← Chapters

အားလုံးက ပတ်ဝန်းကျင်အတိုင်းပြောင်းလဲသည်(၂)

Vol. 35 Ch. 518

အားလုံးက ပတ်ဝန်းကျင်အတိုင်းပြောင်းလဲသည်(၂)

Vol. 35 Ch. 518

လက်ထောက်ဒေသအကြီးအကဲက ခန်းမအတွင်းရှိ အတွေးနစ်မျောနေကြသူအားလုံးကို အားပေးမှုတို့အပြည့်ဖြင့် ကြည့်လိုက်သည်။

“ဒါက ငါ မင်းတို့ကို ပေးတဲ့လမ်းစဉ်ပဲ။ ဒီလမ်းစဉ်ကို အခြေခံပြီး နွယ်မြက်သစ်ပင်တာအိုကို လေ့လာရင် မင်းတို့က အားတဝက်စိုက်ပြီး နှစ်ဆအကျိုးရှိလာနိုင်လိမ့်မယ်။”

“ဒီအသိပညာတချို့ကို မင်းတို့ကို နောက်ခုနစ်ရက်အထိ ဆက်ရှင်းပြဦးမယ်။ အဲဒီအချိန်ထိ ကောင်းကောင်းနားမလည်နိုင်သေးရင် စစ်ရေးအကျိုးပြုမှတ်တွေသုံးပြီး ငါ့ရုံးခန်းမှာ ဆက်သင်ယူလေ့လာလို့ ရနိုင်ပါသေးတယ်။”

ထို့နောက် လက်ထောက်ဒေသအကြီးအကဲက ထိုင်ခုံမှထကာ ခန်းမထဲမှ ထွက်ခွာသွားတော့သည်။

အားလုံးက မတ်တပ်ရပ်လိုက်ကြပြီး လက်ထောက်ဒေသအကြီးအကဲအား ရို‌သေစွာဂါရဝပြုလိုက်ကြသည်။

ရွှီချင်းကလည်း အားလုံးနည်းတူ အရိုအ‌သေပေးလိုက်သည်။ ထိုသင်ခန်းစာသည် သူ့အား အတွေးအမြင်သစ်များစွာ ပေးသည်။

လက်ထောက်ဒေသအကြီးအကဲထွက်ခွာသွားခြင်းနှင့်အတူ ယနေ့သင်တန်းမှာ အဆုံးသတ်သွားတော့သည်။ အားလုံးက ခန်းမထဲမှ အလျိုလျိုထွက်ခွာလာကြ၏။

ထိုအချိန်တွင် ညနေစောင်းကိုကျော်လွန်သွားပြီဖြစ်ကာ ကောင်းကင်၌ လရောင်များ ထွန်းလင်းလာသည်။

ရွှီချင်းသည် ခေါင်းဆောင်နှင့်အတူ ဂုဏ်းခွဲသို့ပြန်ရန် ခန်းမထဲမှ ထွက်လာသောအချိန်တွင် သူ့နောက်မှ ခုန်ရှန်းလုံး၏ ‌ခေါ်သံအား ကြားလိုက်ရ၏။

“ရွှီချင်း…”

“ငါတို့အားလုံးက နောက်ဆိုရင် ညီနောင်တွေဖြစ်လာတော့မှာဆိုတော့ မင်းကို တစ်ဝိုင်းလိုက်တိုက်ခွင့်ပြုကွာ။ အပိုတွေမပြောတော့ဘူး။ ငါမင်းနဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။”

“ငါ့မိတ်ဆွေတွေကလည်း မင်းအကြောင်း သိချင်နေကြတယ်။ မင်းက ဒေသငယ်မြို့တော်ကို အခုမှရောက်လာတာဆိုတော့ ဓားကိုင်ရုံးတော်အကြောင်းကို သိပ်မသိလောက်ဘူး။ နောက်ပိုင်း မင်းကို ငါ ရှင်းပြဦးမယ်။”

“ဒီတော့ ဘယ်လိုလဲ။”

ရွှီချင်းက ထိုစကားတွင် ခြေလှမ်းတို့တန့်သွားပြီး လျှောက်လှမ်းလာနေသည့် ခုန်ရှန်းလုံကို ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် ရိုးသားပွင့်လင်းမှုတို့ အထင်းသားပေါ်နေပြီး နွေးထွေးစွာ ပြုံးပြနေသည်။ သူ့တွင်တော့ ရှန်ဟယ်နှင့် တခြားအဖွဲ့ဝင်များရှိနေကြသည်။

