မှော်ဦးချိုကြံ့သားရဲကြီးများကို သတ်ဖြတ်ခြင်း
Vol. 5 Ch. 47
လူး၀စ် စကားမဆုံးမီ ယွီမုန့်လှိုဏ်ဂူထဲမှ ဒေါနှင့်မောနှင့် ပြေးထွက်သွားသည်။
လင်းချီလည်း သူမ ပြသနာတစ်ခုခုဖြစ်မည် စိုးရိမ်သောကြောင့် သူမနောက်မှ အလျင်စလို ပြေးလိုက်ရတော့သည်။
နေ့အချိန်ဖြစ်သောကြောင့် ညသားရဲများ မရှိသော်လည်း ယွီမုန့်မှာ ယခုလေးတင် တိုက်ပွဲပမ်းလာသောကြောင့် အပြည့်အ၀ ကောင်းမွန်ခြင်း မရှိသေးချေ။
"ဟေး.....မင်းတို့နှစ်ယောက် သွားသေမယ်ဆိုလည်း ငါ့ကို ထည့်မတွက်ကြနဲ့" လူး၀စ် နောက်မှ အော်ပြောလိုက်သည်။
"ဒီနှစ်ယောက်ကတော့ ....ကြယ်ငါးပွင့်သားရဲ အဆီ အနှစ်ကို ရမှ ဖြစ်မှာတဲ့လား.. သူတို့ရဲ့ အသက်ကကော အရေးမကြီးတော့ဘူးတဲ့လား?!"
လူး၀စ် တီးတိုး ရေရွတ်လိုက်သော်လည်း သူတို့နောက်မှ လိုက်သွားဆဲပင်။
မတော်တဆ ယွီမုန့် အောင်မြင်သွားပြီး သူတို့နှစ်ယောက် သူမပါဘဲနှင့် တောင်ပေါ်မှ ထွက်သွားမည်စိုးသောကြောင့်ဖြစ်သည်။
ထိုသို့ဖြစ်ခဲ့ပါက သူတစ်ယောက်တည်း ရှင်သန်နိုင်မည် မဟုတ်ချေ။
"ငါ့ကို စောင့်ကြဦးဟ.."လူး၀စ် အလျင်အမြန်ဘဲ သူတို့နှစ်ယောက်ကို လိုက်မှီသွားသည်။
ယွီမုန့် အပြည့်အ၀ မသက်သာသေးသောကြောင့် လမ်းအဝေးကြီး မလျှောက်နိုင်ဘဲ ရပ်လိုက်သည်။ လူး၀စ်ကတော့ သစ်ပင်ကို မှီ၍ ဟောဟဲ လိုက်နေသည်။
လင်းချီ လူး၀စ်ဘက်သို့ လှည့်လိုက်ပြီး အသံနိမ့်၍ သတိပေးလိုက်သည်။
"တိုးတိုးနေ ခုနက လှုပ်ရှားမှုရှိလိုက်တယ်"
လူး၀စ် ဖြောင့်တန်းစွာ မတ်တပ်ရပ်လိုက်ပြီး ဇဝေဇဝါဖြင့် သူ၏ နားကို စွင့်ထားလိုက်သည်။ သူပတ်၀န်းကျင်ကို သေချာကြည့်သော်လည်း မည်သည့်လှုပ်ရှားသံမျှ မကြားရချေ။
"ဘာကို နားထောင်ရမှာလဲ..ငါတော့ ဘာမှ မကြားဘူး..ငါကျိန်ရဲတယ်..မင်းတို့နှစ်ယောက်...."
"ပါးစပ်ပိတ်ထားစမ်း!"
ယွီမုန့် စိတ်ဆိုးဒေါသထွက်ကာ အော်ဟစ်လိုက်ပြီး လူး၀စ်၏ စကားကို နှောက်ယှက်လိုက်သည်။
လူး၀စ်က အမြဲတမ်း ယွီမုန့်ကို အနည်းငယ် ကြောက်ရွံ့ပြီး ယခု သူမ ဒေါသူပုန်ထနေချိန်တွင် သူမကို ထပ်ရန်မစရဲတော့ဘဲ အလိုက်တသိနှင့် တိတ်တိတ်ကလေး နေလိုက်သည်။
ထိုအချိန်တွင် မြေကြီးမှာ တုန်ခါလာပြီး မြေပြင်ပေါ်မှာ ကျောက်တုံးသေးသေးလေးများမှာ စတင်၍ ခုန်ခုန်လာသည်။
သုံးယောက်စလုံး အချင်းချင်း ကြည့်လိုက်မိကြသည်။
ဝုန်း....
