ဖုန်းဟိုင်ဒေသ၏ပထမဆုံးအကျဉ်းထောင်(၂)
Vol. 35 Ch. 521
အပေါ်မှ ဖြာကျနေသော နေရောင်ပင်လျှင် ဤနေရာရှိ ထိုင်းမှိုင်းသောလေထုကို ဖယ်ရှားနိုင်ခြင်း မရှိပေ။
သို့ရာတွင် ၎င်းတို့သည် ရွှီချင်း အဓိကအာရုံစိုက်ရသောနေရာများ မဟုတ်ပေ။ သူက လှေကားအတိုင်းဆင်းလာခဲ့ပြီး အကျဉ်းထောင်၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိလာသောအချိန်တွင် ကျင်းကြီး၏ဘေးနံရံများတွင် စီတန်းနေသည့် အချုပ်ခန်းကြီးများကို သတိပြုလိုက်မိသည်။
ထိုအချုပ်ခန်းကြီးများတိုင်း၏ အတွင်းနေရာတို့သည် ကျယ်ပြန့်လှပေသည်။
ထိုအချုပ်ခန်းကြီးများထဲတွင် မြောက်မြားစွာသော အချုပ်လှောင်အိမ်များ ရှိနေသည်။
ထိုအချုပ်များထဲ၌ မြောက်မြားစွာသော မျိုးနွယ်ပေါင်းစုံက ရာဇဝတ်သားများ အော်ဟစ်နေကြသည်ကို ရွှီချင်း ခပ်ရေးရေးမြင်နိုင်သည်။
ထို့အပြင် ပတ်ဝန်းကျင်မြေသားထုမှ သွေးညှီနံ့များသည် ပြင်းထန်စွာ ထွက်နေပြီး နေရာတစ်ခုလုံးမှာလည်း ညှီစို့စို့အနံ့များဖြင့် ဖုံးလွှမ်းထားသည်။
ရွှီချင်းသည် တိတ်တဆိတ်သာရှိနေပြီး ဟန်မပျက်ရှေ့ဆက်သွားလိုက်သည်။
နယ်ရုပ်က တစ်ချက်တစ်ချက်တွင် ရွှီချင်းအား လှည့်ကြည့်တတ်သည်။ ရွှီချင်းက ကိုယ်ဟန်မပျက်ရှိသည်ကို မြင်လျှင် သူက တဖြည်းဖြည်း စိတ်ဝင်စားဟန်ဖြစ်လာတော့သည်။
နှစ်ဦးသားအောက်ဘက်သို့ ဆက်လက်လျှောက်လာခဲ့ရာ တခြားသောနယ်ရုပ်များကို ရွှီချင်း ထပ်မံတွေ့မြင်ရလေသည်။
ဤနေရာရှိနယ်ရုပ်တို့သည် ငယ်ရွယ်ခြင်းမရှိဘဲ ဤသို့သော ထိုင်းမှိုင်းသုန်မှုန်သောနေရာတွင် တစ်နှစ်ပတ်လုံးနေထိုင်ရသဖြင့် အေးစက်သွေးဆာသော အရှိန်အဝါများ အလိုလိုထုတ်လွှတ်နေကြတော့သည်။ တချို့က လက်ထဲတွင် သွေးတစ်စက်စက်ကျနေသော အင်္ဂါမစုံတော့သည့် အလောင်းများကိုပင် ကိုင်ထားကြသည်။
အရိုးထဲသို့အထိ အေးစက်သွားရသည့် သူတို့၏ရက်စက်ပုံများကိုမြင်လျှင် ရွှီချင်းသည်ပင် မျက်လုံးများမှေးကြုတ်မိရသည်။
ထို့အပြင် နယ်ရုပ်များသည် သူ့ကို မြင်တွေ့ချိန်တွင် တချို့က အေးစက်စက် မမြင်သယောင်ပြုနေကြသလို၊ တချို့က ရက်စက်ကြမ်းကြုတ်ဟန်ပြကြပြီး တချို့ကတော့ စစ်ဆေးအကဲခတ်ဟန်ဖြင့် မျက်မှောင်ကြုတ်နေကြသည်ကို သတိပြုလိုက်မိသည်။
