ခေါင်းမာတဲ့ ယွီမုန့်
Vol. 5 Ch. 46
"ဒါ..ဒါကို ကျုပ် ဘယ်လိုလုပ် ဒီတိုင်းလက်ခံနိုင်မှာလဲဗျာ" လင်းချီ ခေါင်းကုတ်ရင်း ပြောလိုက်သည်။
"ရပါတယ်.. ကြယ်ငါးပွင့် သားရဲ အဆီအနှစ်က ငါတို့အတွက်လည်း အသုံးမ၀င်ဘူး.. တောင်အောက်ယူသွားပြီး မင်းရွာက လူနာကိုသာ ကယ်တင်လိုက်ပါ"
လင်းချီ ကြယ်ငါးပွင့် သားရဲအဆီအနှစ်ကို ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင်.. ကျုပ် နှိမ့်ချစွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်"
မျိုးနွယ်စုခေါင်းဆောင်က သိပ်မဝေးသော နေရာရှိ တဲတစ်ခုကို ညွှန်ပြလိုက်ပြီး "မင်းတို့ ဒီည အဲ့ဒီတဲမှာ နေလို့ရတယ် ..အခုချိန် တောင်အောက်ဆင်းမယ်ဆိုရင် မိစ္ဆာသားရဲတွေနဲ့ ပြဿနာတက်လိမ့်မယ် .. ငါတို့လူတွေပဲ တောလမ်း တောင်လမ်းတွေနဲ့ ရင်းနှီးပြီး သူတို့ကို ဘယ်လိုရှောင်ရှားရမလဲ သိတာ ..မနက်ဖြန်ကျရင် မင်းတို့ကို လမ်းပြဖို့အတွက် တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်"
"တကယ်လား?"
လင်းချီ၏ တင်းကြပ်နေသော မျက်ခုံးများ ပြေလျော့သွားသည်။ ကိစ္စများက ဤမျှထိ အဆင်ပြေ ချောမွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကောင်းကင်က မှောင်မည်းနေလေပြီ။ လင်းချီ နှင့် ကျင်းလင်လင်တို့မှာ မီးပုံနံဘေးတွင် ဗာရင် မျိုးနွယ်စု၏ ရိုးရာ အကနှင့် ဖျော်ဖြေမှုကို ခံစားနေကြသည်။ သူတို့ ညလယ်တွင် ဒီမွန်သားရဲများ လာရောက်တိုက်ခိုက်မည်ကိုလည်း စိုးရိမ်စရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် အထူးအစောင့်များက တစ်ချိန်လုံး စောင့်ကြပ်နေသောကြောင့်ပင်။
အခြားတစ်ဖက်တွင်တော့ ယွီမုန့် နှင့် လူး၀စ်တို့မှာ လင်းချီနှင့် လမ်းခွဲပြီးနောက် တောင်နံဘေးတွင် ဧရာမသတ္တုသားရဲကြီးနှင့် တွေ့ဆုံခဲ့သည်။
သို့သော်လည်း သူတို့ ၎င်းသားရဲ၏ အစွမ်းကို လျော့တွက်မိသွားခဲ့၏။ လင်းချီ၏ အစားအသောက်များ မပါဘဲနှင့် သူတို့ ထိုသားရဲ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူတို့ ဂူတစ်ဂူထဲတွင် ထွက်ပြေးပုန်းရှောင်နေကြရသည်။
