← Chapters

အဘက်ဘက်မှ အခြေအနေများ

Vol. 5 Ch. 42

အဘက်ဘက်မှ အခြေအနေများ

Vol. 5 Ch. 42

ထိုကဲ့သို့ လင်းချီတို့ အုပ်စု တစ်နာရီခန့် လမ်းလျှောက်ပြီးသောအခါ အနောက်မှ တိုက်ခိုက်သံများမှာ တိတ်ဆိတ်သွားပြီဖြစ်သည်။

လင်းချီ ဘေးဘီသို့ တစ်ချက်ကြည့်၍ ခဏမျှ အာရုံစိုက်၍ နားထောင်ကြည့်လိုက်သည်။ နောက်ဆုံးတွင်‌ တော့ စိတ်ချလက်ချဖြစ်သွားပြီး "ဒီညတော့ ဒီမှာပဲ နားကြရအောင်"

အခြားသူများလည်း မောပန်းစွာ ထိုင်ချလိုက်ကြ၏။ "ဒီမှာ လုံခြုံလို့လား"

လင်းချီ ခေါင်းငြိမ့်လိုက်ပြီး " ငါတို့တောင်ထိပ်ကို ရောက်သလောက် ဖြစ်နေပြီ ထပ်တက်သွားအုံးမယ်ဆိုရင် ပိုပြီး အေးလာလိမ့်မယ်"

"ဒီမှာ အပူချိန်က ပုံမှန်ပဲ ပြီးတော့ အနီးနားမှာ သားရဲတွေလည်း မရှိဘူး ငါတို့ အနားယူပြီး အားမွေးဖို့ အကောင်းဆုံးနေရာပဲ...မနက်ဖြန်ကျရင် ငါတို့ တောင်အောက်ကို နည်းနည်းလောက် ဆင်းပြီး ဧရာမ သတ္တုရိုင်းသားရဲကို ရှာကြည့်ရအောင်"

သူတို့ မီးပုံဖိုလိုက်ပြီး နွေးထွေးစေရန် ဝိုင်းဖွဲ့လိုက်သည်။ လင်းချီက အားပြန်ပြည့်စေရန် အမျိုးမျိုးသော စားစရာများကို စနစ်မှ ထုတ်ယူလိုက်သည်။

"တခြားအဖွဲ့တွေ ဘယ်လို နေမလဲ မသိဘူး"

လူး၀စ်က သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

ယွီမုန့်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူမ လက်မောင်းကို ပွတ်သပ်ကာ "ကျွန်မတို့ ဒီနေ့ မြင်ရသလောက်ဆိုရင် ချီရှင်းမြို့က ယှဉ်ပြိုင်သူတွေက အပျံသင်ခါစ နဂါးပေါက်လေးနဲ့ ‌ဆုံခဲ့တယ် ဒါပေမဲ့ သူတို့ အသင်းရဲ့ ခွန်အားအရဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး"

"မုန်တိုင်း မြို့ကလည်း မှော်အဆီအနှစ်ကို ရပြီးသွားပြီ ဒါပေမဲ့ အခု သူတို့က အန္တရာယ်ကြားထဲမှာဆိုတော့ လွတ်မြောက်ခဲ့ရင်တောင် ဒဏ်ရာ တွေတော့ ပြင်းထန်လောက်တယ်"

"လင်းလုံမြို့အတွက်ကတော့ သူတို့လည်း မတော်တဆမှုတစ်ခုခုသာ မကြုံဘူးဆိုရင် မှော်အဆီ အနှစ်ကို ရပြီးနေလောက်ပြီ"

"တစ်နည်းပြောရရင် ငါတို့ တစ်သင်းထဲ မှော်အဆီအနှစ် မရသေးတာ " ယွီမုန့်က စိတ်ပျက်စွာ ပြောလိုက်သည်။

