← Chapters

သူက ငရဲပဲ

Vol. 35 Ch. 522

သူက ငရဲပဲ

Vol. 35 Ch. 522

ရွှီချင်းက ရှစ်ဆယ့်ကိုးထပ်ပြင်ပသို့ ရောက်လာပြီး ထိုနေရာတွင် စောင့်နေသော နယ်ရုပ်ကို ကြည့်လိုက်သည်။

မျက်နှာတွင် အမာရွတ်ရှိသော ထိုနယ်ရုပ်သည် ရွှီချင်းတာဝန်ယူမည့် အမိန့်ကို လက်ခံရရှိထားပြီးဖြစ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူက လက်ပိုက်ကာ နံရံကိုမှီလျက် ရွှီချင်းအား အကဲခတ်ကြည့်လိုက်သည်။

အစောပိုင်းတွင် ရွှီချင်းအား အကဲခတ်ကြည့်ထားပြီး ဖြစ်သော်လည်း ထိုစဉ်က အပြင်လူအဖြစ်သာ စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။ ယခုကား မတူတော့ပါ။ သူက ရွှီချင်း၏ လွန်စွာချောမောခန့်ညားသော မျက်နှာကို ကြည့်လိုက်သည်။

“ကောင်လေး ဒီလိုကြည့်ကောင်းပုံနဲ့တော့ ဒီနေရာမှာ သိပ်ချောင်မှာမဟုတ်ဘူး။ ဒီကြမ်းကြုတ်တဲ့ ရာဇဝတ်ကောင်တွေအတွက် မင်းပုံက ခြိမ်းခြောက်နိုင်မယ့်ပုံမရှိတဲ့အပြင် သူတို့သရော်လှောင်ပြောင်စရာလည်း ဖြစ်လာလောက်မယ်။”

သက်လတ်ပိုင်းနယ်ရုပ်က မခိုးမခန့်ပြုံးသည်။

ရွှီချင်းကတော့ နှုတ်ဆိတ်နေပါသည်။ သူက ခေါင်းမော့လျှက် ထိုနယ်ရုပ်အား ကြည့်လိုက်သည်။

ရွှီချင်း၏အကြည့်နှင့် ဆုံမိချိန်တွင် ရွှီချင်း၏မျက်လုံးများထဲက တည်ငြိမ်မှုကို မြင်လိုက်ရပြီး ထိုသက်လတ်ပိုင်းနယ်ရုပ်က ရယ်လိုက်တော့သည်။

“စိတ်ဝင်စားစရာပဲ။ လာ… လိုက်ခဲ့။”

နယ်ရုပ်က နံရံအား ကျောဖြင့် ထောက်ကာ ပြန်ထလိုက်သည်။ မှောင်မိုက်သော အချုပ်ထောင်ဌာနထဲတွင် သူတို့က ဝိုင်းပတ်အတိုင်း တက်လျှောက်လာကြသည်။

အစိမ်းရောင်သန်းနေသည့် အနက်ရောင်အချုပ်ခန်းတံခါးများကို ဖြတ်လာကျော်လာပြီးနောက် ထိုလူက တစ်ချက်တစ်ချက်တွင် အတွင်းသို့ကြည့်ကာ ဆဲရေးလေ့ရှိသည်။

အချုပ်ခန်းကြီးများထဲက ရာဇဝတ်သားတို့မှာ မည်မျှပင် ဆူညံနေပါသော်လည်း နယ်ရုပ်၏ ဆဲရေးသံကို ကြားသည်နှင့် ချက်ချင်းငြိမ်ကျသွားတတ်သည်။

ရွှီချင်းကတော့ အတွေးနက်လျက်သာ ရှိသည်။ ဖြတ်သန်းလာခဲ့သမျှအချုပ်ခန်းကျယ်များထဲတွင် မျိုးနွယ်များစွာက ရာဇဝတ်သားများပါသော လှောင်အိမ်ခန်းပေါင်း ရာနှင့်ချီ၍ ရှိနေကြသည်။