ရွှီချင်းကတော့ ထိုအကြည့်တို့ကို အာရုံမစိုက်ပေ။ ထိုနယ်ရုပ်တစ်ဦးချင်းစီတိုင်းတွင် အစွမ်းထက်ကျင့်ကြံခြင်းအဆင့်များ ရှိနေကြောင်း သူ အာရုံခံသည်။ သူတို့တစ်ဦးချင်းစီတိုင်းသည် ပြင်ပလောကတွင် အထင်ကရပုဂ္ဂိုလ်များ ဖြစ်နိုင်ပေသည်။
သူတို့သည် ဝံပုလွေတစ်အုပ်ကဲ့သို့ ခံစားမှုမျိုးပေးနေသည်။
ပြင်ပမှ ဓားကိုင်ရုံးတော်တွင်လည်း ဝံပုလွေများဖြင့် ပြည့်နေတတ်သော်လည်း အကျဉ်းထောင်ဌာနထဲက ဝံပုလွေတို့ကတော့ ပို၌ ရိုင်းစိုင်းကြမ်းကြုတ်ကာ သွေးဆာနေပြီး အပြင်လူတို့အား မနှစ်မျို့ဟန်ရှိနေသည်။
သူတို့က နယ်ရုပ်မဟုတ်သူတိုင်းကို လက်မခံနိုင်ပေ။ သူတို့ရင်ထဲတွင် သရုပ်နှစ်မျိုးသာရှိသည်။ အဖွဲ့ဝင်ညီနောင်များနှင့် ရာဇဝတ်သားများပင်။
ရွှီချင်းသည် ရာဇဝတ်သားမဟုတ်သလို နယ်ရုပ်တစ်ဦးလည်း မဟုတ်ပေ။ ထို့အပြင် သူ့သွင်ပြင်ကလည်း လွန်စွာလျို့ဝှက်နေသဖြင့် အမှောင်ထဲတွင် ရုတ်တရက်အလင်းတွေ့ရသည့်အလား၊ သို့မဟုတ် ဝံပုလွေအုပ်ထဲသို့ သိုးငယ်တစ်ကောင် လမ်းမှားရောက်လာသည့်အလား ထိုနယ်ရုပ်တို့ခံစားနေသည်။
သူ့ထံသို့ ကျရောက်နေသည့် အကြည့်မျိုးစုံအောက်တွင် ရွှီချင်းက တည်ငြိမ်စွာပင် ရှစ်ဆယ့်ကိုးထပ်သို့ ရှေ့က နယ်ရုပ်အတိုင်း ဆင်းလာခဲ့သည်။
ဤနေရာသည် အကျဉ်းထောင်တစ်ခုလုံး၏ ဗဟိုအကျဆုံးအပိုင်းပင်ဖြစ်သည်။ အပေါ်တွင် ရှစ်ဆယ့်ရှစ်ထပ်ရှိပြီး အောက်တွင်လည်း ရှစ်ဆယ့်ရှစ်ထပ်ရှိနေသည်။
ထိုအထပ်တွင် အချုပ်ခန်းများမရှိပေ။ ပတ်ပတ်လည်တွင် တိုင်လုံးကြီး နှစ်ဆယ့်တစ်လုံးနှင့် အနက်ရောင်ခန်းမကြီးတစ်ခုသာ ရှိနေသည်။ ထိုတိုင်လုံးကြီးများက အပေါ်ထပ်များနှင့် အောက်ထပ်များကို ချိတ်ဆက်ပေးထားကြပြီး ၎င်းတို့အား နဂါးကြီးများ ရစ်ပတ်ထားကြသည်။
၎င်းတို့၏ ဒေါင်လိုက်သူငယ်အိမ်မျက်လုံးတို့က ရွှီချင်းအား အေးစက်စက် စိုက်ကြည့်နေကြသည်။ ပတ်ဝန်းကျင်ရှိအလင်းတို့ကလည်း မှုန်မှိုင်းမှိုင်းသာ ရှိနေကြသည်။ ရွှီချင်းမှာ အဝေးသို့ မြင်နိုင်စွမ်းကင်းမဲ့နေပြီး ခန်းမအတွင်းပိုင်းတွင် လူရိပ်သဏ္ဌာန်တစ်ခု တင်ပျဉ်ခွေထိုင်နေသည်ကိုသာ ခပ်ရေးရေးမြင်ရသည်။
