← Chapters

အဖြူရောင် မုသားများ 

Vol. 5 Ch. 45

အဖြူရောင် မုသားများ 

Vol. 5 Ch. 45

လင်းချီ ကြေညာပြီးသည်နှင့် ဗာရင်မျိုးနွယ်စုဝင်များ တစ်ယောက်ပြီး‌တစ်ယောက် လာရောက် စပ်စုကြတော့သည်။ မျိုးနွယ်စု ခေါင်းဆောင်လည်း ဖြည်းညင်းစွာ လျှောက်လာပြီး အိုးထဲရှိ စွပ်ပြုတ်ကို သေချာ လေ့လာကြည့်လိုက်သည်။ လင်းချီ အရင်ဆုံး တစ်ငုံ မသောက်ပြသရွေ့တော့ သူ မြည်းစမ်းကြည့်မည် မဟုတ်ပေ။

သိသာစွာပင် လင်းချီမှ သူတို့အား အဆိပ်ခတ်မည်ကို စိုးရိမ်နေခြင်းဖြစ်၏။ ထို့ကြောင့် လင်းချီ စားပြီး အ‌ဆင်ပြေတော့မှ သူတို့ မြည်းစမ်းကြည့်ရဲလိမ့်မည်ဖြစ်သည်။

လင်းချီလည်း သူ၏ ဖြူစင်မှုကို သက်သေပြရန် သစ်သားဇွန်းဖြင့်  ပန်းကန်တစ်လုံးထဲသို့ ထည့်ပြီး လူတိုင်းရှေ့တွင် သောက်ပြလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင်က ပြုံး၍ ညင်သာစွာ ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် ရှေ့တိုးကာ အခြား မျိုးနွယ်စု၀င်များကိုလည်း လာရောက်မြည်းစမ်းကြည့်ရန် အချက်ပြလိုက်သည်။

စွပ်ပြုတ်မှာ စနစ်ချက်ပြုတ်ထားတာ မဟုတ်သောကြောင့် အရသာမှာ အနည်းငယ်တော့ လိုနေဆဲပင်။ များစွာသော ဗာရင် မျိုးနွယ်စု၀င်များမှာ ပါးစပ်အပြည့် တစ်လုပ်စာသာ မော့သောက်လိုက်ပြီး ပန်းကန်လုံးကို ဘေးချထားလိုက်ကြသည်။

"ဆရာရဲ့ ချက်ပြုတ်တဲ့ စကေးကတော့ အချိန်နဲ့အမျှ ဆိုးရွားလာတဲ့ပုံပဲ"

လင်းချီ တည်ငြိမ်စွာဖြင့် "ပူမနေစမ်းပါနဲ့ ဒီဟင်းပွဲကို ငါချက်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ.. အခု ငါစိတ်ပူနေတာက အရသာကောင်းမကောင်းမဟုတ်ဘူး..ငါတို့ အသက်ကို ကယ်နိုင် မကယ်နိုင်မှာကိုဘဲ စိတ်ပူနေတာ"

ဘုတ်

ရုတ်တရက် ထင်ထင်ရှားရှား အသံတစ်သံကို ကြားလိုက်ရပြီး လူတိုင်း၏ အာရုံက သူတို့နောက်ရှိ မျိုးနွယ်စု ခေါင်းဆောင် ဆီသို့ ကျရောက်သွားသည်။

‌မျိုးနွယ်စု ခေါင်းဆောင်၏ အမူအရာမှာ ထုံထိုင်းနေပြီး စွပ်ပြုတ်ပန်းကန်လုံးမှာ မြေပြင်ပေါ်သို့ လွတ်ကျသွားသည်။

"ခေါင်းဆောင်......."