သူတို့သည် ထူးဆန်းသောသွင်ပြင်များ ရှိနေကြပြီး လူတူသွင်ပြင်မရှိသူများစွာလည်း ရှိနေသေးသည်။ ရွှီချင်းသည် အချုပ်ခန်းအများအပြားကို ဖြတ်သန်းလာပြီးနောက် ပင်လယ်အလောင်းမျိုးနွယ်ကိုပင် တွေ့မြင်ခဲ့ရသည်။

အချုပ်ခန်းများကို ကြည့်ရှုခဲ့ပြီးနောက်တွင် ရွှီချင်းက အကြည့်ကို ပြန်လွှဲဖယ်လိုက်ပြီး လှေကားများအောက်က မှောင်မည်းနေသော ချောက်ကမ်းပါးနက်ကြီးထံသို့ ကြည့်လိုက်သည်။

အောက်ဘက်မှ အေးစိမ့်သော လေလှိုင်းများနှင့်အတူ ဟိန်းသံကြီးများလည်း ထွက်ပေါ်နေသည်။

“ကြည့်မနေနဲ့ဦး။ ရှစ်ဆယ့်ကိုးထပ်အောက်က နယ်မြေဃကြီးပဲ။ ဒါက မင်း သွားနိုင်တဲ့နေရာမျိုး မဟုတ်ဘူး။ ငါတောင် သွားပိုင်ခွင့်မရှိဘူး။”

ရှေ့မှ နယ်ရုပ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီနေရာက တစေဂူဖြစ်ဖူးတာလား။”

ရွှီချင်း ဖြတ်ခနဲ မေးလိုက်သည်။

“မင်းက ဗဟုသုတတော့ ရှိသားပဲ။ ဟုတ်တယ် ဒီနေရာဟာ အရင်က တစေဂူဖြစ်ခဲ့တာ အမှန်ပဲ။ အချုပ်ထောင်ဌာန ဆောက်ချိန်တုန်းက တော်ဝင်မြို့တော်ကလာတဲ့ ပုဂ္ဂိုလ်တစ်ဦး ရှင်းလင်းပေးခဲ့တာပဲ။”

“ဟင်…”

နယ်ရုပ်က ပြောနေရင်းတန်းလန်း မျက်နှာထား ရုတ်တရက်ပျက်သွားသည်။ သူက ဘေးတွင်ရှိသော အချုပ်ခန်းကျယ်တံခါးကို ကန်ဖွင့်လိုက်ပြီး လမ်းလျှောက်ဝင်ကာ ဝုန်းခနဲ ပြန်ပိတ်လိုက်သည်။

ထိုအချိန်တွင် တံခါးသည် မှုန်ဝါးလာပြီး အတွင်းသို့ ရှင်းလင်းစွာမြင်နိုင်ခြင်း မရှိတော့ပါ။

ရွှီချင်းက ထိုနေရာတွင် တည်ငြိမ်စွာစောင့်နေလိုက်သည်။

အချိန်တစ်ခဏမျှ ကြာပြီးနောက် အချုပ်ခန်းတံခါး ပြန်ပွင့်လာသည်။ သက်လတ်ပိုင်းနယ်ရုပ်က အရုပ်ဆိုးစွာပြုံးရင်း မျက်နှာပေါ်ကသွေးတို့ကို သုတ်ကာ လမ်းလျှောက်ထွက်လာသည်။

