← Chapters

ဗာရင် မိန်းကလေး

Vol. 5 Ch. 43

ဗာရင် မိန်းကလေး

Vol. 5 Ch. 43

ထိုအချိန်မှစ၍ ဗာရင်မျိုးနွယ်စုမှာ အင်ပါယာ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင် ဗာရင်လူမျိုးများ ရှိနေသေးသည်ဟု သတင်းကြားမိသော်လည်း ၎င်းတို့မှာ ပုန်းလျှိုးကွယ်လျှိုးသာ နေနိုင်ကြပြီး အခြားသူများ၏ ရှေ့မှောက်သို့ ထွက်မလာရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှင့် ပူးပေါင်းသူမှန်သမျှ ညှာတာခြင်းမရှိ သတ်စေဟု ဘုရင်မင်းမြတ်က အမိန့်ပေးထားသောကြောင့်ပင်။

ယွီမုန့် ဆောင့်ကြောင့်ထိုင်၍ တခဏမျှ သေချာ ကြည့်ရှုလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ပြီး "ဘာမှမဖြစ်ပါဘူး ..ဒါတွေက အတိတ်တုန်းက မြင့်မြတ်သူရဲကောင်းတွေနဲ့ ဗာရင်တွေကြား စစ်ပွဲဖြစ်တုန်းက ကျန်ခဲ့တဲ့ အကြွင်းအကျန် တစ်ချို့ပဲ..ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး ...."

သူမ၏ စကားကြောင့် သုံးယောက်လုံး စိတ်သက်သာရသွားပြီး ဆက်လက် ခရီးဆက်ခဲ့ကြသည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ်ခန့် လျှောက်ပြီးသောအခါ လင်းချီ ရုတ်တရက် ရပ်လိုက်သည်။ သူ၏ ကောင်းမွန်လှသော အကြားအာရုံမှ ထူးဆန်းသောအသံတစ်ခုခုကို ကြားလိုက်ရသည်ဟု ထင်မိလိုက်၏။

"ဆရာ ..တစ်ခုခုဖြစ်လို့လား" ကျင်းလင်လင်က လျှောက်လာပြီး မေးလိုက်သည်။

လင်းချီ မျက်လုံးများကျဉ်းမြောင်းသွားပြီး သူ့အနောက်ဘက်ကို ကြည့်လိုက်သည်။ မြက်တောထဲမှ တစ်ခုခုလှုပ်ရှားသွားသံကို သတိပြုမိလိုက်ပုံပင်။

"ရှူး....အသံမထွက်နဲ့ဦး ..."

လင်းချီက တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး မြက်တောနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။

အခြားသုံးယောက်လည်း တစ်ခုခု မှားနေသည်ကို သိရှိသွားပြီး သတိကပ်ထားကြတော့သည်။

လင်းချီ မြက်ကိုဖြည်းညှင်းစွာ ဖယ်ရှားလိုက်သောအခါ လူတိုင်း မြက်တောထဲမှ မကောင်းဆိုးဝါးတစ်ကောင်ကောင် ခုန်ထွက်လာမှာကို ကြောက်မိပြီး အသက်အောင့်ထားမိလိုက်ကြသည်။

သို့သော်လည်း မြက်ကို ဖယ်လိုက်သောအခါ စုတ်ပြတ်ပေရေနေသော ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရပြီး  ထိုအခြင်းအရာက လင်းချီနှင့် အခြားသုံးယောက်ကို အံ့ဩသွားစေသည်။

ဒီလိုကြောက်မက်ဖွယ်တောင်တန်းမှာ ကလေးမလေးတစ်ယောက်က ဘယ်လို ပေါ်လာတာလဲဟ?

"ဒါ....."

လင်းချီ ရှုပ်ထွေးသွားပြီး ခေါင်းကိုကုတ်လိုက်သည်။ သူ့ဘေးရှိ ကျင်းလင်လင်ကတော့ ကလေးမလေးကို သေချာကြည့်လိုက်ကာ အနားသို့  တဖြည်းဖြည်း လျှောက်သွားပြီး လက်ကိုဆန့်ထုတ်လိုက်ရင်း မေးလိုက်သည်။

"ညီမလေးက...ဘာလို့ ဒီကိုရောက်နေတာလဲ"

ကလေးမလေး၏ မျက်နှာနှင့် အ၀တ်များမှာ ညစ်ပတ်ပေရေနေသော်လည်း သူမတွင် ချစ်စရာ မျက်လုံးရွဲကြီးများ ရှိသည်။ သူမတုန့်ပြန်သည်ဆိုရုံမျှသာ လှုပ်ရှားပြီး ကျင်းလင်လင်၏ စကားကို နားမလည်နိုင်သကဲ့သို့  မျက်လုံးလေး ကလယ်ကလယ် လုပ်နေသည်။