ထိုအချက်ကို သိတော့ ကျန်သုံးယောက်လည်း အမူအရာများ အနည်းငယ် မှောင်မည်းသွားသည်။

တစ်ဖက်တွင်တော့ လင်းချီမှာ သူ၏ အာလူးကို စိမ်ပြေနပြေစားနေပြီး "စိတ်အေးအေးထားစမ်းပါကွ..မှော်အဆီအနှစ်ကို ရယူတာက ငါတို့ရဲ့ ပထမဆုံး‌ ခြေလှမ်းဘဲ ရှိသေးတယ် ငါတို့ ဒီတောင်နယ်နိမိတ်ကနေ အောင်အောင်မြင်မြင်ထွက်သွားနိုင်မလား မထွက်သွားနိုင်ဘူးလား ဆိုတာက အရေးကြီးဆုံးပဲ"

"ငါပြောခဲ့ပြီးသား တောင်တန်းတွေရဲ့ အတွင်းနက်ပိုင်းကိုသွားလေလေ အန္တရာယ်ပိုကြီးမားလေပဲ ငါတို့ ဒီတောင်ပေါ်ကို အန္တရာယ် ကင်းကင်းနဲ့ တက်လာနိုင်တယ်ဆိုတာ တခြားသူတွေက သားရဲတွေရဲ့ အာရုံကို ဆွဲဆောင်ပေးထားလို့ပဲ ဒါပေမယ့် အခု ငါတို့ တောင်အောက်ဆင်းရတော့မယ်ဆိုတော့ ငါထင်တာ မမှားရင် တခြားသူတွေလည်း ဒီဗျူဟာကို သတိထားမိ‌နေလောက်ပြီ"

ယွီမုန့် ချက်ချင်းနားလည်သွားပြီး "ဒါဆို သူတို့က ငါတို့လို အခြေအနေကို စောင့်ကြည့်နေကြတာပေါ့"

"အမှန်ဘဲ"

လင်းချီ ပြုံးလိုက်ပြီး "သူတို့မှာ အခု မှော်အဆီအနှစ် ရှိထားပေမယ့် သူတို့ရဲ့ အသင်းသားတွေလည်း တော်တော်လေး ဒဏ်ရာရနေလောက်ပြီ ..ဒါကြောင့် သူတို့ရဲ့ တိုက်‌ခိုက်ရေးစွမ်းအားက လျော့ကျသွားပြီး ဒီလို အချိန်မှာ တောင်အောက်ဆင်းမယ်ဆိုရင် တော်တော်လေးကိုကြီးမားတဲ့ စွန့်စားမှု ဖြစ်လိမ့်မယ် "

ယွီမုန့် နားလည်သွားပြီး "မြို့အရှင်က ငါတို့ကို ခုနစ်ရက် အချိန်ပေးထားတာ အံ့ဩစရာ မဟုတ်ဘူးပဲ..ပုံမှန်ဆို မစ်ရှင်ပြီးဖို့ သုံးရက်လောက်ပဲလိုတာ... မမျှော်လင့်ထားဘဲ မြို့အရှင်က ဒီအချက်တွေကိုပါ ထည့်တွက်ထားတာကိုး"

"မှော်အဆီအနှစ်ကို ရယူတာက ပထမ ခြေလှမ်းဘဲ ရှိသေးတယ် တကယ့်စစ်ဆေးမှုက ရှေ့ဆက်ဖြစ်လာမယ့် အရာတွေကို ဘယ်သူတွေ ဘယ်လိုရင်ဆိုင်နိုင်မလဲ ဆိုတာပဲ"

"အမှန်ပဲ ဘယ်သူတောင်အောက် အရင်ဆင်းဆင်း ဆင်းတဲ့သူက သားရဲတွေရဲ့ ပစ်မှတ်ဖြစ်လာမှာ အဲ့တာဆို သားရဲတွေ တိုက်ခိုက်နေတဲ့အချိန် တခြားအသင်းတွေက အခွင့်ကောင်းယူပြီး တောင်အောက်ဆင်းသွားလိမ့်မယ်"

ဒီစမ်းသပ်မှုက ခွန်အားအပြင် ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းကိုပါ စစ်ဆေးခြင်းဖြစ်နေခဲ့သည်။