လူတိုင်း မျိုးနွယ်ခေါင်းဆောင်ကို ၀န်းရံလိုက်ကြသည်။ သူ၏ မျက်လုံးများမှာ ပွင့်နေသော်လည်း တစ်ခုခုကို အတွေးနက်နေသကဲ့သို့ နှုတ်ခမ်းများက တုန်ရင်‌နေသည်။

"သေစမ်း မင်းတို့နှစ်ယောက် ခေါင်းဆောင်ကို အဆိပ်ခတ်လိုက်တာ ဖြစ်ရမယ်"

"ဟုတ်တယ် ..ခေါင်းဆောင်သာ တစ်ခုခုဖြစ်ခဲ့ရင် ငါတို့တစ်မျိုးနွယ်လုံး မင်းတို့နှစ်ယောက်လုံးကို အလွတ်ပေးမှာ မဟုတ်ဘူး!"

မျိုးနွယ်၀င်များက လင်းချီ နှင့် ကျင်းလင်လင်ကို တစ်ဖန် ဝိုင်းရံ လိုက်ကြသည်။

ကျင်းလင်လင်မှာ ကြောက်လန့်သွားပြီး လင်းချီ၏နောက်ကျောတွင် ပုန်း၍ တုန်ယင်စွာဖြင့် ပြောလိုက်သည်။ "ဆရာ့ကို ကျွန်မ သတိပေးခဲ့တယ်.. အခုကြည့် နားမထောင်တော့ နှစ်ယောက်လုံး ကိစ္စတုံးတော့မယ်!"

လင်းချီသည်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တွေးမိလိုက်၏။ 'မဖြစ်နိုင်တာ..ငါ စနစ်ရဲ့ ချက်ပြုတ်နည်းအတိုင်း ချက်ခဲ့တာပဲလေ...အရသာက နည်းနည်း ဆိုးဝါးသွားရင်တောင် အဆိပ်မိလောက်တဲ့အထိတော့ မဟုတ်ဘူးမလား?'

လူတိုင်း၏ မျက်လုံးများက ဒေါသ ရန်လိုမှုများဖြင့် ပြည့်နှက်နေပြီး အံကြိတ်၍ လင်းချီတို့ကို နောက်သို့ တစ်လှမ်းချင်း ဆုတ်အောင် ဖိအားပေးနေသည်။

"ရပ်လိုက်!"

မျိုးနွယ်ခေါင်းဆောင်က ရုတ်တရက် အော်ဟစ်လိုက်သည်။ မျိုးနွယ်၀င်များမှာ ရပ်တန့်သွားပြီး "ခေါင်းဆောင် အဆင်ပြေရဲ့လား?"

မျိုးနွယ်ခေါင်းဆောင်က သက်ပြင်းချပြီး ခေါင်းယမ်းလိုက်သည်။ "ငါ အဆင်ပြေပါတယ် ဒီစွပ်ပြုတ်က အတိတ်က ဖြစ်ရပ်တချို့ကို သတိရသွားစေလို့ပါကွာ.. ခုထိ ငါ့မှတ်ဉာဏ်တွေထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပဲ"

လင်းချီနှင့် ကျင်းလင်လင် နှစ်‌ယောက်လုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့ ဒီနေရာမှာပဲ သေရတော့မယ်လို့ ထင်နေကြတာ...။

စွပ်ပြုတ်က ခေါင်းဆောင်၏ အတိတ်ကို ပြန်သတိရစေရုံမျှသာ ဖြစ်သည့်အကြောင်း သိသွားကြသောအခါ လေထဲရှိ တင်းမာမှုများလည်း အလိုအလျောက် ကွယ်ပျောက်သွားသည်။

"အဟမ်း.." သူတို့ မျိုးနွယ်စုခေါင်းဆောင်မှာ လက်သီးဆုပ်၍ ချောင်းဟန့်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့ဘယ်ဘက်လက်က မုတ်ဆိတ်မွှေးကို ညင်သာစွာ ပွတ်သပ်ရင်း အတိတ်မှ ဖြစ်ရပ်တစ်ချို့ကို စမြုံ့ပြန်တော့သည်။