ရွှီချင်း တုံ့ဆိုင်းနေသည်။ တစ်ဖက်လူက သူ့အား စိတ်ရင်းဖြင့် ဖိတ်ခေါ်နေခြင်းဖြစ်ပြီး သူကလည်း ဓားကိုင်တို့အကြောင်း ပို၍ နားလည်ရန် လိုနေသည်။ သို့ရာတွင် ထိုလူက ခေါင်းဆောင်အား မနှစ်မျို့ဟန်ရှိနေသည်။

“ရောင်းရင်းချန်… မင်းမှာ အချိန်မရှိရင်…”

ခုန်ရှန်းလုံသည် ပွင့်လင်းလွတ်လပ်ဟန်ရှိသော်လည်း ဤကား သူ့အကျင့်စရိုက်သာ ဖြစ်သည်။ သူက ဦးနှောက်ကိုသုံးရန် အတွေးမရှိခြင်းသာ။ သို့ရာတွင် သူသည် တုံးအသည်တော့ မဟုတ်ပေ။ ထိုအချိန်တွင် ရွှီချင်း၏ တွန့်ဆုတ်မှုကို သူ သတိထားမိ၏။

ထို့ကြောင့် သူက ချန်အားညိုအပေါ် မယုံကြည်ခြင်းတို့အား ချုပ်တည်းလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

“အချိန်ရှိတာပေါ့။”

ခေါင်းဆောင် ချောင်းဟန့်လိုက်သည်။ ရွှီချင်း၏ သူ့အပေါ်ဂရုစိုက်မှုကို သူက လွန်စွာကျေနပ်နေသည်။

ရွှီချင်း ခေါင်းညိတ်လိုက်တော့သည်။

ခုန်ရှန်းလုံက လူအပိုတစ်ဦးပါလာခြင်းကို များစွာ အာရုံမစိုက်ပေ။ သူတို့အဖွဲ့ ထွက်ခွာရန် ပြင်လိုက်စဉ် ညဝိညာဉ်ကလည်း တကိုယ်တည်း ထွက်သွားရန်ပြင်နေသည့် ချင်းချိုးကို လှမ်းဆွဲလိုက်သည်။

ချင်းချိုးမှာလည်း ရွေးချယ်စရာမရှိဘဲ လိုက်လာရတော့သည်။

ဤသို့ဖြင့် သူတို့ခုနစ်ဦးသည် ဓားကိုင်ရုံးတော်မှ ပျံသန်းလာကြ၏။

သူတို့နောက်တွင် ကျန်းစစ်ယွင်လည်း အသိပညာခန်းမထဲမှ လမ်းလျှောက်ထွက်လာသည်။ သူက ထိုမြင်ကွင်းကို ကြည့်ကာ အေးစက်စက်နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တကိုယ်တည်း ထွက်ခွာသွားတော့သည်။

ခုန်ရှန်းလုံနှင့် တခြားအဖွဲ့ဝင်တို့သည် ဒေသငယ်မြို့တော်ထဲတွင် ကြီးပြင်းလာကြသူများဖြစ်ရာ စားသောက်ဆိုင်၊ အရက်ဆိုင်များ၏ တည်နေရာအား အသေးစိတ်သိကြသည်။ သို့ရာတွင် သူတို့က ခမ်းနားသောနေရာများကို မရွေးဘဲ သာမန်အရက်ဆိုင်လေးတစ်ခုကိုသာ ရွေးချယ်လိုက်ကြသည်။

ထိုဆိုင်ထဲတွင် ဝယ်သူ ခပ်ကျဲကျဲသာရှိသည်။ ဆိုင်ရှင်တို့သည် အဘိုးကြီးလင်မယားနှစ်ဦးသာဖြစ်ပြီး ခုန်ရှန်းလုံတို့အဖွဲ့နှင့် ရင်းနီးနေကြောင်းထင်ရှားသည်။ ပန်းကန်များကိုင်ကာ ထွက်လာရင်း သူတို့ကိုမြင်သည်နှင့် ချက်ချင်း ပြုံးရွှင်သွားကြသည်။