လင်းချီ၏ ခွန်အားက အခြားယှဉ်ပြိုင်သူများလောက် မကောင်းသော်လည်း သူ၏ အခြေအနေများကို သုံးသပ်နိုင်စွမ်းကတော့ ရွှေချထားလောက်စရာပင်။ ထို့ကြောင့်လည်း အသင်း၏ အားထားရာ ဖြစ်လာခဲ့သည်။

"ခုမှ နှစ်ရက်မြောက်ပဲ ရှိသေးတယ် တခြားအသင်းတွေက တော်တော်လေး ဒဏ်ရာရနေကြပြီ ငါတို့ နောက်နှစ်ရက်လောက် အားပြန်ဖြည့်ရမယ် တကယ့်စစ်ဆေးမှုက ငါးရက်နဲ့ ခြောက်ရက်မြောက်နေ့မှာပဲ!"

စနစ်ထဲတွင် သိုလှောင်ထားသော အစာများစွာ ရှိသော‌ကြောင့် လင်းချီကတော့ ကြောက်လည်း မကြောက်သလို စိတ်လည်း မပူပေ။ သူတို့ နောက်ရက်အနည်းငယ်အတွင်း မှော်အဆီအနှစ်ကို ရရှိနိုင်သ၍ အခြားအသင်းများမှာတော့ ထပ်မစောင့်ဆိုင်းနိုင်ဘဲ တောင်အောက်သို့ ဆင်းကြလိမ့်မည်။ ထိုအခါ သူတို့အတွက် တောင်အောက်ဆင်းရန် အကောင်းဆုံးအချိန် ပေါ်ပေါက်လာလိမ့်မည်။

"မနက်ဖြန်မနက် ငါတို့တောင်အောက်ဆင်းပြီး ဧရာမ သတ္တုရိုင်းသားရဲကိုသတ်ဖြတ်ပြီးရင် မှော်အဆီအနှစ်ကို ရလာမယ် အဲ့တာဆို ငါတို့ရဲ့ မစ်ရှင်ပြီးပြီ"

လင်းချီ၏ အဆိုပြုချက်ကိုကြားပြီးနောက် ယွီမုန့်နှင့် လူး၀စ်တို့ ပို၍ ယုံကြည်ချက်ရှိလာကြသည်။

မုန်တိုင်းမြို့မှ ယှဉ်ပြိုင်သူများကတော့ တစ်ဖွဲ့လုံး ရိုက်ချက်ပြင်းပြင်းတစ်ခု ကြုံတွေ့လိုက်ရသည်။ သူ့အသင်းသားများသာမက ချန်းလင်ကိုယ်တိုင်ပင် ထိခိုက်ဒဏ်ရာများ ရထား၏။

လင်းလုံမြို့မှာတော့ မှော်အဆီအနှစ်ကို ရရှိခဲ့သော်လည်း ညသားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

လူသာ၏ ဒဏ်ရာများမှာ အပြင်းထန်ဆုံးဖြစ်ပြီး သူတို့တစ်သင်းလုံး၏ အခြေအနေမှာလည်း မုန်တိုင်းမြို့မှ ယှဉ်ပြိုင်သူများနှင့် ထူးမခြားနားပေ။

မြို့အရှင်ကပင် အသိအမှတ်ပြုရသော ချီရှင်းမြို့ဘက်တွင်တော့ နဂါးပေါက်လေးကို ခက်ခက်ခဲခဲအနိုင်ယူပြီးနောက် ညခင်းသားရဲများနှင့် ဆုံတွေ့ခဲ့ရပြီး သူတို့၏ အသက်များမှာ ချောက်ကမ်းပါးအစွန်း၌ လျှောက်လှမ်းနေရသကဲ့သို့ပင်။