ဗာရင်တို့ စစ်ရှုံးသောအခါ ကျန်ရှိသော ဗာရင် မျိုးနွယ်၀င်များမှာ တောင်တန်းများ‌ဆီသို့ ထွက်ပြေးခဲ့ကြသည်။ သူသည်လည်း ထိုအထဲမှ တစ်ယောက်ပင်။ အင်ပါယာမှ မြင့်မြတ်သူရဲကောင်းတို့၏ ရန်ကို ရှောင်ရန် မတတ်သာဘဲ တောင်ခြေသို့သာ တိမ်းရှောင်ရန် ရွေးချယ်ခဲ့ကြသည်။ သို့သော်လည်း ထိုနေရာတွင် မိစ္ဆာသားရဲများစွာ စောင့်ကြပ်တားဆီးနေသောကြောင့် ရွေးချယ်စရာမရှိ တိုက်ခိုက်ရတော့သည်။ နှစ်ရက်နှင့် နှစ်ညတိုင်တိုင် တိုက်ခိုက်ပြီးနောက် သူ၏ကိုယ်တွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သတိလစ်ကာ မေ့မြောသွားတော့သည်။ ပြန်သတိရလာ‌သောအခါ တောင်ခြေရှိ မုဆိုးတစ်ဦးမှ သူ့ကို ကယ်တင်ခဲ့ကြောင်း သိလိုက်ရလေသည်။

မုဆိုးက သူ၏ခန္ဓာကိုယ် အားနည်းနေသည်ကို သတိထားမိသောအခါ တောင်ပေါ်သို့တက်၍ သားရဲများ၏ အန္တရာယ်ကို မမှုဘဲ ဟင်းလျာအတွက် ပါဝင်ပစ္စည်းများ သွားရောက်စုဆောင်းခဲ့သည်။ ထို့နောက် လင်းချီ ချက်ပြုတ်သကဲ့သို့ ထိုမုဆိုးသည်လည်း အိုးကြီးထဲတွင် အမယ်အားလုံးကို ထည့်ပြုတ်ပြီး စွပ်ပြုတ်လုပ်ပေးခဲ့သည်။

သူ ယနေ့တိုင် ထိုအရသာကို မမေ့နိုင်ခဲ့။

သူပြန်သက်သာလာတော့ မုဆိုးအား နှုတ်ဆက်ကာ တောင်ပေါ်သို့ တက်လာခဲ့သည်။ တောင်ပေါ်တွင် ကျန်ရစ်သော သူ့မျိုးနွယ်တူများနှင့် ပြန်တွေ့ပြီး ဗာရင် မျိုးနွယ်စုကို အတူတကွပြန်လည်တည်ထောင်ခဲ့သည်။

ကိစ္စအားလုံးပြီးစီးပြီးနောက် ထိုမုဆိုးကို ကျေးဇူးဆပ်ရန် ပြန်သွားရှာခဲ့သော်လည်း ထိုသူမှာ အချိန်အတော်ကြာကတည်းက ထိုနေရာမှ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် အနှီစွပ်ပြုတ်ကို နောက်ထပ် ဘယ်တော့မှ ထပ်သောက်ခွင့် မရတော့ပေ။

လင်းချီ ချက်သော စွပ်ပြုတ်မှာ အတိတ်က မုဆိုးချက်ပေးခဲ့သော စွပ်ပြုတ်၏ အရသာနှင့် တစ်ထပ်တည်းပင်။ အခြားသော မျိုးနွယ်စု ၀င်များကတော့ သာမန်စွပ်ပြုတ်တစ်ခွက်ဟုသာ မြင်သော်လည်း မျိုးနွယ်ခေါင်းဆောင်ကတော့ အရသာကို ချက်ချင်းမှတ်မိလိုက်သည်။

သူလင်းချီကို မေးလိုက်သည် "မင်းကို ဒီစွပ်ပြုတ်ချက်နည်း ဘယ်သူသင်ပေးခဲ့တာလဲ"

လင်းချီ စဉ်းစားမိရာ အကြောင်းပြချက်ကို ပေးလိုက်သည်။ "တောင်ခြေရွာက ကျုပ်ဦးလေး သင်ပေးခဲ့တာလေ"

မျိုးနွယ်စုခေါင်းဆောင်မှာ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လင်းချီ၏ ပုခုံးကို သူ့လက်နှစ်ဖက်ဖြင့်ဆွဲကာ "မင်းဦးလေးက င့ါအသက်သခင် ကျေးဇူးရှင်ပဲကွ!"