"သူက စကားမပြောနိုင်တာများလား?" လူး၀စ်က မေးလိုက်သည်။

ကျင်းလင်လင်က ထပ်ပြုံးလိုက်ပြီး "ချစ်စရာကောင်းတဲ့ ကလေးမလေး ...မမကို ဖြေဦးလေ... မမ ညီမလေးကို လုံးဝ မထိခိုက်စေရဘူးလို့ ကတိပေးတယ်နော်"

သို့သော်လည်း ကလေးမလေးမှာ စကားတစ်လုံးပင် မပြောသေးဘဲ လင်းချီနှင့် တခြားသူများကိုသာ စိုက်ကြည့်နေသည်။

ထိုအချိန်တွင် ယွီမုန့်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး သူမ၏ မှော်တုတ်တံကို ကလေးမလေးထံသို့ ရွယ်လိုက်သည်။

ယင်းဖြစ်ရပ်က ကျင်းလင်လင်ကို တုန်လှုပ်သွားစေပြီး ယွီမုန့်ကို ချက်ချင်း တားလိုက်သည်။ "ယွီမုန့် ရှင် ဘာတွေလုပ်နေတာလဲ"

ယွီမုန့် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး "သူမက ဗာရင်မျိုးနွယ်စုကပဲ"

"ဘာ....!"

လူတိုင်း အံ့အားသင့်သွားသည်။ ကျင်းလင်လင်၏ မျက်လုံးများပြူးကျယ်သွားပြီး ကလေးမလေးကို ကြည့်လိုက်ကာ "သူက ဗာရင် မျိုးနွယ်စုကဆိုတာ ရှင်ဘယ်လိုသိလဲ"

"သူမ ခြေထောက်က ဒဏ်ရာကို ကြည့်လိုက်"

ကျင်းလင်လင် ငုံ့ကြည့်လိုက်သောအခါ ကလေးမလေး၏ ခြေထောက်တွင် ပြတ်ရှရာတစ်ခုရှိနေပြီး ထိုဒဏ်ရာမှ အပြာရောင်သွေးများ စီးကျလျက်ရှိသည်။

"အပြာရောင်သွေးလား?...." လင်းချီ စိတ်ရှုပ်ထွေးသွားသည်။ ကလေးမလေးမှာ သူတို့နှင့် ကွဲပြားသည့်ပုံပင်။

"ဗာရင်လူမျိုး?"

ကျင်းလင်လင် ကြောက်လန့်သွားပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်မိလိုက်သည်။ ဗာရင်မျိုးနွယ်စုကို မျိုးနွယ်ခြားအဖြစ် သတ်မှတ်ကြပြီး သူတို့၏ ဗီဇမှာ ရက်စက်ကာ သဘာဝအလျောက် ရန်လိုတတ်ကြသည်။

သို့သော်လည်း ကလေးမလေးမှာ အန္တရာယ်ရှိစေမည့် တစ်စုံတစ်ရာမှ မပြုလုပ်ဘဲ  ရယ်ခြင်းငိုခြင်းအလျင်းမရှိ နေရာ၌သာ မလှုပ်မယှက် လိမ်လိမ်မာမာလေး ရပ်နေသည်။ သူမ၏ ကြည်တောက်နေသော မျက်လုံးဝိုင်းလေးထဲတွင် ရန်လိုစိတ် တစ်စုံတစ်ရာမျှ မရှိပေ။

"သူမပုံစံကြည့်ရတာ ရန်မလိုဘူး" လင်းချီ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကလေးမလေး၏ ပါးကို ဖျစ်ညစ်လိုက်သည်။

"သူမက နွေးသားပဲ..သွေးအေးသတ္တဝါတော့ မဟုတ်ဘူး"

ထူးဆန်းတာက ကလေးမလေးမှာ အမူအရာလည်းမပြောင်းဘဲ စကားလည်း တစ်ခွန်းမှ မပြောပေ။

အနီးအနားတွင် တခြား ဗာရင်မျိုးနွယ်စုမှ လူများ ရှိနိုင်၍ ယွီမုန့်ကတော့ သတိထားလျက်ရှိသည်။