ဤနေရာတွင် သူ့အား ခေါ်ဆောင်လာသည့် နယ်ရုပ်၏ဟန်ပန်တို့မှာ ရိုသေဟန်အပြည့်ဖြစ်လာပြီး သူ့မျက်လုံးတို့တွင်လည်း ကိုးကွယ်ကြည်ညိုမှုတို့ ပြည့်လာသည်။ သူက ရိုသေလေးစာမှုဖြင့် ပြောလိုက်တော့သည်။
“ရုံးတော်သခင် သူ့ကိုခေါ်လာခဲ့ပါပြီ။”
ထိုသို့ပြောလိုက်ပြီးနောက် နယ်ရုပ်က ထရပ်လိုက်ပြီး ရှစ်ဆယ့်ကိုးထပ်ပြင်ပသို့ ရောက်သည်အထိ နောက်ဆုတ်သွားတော့သည်။ ထို့နောက် အပြင်ဘက်တွင် ရပ်စောင့်နေလိုက်သည်။
ရွှီချင်းလည်း ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လက်သီးများအုပ်လိုက်သည်။ ထို့နောက် ခန်းမအတွင်းပိုင်းရှိ လူရိပ်သဏ္ဌာန်ဆီသို့ ဦးညွှတ်လိုက်တော့သည်။
“ဓားကိုင်ရွှီချင်းက ရုံးတော်သခင်ကို ဂါရဝပြုပါတယ်။”
ရွှီချင်း၏ အသံထွက်ပေါ်လာသည့် တခဏတွင် ခန်းမအတွင်းပိုင်းက အမှောင်ထုထဲ၌ မျက်လုံးကြီးတစ်လုံး ဖျတ်ခနဲပွင့်လာသည်။ ၎င်းမျက်လုံးကြီးသည် ပေတစ်ရာကျော်မြင့်မားပြီး ၎င်း၏ဒေါင်လိုက်မျက်ဆန်တို့မှာ အဝါရောင်ဖြစ်နေသည်။ ၎င်းမျက်ဆန်အတွင်းတွင် အနက်ရောင်အစက်ပြောက်များ ပြန့်ကျဲလျက်ရှိသည်။ အလယ်တွင်ရှိနေသော မျက်ဆန်၏ အစွန်းများသည် မီးခိုးကဲ့သို့ ဥဒဟိုလှုပ်ရှားနေကြသည်။
ထိုမျက်လုံးအောက်တွင် အရပ်ရှည်ရှည်လူရိပ်သဏ္ဌာန်တစ်ခု တင်ပျဉ်ခွေထိုင်လျက်ရှိသည်။ သူသည် သက်လတ်ပိုင်းအရွယ်ရှိနေပြီး အနက်ရောင်ချပ်ဝတ်တန်ဆာတစ်ခု ဝတ်ဆင်ထားသည်။ ထိုလူ၏ရှေ့တွင် လှံရှည်တစ်ချောင်း ချထားပြီး ဒေါင်းလိုက်မျက်ဆန်ကြီးရှေ့တွင် သူ၏အနက်ရောင်ဆံပင်တို့မှာ ယိမ်းနွဲ့လှုပ်ရှားနေသည်။ ထိုလူထံက ထုတ်လွှတ်နေသော ကြောက်ခမန်းလိလိပြင်းထန်သော အရှိန်အဝါတို့သည် ပတ်ဝန်းကျင်ကိုပင် ကွေးညွတ်ပုံပြောင်းစေသည်အထိ ပြင်းထန်သော လှိုင်းများထုတ်ဖြစ်ပေါ်စေသည်။
ရွှီချင်းက တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူ့စိတ်တို့ လှိုင်းထန်လှုပ်ရှားသွားသည်။ သူက နတ်ဘုရားတစ်ပါးကို ကြည့်လိုက်မိသည့်အလား ခပ်ရေးရေးခံစားလိုက်မိသည်။
