အားလုံးက ပတ်ဝန်းကျင်အတိုင်းပြောင်းလဲသည်(၃)
Vol. 35 Ch. 519
ခုန်ရှန်းလုံ သက်ပြင်းချလိုက်သည်။ သူ့စကားတို့တွင် ရှန်ဟယ်နှင့် ကျန်နှစ်ဦးတို့၏ အမူအရာတို့ ပြေလျော့သွားသည်။ သူတို့က ရွှီချင်းနှင့် တခြားသူတို့ထံ ရင်းနှီးရန် ကြိုးစားချဉ်းကပ်ခဲ့ကြသော်လည်း ခေါင်းဆောင်ကိုတော့ သတိဖြင့်ဆက်ဆံနေကြပြီး အတန်ကြာသည်အထိ စိတ်မလျှော့နိုင်ဖြစ်နေကြသည်။
ဤသို့ဖြင့် အရက်သုံးချီမြောက် သောက်လိုက်ကြပြီးနောက် ဟင်းပွဲများရောက်လာချိန်တွင်တော့ ခုန်ရှန်းလုံက ရွှီချင်းထံသို့ ပြုံးလျှက် ကြည့်လိုက်သည်။
“ရွှီချင်း မင်းတို့က အင်ပါယာဓားကို မသုံ့သပ်ရသေးဘူးမလား။ ညဝိညာဉ်လည်း တူတူပဲ။ ငါက မနှစ်ကတည်းက သုံ့သပ်အောင်မြင်နိုင်ထားပြီးသားဆိုတော့ မင်းတို့ကို အတွေ့အကြုံတချို့ ပြောပြမယ်။”
ရွှီချင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ထိုသို့သော ဆင်ခြင်မှုအသိအတွေ့အကြုံတို့က လွန်စွာအဖိုးတန်လှပြီး ထိုသို့ ပြန်ပြောပြတတ်ကြတတ်သူမှာ နည်းပါးလှသည်။ ခေါင်းဆောင်ကလည်း အံ့သြသွားပြီး ချင်းချိုးပင် ခေါင်းမော့ကြည့်လာသည်။
“ဘာလို့ ဒီလိုပုံတွေ ဖြစ်နေကြတာလဲ။ အင်ပါယာဓားကျင့်စဉ်ထဲက အတွေ့အကြုံနည်းနည်းနဲ့ အတွေးအသိနည်းနည်းလောက်ပါပဲ။”
တစ်ချိန်လုံး နှုတ်ဆိတ်နေသော ဝမ်ချန်က ခပ်တိုးတိုး ပြောလိုက်သည်။
“အစ်ကိုခုန်ရဲ့စရိုက်ကိုက ဒီလိုပါပဲ။ ကျုပ်ကို သက်စောင့်မီးအိမ် ပေးခဲ့တာလည်း သူပါပဲ။”
“မင်းကို သက်စောင့် မီးအိမ်ပေးခဲ့တာမဟုတ်ပါဘူး။ ငါတို့ အတူတူ လုယူခဲ့တာပဲ။”
ခုန်ရှန်းလုံက ဝမ်ချန်၏ပခုံးကို လှမ်းရိုက်လိုက်သည်။ သို့သော် သူ့လက်က သူ၏ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်ဖြတ်သန်းသွားသည်။
“အစ်ကိုခုန် ကျုပ်ရဲ့ပင်မခန္ဓာက ကျင့်ကြံမှုမှာ အရေးကြီးနေရာရောက်နေလို့..”
ခုန်ရှန်းလုံက ပြုံးလိုက်ပြီး စိတ်ထဲမထားဟန်ဖြင့် ခေါင်းယမ်းသည်။ သူက အင်ပါယာဓား၏ အတွေ့အကြုံတို့ကိုသာ ရွှီချင်းနှင့် တခြားသူများအား ရှင်းပြလိုက်သည်။
အချိန်တို့ကုန်လွန်သွားပြီး သူတို့အဖွဲ့သည် ဆက်လက်သောက်စားနေလိုက်ကြသည်။ အထူးဖြင့် ခေါင်းဆောင်က ချီယွဲ့ထုံ၌ ချက်လုပ်လာခဲ့သော ဝိညာဉ်အရက်တချို့ကို ထုတ်ပြီးနောက်တွင် အားလုံးဝိုင်းသောက်လိုက်ကြသည်။ ထိုအရက်အား သာမန်သေမျိုးတို့သောက်လျှင် အမူးလွန်ကာ သေနိုင်သည်အထိဖြစ်တတ်သဖြင့် မသောက်နိုင်ကြပေ။
သို့ရာတွင် ကျင့်ကြံသူတို့အတွက်တော့ အရက်ကောင်းဟု ဆိုနိုင်ပေသည်။
ထိုအချက်ကြောင့် ခုန်ရှန်းလုံက ခေါင်းဆောင်အား အမြင်ကြည်လာတော့သည်။
