ဆေးပင်တို့အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
သို့ရာတွင် ထိုနည်းလမ်းတွင် ချို့ယွင်းချက်တချို့ရှိနေသေးသည်။ ယင်ယန်အစွန်းများကို ထိန်းညှိခြင်းဖြင့် ပြောင်းလဲမရနိုင်သည့် ဆေးပင်တချို့လည်း ရှိနေသေးသည်။
ရွှီချင်းက တွေးတောနေချိန်တွင် တခြားသောသူများလည်း တွေးနေကြသည်။
အားလုံး၏ နွယ်မြက်သစ်ပင်အသိပညာတို့က သာမန်မျှသာ ဖြစ်သော်လည်း နားလည်မှုတချို့တော့ ရှိထားကြပေသည်။ ဤကမ္ဘာလောကတွင် အာခီမီဆေးလုံးတို့က မရှိမဖြစ်လိုအပ်သည်ပင်။
လက်ထောက်ဒေသအကြီးအကဲက အားလုံးကို ပြုံးလျှက် ကြည့်လိုက်သည်။ ထို့နောက်တွင် သူကလက်ကိုဝှေ့ယမ်းလိုက်ပြီး ပန်းအိုးတစ်လုံး ထုတ်ယူလိုက်သည်။ ထိုပန်းအိုးထဲတွင် အနီရောင်ပန်းပွင့်ငယ်တစ်ပွင့်ရှိနေသည်။
၎င်းပန်း၏ ရိုးတံမှာ အစိမ်းရောင်ဖြစ်သည်။ ၎င်းတွင် ပွင့်ချပ်သုံးခုရှိပြီး ပွင့်ချပ်တစ်ခုစီတိုင်းတွင် ငါးကဲ့သို့ကြေးခွံများပါရှိနေသည်။ ထိုကြေးခွံများကြောင့် အနီရောင်ပန်းသည် မိစ္ဆာကဲ့သို့ခံစားချက်တို့ ဖြစ်နေစေသည်။
“မီးစုန်းပန်းနီ။”
ရွှီချင်းက ထိုပန်းအား မြင်မြင်ချင်းသိလိုက်သည်။ ထိုအဆိပ်ပြင်းပန်းသည် ရှားပါးပြီး ယင်ယန်အစွန်းနှစ်ဖက်အား ထိန်းညှိခြင်းဖြင့် ပြောင်းလဲမရနိုင်သည့်အပင်များထဲက တစ်ခုပင်ဖြစ်သည်။
“သေချာကြည့်ထား။”
လက်ထောက်ဒေသအကြီးအကဲက ပုလင်းငယ်တစ်ခုထုတ်လိုက်ပြီး အထဲကအရည်တို့အား မြေသားထဲသို့ လောင်းထည့်လိုက်သည်။ သူက ကြေးခွံနီပန်းအား ကြည့်နေရင်း တခြားဆေးရည်များ ဆက်၍ လောင်းထည့်လိုက်သည်။
ထိုသို့လုပ်ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏သိပ်သည်းသောကျင့်ကြံဆင့်အခြေအားတို့က ပြန့်ထွက်လာပြီး ပန်းအိုးထံ အားဖြည့်ပေးလိုက်ကာ မြေကြီးထဲရှိ မီးစုန်းပန်းနီ၏ ဆေးရည်စုပ်ယူနှုန်းကို အရှိန်တင်ပေးလိုက်သည်။
တဖြည်းဖြည်းချင်း အံ့မခန်းထူးကဲလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ကြေးခွံနီပန်း၏ အရောင်သည် တဖြည်းဖြည်းအဖြူရောင်ပြောင်းလာပြီး မွှေးကြိုင်သောရနံ့တစ်ခုလည်း ပတ်ဝန်းကျင်သို့ပျံ့နှံ့လာသည်။
ခန်းမထဲရှိ လူများအားလုံး အံ့သြတကြီး ဖြစ်နေကြသည်။ ရွှီချင်းကတော့ ထိတ်လန့်အံ့သြမိနေသည်။
ထိုမြင်ကွင်းက ရိုးစင်းဟန်ရှိသော်လည်း နားလည်မှုများလေ ထိတ်လန့်မှုပိုရလေဖြစ်ပေမည်။
ယင်ယန်ထူးကဲလွန်နည်းသည် ကြေးခွံနီပန်းအား ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ရွှီချင်းသိနေသည်။ သို့ရာတွင် လက်ထောက်ဒေသအကြီးအကဲအသုံးပြုခဲ့သော နည်းသည် ပြောင်းလဲနိုင်ခဲ့ပေသည်။ ထိုအချက်ကြောင့် ရွှီချင်း၏မျက်လုံးတွင် စူးရှသောအလင်းတို့ ထွက်ပေါ်လာတော့သည်။
“နားလည်ကြလား။”
“မင်းက ဆေးပင်ကို ပြောင်းလဲချင်ရင် ကြီးမားလွန်ကဲတဲ့နည်းလမ်းတွေမလိုဘူး။ ယင်နဲ့ယန်ကို ပြင်ပကနေထိန်းညှိတာမျိုးနဲ့လည်း ပြောင်းလဲနေဖို့မလိုဘူး။ ငါ့အမြင်မှာတော့ ညင်သာတဲ့နည်းလမ်းတစ်ခုထဲနဲ့ပဲ ပြောင်းလဲနိုင်တယ်။”
“ညင်ညင်သာသာနဲ့ အပင်ရှိနေတဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲပြီး အာဟာရဓာတ်တွေကိုပြောင်းလဲလိုက်။ သူမသိစေဘဲ အာဟာရဓာတ်တွေကို စုပ်ယူစေပြီး အတွင်းကို လှမ်းမိုးပြောင်းလဲလိုက်။”
“အတိအကျပြောရမယ်ဆိုရင် အပင်ရဲ့အခြေအနေကိုပြောင်းလဲလိုက်တာက ငါမဟုတ်ဘူး။ သူ့ကိုယ်ပိုင်အင်အားပဲ။ ငါက ပတ်ဝန်းကျင်နဲ့ အာဟာရဓာတ်တွေသုံးပြီး ပြောင်းလဲမှုလမ်းကြောင်းကို လမ်းပြပေးလိုက်တာပဲ။”