"မဟုတ်ဘူး သူမက အန္တရာယ်ရှိတယ်" ယွီမုန့် လူတိုင်းကို ပြတ်သားစွာ သတိပေးလိုက်သည်။

သို့သော်လည်း လင်းချီက ပြုံးလိုက်ကာ "ကလေးတစ်ယောက်က ဘာလုပ်နိုင်မှာ မို့လို့လဲကွာ ..ဒါပေမယ့်လည်း ဒီနေရာမှာ ဒီကလေးမလေး ရှိနေမှတော့ အနီးနားမှာ တခြား ဗာရင်မျိုးနွယ်စုတွေလည်း ရှိနေနိုင်တယ်လို့ ယူဆတာ မမှားဘူး…”

"အမှန်ပဲ...ဒီကလေးမလေးက အခု ဘာမှ မလုပ်ဘူးဆိုပေမယ့် ငါတို့ လုံခြုံပြီလို့ ဆိုနိုင်တာမဟုတ်ဘူး….. အနာဂတ်မှာ ဖြစ်လာမယ့်ပြဿနာတွေကို ရှောင်ရှားဖို့ သူ့ကို အရင်သတ်ရမယ်" လူး၀စ်က ဓားကို ဆွဲထုတ်လိုက်သည်။

"နေဦး"

လင်းချီ ချက်ချင်းပင် သူ့လက်နှင့် လူး၀စ်ကို တားလိုက်ပြီး "သူက ဗာရင်မျိုးနွယ်စုက ဆိုရင်တောင် မင်းသူ့ကို သတ်လို့မရဘူး ..သူက ကလေးပဲ ရှိသေးတာကွ မင်းအဲ့လိုမလုပ်သင့်ဘူး"

ထိုအခါ ယွီမုန့်၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး သူမ၏ မှော်တုတ်တံကို မြောက်လိုက်သည်။

"ရန်သူကို သက်ညှာပေးတာက ရူးမိုက်တာပဲ ..လင်းချီ ရှင် ရှေ့ကနေဖယ်စမ်း"

ထိုနှစ်ယောက်မှာ အကြောက်တရားကြောင့် မျက်ကန်းဖြစ်သွားပြီး ကလေးတစ်ယောက်ကိုတောင် သက်ညှာမပေးနိုင်တော့သည့်ပုံပင်။

လင်းချီ ကလေးမလေးကို ကောက်ပွေ့လိုက်သောအခါ ဘေးနားတွင် ရပ်နေသော လူး၀စ်နှင့် ယွီမုန့်တို့မှာ ကြက်သေသေသွားကြသည်။  "လင်းချီ မင်းဘာတွေ လုပ်နေတာလဲ"

"ဓားသမားတစ်ယောက်ရဲ့ ဓားက ဘယ်တော့မှ လက်နက်မဲ့သူတွေအပေါ်အသုံးမပြုရဘူး…. တကယ်လို့ မင်းဓားပေါ်မှာ အပြစ်မဲ့သူတွေရဲ့ သွေးတွေ စွန်းထင်းသွားမယ်ဆိုရင် မင်းက ဓားသမားတွေ လိုက်နာရမယ့် ကျင့်၀တ်ကို ဖောက်ဖျက်လိုက်တာပဲ "

လင်းချီက ဆက်လက်ပြီး "ပြီးတော့ ဒီကလေးက လမ်းပျောက်နေပုံပဲ… သူမကို ပြန်ပို့ရအောင်..သတ်ရလောက်တဲ့အထိ မလိုပါဘူး"

၎င်းကိုကြားတော့ လူး၀စ် စတင် စိတ်တိုလာသည်။ လူးဝစ်မှာ သူ၏ ဒေါသကို အချိန်အကြာကြီး ထိန်းထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ လင်းချီကို လက်ညှိုးထိုးပြီး ပြောလိုက်သည် "တကယ်လို့ မင်း ဒီကလေးကို ခေါ်လာမယ်ဆိုရင် ငါနဲ့ယွီမုန့် မင်းနောက်လိုက်မှာ မဟုတ်ဘူး ခုကတည်းက လမ်းခွဲရအောင်"

လင်းချီ သက်ပြင်းချလိုက်ပြီး "ကလေးမလေး တစ်ယောက်ပဲလေကွာ....."

"လင်းချီ....!"

ယွီမုန့်သည်လည်း အလေးအနက်ပြောလာ၏။ "သူမက ဗာရင်လူမျိုးနော် အင်ပါယာဘက်က အမိန့်ထုတ်ထားပြီးသား သူတို့ကို တွေ့တာနဲ့ သတ်ရမှာ!"

