ဖုန်းဟိုင်ဒေသ၏ပထမဆုံးအကျဉ်းထောင်(၁)
Vol. 35 Ch. 520
ဖုန်းဟိုင်ဒေသ၏ ပထမဆုံးအကျဉ်းထောင်သည် ဓားကိုင်ရုံးတော်၏လက်အောက်တွင် ရှိသည်။ ၎င်း၏ဂုဏ်သတင်းမှာ ကြီးမားလှပြီး လူများစွာတို့၏စိတ်ထဲတွင် ကြောက်စိတ်များ ဖြစ်ပေါ်လာစေသည်။
ထိုနေရာတွင် အကျဉ်းကျနေသူတို့မှာ သန့်စင်ဒီမွန်းမျိုးနွယ်၊ ကျွမ်ရှင်းမျိုးနွယ်နှင့် သန့်စင်ရေလှိုင်းမျိုးနွယ်တို့အပါအဝင် မျိုးနွယ်ပေါင်းစုံမှ ဆိုးရွားသောရာဇဝတ်သားများ ဖြစ်ကြသည်။ ပြစ်မှုကြီးများကျူးလွန်ထားသော လူသားမျိုးနွယ်တချို့လည်း ထိုနေရာတွင် အကျဉ်းကျနေကြသေးသည်။
ရှေးခေတ်အချိန်များကတည်းက လူသားမျိုးနွယ်နှင့် သဘောတူညီချက်ယူထားသည့် သန့်စင်ဒီမွန်မျိုးနွယ်နှင့် ကျွမ်ရှင်းမျိုးနွယ်တို့မှလွဲလျှင် တခြားမျိုးနွယ်တို့က ရာဇဝတ်သားတို့မှာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရိုးထုံးစံမရှိပေ။
ထိုရာဇဝတ်သားတို့အား ချက်ချင်းမသတ်ဖြတ်ပဲ ဖမ်းချုပ်ထားရသည့်အကြောင်းရင်းမှာ သူတို့၏ ကျင့်ကြံဆင့်အခြေတို့အား ဒေသ၏တားမြစ်ဓမ္မလက်နက်အတွက် စွမ်းအားအရင်းအမြစ်အဖြစ် အသုံးပြုထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အကျဉ်းသားများအားလုံး ကွယ်ပျောက်သွားခြင်းမရှိသရွေ့၊ အသစ်ထပ်မံရောက်ရှိလာမှုတို့ရှိနေသေးသရွေ့ အကျဉ်းသားထောင်သောင်းချီတို့ သေဆုံးသွားလျှင်လည်း ပြဿနာရှိမည် မဟုတ်ပေ။ ဤနေရာရှိ အကျဉ်းသားများအား အချုပ်ထောင်ဌာနက အတိုင်းအတာတစ်ခုအထိ အကြွင်းမဲ့စီရင်ပိုင်ခွင့်ရှိနေသည်။
သို့ဖြစ်ရာ ထိုအကျဉ်းထောင်သည် သေခြင်းအငွေ့အသက်တို့ဖြင့် ပြည့်နေပြီး ဆိုးရွားပြင်းထန်လွန်းသဖြင့် ထိုနေရာတွင် အလုပ်လုပ်ကြသော နယ်ရုပ်များသည် မည်မျှခက်ထန်ကြမ်းကြုတ်ကြမည်ဖြစ်ကြောင်း မှန်းဆသိနိုင်ပေသည်။
ဥပမာ ရွှီချင်းတို့အား အစောပိုင်းတွင် သင်ကြားပေးခဲ့သော တစေလက်သည် နယ်ရုပ်များထဲကတစ်ဦး ဖြစ်ပေသည်။ သူ၏ခန္ဓာကိုယ်က ကြမ်းကြုတ်သောအရှိန်အဝါတို့သည် ပြင်းထန်လွန်းသဖြင့် ရွှီချင်းက ထင်ရှားစွာ ခံစားသိမြင်နိုင်သည်။
ထို့အပြင် လျို့ဝှက်သင်တန်းခုနစ်ရက်အတောအတွင်း နားလည်ထားခဲ့သည်တို့အရ ဖုန်းဟိုင်ဒေသထဲက ထိုအကျဉ်းထောင်သည် လွန်စွာရှည်လျားသော သမိုင်းကြောင်းရှိပြီး ဖုန်းဟိုင်ဒေသနှင့် တစ်ခေတ်ထဲတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းအား ဆောက်လုပ်ရာ၌ ဖုန်းဟိုင်ဒေသ၏ ပထမဆုံးဓားကိုင်ရုံးတော်သခင်ကိုယ်တိုင် ကြီးကြပ်ခဲ့သည်။