တစ်ဖက်လူတွင် ဓာတ်နှောများမရှိနေသော်လည်း သူထုတ်လွှတ်သော ဖိအားတို့က အရာအားလုံးကို သက်ရောက်နိုင်စွမ်းရှိနေသည်။ သူသည် ဤအကျဉ်းထောင်၏ နတ်ဘုရားအလားပင်။
ထိုလူကား လက်ရှိဓားကိုင်ရုံးတော်၏ ရုံးတော်သခင်ပင်ဖြစ်သည်။
ထိုလူက မျက်လုံးများဖြည်းညင်းစွာဖွင့်လိုက်ပြီး ရွှီချင်းအား အေးစက်စွာကြည့်လိုက်သည်။
ထိုလူ၏အကြည့်သည် မိုးကြိုးလျပ်စီးပမာပင်။ ရွှီချင်းထံသို့ သူ့အကြည့်ကျရောက်သည့် တစ်ခဏတွင် ရွှီချင်းကိုယ်ထဲရှိ သွေးများနှင့် အသားစိုင်တိုင်းမှာ တုန်ခါသွားရသည်။ သူ့ကိုယ်နှင့် စိတ်ဝိညာဉ်တို့က ထိုအကြည့်ဒဏ်ကို မခံနိုင်ဘဲ ပြိုကွဲထွက်တော့မည့်အလားပင်။
ကံအားလျှော်စွာ တစ်ဖက်လူက အကြည့်ကို လျင်မြန်စွာလွဲဖယ်လိုက်သည်။ ရွှီချင်း၏မျက်နှာမှာ ဖြူရော်နေပြီး သူ့စိတ်တို့လှုပ်ခါနေတော့သည်။ ဓားကိုင်ရုံးတော်သခင်က ရွှီချင်းအား တွေ့ဆုံပြီးနောက် ပထမဆုံးအနေဖြင့် စကားစပြောလိုက်သည်။
“ဓားကိုင်တွေအဖြစ် ငါတို့တစ်ယောက်ချင်းစီတိုင်းက လူသားမျိုးနွယ်အတွက် ထက်မြက်တဲ့ ဓားတွေဖြစ်နေရမယ်။ ငါတို့က လူသားမျိုးနွယ်အတွက် အသက်ပေးလှူဖို့ အမြဲပြင်ထားရမယ်။”
ရုံးတော်သခင်၏အသံက နက်ရှိုင်းပြင်းထန်နေပြီး ခန့်ညားဟန်အပြည့်ဖြင့် အဘက်ဘက်သို့ ဟိန်းထွက်သွားသည်။ ထိုအသံသည် ရွှီချင်းစိတ်ထဲတွင်လည်း ပဲ့တင်ထပ်လာပြီး မိုးကြိုးအလားပေါက်ကွဲထွက်သွားသည်။
“ဓားကိုင်တွေကြားမှာ ကျင့်ကြံခြင်းအဆင့်နဲ့ နေရာအဆင့်တွေကွဲပြားနေပေမဲ့ မင်းရော ငါရော၊ အားလုံးက တကယ့်အနှစ်သာရမှာ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်တဲ့ ဓားတွေထဲက တစ်လက်ပဲ။”
“အစပိုင်းမှာ ငါက ဘယ်သူ့ကိုမှ အထူးအရေးပေးဆက်ဆံတာမျိုး မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ မင်းက မဟာအင်ပါယာကိုယ်တိုင်ခန့်အပ်တာဖြစ်နေပြီး အပြင်လူတွေလည်း စောင့်ကြည့်နေကြတယ်။ ဒါကြောင့် အမိန့်ထုတ်ပြီး မင်းကို ငါ့နောက်သို့ လိုက်လုပ်ခိုင်းခဲ့တာပဲ။”
“ဒါပေမဲ့ ဒါက အပြင်လူတွေကို မြင်သာအောင်ပြတာနဲ့ အင်ပါယာကို ရိုသေလေးစားသမှုပြုတာပဲ ဖြစ်တယ်။ ဘာမှစွမ်းဆောင်ချက်မရှိသေးတဲ့ ဓားကိုင်လက်သစ်ဖြစ်တဲ့ ရွှီချင်းဆိုတဲ့ မင်းနဲ့ ထိုက်တန်လို့တော့ မဟုတ်ဘူး။”