နောက်ဆုံးတွင် သူတို့အားလုံးမှာ ကျင့်ကြံသူများ ဖြစ်နေကြသည့်တိုင် အနည်းငယ်ရီဝေလာကြတော့သည်။
အရက်၏သက်ရောက်မှုကို ကျင့်ကြံခြင်းဖြင့် လည်ပတ်ကာ ဖြေဖျောက်ခြင်း မပြုကြသောကြောင့်ဖြစ်ကြသည်။
ထိုကြောင့် အားလုံးလည်း အာသွက်လျှာသွက်ဖြစ်လာသည်။ ရှန်ဟယ်လည်း သုန်မှုန်မှုတို့ ပျောက်လာသည်။ ၎င်းအစား သူက ယောင်မိသားစုကို ကျိန်ဆဲနေတော့သည်။ လူမဟုတ်မျိုးနွယ်များနှင့် ရင်းနှီးစွာပေါင်းသင်းနေသော ယောင်မိသားစုကို သူက မကျေမနပ် ဖြစ်နေသည်။
ဒေသအကြီးအကဲနှင့် လက်ထောက်ဒေသအကြီးအကဲတို့အကြောင်းကိုလည်း ပြောလိုက်ကြသေးသည်။ ဒေသအကြီးအကဲ၏ နာမည်ကို ထုတ်ပြောပြီးနောက် အားလုံးက သက်ပြင်းချလိုက်ကြပြီး လေးစားမှုနှင့် နားလည်မှုတို့ ဖော်ပြလိုက်ကြသည်။ လက်ထောက်ဒေသအကြီးအကဲကိုတော့ ကြွယ်ဝသော အသိပညာ၊ ထူးချွန်သော ပါရမီနှင့် မြို့တော်၏ စည်ပင်ဝပြောမှုတို့၌ အကျိုးဆောင်ပေးခြင်းတို့ကြောင့် အားလုံးက အသိအမှတ်ပြုကြသည်။
နောက်ဆုံးတွင် ခေါင်းဆောင်က ခုန်ရှန်းလုံနှင့်ပင် အရက်ပြိုင်သောက်လိုက်ပြီး ပွဲကျစေတော့သည်။
သန်းခေါင်ယံအချိန်ဝန်းကျင်သို့ ရောက်ရှိလာချိန်တွင်မှ အားလုံးက အရက်ဆိုင်မှ ထွက်လာကြပြီး ကိုယ်စီနေရာ အသီးသီးသို့ ပြန်သွားကြတော့သည်။
ထိုစုဖွဲ့မှုတစ်ခုတည်းဖြင့် မိတ်ဆွေများအဖြစ် ချက်ချင်းပြောင်းလဲသွားမည် မဟုတ်သော်လည်း ရင်းနှီးမှုတို့ကိုတော့ ဖြစ်လာစေပေသည်။
ဂိုဏ်းခွဲသို့အပြန်တွင် ခေါင်းဆောင်က ရွှီချင်းလည်ပင်းကိုဖက်ကာ လောကကြီးအား နှိမ့်ချကြည့်ရှုနေသည့်အလား ပြုမူပြန်သည်။
“ငါပြောမယ် ချင်းလေး။ ဒီလူတွေက အရက်လည်း ကောင်းကောင်းမသောက်နိုင်ကြဘူး။ ငါက တစ်ဆယ်ရာနှုန်းလောက်ပဲ အစွမ်းထုတ်ခဲ့သေးတယ်။ ဒီခုန်ရှန်းလုံက ပိုလို့တောင်ဆိုးတယ်။ ငါ့ကို ပြိုင်လည်း မသောက်နိုင်ဘူး။”
ရွှီချင်းက ပြုံးလိုက်ပြီး ခေါင်းညိတ်သဘောတူလိုက်သည်။
တိတ်ဆိတ်သောညတစ်ညပင်။
နောက်ခြောက်ရက်အထိ အသိပညာခန်းမထဲတွင် သင်ခန်းစာများ ဆက်လက်သင်ကြားပို့ချသည်။ ဤတစ်သုတ်ဓားကိုင်လက်သစ်တို့သည် ဓားကိုင်လျို့ဝှက်အတတ်များနှင့် အသိပညာများအား ပိုမိုသင်ယူကြရသည်။
ထိုကြားထဲတွင် ဓားကိုင်ရုံးတော်က အဖွဲ့ငယ်များခွဲကာ လေ့ကျင့်ရေးများပြုလုပ်စီမံသေးသည်။
ဓားကိုင်ရုံးတော်၏ စီမံမှုအောက်တွင် သင်တန်းတို့သည် ဓားကိုင်ရုံးတော်ခန်းမတချို့တွင် ပြင်ဆင်ကျင်းပခဲ့သော်လည်း ထိုနေရာအတွင်းပိုင်းများအား တခြားနေရာပတ်ဝန်းကျင်မျိုးစုံအဖြစ် ပြောင်းလဲသင်ကြားခဲ့ကြသည်။
အဆက်မပြတ်အဖွဲ့ခွဲချထားမှုဖြင့် အားလုံးသည်တဖြည်းဖြည်း အချင်းချင်းနားလည်မှုများ ရှိလာကြသည်။