“ခုန်လေး ရောက်လာပြီလား။ သူငယ်ချင်းသစ်တွေရော ပါလာသေးတာပဲ။”

“ဦးလေးကျောက်၊ ဒေါ်လေးကျောက်။”

ခုန်ရှန်းလုံးက ရောက်သည်နှင့် ချက်ချင်းပြေးကာ ပန်းကန်များကို ကူသယ်ကာ နောက်စားပွဲသို့ ပို့ဆောင်ပေးလိုက်သည်။ စားပွဲများတွင်ရှိသော စားသောက်နေသူတို့ကလည်း ဓားကိုင်အဖွဲ့အား ရှိန်မနေဘဲ နောက်ပြောင်ပြောဆိုနေကြသေးသည်။

“ခုန်လေး ဒီကို လာကူပြန်ပြီလား။”

“ဟုတ်ပါတယ်။ သောက်ရင်း ဗာဟီရတွေလည်း လုပ်ရင်းပေါ့။”

ခုန်ရှန်းလုံးက ရယ်လိုက်တော့သည်။ ပန်းကန်များကို ချလိုက်ပြီးနောက် ဝိုင်အရက်အိုးများသယ်လာပြီး ရွှီချင်းထံသို့ လျှောက်လာလေသည်။

“ဘာတွေရပ်လုပ်နေကြတာလဲ။ ထိုင်ကြလေ။ ဒီကအရက်တွေက ငါချက်ထားတာပဲ။ ရေ လုံးဝမရောထားဘူးကွ။”

ခုန်ရှန်းလုံက သူတို့အားလုံးကို စားပွဲတစ်လုံးထံသို့ ဆွဲခေါ်ကာ ထိုင်လိုက်သည်။ သူက အရက်အိုးများကို ချလိုက်ပြီး ဆိုင်ရှင်ပုံစံ ဖမ်းနေသေးသည်။

ချင်းချိုးက ထိုမြင်ကွင်းအား အံ့သြနေသည်။ ရွှီချင်းကလည်း ခုန်ရှန်းလုံအား ကွက်ကြည့်ကွက်ကြည့်ဖြစ်နေသော်လည်း ခေါင်းဆောင်ကတော့ ထိုကိစ္စအား တစ်လျှောက်လုံးသိနေခဲ့သည့်ဟန်ရှိနေသည်။

ခုန်ရှန်းလုံက ပါးစပ်ဟကာ စကားပြောရန် ပြင်လိုက်စဉ်တွင် စားပွဲတစ်ဝိုင်းမှ ဧည့်သည်များက ငွေရှင်းရန်အော်လိုက်သည်။ သူက ချက်ချင်းထရပ်ကာ ပြေးသွားလိုက်သည်။ သူ့လှုပ်ရှားဟန်တို့က လွန်စွာကျင့်သားရဟန်ရှိနေပြီး ဓားကိုင်ရုံးတော်တွင် ရှိခဲ့သူတစ်ဦးဟုပင် မထင်ရတော့ပေ။

“အစ်ကိုကြီးခုန်က ငယ်စဉ်ကတည်းက ဆင်းရဲချို့ခဲ့တယ်။ သူက ဓားကိုင်ရုံးတော်ထဲမှာ အလုပ်သမားလုပ်ရင်း အပြင်က အထွေထွေဗဟီရတွေလည်း လုပ်ပြီး ဝိညာဉ်ကြေးပြားတွေ ရှာရတယ်။”

ညဝိညာဉ်က ရွှီချင်းနှင့် တခြားသူများအား ကြည့်ကာ ရှင်းပြလိုက်သည်။

“သူက ဒီအရက်ဆိုင်မှာ သုံးနှစ်ကြာအောင် စားပွဲထိုးလုပ်ခဲ့သေးတယ်။ ကျင့်ကြံသူဖြစ်လာပြီးနောက်ပိုင်း ပြင်ပအရေးကိစ္စတွေများလာတော့ ဒီမှာ ဆက်မလုပ်ဖြစ်တော့တာ။ ဒါပေမဲ့ ကျွန်မတို့အဖွဲ့ စုမိချိန်တိုင်း သူက ဒီနေရာကို အမြဲလာတယ်။ ဦးလေးကျောက်နဲ့ ‌ဒေါ်လေးကျောက်က သူ့အပေါ်အရမ်းကောင်းခဲ့လို့တဲ့။”