“ငါအမြင်မှာ မင်းက အကျိုးပြုမှုကြီးတွေလုပ်ခဲ့သူတွေနဲ့ ယှဉ်ဖို့ မပြောနဲ့ တခြားဓားကိုင်လက်သစ်တွေနဲ့ ယှဉ်ရင်တောင် ထူးခြားတာမရှိဘူး။”
ရုံးတော်သခင်က တစ်လုံးချင်းပြောလိုက်သည်။ သူ့စကားတို့က ပဲ့တင်ထပ်လာပြီး ဖိအားတို့ကလည်း ပို၍ပြင်းထန်လာနေသည်။ ထိုစကားတို့အောက်တွင် ရှစ်ဆယ့်ကိုးထပ်တစ်ထပ်လုံး တုန်ခါနေတော့သည်။
“မင်း ဒါကို နားလည်လား။”
ရွှီချင်း ခေါင်းညိတ်လိုက်သည်။ ရုံးတော်သခင်ပြောသည်မှာ အဓိပ္ပာယ်ရှိကြောင်း ရွှီချင်း ခံစားမိသည်။ အမှန်တွင် သူကလည်း ဤသံတော်ဆင့်နေရာကို များစွာမကြိုက်လှပေ။
“ဓားကိုင်ရုံးတော်က ပန်းပျိုးတဲ့နေရာမဟုတ်ဘူး။ အင်ပါယာကိုယ်တိုင် ခန့်အပ်မှုရှိရုံနဲ့ ဒီနေရာမှာ အေးအေးဆေးဆေးနေနိုင်မယ် ထင်နေရင်တော့ ယင်ဟွမ်ပြည်နယ်ကိုသာ ပြန်ပြေးပြီး အဲဒီမှာပဲ မင်းရဲ့ပေတစ်သိန်းအလင်းဂုဏ်ရောင်ကို ခံစားနေလိုက်တော့။”
ရုံးတော်သခင်က ဆက်ပြောလိုက်သည်။
ရွှီချင်းခဏတာ ငြိမ်သက်သွားသည်။ သူက ဖိအားနှင့် စိတ်မသက်မသာဖြစ်မှုတို့အား တောင့်ခံရင်း ခေါင်းမော့ကာ ခပ်တိုးတိုးပြောလိုက်သည်။
“ရုံးတော်သခင် ဒီကမ္ဘာလောကမှာ အေးချမ်းစွာနားနေလို့ရတဲ့နေရာ ရှိပါသလား။”
ရုံးတော်သခင်က ရွှီချင်းအား ကြည့်လိုက်သည်။
“အေးချမ်းစွာအနားယူလို့ရာတဲ့နေရာ တကယ်ရှိမရှိကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ တချို့က အေးချမ်းစွာအနားယူနေနိုင်တာက သူတို့အတွက် တခြားလူတွေက မုန်တိုင်းဒဏ်ခံခဲ့ကြလို့ပဲ ဖြစ်ပါတယ်။”
“စိတ်အေးချမ်းခြင်းနောက်တစ်မျိုးလည်း ရှိပါသေးတယ်။ အဲဒါကတော့ နှောင့်ယှက်သမျှ ရန်သူအားလုံးကို သတ်ဖြတ်ခြင်းပါပဲ။ အဲဒါဆိုရင်တော့ စိတ်ပူစရာကိစ္စ မရှိတော့ဘူးပေါ့။”
“ကျွန်တော်က တခြားသူဆီအကြွေးတင်ရတာကို မကြိုက်တော့ ပထမတစ်မျိုးတော့ မဖြစ်နိုင်တော့ပါဘူး။”
“ကျွန်တော်က ဒုတိယတစ်မျိုးပဲ ဖြစ်ချင်ပြီး အမြဲဒုတိယတစ်မျိုးဖြစ်အောင်ပဲ လုပ်နေခဲ့ပါတယ်။”
ရွှီချင်းသည် စကားများများပြောခဲသည်။ သူက ထိုသို့ပြောပြီးသည်နှင့် အနူးအညွတ်ဦးညွှတ်လိုက်ပြီး ဆက်လက်ပြောဆိုခြင်းမပြုတော့ပေ။