နားအူမတတ် ဆူညံသော အသံတစ်သံ တောင်ကြားထဲမှ ထွက်ပေါ်လာပြီး သူတို့နှင့် နီးသထက် နီးကပ်လာသည်။
"ဧရာမသတ္တုရိုင်း သားရဲကြီးကြောင့်တော့ မဟုတ်လောက်ဘူး...သွားပြီး တစ်ချက် ကြည့်ကြည့်ရအောင်"
လင်းချီကတော့ ထိုအသံမှာ သားရဲတွေအများကြီး ပြေးလွှားနေသည့် အသံနှင့်တူသည်ဟု ခံစားမိသည်။
သူတို့ သုံးယောက်လုံး တောင်ခြေအောက်ရှိ တောင်ကြားအစွန်းနားလေးသို့ ရောက်လာသောအခါ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ရှော့ခ် ရသွားတော့သည်။
ဧရာမကြံ့တစ်အုပ် တောင်အောက်ရှိ ချိုင့်ဝှမ်းထဲတွင် သွေးရူးသွေးတန်း ပြေးနေကြခြင်းပင်။
ကြံ့များ နောက်တွင်တော့ ဖုန်မှုန့်များ တလိပ်လိပ်လိုက်ပါလျက်ရှိသည်။
ဧရာမကြံ့ကြီးများ၏ ဦးခေါင်းထက်ရှိ ချိုကြီးမှာ တလက်လက်တောက်ပနေပြီး မျက်စိအမြင်ကို ဖမ်းစားထားသည်။
သို့သော်လည်း ထို သားရဲအုပ်ကြီးမှာ သာမန် ပြေးနေကြခြင်းမဟုတ်ဘဲ သေပြေးရှင်ပြေး ပြေးနေကြခြင်းပင်။
ချိုင့်ဝှမ်း၏ အရှေ့ဘက်ပိုင်းမှာ ဖြတ်သန်း၍မရချေ။ သူတို့အနောက်တွင်လည်း ထွက်ပေါက် တစ်ခုတည်းသာရှိပြီး အရှေ့တွင်လည်း လမ်းမှာ အဆုံးသတ်နေပြီ။
လင်းချီ လျှောက်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ချိုင့်ဝှမ်းအစွန်နားသို့ သွား၍ ကြံ့များပြေးနေသော ဆန့်ကျင်ဘက် အရပ်သို့ ကြည့်လိုက်သောအခါ လူတစ်အုပ်စုက သူတို့နောက် ပြေးလိုက်နေသည်ကို တွေ့လိုက်ရသည်။
သူတို့၏ လက်နက်များကို ကြည့်ခြင်းဖြင့် မုန့်တိုင်းမြို့တော်နှင့် လင်းလုံမြို့တော်မှ ယှဉ်ပြိုင်သူများ ဖြစ်ကြောင်း သိသာနေပြီး ဧရာမကြံ့ကြီးများနောက် တရစပ် လိုက်လံဖမ်းဆီးနေသည်။
"ကြံ့ကြီးတွေက ကြယ်လေးပွင့် သားရဲတွေပဲရှိသေးတာလေ...ဘာလို့ အဲ့ကောင်တွေကို သွားတိုက်ခိုက်နေတာလဲ?"