"ဗျာ....."လင်းချီ စိတ်ရှုပ်ထွေးသွားပြီး သူ၏ မျက်နှာအမူအရာမှာလည်း ကြက်သေသေနေသည်။

"ဆရာရေ....."

ကျင်းလင်လင် သူ့ကို တံတောင်ဖြင့်တို့မှသာ သတိပြန်၀င်လာသည်။ လင်းချီ ပြုံး၍ ခေါင်းကို ကုတ်လိုက်ပြီး "အာ..အဲ့လိုလားဗျ..ဒါပေမဲ့ ပြောရတာတော့ စိတ်မကောင်းဘူးဗျ..ကျုပ်ဦးလေး ဆုံးသွားခဲ့တာ အတော်ကြာပြီ"

"ဟေ......"

မျိုးနွယ်စု ခေါင်းဆောင်မှာ ခေတ္တရပ်တန့်သွားပြီး "သူ..သူတကယ် ထွက်သွားခဲ့ပြီပေါ့?"

လင်းချီ ၀မ်းနည်းဟန်ဆောင်၍ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်ဗျ ..အမှန်ဘဲ"

"အာ...နှမြောဖို့ကောင်းလိုက်တာ..ငါ သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရပြီလို့ ထင်နေခဲ့တာ..ဒါပေမယ့်လည်း အဆင်ပြေပါတယ်..မင်းက သူ့တူလေးပဲ ..ဒီတော့ မင်းတို့ သွေးချင်း နီးတယ်လေ"

လင်းချီ ခေါင်းငြိမ့်၍ မျက်ရည်များ သုတ်ဟန်ဆောင်လိုက်ပြီး "ဒီ‌တော့...အခု ခင်များ ကျုပ်တို့ကို ယုံပြီမလား "

"ဒီစွပ်ပြုတ်ကို မင်းချက်နိုင်တယ်ဆိုတဲ့အချက်က မင်းဟာ အင်ပါယာနဲ့ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာ သက်သေပြပြီးသားပဲ"

မျိုးနွယ်ခေါင်းဆောင်၏ စကားကိုကြားသောအခါ ဗာရင်တို့လည်း လင်းချီ နှင့် ကျင်းလင်လင်အပေါ် သတိထားနေသည်များ ပြေလျော့သွားပြီး နွေးထွေးစွာ ကြိုဆိုကြတော့သည် ။

"စကားမစပ်..မင်းတို့နာမည် ဘယ်လို ခေါ်လဲ"မျိုးနွယ်စုခေါင်းဆောင်က သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ကျုပ်နာမည်က လင်းချီ..ဒါကတော့ ကျုပ်တပည့်လေး.. ကျင်းလင်လင်ပေါ့"

"လင်းချီ......?"

မျိုးနွယ်စုခေါင်းဆောင်မှာ အနည်းငယ် ပဟေဠိ ဖြစ်သွားပြီး

"ငါမှတ်မိသလောက်‌တော့ သူ့ရဲ့ မျိုးရိုးနာမည်က ဖန်းလားလို့"

"အာ....သူက ကျုပ်နဲ့ သွေးသားတော်စပ်တဲ့ ဦးလေး မဟုတ်ဘူး...ဒါပေမဲ့ ကျုပ်ကို မိသားစုတစ်ယောက်လို သဘောထားတာ.."

ထိုအခါမှသာ မျိုးနွယ်ခေါင်းဆောင်က တွန့်ဆုတ်စွာဖြင့် လက်ခံလိုက်ပြီး နောက်ထပ်မေးခွန်းများ မေးမလာတော့ချေ။

ကျင်းလင်လင် လင်းချီ၏ နားသို့ ကပ်၍ ပြောလိုက်သည်။ "ဆရာ..ရှင်ကတော့ တကယ်လိမ်တတ်တာပဲနော်.. နောက်ဆိုရင် ကျွန်မတော့ သတိထားရတော့မယ်"