၎င်းအကျဉ်းထောင်တွင် အထပ်ပေါင်း (၁၇၇)ထပ် ရှိသည်။ အထပ်တိုင်းတွင် အာကာသကန့်သတ်နည်းစနစ်များစွာ၊ အကန့်အသတ်မန္တာန်များစွာနှင့် ဝင်္ကပါအစီအရင်များစွာတို့ဖြင့် စီမံထားသည်။
ထိုနေရာမှ ဗလာနတ္တိအဆင့်တစ်ဦးပင် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုအကျဉ်းထောင်၏ ကြောက်ခမန်းလိလိအတားအဆီးများအပြင် ဓားကိုင်ရုံးတော်သခင်ကလည်း ထိုအကျဉ်းထောင်အား တစ်နှစ်ပတ်လုံး စောင့်ကြပ်နေခြင်းကြောင့် ဖြစ်သည်။
ဓားကိုင်ရုံးတော်သခင်ကိုယ်တိုင် စောင့်ကြပ်ခြင်းအစဉ်အလာသည် ထိုအကျဉ်းထောင်ဆောက်လုပ်ချိန်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအစဉ်အလာကိုလည်း ပထမဆုံးဓားကိုင်ရုံးတော်သခင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ နောက်မျိုးဆက်ဖုန်းဟိုင်ဒေသ၏ ဓားကိုင်ရုံးတော်သခင်များသည် အမြဲတမ်းအားဖြင့် ထိုအစဉ်အလာကို ထိန်းသိမ်းခဲ့ကြသည်။ သူတို့က အကျဉ်းထောင်ထဲတွင် ရုံးခန်းနှင့် နေထိုင်ရာနေရာတို့ ပြုလုပ်ကာ ကိုယ်တိုင်စောင့်ကြပ်ကြသည်။
ထို့ကြောင့် ရုံးတော်သခင်အားလုံးသည် အကျဉ်းထောင်ဌာနမှူးများလည်း ဖြစ်သည်။
အကျဉ်းချခြင်းနှင့် တားမြစ်ဓမ္မလက်နက်အား စွမ်းအားရင်းမြစ်ထောက်ပံ့ပေးခြင်းတို့အပြင် ဤအကျဉ်းထောင်တွင် တခြားအသုံးဝင်မှုတစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ ခြိမ်းခြောက်ခြင်း ဖြစ်သည်။
ဤကား ဖုန်းဟိုင်းဒေသတွင် လူမဟုတ်မျိုးနွယ်များကို လူသားမျိုးနွယ်တို့က ခြိမ်းခြောက်ရာတွင် အသုံးပြုသော နည်းလမ်းတစ်ခုလည်းဖြစ်သည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် အကျဉ်းထောင်ထဲ၌ အကျဉ်းကျနေသော အကျဉ်းသားအရေအတွက်မှာ လျို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေသည်။ အကျဉ်းထောင်ဌာနတစ်ခုတည်းသာ ထိုအချက်ကို သိရှိထားသည်။
အပြင်လူတို့က အကြမ်းဖျင်းတွက်ဆထားသည်တို့အရ ထိုအရေအတွက်သည်… ကောင်းကင်ရှိ ကြယ်များနှင့် ညီမျှနေလောက်ပေသည်။
ထိုအချက်အလက်တို့က ရွှီချင်းစိတ်ထဲ၌ ပေါ်ထွက်လာသောအခါ သူသည် ဓားကိုင်ရုံးတော်မှ ထွက်သွားပြီ ဖြစ်သည်။ ယခု သူသည် ကောင်းကင်၌ အရှိန်ဖြင့် ပျံသန်းကာ မြေပြင်ရှိ အကျဉ်းထောင်ဌာနသို့ ဦးတည်သွားနေသည်။
ဝေဟင်မှကြည့်လျှင် မြေပြင်ပေါ်က အကျဉ်းထောင်ဝင်ပေါက်သည် အကြည်ရောင်ဖြစ်နေပြီး အရံအတားကို အတားအဆီးမရှိဘဲ ထိုးဖောက်ကာ အကျဉ်းထောင်အတွင်းပိုင်းသို့ မြင်နိုင်ပေသည်။