"မရဘူး မင်းတို့ကို ဒီလိုလုပ်ခွင့်မပြုနိုင်ဘူး..အပြစ်မဲ့တဲ့သူတွေကို မသတ်သင့်ဘူးလေ"လင်းချီ သူတို့ကို အော်ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ ရှင့်အကြောင်းနဲ့ရှင်ပဲ" ယွီမုန့် ခေါင်းငြိမ့်၍ အဝေးသို့ ထွက်သွားသည်။ လူး၀စ်က လင်းချီကို ပျက်ရယ်ပြုလိုက်ပြီး "ငါတို့ မရှိရင် မင်းမှာ ဘယ်သူကျန်သေးလို့လဲ လင်းချီ"

ထို့နောက် သူလည်း ယွီမုန့်နှင့်အတူ ထွက်သွားခဲ့သည်။

လင်းချီနှင့် ကျင်းလင်လင် ကလေးမလေးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

"ဆရာ..ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"

လင်းချီ အသက်ပြင်းပြင်းရှူလိုက်သည်။ ယွီမုန့်နှင့် လူး၀စ် မရှိပါက သူတို့ မှော်အဆီအနှစ်ကို ရနိုင်မည် မဟုတ်ပေ။ သူ၏ အစားအသောက်များမှာ တခြားသူတို့၏ အင်အားကိုသာ တိုးမြှင့်ပေးနိုင်သည်။

"ခဏနေဦး..." လင်းချီ ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကျင်းလင်လင်ကိုကြည့်လိုက်သည်။ ထို့နောက် "ငါမှတ်တာ မမှားဘူးဆိုရင် မင်းက မီးမှော်ဆရာ မလား"

ကျင်းလင်လင် ကြောင်အစွာ မျက်တောင်တဖျတ်ဖျတ်ခတ်မိလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ "ဆရာရှင့်..ကျွန်မရဲ့ မီးမှော်က ချက်ပြုတ်ဖို့လောက်ပဲ ရတာပါနော်"

"ဘာပဲဖြစ်ဖြစ် အဲ့တာကလည်း မှော်စွမ်းအင်ပဲလေ ဟုတ်တယ်မလား"

"ကျွန်မက မှော်ပညာ စတင်အသုံးပြုသူ အဆင့်ပဲ ရှိသေးတာကို ..ဆရာ ကျွန်မ အပေါ်ပဲ အားကိုးတော့မယ်လို့တော့ မပြောနဲ့နော်" ကျင်းလင်လင် အနည်းငယ် ကြောက်ရွံ့နေမိသည်။

သို့သော်လည်း  လင်းချီက ပြုံးလိုက်ပြီး ပြောလိုက်၏။ "ကြည့် ငါတို့မှာ အချိန်တွေ အများကြီး ကျန်နေသေးတာ..ဒီတော့ ကလေးမလေးကို သူ့မိဘတွေ ကူရှာပေးလိုက်ရအောင်..ဒါကြောင့် ဒီကာလအတွင်းမှာ မင်းက ငါတို့ရဲ့ ကာကွယ်သူပဲ သေချာမှတ်ထားနော်"

ကျင်းလင်လင်က သူမ၏လက်ကို လျင်မြန်စွာ ယမ်းလိုက်ပြီး "မဟုတ်ဘူး မဖြစ်ဘူး ကျွန်မက စားဖိုမှူးလေ"

လင်းချီ ဂရုမစိုက်ပေ။ စနစ်ထဲမှ ကြက်အစပ်ကြော်ကို ထုတ်လိုက်ပြီး "မပူပါနဲ့ ငါ့မှာ နည်းလမ်းရှိပါတယ်"

၎င်းမှာ စနစ်အား အဆင့်သုံးသို့ မြင့်တင်သောကြောင့် ရရှိထားသော ဟင်းပွဲအသစ်ဖြစ်သည်။ ၎င်း၏ အကျိုးသက်ရောက်မှုမှာ မီးမှော်ဆရာများ၏ မန္တန်စွမ်းအား သက်ရောက်မှုဧရိယာကို တိုးစေပြီး ဖျက်စီးမှုကိုလည်း ပို၍ အားကောင်းစေသည်။ ကျင်းလင်လင်ကဲ့သို့ မှော်စတင်အသုံးပြုသူ တစ်ယောက်အတွက်ဆိုလျှင်တောင်မှ သူမအသုံးပြုသော မီးမှော်မန္တန်များသည် အလယ်အလတ်ဆင့် မှော်မန္တန်များထက်ပင် ပို၍အားကောင်းလိမ့်မည်မှာ သေချာသည်။

"ဆရာ အတည်ကြီးပြောနေတာလား"

"ဒါပေါ့…. စကားများနေတာတွေ ရပ်ပြီး သွားကြစို့"

~~~

All Chapters