လင်းချီ သူမ နဖူးကို လက်ညိုးဖြင့်တောက်လိုက်သည်။

"ငါသာ အဲ့လို မလိမ်ခဲ့ရင် ခုလောက်ဆို ငါတို့နှစ်ယောက်ထဲ မြေကြီးထဲမှာ ဆွေးပြီး မြက်ပင်တွေတောင် ပေါက်နေလောက်ပြီ"

ကျင်းလင်လင် သူမ နဖူးကိုကာ၍ လျှာလေး တစ်လစ်ထုတ်ကာ ကလေးဆန်ဆန်ပြုံးလိုက်သည်။ "ဟီးဟီး...ဟုတ်တယ်နော်..ကျွန်မတို့ အဆင်ပြေနေတာ ဆရာ့ကိုပဲ ကျေးဇူးတင်ရမယ်"

ဗာရင်တို့မှာ အုပ်စုဖွဲ့၍ သီချင်းများဆိုပြီး ကခုန်ခြင်းကို နှစ်သက်ကြသည်။ သူတို့က ယွီမုန့် ပြောခဲ့သည်နှင့် လားလားမျှ မဆိုင်ပေ။ သာမန် တောင်ပေါ် မျိုးနွယ်စုလေး တစ်စု ကဲ့သို့ပင်။

ကြည့်ရတာတော့ အင်ပါယာက ထိုကော‌လဟာလများကို တမင်ဖြန့်ခဲ့ပုံပေါ်သည်။ သို့သော်လည်း ထိုအရာများက သူနှင့် မသက်ဆိုင်ပေ။

"အိုး..ဟုတ်သားပဲ မေ့နေတာ..မင်းတို့ ခုနက ဒီကို ကြယ်ငါးပွင့် သားရဲ အဆီအနှစ်လာရှာတာလို့ ပြောတာ မဟုတ်လား"မျိုးနွယ်ခေါင်းဆောင်မှ မေးလိုက်သည်။

လင်းချီက ခေါင်းငြိမ့်ပြီး "ဟုတ်တယ် ကျွန်တော်တို့ ဒီကို ကြယ်ငါးပွင့်သားရဲအဆီအနှစ်လာရှာတာ ဒါပေမယ့် အချိန်အတော်အတန်ကြာရှာပြီးတာတောင် ရှာလို့မတွေ့သေးဘူး"

"ဟားဟား..မင်းတို့ သေချာပေါက် ရှာနိုင်မှာ မဟုတ်ဘူးပေါ့ ..ဘာလို့ဆို အဲ့တာက ကြယ်ငါးပွင့်သားရဲရဲ့ ကိုယ်ထဲမှာဘဲ ရှိတာလေ.. ကြယ်ငါးပွင့်ကို အသာထားဦး ..ကြယ်သုံးပွင့်တောင် မင်းတို့ မကိုင်တွယ်နိုင်လောက်ဘူး"

ထို့နောက် မျိုးနွယ်ခေါင်းဆောင် မတ်တပ်ရပ်၍ "ခဏလောက်စောင့်ဦး"

နောက်လှည့်ကာ တဲထဲသို့ ဝင်သွားခဲ့ပြီးနောက် ခဏအကြာ သေတ္တာလေး တစ်လုံးနှင့် ပြန်လာခဲ့သည်။

"ဒါက..?"

မျိုးနွယ်စုခေါင်းဆောင်က သေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် တလက်လက်တောက်ပနေသော အဖြူရောင်မှော်အဆီအနှစ်တစ်ခု ရှိနေသည်။ ဒါ သူလိုအပ်နေတဲ့ ကြယ်ငါးပွင့်အဆင့် မှော်အဆီအနှစ်ပဲ!

"ဒါ မင်းတို့ရှာနေတဲ့ဟာမလား?.. ငါ မင်းတို့ကို လက်ဆောင် အဖြစ်ပေးလိုက်မယ်"

မျိုးနွယ်ခေါင်းဆောင် ကြယ်ငါးပွင့်သားရဲ အဆီအနှစ်ကို ကမ်းပေးလိုက်ခြင်းက လင်းချီကို တစ်ခဏမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားစေသည်။

~~~

All Chapters