သို့သော်လည်း ပထမဆယ်ထပ်ဝန်းကျင်ခန့်သာ အမှန်တကယ်မြင်နိုင်ပြီး တခြားသောအောက်ပိုင်းအထပ်များမှာကား ချောက်ကမ်းပါးကြီးကဲ့သို့ မှောင်မည်းနေပြီး အေးစက်သော တစေဂူအလား ချမ်းစမ့်မှုတို့ ထုတ်လွှတ်လျက် ရှိကြသည်။
ရွှီချင်းက အကျဉ်းထောင်သို့ ချဉ်းကပ်လာချိန်တွင် တင်းကြပ်နေသော လေထုဖိအားတို့က ပိုမိုပြင်းထန်လာသည်။ သူ မြေပြင်သို့ ဆင်းသက်ရောက်ရှိလာချိန်တွင် အကျဉ်းထောင်ဌာနကျင်းနက်ကြီး၏ အစွန်၌ ရပ်လိုက်လျှင် ၎င်းခြောက်ကမ်းပါးအကျဉ်းထောင်ကြီးမှ ထုတ်လွှတ်နေသည့် ဖိအားတို့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားလိုက်ရသည်။
သူ့ခြေထောက်အောက်တွင် ငလျင်လှုပ်ခတ်မှုများပင် ခံစားရသည်။ မြေအောက်တွင် ဧရာမသတ္တဝါကြီးတစ်ကောင် ရုန်းကန်နေသည့်အလားပင်။
တစ်ချိန်တည်းမှာပင် ကျင်းနက်ကြီးထဲက ထုတ်လွှတ်နေသည့် ကြမ်းတမ်းခက်ထန်သော အရှိန်အဝါတို့ကလည်း ပိုမိုပြင်းထန်လာလျက် အော်သံနက်ကြီးများလည်း အတူထွက်ပေါ်လာကြသည်။
ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တာဝန်ကျတံဆိပ်ကို ထုတ်လျက် ဝင်ပေါက်သို့ သွားလိုက်လေသည်။
ဝင်ပေါက်အနီးသို့ ရောက်ရှိလာသည်နှင့် ရွှီချင်းအာရုံတွင် သဏ္ဌာန်မဲ့အရံအတားတစ်ခု ပေါ်လာသည်။ ထို့နောက် ကြောက်ခမန်းလိလိနတ်အာရုံကြီးတစ်ခုက ဒေါသလှိုင်းလုံးကြီးပမာ အဘက်ဘက်မှ ဖိချလာသည်။
၎င်းနတ်အာရုံကြီးတွင် ကြမ်းတမ်းရက်စက်မှုနှင့် တွန်းကန်အားတို့ ပါဝင်နေသည်။
မမြင်နိုင်သောသဏ္ဌာန်မဲ့ ဘီလူးကြီးတစ်ကောင်က သူ့ထံသို့ လက်ကြီးယမ်းကာ ရိုက်ချလာသကဲ့သို့ပင်။
ရွှီချင်းစိတ်တို့ လှုပ်ခါသွားသော်လည်း သူသည် ထိုနေရာတွင် မြဲမြံစွာ ရပ်နေလိုက်သည်။
သူက လက်ထဲရှိ တာဝန်တံဆိပ်ကို မြှောက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဓားကိုင်ရွှီချင်း တာဝန်သတင်းလာပို့ပါတယ်။”
ထိုစကားကို ပြောလိုက်သည်နှင့် နတ်အာရုံကြီးသည် ရွှီချင်းလက်ထဲက တာဝန်တံဆိပ်ထံသို့ ချက်ချင်းစုစည်းသွားသည်။
နောက်တစ်ခဏတွင် ထိုနတ်အာရုံကြီးမှာ တဖြည်းပျက်ပြယ်လာတော့သည်။ သဏ္ဌာန်မဲ့အရံအတားသည်လည်း အနီရောင်အလင်းများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ထုထည်သဏ္ဌာန်ဖြစ်တည်လာပြီး သွေးများစီးနေဆဲဖြစ်သော ဂိတ်တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုဂိတ်တံခါးသည် ရှေးကျနက်နဲနေပြီး အချိန်ကာလတို့ တိုက်စားခံရခြင်းခံစားချက်တို့ဖြင့် ပြည့်နေသည်။ ၎င်းအပေါ်တွင် ကမ္ပည်းစာများ မြောက်မြားစွာရှိနေပြီး ၎င်းတို့တစ်ခုချင်းစီမှ ပြင်းထန်သော စိတ်အားမန်တို့ ထုတ်လွှတ်လျက် ရှိသည်။ ၎င်းတို့က သားရဲခေါင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်းအား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