“ဒီထဲမှာ ငါဝင်ခဲ့တဲ့ဂိုဏ်းငယ်တစ်ခုကို သတ်ဖြတ်ပစ်တဲ့ ကျောင်းရှန့်မျိုးနွယ်တစ်ဦး ရှိတယ်။ ငါနယ်ရုပ်ဖြစ်လာတာနဲ့ ခွင့်တောင်းပြီး သူ့ကို ထွက်ဖမ်းခဲ့တယ်။ သူ့ကို တွေ့မိတိုင်း ဝင်ရိုက်ဖြစ်တယ်။ ဒါပေမဲ့ မသတ်မိအောင်တော့ ထိန်းထားရတာပေါ့။ မဟုတ်ရင် နောင်ပိုင်း ဆက်ပျော်နိုင်မှာ မဟုတ်တော့ဘူး။”

နယ်ရုပ်သည် ယခင်ကနှင့် မတူတော့ပဲ စိတ်ပြေလျော့သွားဟန်တူသည်။ သူက ရွှီချင်းအား ထိုသို့ပြောရင်း လေတစ်ချက်ချွန်ကာ ဆက်လျှောက်သွားတော့သည်။

ရွှီချင်း၏အကြည့်က အချုပ်ခန်းထံ၌ အတန်ကြာ ရှိနေခဲ့သည်။ ယခုကား အချုပ်ခန်းသည် တိတ်ဆိတ်နေပြီး သွေးမြူငွေ့များလေထဲ၌ ပြန့်နှံ့နေ၏။ ထိုကိစ္စက ထင်သလောက်မရိုးစင်းကြောင်း သူ နားလည်သည်။

သို့ရာတွင် ထိုသို့သော ကိစ္စမျိုးသည် လူဆိုးထိန်းဌာနများ၌ ပုံမှန် ဖြစ်ပေသည်။ ရွှီချင်းက အာရုံမစိုက်ဘဲ ထိုလူနောက်သို့ ဆက်လိုက်သွားသည်။

လမ်းတွင် ရွှီချင်းသည် နယ်ရုပ်များစွာ ထပ်မံတွေ့ရသည်။ အများစုမှာ အချုပ်ခန်းများထဲတွင် ရှိနေကြသည်။ သူတို့သည် အချုပ်ခန်းကိုယ်စီစောင့်ကြပ်ရန် တာဝန်ကျနေကြပြီး အများစုမှာ အပြင်သို့ ထွက်လေ့မရှိကြောင်း ထင်ရှားသည်။

စတင်ဝင်ရောက်လာချိန်ကနှင့်မတူပဲ သက်လတ်ပိုင်းနယ်ရုပ်က လုပ်ကိုင်ဖက်တစ်ဦးတွေ့တိုင်း မိတ်ဆက်ပေးနေသည်။

“လူသစ် ရောက်လာတယ်ဟေ့။”

ထိုစကားကို ကြားလိုက်တိုင်းတွင် သွေးဆာခြင်းနှင့် ကြမ်းကြုတ်ခြင်း အရှိန်အဝါများ ပြင်းထန်စွာ ထုတ်လွှတ်နေသော ထိုနယ်ရုပ်တို့သည် စိတ်ဝင်စားဟန်များ ဖြစ်လာကြသည်။ ရွှီချင်းအား အကဲခတ်လိုက်ကြပြီးနောက် တချို့က သူတို့နောက်သို့ လိုက်လာကြသည်။

အချိန်အတန်ကြာလျှင် ရွှီချင်းနောက်တွင် နယ်ရုပ် အယောက်သုံးဆယ်ခန့် လိုက်ပါလာပြီဖြစ်ကာ တစ်ဦးက လောဆော်လိုက်တော့သည်။

“လီဘိုးတော် အချိန်ကျသင့်ပြီ။ ကျုပ်တို့က နယ်မြေ ဃကြီး ၁၇ကိုတောင် ရောက်လာပြီ။ ဆက်သွားနေလဲ မထူးတော့ဘူး။ အားလုံးလည်း အလုပ်တွေရှိသေးတယ်။ အချိန်ဆွဲမနေနဲ့တော့။”

သက်လတ်ပိုင်းနယ်ရုပ်က ပြုံးလိုက်ပြီး အချုပ်ခန်းတစ်ခုရှေ့တွင် ရပ်လိုက်တော့သည်။

“ဟုတ်ပြီ ဒီနေရာမှာပဲ လုပ်ကြတာပေါ့။”