"သေစမ်းကွာ..ဒီနေ့ ငါတို့ ဧရာမသတ္တုရိုင်း သားရဲကို အနိုင်ရလုနီးပါးပဲ!"လူး၀စ် အထွန့်တက်လိုက်သည်။
ယွီမုန့်လည်း စိတ်ပျက်နေသည်။ လင်းချီ မပါဘဲနှင့် သူမတို့ ဒီသတ္တုသားရဲတစ်ကောင်ကိုတောင် မယှဉ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ငါအရမ်း ဗိုက်ဆာနေပြီ..ယွီမုန့် မင်းမှာ ရိက္ခာခြောက်တွေ ကျန်နေသေးလား?"လူး၀စ်က မေးလိုက်သည်။
ယွီမုန့်က မျက်ဆံလှန်လိုက်ပြီး "ကျွန်မရဲ့ ရိက္ခာတွေက အကုန်စားပစ်လိုက်ပြီလေ..ဘယ်လိုလုပ် ထပ်ကျန်တော့မှာတုန်း"
"အာ..ဟိုကောင်စုတ် လင်းချီ ရိက္ခာတွေ အကုန်လုံးကို သူနဲ့ ယူသွားတာနေမှာ"
"ဒါပေမယ့် သူတို့ အနှေးနဲ့ အမြန် ငါတို့ကို လိုက်ရှာတော့မှာပါ..သူနဲ့ ကျင်းလင်လင်မှာ ဘာ တိုက်ခိုက်ရေး အင်အားမှ ရှိတာမဟုတ်ဘူး ..ငါတို့မပါဘဲနဲ့ သူတို့ ဘယ်လိုလုပ် သားရဲအဆီအနှစ်ကို ရနိုင်မှာတဲ့လဲ" ယွီမုန့် ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။
သူတို့ မသိခဲ့တာက လင်းချီတို့မှာ သားရဲအဆီအနှစ်ကို ရပြီးဖြစ်လို့ မနက်ဖြန်တောင်ပေါ်ကနေ ထွက်ခွာဖို့ ပြင်နေကြပြီဆိုတာကိုပင်...။
နောက်တစ်နေ့ နံနက်စောစော။
လင်းချီ နှင့် ကျင်းလင်လင်မှာ တောင်အောက်သို့ ခရီးကြမ်းနှင်နေကြသည်။ မျိုးနွယ်စုခေါင်းဆောင် ပြောခဲ့သည့်အတိုင်း သူတို့ မည်သည့် သားရဲနှင့်မျှ မဆုံခဲ့ပေ။ တောင်ပေါ်လမ်း၏ တစ်ဖက်တစ်ချက်တွင် ရွှံ့ညွန်များဖြင့် ဝိုင်းရံထား၏။ မိစ္ဆာသားရဲများက ရွှံ့ညွန်ထဲသို့ မ၀င်ရဲကြ။ ထို့ကြောင့် ဤလမ်းကြောင်းအနီးတစ်၀ိုက်တွင် တစ်ကောင်တစ်လေမျှ ရှိမနေခြင်းပင်။
တစ်မနက်ခင်းနှင့်တင် လင်းချီနှင့် ကျင်းလင်လင်တို့ တောင်အောက် ရောက်သွားကြသည်။ သို့သော်လည်း လင်းချီမှ ရှေ့သို့ ဆက်မသွားဘဲ သားရဲအဆီအနှစ်ကို ကျင်းလင်လင်ထံသို့ ကမ်းပေးရင်း "ဒီလမ်းကနေဆက်သွားရင် မိစ္ဆာသားရဲတွေ ရှိမှာ မဟုတ်ဘူး..ဒါကိုယူပြီး မြို့ထဲပြန်တော့ "
"ဆရာကျတော့ရော?" ကျင်းလင်လင်က မေးလိုက်သည်။
လင်းချီလှည့်ပြီး ပြောလိုက်သည်။ "တောင်ပေါ်မှာ ငါသွားခေါ်လာရမယ့် လူနှစ်ယောက် ကျန်နေသေးတယ်လေ"