ယခု သူတို့အားလုံး လှိုဏ်ဂူထဲတွင် အားဖြည့်နေကြသည်။ ဒဏ်ရာ အပြင်းထန်ဆုံးမှာ မင်လုံ ဖြစ်ပြီး သူ၏ တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။ ထို့အပြင် အဆိပ်မိထားသော လက္ခဏာလည်း ရှိနေပြီး ချက်ချင်း ကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်ချေရှိသည်။

၎င်းတို့ သုံးသင်းလုံးမှာ မှော်အဆီအနှစ်များ ရရှိထားသော်လည်း ပြင်းထန်စွာ ဒဏ်ရာရှိလျက်ရှိကြသည်။ ဆန့်ကျင်ဘက်တွင်တော့ လင်းချီနှင့် သူ၏ အသင်းမှာ မှော်အဆီအနှစ်ကို မရရှိသေးသော်လည်း သုံးယောက်လုံး အကောင်းဆုံး အ‌ခြေအနေတွင် ရှိနေသည်။

ညက တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။ အရုဏ်တက်သောအခါ ညခင်းသားရဲများမှာ သူတို့လာရာ အမှောင်ထုထဲသို့ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားကြသည်။

လင်းချီ စောစောထ၍ အားလုံးအတွက် မနက်စာ ပြင်ဆင်ပေးနေသည်။ သူကိုယ်တိုင်တီထွင်ထားသော ဟင်းလျာများကို စမ်းသပ်ချက်ပြုတ်ကြည့်ရန် စနစ်၏ လုပ်ဆောင်ချက်ကို အသုံးပြုကြည့်ရန်ကြိုးစားကြည့်လိုခြင်းဖြစ်သည်။ အရသာမှာ ကောင်းမွန်သော်လည်း အထူးသက်ရောက်မှုများတော့ မရှိပေ။ အစာအိမ် ဖြည့်ရုံသာ အသုံးပြုနိုင်သည်။ ကြည့်ရသည်မှာ စနစ်၏ ချက်ပြုတ်နည်းများအတိုင်း ချက်ပြုတ်မှသာ အထူးသက်ရောက်မှုများ ရှိပုံရ၏။

မနက်စာ စားပြီးနောက် လင်းချီတို့ ဧရာမ သတ္တုရိုင်းသားရဲကို စတင်ရှာဖွေကြတော့သည်။ သူတို့အားလုံး နဂါးများ မနိုးထလောက်သေးသည့်အချိန်ကို အခွင့်ကောင်းယူ၍ မှော်အဆီအနှစ် ရရန် ကြိုးပမ်းလိုကြ၏။

လမ်းတွင် သူတို့ တောင်အောက်သို့ ဆင်းနိုင်သော အခြားသောလမ်းတစ်ခုကို တွေ့ခဲ့ကြသည်။ သို့သော်လည်း ထိုလမ်းမှာ သစ်ပင်များ ပြည့်နှက်နေပြီး ကျောက်တုံးများ မရှိသောကြောင့် သတ္တုရိုင်း သားရဲကို ရှာတွေရန်မှာ အခွင့်အရေး နည်းပါးလှသည်။

လူး၀စ်ကတော့ ရှေ့ပြေးတပ်သားဖြစ်ပြီး ယွီမုန့်ကတော့ နောက်ကျောဘက်ခြမ်းအတွက် တာ၀န်ယူရသည်။ ကျင်းလင်လင်နှင့် လင်းချီကတော့ သူတို့ လိုအပ်သည်များကို ထောက်ပံ့ပေးရသည်။

သူတို့ တောအုပ်ဆီသို့ စတင် ချီတက်ခဲ့ကြသည်။ ၁၅ မိနစ်ခန့် လမ်းလျှောက်ပြီးသော်လည်း အဆင့်နိမ့် ကြယ်သားရဲများကိုပင် တစ်ကောင်တစ်လေမျှ မတွေ့ရှိခဲ့ကြ။ သို့သော်လည်း ရှေးဟောင်း‌ပစ္စည်း တော်တော်များတော့ တွေ့ရှိခဲ့ကြသည်။