သူက ထိုသို့ပြောလိုက်ပြီး အချုပ်ခန်းတံခါးကို ကန်ဖွင့်လိုက်ကာ ရွှီချင်းကို လက်ပြလိုက်ပြီး အထဲသို့ဝင်လိုက်သည်။

ရွှီချင်းက နောက်တွင်ပါလာသော နယ်ရုပ် အယောက်သုံးဆယ်ခန့်ကို ကြည့်လိုက်သည်။

ထိုလူတို့၏ အကြည့်များမှာ ညအချိန်တွင်သာ တွေ့ရတတ်သော ဝံပုလွေမျက်လုံးများအလား ဝင်းလက်လာသည်။

ရွှီချင်းက ဖြတ်ခနဲ ပြောလိုက်သည်။

“ခင်ဗျားတို့ လောင်းထားကြတာလား။”

သူ့စကားဆုံးသည်နှင့် နယ်ရုပ်များ အော်ရယ်လိုက်ကြသည်။

“ကျုပ်ဘက်က ကျုပ်လောင်းမယ်။”

ရွှီချင်းက ဝိညာဉ်ကျောက်တုံးတစ်ရာခန့်ပါသော အိတ်တစ်အိတ်ကို ထုတ်ကာ ဘေးတွင်ချလိုက်သည်။

ထို့နောက် အချုပ်ခန်းထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။

“စိတ်ဝင်စားစရာပဲ။”

အပြင်တွင် နယ်ရုပ်သုံးဆယ်ခန့်က အချင်းချင်းကြည့်လိုက်ကြပြီး ပို၍ စိတ်ဝင်စားသွားကြကာ အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။

အချူပ်ခန်းထဲသို့ ရွှီချင်းရောက်လာသည်နှင့် သူ့အမြင်အာရုံတို့ မှုန်ဝါးသွားသည်။ သူက တခြားသော အာကာသနယ်တစ်ခုကို ဝင်ရောက်လာသည့်အလားပင်။ သူ့ပတ်ပတ်လည်တွင် လှောင်အိမ်ကြီးပေါင်း တစ်ရာကျော် ရှိနေကြသည်။

အတွင်း၌ရှိသော ရာဇဝတ်သားတချို့မှာ ရက်စက်ကြမ်းကြတ်ဟန် ရှိကြသည်။ တချို့သည် သုန်မှုန်နေကြပြီး တချို့မှာ အကျီစားသန်ပုံရှိနေကြကာ တချို့ကတော့ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တို့ ထင်ဟပ်နေကြသည်။ သို့ရာတွင် မည်သူမျှ စကားပြောဆိုခြင်းတော့ မပြုကြပေ။ သူတို့အားလုံးက ရွှီချင်းနှင့် နယ်ရုပ်များအား ကြည့်ရှုနေကြသည်။

သက်လတ်ပိုင်းနယ်ရုပ်က ပတ်ပတ်လည်သို့ အရင်ဦးစွာ ဝေ့ကြည့်လိုက်သည်။

“မင်းတို့အတွက် ကစားစရာအသစ် ရောက်လာပြီ။ ဒီတစ်ခေါက် မင်းတို့ ကံကောင်းတာပဲ။”

“အခု မင်းတို့ရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်သွားပြီ။ ထုံးစံအတိုင်း သူ့အသားတစ်စကို ဖြဲဆုတ်နိုင်သူတိုင်းက နောက်လထဲမှာ နယ်မြေဃကြီး၁၇ အတွင်း အချုပ်အနှောင်မရှိ, ပြစ်ဒဏ်ခံရတာမရှိဘဲ လွတ်လွတ်လပ်လပ်သွားနိုင်မယ်။ အဲဒီ စည်းမျဉ်းပဲ။”

All Chapters