တစ်ကြိမ်တွင် ရွှီချင်းနှင့် ချင်းချိုးတို့ တစ်ဖွဲ့ထဲကျခဲ့သေးသည်။ နှစ်ဦးသားက ချုံခိုတိုက်ခိုက်ခြင်းစမ်းသပ်မှုတစ်ခုကို အတူပြီးစီးခဲ့ကြသည်။ သူတို့နှစ်ဦးလုံးက အေးစက်သော သွင်ပြင်တို့ ရှိနေကြသော်လည်း နှစ်ဦးသားပူးပေါင်းလုပ်ဆောင်မှုတို့က အံ့သြဖွယ်ပင် အကွက်စေ့နေသည်။ ထိုအချက်ကြောင့် ချင်းချိုးမှာ ရွံမုန်းစိတ်တို့ပင် ဖြစ်ခဲ့သေးသည်။
ခုန်ရှန်းလုံနှင့် ခေါင်းဆောင်တို့က ရှာဖွေရေးလုပ်ငန်းတစ်ခုတွင် တစ်ဖွဲ့တည်းကျသည်။
သို့ရာတွင် သူတို့ ရှုံးနိမ့်ခဲ့ရလေသည်။
အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်က ပစ္စည်းအား စိတ်မထိန်းဘဲ ကိုက်လိုက်မိသောကြောင့်ပင်။
ထို့နောက်တွင် ခုန်ရှန်းလုံက ရှန်ဟယ်နှင့် အဖွဲ့ဝင်တို့အား ချန်အားညိုကို သတိထားရန် ကျိတ်၍ မှာထားတော့သည်။
“ဒီငနဲက ခွေးနှာခေါင်းနဲ့ အတွင်းစိတ်အတိုင်းလိုက်ရှာတတ်တယ်။ သူ့မျက်လုံးတွေက အရောင်တောက်နေပြီး တွေ့သမျှကို ကိုက်ချင်နေတယ်။ နောက်ပိုင်း သူနဲ့အတူ တာဝန်တွေသွားလုပ်ကျရင် တာဝန်ပစ္စည်းတွေကို သေချာသတိထားကြ။”
ဤသို့ဖြင့် မျက်စိတမှိတ်အတွင်း ခုနစ်ရက်ကုန်လွန်သွားပြီး လျို့ဝှက်သင်တန်းလည်း အဆုံးသတ်သွားသည်။
ဓားကိုင်ရုံးတော်ထဲက ခုနစ်ရက်လျို့ဝှက်သင်တန်းသည် လွန်စွာအသုံးဝင်သည်ဟု ဆိုရမည်။ လွန်ခဲ့သော ခုနစ်ရက်တွင် အားလုံးက သူစိမ်းများသာ ဖြစ်နေခဲ့ကြသည်။ သို့ရာတွင် ခုနစ်ရက်ကုန်လွန်ပြီးနောက်တွင်တော့ အချင်းချင်း သိကျွမ်းလာကြရုံတင်မက မိတ်ဆွေဖြစ်လာသူများပင် ရှိပေသည်။
၎င်းရင်းနှီးမှုတို့သည် နက်ရှိုင်းလှသည်မဟုတ်သော်လည်း မျိုးစေ့တစ်ခုတော့ ဖြစ်လာခဲ့သည်။
ထိုမျိုးစေ့သည် ညီနောင်များဖြစ်လာစေမည့် မျိုးစေ့ပင်။
ကျန်းစစ်ယွင်ကတော့ ချွင်းချက်ပင်ဖြစ်သည်။
အားလုံးက လျို့ဝှက်သင်တန်း၏ နောက်ဆုံးအကဲဖြတ်မှုကို ဖြေဆိုနေကြချိန်တွင် ရွှီချင်းကတော့ တာဝန်နှင်းအပ်ခြင်းတံဆိပ်တော်ကို ရရှိလာသည်။ သူက အကဲဖြတ်မှုအား ဝင်ဖြေရန်မလိုတော့ဘဲ ရုံးတော်သခင်ထံ သွားရောက်သတင်းပို့ရန်သာ လိုသည်ဟု ညွှန်ကြားမှုတစ်ခုရသည်။
ရုံးတော်သခင်သည် ဓားကိုင်ရုံးတော်ထဲတွင် မဟုတ်ပေ။
အချုပ်ထောင်ဌာနခွဲတွင်သာ ဖြစ်နေသည်။
အချုပ်ထောင်ဌာနခွဲအား စောင့်ရှောက်ခြင်းသည် ဖုန်းဟိုင်ဒေသက ဓားကိုင်ရုံးတော်သခင်အားလုံး၏ တာဝန်ဖြစ်ပေသည်။
ထို့ကြောင့် ရွှီချင်းသည် အသိပညာခန်းမမှ ထွက်ခွာလာခဲ့တော့သည်။ သူက တာဝန်အပ်နှင်းခြင်းတံဆိပ်တော်ကို ယူလာပြီး ဖုန်းဟိုင်ဒေသ၏ ပထမဆုံးအချုပ်ထောင်သို့ ဦးတည်လိုက်တော့သည်။