သစ်တောအလယ်လောက်တွင် ကျိုးပဲ့နေသော ဓားများနှင့် သံချပ်ကာများကိုလည်း အမှတ်မထင် တွေ့ခဲ့ကြသည်။ ဤနေရာ၌ တိုက်ပွဲပြင်းထန်ခဲ့သည်မှာ သေချာသလောက်ပင်။

ဆက်လက်၍ လျှောက်သွားသောအခါ ကျောက်တုံးများနှင့် သစ်ပင်များပေါ်တွင် ထူးဆန်းသော ချိတ်တံဆိပ်‌ပုံစံ အမှတ်အသားများကို တွေ့ခဲ့ကြသည်။

"ဒါတွေက ဗာရင် မျိုးနွယ်စုချန်ထားခဲ့တဲ့ ချိတ်တံဆိပ် အမှတ်အသားတွေ ဖြစ်မယ်"

ယွီမုန့် ရုတ်တရက် ပြောလိုက်သည်။ "ငါ့အဖေပြောသံကြားတာတော့ ကြောက်မက်ဖွယ်တောင်တန်းဆိုတာ တစ်ချိန်က ဗာရင်မျိုးနွယ်စုရဲ့ ပိုင်နက်တွေတဲ့...သူတို့တွေက အရမ်းကို သွေးဆာတဲ့သူတွေ အဲ့ဒီအချိန်တုန်းက ညခင်းသားရဲတွေဆိုတာလည်း မရှိသေးတော့ တောင်တန်းတစ်ခုလုံးကို သူတို့ပဲ သိမ်းပိုက်ထားတာ။ စမ်းသပ်မှုအတွက် ပါဝင်ယှဥ်ပြိုင်သူတွေ ဒီနယ်နိမိတ်ထဲဝင်ရောက်လာတာနဲ့ သူတို့က ချက်ချင်း ဖမ်းဆီးပြီး အရက်စက်ဆုံးနည်းလမ်းနဲ့ သတ်ဖြတ်ကြတယ်"

"ဗာရင်မျိုးနွယ်တွေက လူနဲ့ မိစ္ဆာသားရဲတွေ ပေါင်းစပ်ပြီး ဆင်းသက်လာတဲ့ မျိုးနွယ်စုပဲ...သူတို့က ကြောက်ဖို့ကောင်းပြီး အရမ်းလည်း အင်အားကြီးမားကြတယ်... အဲ့ဒီတုန်းက အရှင်မင်းကြီးဘက်ကနေ ဒီနေရာကို သိမ်းပိုက်ဖို့ မြင့်မြတ်သူရဲကောင်း သုံးဖွဲ့ကို စေလွှတ်ခဲ့ဖူးတယ်"

"ဒါပေမယ့် မြင့်မြတ်သူရဲကောင်းအဖွဲ့ သုံးဖွဲ့လုံး အပြတ်ရှင်းခံရလုနီးပါး ဖြစ်သွားပြီး ဗာရင်မျိုးနွယ်စုလည်း အတော် အထိနာသွားတယ်...နောက်ပိုင်းကျ ဘုရင်မင်းမြတ်က နောက်ဆုံးသော မြင့်မြတ်သူရဲကောင်း အဖွဲ့ကို စေလွှတ်ပြီး ဗာရင်မျိုးနွယ်စုကို ကြောက်မက်ဖွယ်တောင်တန်းကနေ အပြတ်ရှင်းခိုင်းလိုက်တော့ အဲ့ဒီအချိန်ကနေစပြီး အခုထိ ဒီတောင်တန်းက ငါတို့နိုင်ငံရဲ့ ပိုင်နက် တစ်ပိုင်းတစ်စ ဖြစ်လာခဲ့တယ် အထူးသဖြင့်  စမ်းသပ်ပွဲရဲ့ ပါဝင်ယှဥ်ပြိုင်သူတွေ သုံးဖို့ ခွင့်ပြုထားတာပေါ့"

၎င်းကိုကြားတော့ လူတိုင်း ကြက်သေသေသွားကြသည်။

~~~

All Chapters