“အစ်ကိုခုန်က အစွဲအလမ်းကြီးသူပဲ။”

ရှန်ဟယ်က သုန်မှုန်ဟန်အလိုလိုရှိနေဆဲဖြစ်ပြီး အေးစက်စက်ပြောလိုက်သည်။

ရွှီချင်းက အလုပ်ရှုပ်နေသည့် ခုန်ရှန်းလုံကို ကြည့်လိုက်သည်။ သူက ထိုသို့သောလူမျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေးပါ။

မကြာမီ ခုန်ရှန်းလုံက ပြန်ပြေးလာသည်။ သူကထိုင်လိုက်ပြီး အရက်အိုးတစ်လုံးကိုင်လိုက်ကာ အားလုံးအား ရယ်မောပြောဆိုလိုက်သည်။

“ငါက ဒီနေ့ မိတ်ဆွေသစ်တွေ ဖွဲ့နိုင်တာပျော်စရာပဲ။ လာလာ သောက်ကြမယ်။”

ရှန်ဟယ်နှင့် တခြားလူများက အရက်အိုးများ ကောက်ကိုင်လိုက်ကြသည်။ ရွှီချင်း၊ ခေါင်းဆောင်နှင့် ချင်းချိုးတို့လည်း အရက်အိုးများ ကောက်ကိုင်လိုက်သည်။ အားလုံးက အချင်းချင်းကြည့်လိုက်ကြပြီး တပြိုင်နက်သောက်လိုက်ကြတော့သည်။

အားလုံးမှာ လူငယ်များဖြစ်ပြီး သွက်သွက်လက်လက် သောက်ကြသည်။ အရက်သည် ကျင့်ကြံသူများအတွက် မည်သို့မျှ မသိသာသော်လည်း လေထုကို ရွှင်ပြစေသည်။ အထူးသဖြင့် ခုန်ရှန်းလုံ၏ ပွင့်လင်းသောရယ်သံနှင့် တက်ကြွမှုတို့တွင် အားလုံးမြိုင်လာကြသည်။

ခုန်ရှန်းလုံ၏ ရဲတင်းမှုက သူ့အရက်သောက်ဟန်ဖြင့်လည်း ထင်ဟပ်နေသည်။ သူက တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်သောက်နေရာ အရက်ကြိုက်သူဖြစ်ကြောင်း ထင်ရှားနေသည်။

ရွှီချင်းနှင့် ချင်းချိုးလည်း တဖြည်းဖြည်းစိတ်တို့ ပြေလျော့လာကြသည်။ သို့ရာတွင် နှစ်ဦးသားက အချင်းချင်း ကြည့်မရဟန်ဖြင့် တစ်ဦးကိုတစ်ဦး လျစ်လျူရှုထားလိုက်ကြသည်။

ခေါင်းဆောင်ကတော့ စကားများသွက်နေပြီး အားလုံးနှင့်အတူ ဆက်တိုက်သောက်နေလေသည်။

“ဟယ်လေး၊ ညဝိညာဉ်နဲ့ ဝမ်ချန်း မင်းတို့သုံးဦးက ရွှီချင်းကို အင်ပါယာကိုယ်တိုင်ခန့်အပ်တယ်ဆိုတာကို အသိအမှတ်မပြုနိုင်ကြသေးဘူးဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ငါ ပြောဦးမယ်။ လူသားမျိုးနွယ်ရဲ့ ကောင်းကင်လက်ရွေးစင်တွေထဲမှာ အကြီးဆုံးကန့်သတ်ချက်ကြီးက မနာလိုခြင်းပဲ။ ဒီနေ့လူသားမျိုးနွယ်သမိုင်းကို မင်းတို့ ကြားခဲ့တယ်မလား။ ငါတို့လူသားမျိုးနွယ်က အရင်ကလောက် အင်အားမရှိတော့ဘူး။ အဲဒီလိုအချိန်မှာ ငါတို့အချင်းချင်းတိုက်ခိုက်နေကြသေးရင် အနာဂတ်က ကောင်းမှာမဟုတ်တော့ဘူး။”

“မင်းတို့ဘယ်လိုတွေးသလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါကတော့ ရွှီချင်းကို လက်ခံအသိအမှတ်ပြုတယ်။ ပေတစ်သိန်းအလင်းက ပေတစ်သိန်းအလင်းပဲ။”

All Chapters