ရွှီချင်းက ၎င်းအား တည်ငြိမ်စွာ ပြန်စိုက်ကြည့်လိုက်သည်။
အချိန်အတန်ကြာလျှင် ဂိတ်တံခါးကြီးသည် တကျွီကျွီမြည်လာပြီး ဖြည်းညင်းစွာပွင့်လာကာ သာမန်အသွင်ရှိသော သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦး လျှောက်လှမ်းထွက်လာသည်။
သူသည် ရွှီချင်းနှင့်ဆင်ဆင်တူသော ဓားကိုင်တာအိုဝတ်စုံကို ဝတ်ထားသည်။ သို့သော် အဓိကကွာခြားမှုတစ်ခုတော့ ရှိနေသည်။ ရွှီချင်း၏ဝတ်စုံမှ မီးတောက်ပုံများမှာ အနီရောင်ဖြစ်ပြီး ထိုလူ၏ဝတ်စုံမှာကား အနက်ရောင်ဖြစ်သည်။
သူ့မျက်နှာတွင် အမာရွတ်တစ်ခုရှိနေပြီး ပယ်ဖျက်မရနိုင်သော မန္တာန်တစ်ခုခုကြောင့် ဖြစ်ခဲ့ဟန်ရှိသည်။ ထိုနေရာတဝိုက်က အရေပြားတို့သည် ညိုးခြောက်နေပြီး လွန်စွာဆိုးရွားခက်ထန်သော အသွင်အပြင်တစ်ခု ဖြစ်နေသည်။
သူ၏ မျက်လုံးတို့မှာ သုံးမြှောင့်အသွင် စောင်းနေသည်။ သူက မျက်ခွံတို့ကို အသာဖွင့်မလိုက်ပြီး ရွှီချင်းကို တစ်ချက်ကြည့်လိုက်သည်။ ရွှီချင်း၏မျက်နှာကို အသေအချာစိုက်ကြည့်လိုက်ပြီးနောက် အရုပ်ဆိုးစွာ ပြုံးလိုက်သည်။
“အကျဉ်းထောင်ဌာနက ကြိုဆိုပါတယ်။”
ထိုသို့ပြောလိုက်ပြီး သူက နောက်ပြန်လှည့်ကာ ဂိတ်တံခါးအတွင်းသို့ ပြန်ဝင်သွားတော့သည်။
ရွှီချင်းကလည်း ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး သက်လတ်ပိုင်းကျင့်ကြံသူနောက်သို့ လိုက်ဝင်သွားသည်။ သူက အနီရောင်ဂိတ်ပေါက်ထဲသို့ ခြေလှမ်းကာ ဝင်လိုက်သည့်တစ်ခဏတွင် အရံအတားတစ်ခုကို ဖြတ်သန်းသွားပြီး တခြားတစ်ဖက်တွင် ပြန်ပေါ်လာသည်။
သူ့ရှေ့တွင် ဧရာမကျင်းနက်ကြီးတစ်ခုအပြင် ကျင်းနက်ကြီးနှုတ်ခမ်းတစ်ဝိုက် လိမ်ဆင်းသွားသည့် လှေကားတစ်ခုလည်း ရှိနေသည်။
ရွှီချင်းက လှေကားအတိုင်း နယ်ရုပ်နောက်သို့ လိုက်လာခဲ့သည်။
အောက်ဘက်မှ အေးစက်သော အရှိန်အဝါများဖြာထွက်နေပြီး ဟစ်အော်သံများနှင့် ဆွဲငင်စွာအော်သံလှိုင်းများလည်း အတူပါလာသည်။ ဧရာမသတ္တဝါကြီးတစ်ကောင် လှုပ်ရှားခြင်းကြောင့် ဖြစ်လာသော ငလျင်လှိုင်းများကလည်း ဤနေရာတွင် ပိုမိုပြင်းထန်နေသည်။
တစ်ချိန်တည်းမှာတွင် နက်မှောင်မှုက နေရာတိုင်းကြီးစိုးနေပြီး ၎င်းအမှောင်ထုသည် အရာအားလုံးကို လွှမ်းမိုးထားလျက် ရှိသည်။