၎င်းကိုကြားတော့ ကျင်းလင်လင် ခါးသီးစွာ ပြုံးလိုက်ပြီး "ဆရာ..သူတို့က ဆရာ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာတောင် ဘာလို့ သူတို့ကို ထည့်စဉ်းစားနေသေးတာလဲ"
"ဒီတော့ သူတို့ မပါဘဲ ထွက်သွားရမယ်ပေါ့?.. ဒီအကြောင်းဆက်မပြောနဲ့တော့..အမြန်သွားတော့ မှောင်လာရင် အဆင်မပြေဘူး"
"ဟုတ်ကဲ့..ဒါဆို ဆရာလည်း ဂရုစိုက်နော်"
ထို့နောက် ကျင်းလင်လင်လည်း တွန့်ဆုတ်စွာဖြင့် မြို့ထဲ့သို့ ဦးတည်ပြေးသွားတော့သည်။
လင်းချီ တောင်ပေါ်သို့ တက်ရန် အချိန် ၃နာရီခန့် လမ်းလျှောက်လိုက်ရသည်။ ခရီးက ကြမ်းတမ်းလွန်း၍ သူ့ကို အနည်းငယ် မောပန်းစေသည်။
တောင်ပေါ်လမ်းမှ ထွက်လာပြီးနောက် သူ တောင်နံဘေးသို့ လာခဲ့၏။ ဤအချိန်တွင် မိစ္ဆာသားရဲများ အချိန်မရွေးပေါ်လာနိုင်သည်။
လင်းချီ ဘေးပတ်လည်ကို သေချာသတိထားကြည့်လိုက်သည်။
ထိုအချိန် တောင်ဘက်အရပ်မှ တိုက်ခိုက်သံများကို ကြားလိုက်ရသောကြောင့် လျင်မြန်စွာ သွားပြေးကြည့်သောအခါ ယွီမုန့်နဲ့ လူးဝစ်တို့ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူတို့ ဧရာမ သတ္တုရိုင်း သားရဲကြီးကို တိုက်ခိုက်နေသည်။ ဗိုက်ဟောင်းလောင်းနှင့် တိုက်ခိုက်နေရခြင်းဖြစ်သောကြောင့်ဖြစ်နိုင်သည်။ သူတို့၏ တိုက်ခိုက်ရေးအင်အားမှာ များစွာ ယုတ်လျော့နေပြီး အသာစီး မရနိုင်ဖြစ်နေ၏။
ဧရာမ သတ္တုရိုင်း သားရဲကြီးမှာ ကြယ်ငါးပွင့် သားရဲကြီး ဖြစ်သည်။ ၎င်းမှာ အတန်ငယ် နှေးသော်လည်း တိုက်ခိုက်မှုစွမ်းအားနှင့် သက်ရောက်နိုင်သော အကွာအဝေးမှာ လွန်စွာ ကြီးမားသည်။ ထို့အပြင် သူ၏ ကျောက်တုံး ခန္ဓာကိုယ်မှာလည်း အလွယ်တကူ မထိုးဖောက်နိုင်ပေ။
ထို့ကြောင့် ထိခိုက်မှု ဖြစ်ပေါ်စေရန် မှော်စွမ်းအားကိုသာ အားပြုနေရသည်။
ယခုအချိန်တွင် ယွီမုန့်၏မှော်စွမ်းအင်မှာ ကုန်ခမ်းလုနီးပါးဖြစ်နေပြီး ၎င်းက သတ္တုရိုင်းသားရဲကြီးကို ခြိမ်းခြောက်မှုတောင် မဖြစ်နိုင်စေတော့ပေ။
လူး၀စ်ကတော့ ကြီးမြတ်သော ဓားသခင် အဆင့်သို့ပင် မရောက်သေး၍ ဘာဆိုဘာမှ မလုပ်နိုင်။
သူတို့နှစ်ယောက် အရေးနိမ့်နေသည်ကို မြင်သောအခါ အလျင်စလို ပြေးသွားပြီး မှော်ကန်စွန်းဥနှစ်လုံးကို ပစ်ပေးလိုက်သည်။
"လင်းချီ...?"