ရုံးတော်သခင်က ရွှီချင်းအားတစ်ချက်ကြည့်လိုက်ပြီး သူမျက်လုံးများထဲတွင် စူးရှသော အရိပ်တစ်ခုဖြတ်သွားသည်။ အချိန်အတန်ကြာတိတ်နေပြီးနောက် သူက ပြောလိုက်တော့သည်။
“သံတော်ဆင့်နေရာကို မင်းကို ခန့်ထားတယ်ဆိုပေမဲ့ အခုတော့ မင်းအတွက် လုပ်စရာတာဝန် မရှိသေးဘူး။ အကျဉ်းထောင်ဌာနမှာ နယ်ရုပ်အဖြစ် အရင်ဆုံး တာဝန်ယူလိုက်။ ဒုတိယလူလို အေးအေးချမ်းချမ်း အနားယူနိုင်သူမျိုး ဘယ်လိုလုပ်မလဲ ငါ့ကို ပြကြည့်ပေါ့။”
ရွှီချင်းက အမိန့်ကို ခံယူလိုက်သည်။ သူက ဦးညွှတ်လိုက်ပြီး ရုံးတော်သခင်အကြည့်အောက်တွင် ထိုအထပ်မှ ထွက်ခွာလာသည်။
ရွှီချင်း၏ ကိုယ်ရိပ်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရုံးတော်သခင်က တည်ငြိမ်စွာပြောလိုက်သည်။
“ဒီကောင်လေးက ဘယ်လိုနေလဲ။”
“သူ ပြောသမျှ စကားလုံးတိုင်းက စိတ်ရင်းထဲကအတိုင်းပါပဲ။”
ရှစ်ထပ်ကိုးထပ်တစ်ခုလုံး ဧရာမသတ္တဝါကြီးတစ်ကောင် ဟိန်းအော်လိုက်သည့်အလား တဝီဝီအသံတစ်ခု မြည်ဟီးသွားသည်။ ထိုနေရာကြမ်းခင်းပေါ်တွင် မုန်တိုင်းကဲ့သို့လှိုင်းများလည်း လှုပ်ရှားပျံ့နှံ့သွားသည်။
တိုင်လုံးနှစ်ဆယ့်တစ်ခုတွင် ရစ်ပတ်ထားကြသည့် နဂါးပျံကြီးများလည်း ခေါင်းများငုံ့လာပြီး တုန်ခါလှုပ်ရှားလာသည်။
“ငါလည်း ထင်ပါတယ်။”
ရုံးတော်သခင်က တည်ငြိမ်စွာပြောလိုက်သည်။ သူက ညာလက်ကိုမြှောက်လိုက်ရာ ကျောက်စိမ်းပေလွှတ်တစ်ခု လက်ထဲတွင် ပေါ်လာသည်။
ထိုကျောက်စိမ်းပေလွှာသည် ယင်ဟွမ်ပြည်နယ်၏ဓားကိုင်ရုံးတော်မှ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအထဲတွင် ရွှီချင်းအကြောင်း အသေးစိတ်တို့ မှတ်သားထားသည်။
သို့ရာတွင် စမှတ်ကတော့ ပြိုင်စံရှားမြို့သာ ဖြစ်နေသည်။ နတ်ဘုရားကြီးမျက်လုံးဖွင့်လာချိန်နှင့် ထိုနေရာပျောက်ကွယ်သွားချိန်တွင် စတင်ခဲ့သည်။
“သူက နတ်ဘုရားမျက်လုံးပွင့်တာကို နှစ်ကြိမ်ကြုံခဲ့ပြီး အသက်ရှင်ကျန်နိုင်ခဲ့တာပဲ။ သူက သတ်ဖြတ်မှုထဲကို ကျရောက်ခဲ့ပြီး ပြန်ပြီး ရှင်သန်လာနိုင်တယ်။ ဒီလိုလူမျိုးက ငါ လေ့ကျင့်ပေးဖို့ ထိုက်တန်တာပဲ။”
ရုံးတော်သခင်က မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။