ယွီမုန့်နှင့် လူး၀စ် ရှော့ခ်ရသွားခဲ့သည်။ အကျပ်တည်းကျနေချိန်တွင် လာရောက်ကယ်တင်သူက လင်းချီ ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
အခြေအနေက သေရေးရှင်ရေး ဖြစ်နေသောကြောင့် အလျင်လိုနေသည်။ ထို့ကြောင့် နှစ်ယောက်သား ပါးစပ်အပြည့် ကန်စွန်းဥကို ဝါးလိုက်ပြီး ချက်ချင်း မှော်စွမ်းအင်များ ချက်ချင်းပြန်ဖြည့်လိုက်ကြသည်။
ထို့နောက် သူတို့ရှေ့ရှိ အရာအားလုံး မှောင်မိုက်သွားတော့သည်။ သားရဲကြီးမှာ သူ၏ လက်သီးဖြင့် မြေပြင်ကို ပြင်းထန်စွာ ထိုးနှက်လိုက်ပြီး ထွက်ပေါ်လာသော အားသက်ရောက်မှုက အကျိုးပဲ့ အပျက်စီးများကို သူ့တို့ဆီ ဦးတည်လာစေသည်။
ယွီမုန့် သူမ၏ မှော်တုတ်တံကို ချက်ချင်း မြောက်လိုက်ပြီး မန္တန်ရွတ်လိုက်သည်။ "ရေမှော်စွမ်းအင် : ရေအကာအကွယ်!"
သူမ၏ မှော်တုတ်တံမှ ရေများချက်ချင်း ထွက်ပေါ်လာပြီး သူတို့ နှစ်ယောက်၏ ကိုယ်ပေါ်တွင် ရစ်ပတ်ဖုံးအုပ်သွားသည်။ ဧရာမသားရဲကြီး ၏ လက်သီးစွမ်းအားကို အကာအကွယ်မှ ချက်ချင်းစုပ်ယူသွား၏။
"ပြေး..အခု"
သူတို့ သုံးယောက် အကာအကွယ် မပျောက်သေးသည်ကို အခွင့်ကောင်းယူကာ လျင်မြန်စွာ ထွက်ပြေးခဲ့ကြသည်။
ဧရာမ သတ္တုရိုင်းသားရဲကြီး ၏ တိုက်ခိုက်မှုများနှင့် ကာကွယ်မှုများမှာ အားကောင်းသော်လည်း လှုပ်ရှားမှုတွင်တော့ လွန်စွာ နှေးကွေးသည်။ ထို့ကြောင့် သူတို့နောက် ဆက်မလိုက်နိုင်ပေ။
သုံးယောက်လုံး လှိုဏ်ဂူသို့ ပြန်ရောက်လာခဲ့သည်။ ထိုအချိန်တွင် ယွီမုန့် နှင့် လူး၀စ်မှာ မောပမ်းလွန်း၍ ဟောဟဲလိုက်နေသည်။
ဒီတိုက်ပွဲပြီးနောက် သူတို့ တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး ဆက်လက် တောင့်မခံနိုင်တော့ပေ။
သူတို့၏ သနားစရာ ကောင်းသော ပုံစံကိုကြည့်ရင်း လင်းချီ ခါးထောက်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကောင်းပြီ..ငါတို့ ဧရာမသတ္တုရိုင်းသားရဲကို အမဲလိုက်စရာ မလိုတော့ဘူး တောင်အောက်ကို ဆင်းကြမယ်"
"တောင်အောက်ဆင်းမယ်?" လူး၀စ် သူ၏ ခေါင်းကို မော့လိုက်ပြီး လင်းချီကို သိလိုစိတ်ပြင်းပြစွာ ကြည့်လိုက်မိသည်။ "မင်းပဲ တောင်အောက်ဆင်းရင် အရမ်းအန္တရာယ်များတယ်လို့ မပြောခဲ့ဘူးလား ..ခုချိန် တောင်အောက်ဆင်းရင် ငါတို့ အသက်တွေကို သွားပြီး လှူဒါန်းသလိုပဲဆို?"
လင်းချီ သူတို့ကို သားရဲများအား ရှောင်နိုင်မည့် လမ်းတစ်ခု သိထားကြောင်း ရှင်းပြလိုက်သည်။
၎င်းကိုကြားပြီးနောက် လူး၀စ် စိတ်သက်သာရာ ရသွားပြီး တွန့်ဆုတ်ခြင်းမရှိ ပြောလိုက်သည်။ "အဲ့တာသာ အမှန်ပဲဆိုရင် ငါမင်းနဲ့ တောင်အောက်လိုက်ခဲ့မယ်"
"ကောင်းပြီလေ..ဒါဆိုလည်း ယွီမုန့် သွားကြရ..."
လင်းချီ စကား မဆုံးမီ ယွီမုန့်က ခေါင်းမာစွာ ပြန်ပြောလိုက်သည်။ "ကျွန်မ မှော်သားရဲ အဆီအနှစ်မပါဘဲ တောင်အောက်ကို လုံးဝမဆင်းနိုင်ဘူး!"
"ယွီမုန့် ခေါင်းမမာစမ်းနဲ့...ငါတို့ အခု အခြေအနေနဲ့ ဘယ်နားက သားရဲ အဆီအနှစ် ရနိုင်မှာလဲ"
လင်းချီမှာ သူ ဗာရင်မျိုးနွယ်စုမှ သားရဲ အဆီအနှစ်ရလာခဲ့သည်ကို မဖော်ထုတ်ရဲခဲ့ပေ။ အကယ်၍ သူတို့ သိသွားပြီး အင်ပါယာကို လျှောက်တင်လိုက်ပါက ဗာရင် မျိုးနွယ်စုအတွက် ကပ်ဆိုး ဆိုက်ရောက်လာလိမ့်မည်။
ယွီမုန့်က လင်းချီ၏ အကြံပေးမှုကို နားမထောင်ဘဲ ခေါင်းမာနေဆဲဖြစ်သည်။ "အဆင်ပြေပါတယ်..ရက်အနည်းငယ်လောက်နားလိုက်ရင် မှော်စွမ်းအင်တွေ ပြန်ပြည့်သွားလိမ့်မယ်"
လင်းချီ သူမကို ကူညီလိမ့်မည်ဟု မျှော်လင့်ချက်ထားမနေပေ။ နောက်ဆုံးတွင် တော့ သူမတို့က ကိုယ့်လမ်းကိုယ် လျှောက်နေကြသူများဖြစ်သည်။
"မင်းရဲ့ လက်ရှိခွန်အားနဲ့ မှော်စွမ်းအင် ပြန်ပြည့်လာရင်တောင် သားရဲကြီးရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး" လင်းချီ မစဉ်းစားဘဲ ပြောလိုက်သည်။
ထိုမှတ်ချက်က ယွီမုန့်ကို စိတ်တိုသွားစေပြီး သူမက မတ်တပ်ရပ်လိုက်ကာ "ပြိုင်ဘက်မဟုတ်ဘူး? ငါ...ယွီမုန့်က သေချာပေါက် အဲ့ဒီမှော်သားရဲ အဆီအနှစ်ကို ရစေရမယ်.. ရှင်စောင့်ကြည့်ထားလိုက်!"
သူမ ခေါင်းမာနေသည်ကို တွေ့သောအခါ လူး၀စ် လင်းချီကို သူ့ဘေးသို့ ဆွဲခေါ်လိုက်ပြီး "လင်းချီ လုံခြုံတဲ့လမ်းကို ငါ့ကို အရင်ပြောပြလိုက်တာ မကောင်းဘူးလား"
လင်းချီ ခေါင်းရမ်းလိုက်ပြီး "မရဘူး..ယွီမုန့်ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး"
"ဘာလဲ...မင်းကသူနဲ့အတူ သေချင်နေတာလား... ငါတော့ မသေချင်သေးဘူးကွ!"
~~~