လင်းချီ ပဟေဠိ ဖြစ်သွားသည်။
ထို့နောက် အခြားအသင်းများလည်း တစ်သင်းပြီး တစ်သင်း ရောက်ရှိလာသည်။
လင်းချီ၏ အသင်းမှ လွဲ၍ စမ်းသပ်မှုတွင် ပါဝင်သော လူတိုင်းနီးပါး ရောက်ရှိနေပြီ ဖြစ်သည်။
"သူ့တို့က မှော်ဦးချိုကြံ့ကြီးတွေပဲ ..မြန်မြန် လိုက်ရအောင်" လူး၀စ် အောက်ရှိ သားရဲများကို မြင်ပြီး စိတ်လှုပ်ရှားသွားသည်။ သူ၏ မျက်လုံးများ အရောင်တောက်လာပြီး ချိုင့်ဝှမ်းအောက်သို့ ဆင်းပြေးသွားသည်။
ယွီမုန့် လင်းချီ၏ အူတူတူအတတ ပုံစံကိုမြင်သောအခါ အောက်ဘက်ရှိ သားရဲများ၏ တန်ဖိုးကို မသိသေးသောကြောင့်ဟု ခန့်မှန်းလိုက်သည်။
"သူတို့က ကြယ်လေးပွင့်မှော်သားရဲ ကြံ့ကြီးတွေလေ...သူတို့ ခေါင်းပေါ်က ချိုတွေကိုကျတော့ မှော်စာလိပ်တွေ လုပ်တဲ့နေရာမှာ သုံးလို့ရတယ်"
"အဲ့တာက လုံး၀ကို တန်ဖိုးကြီးတဲ့ အစိတ်အပိုင်းပဲ"
မှော်ဦးချိုကြံ့ကြီး တစ်ချို့ အသတ်ခံရသည်ကို မြင်သောအခါ ယွီမုန့် မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"မှော်ဦးချိုကြံ့တွေက အရမ်းကို ကြောက်တတ်တဲ့ သားရဲတွေ... သာမန် ကြံ့တွေလို သူတို့က ရန်မမူတတ်ဘူး...အန္တရာယ်ကြုံပြီဆိုတာနဲ့ ခုခံမှုအပေါ်မှာပဲ မှီခိုကြပြီး ..."
"ထွက်ပြေးတာပေါ့...."လင်းချီ ထောက်လိုက်သည်။
"သူတို့က သတ်လို့ အလွယ်ဆုံး ကြယ်လေးပွင့် သားရဲတွေဘဲ"
"သူတို့က အုပ်စုဖွဲ့ သတ္တဝါတွေ...အုပ်စုတစ်စုကို အနည်းဆုံး တစ်ရာလောက်ရှိပြီး များရင်တော့ တစ်ထောင်ကျော်တယ် .. အခု ဒီမှာကျ ဘာလို့ တစ်ဒါဇင်လောက်ပဲ ရှိတာလဲ မသိဘူး"
လင်းချီနှင့် ယွီမုန့် ဆွေးနွေးနေတုန်း နောက်ထပ် ကြံ့နှစ်ကောင် အသတ်ခံလိုက်ရသည်။
ချိုင့်ဝှမ်းအဆုံးတွင် မတ်စောက်သော ချောက်ကမ်းပါးတစ်ခုရှိပြီး အစွန်းနှစ်ဖက်မှာ ကျောက်တုံးကျောက်ခဲ ဆင်ခြင်လျောများဖြစ်ကြသည်။ ကြံ့များ ချောက်ကမ်းပါးကို မြင်သောအခါ ဘေးနှစ်ဘက်ဆီသို့ ပြေးတက်သွားကြသည်။
ကျောက်တုံးကျောက်ခဲများမှာ ဆက်တိုက်လှိမ့်ကျနေပြီး သူတို့ခြေချဖို့ရာ တောင့်တင်းခိုင်မာသော ကျောက်တုံးဟူ၍ မရှိချေ။ ကြံ့ကြီးများမှာ ၎င်းကျောက်တုံးကျောက်ခဲများအပေါ် တက်နင်းမိကုန်ကြပြီး တစ်ကောင်ပြီးတစ်ကောင် ချော်လဲကြတော့သည်။
နောက်မှ လိုက်သူများကလည်း ထိုအခွင့်အရေးကို အသုံးချပြီး ထိခိုက်ဒဏ်ရာရမှာကိုပင် ဂရုမစိုက်တော့ပဲ လဲနေသော ကြံ့များကို စတင် သတ်ဖြတ်တော့သည်။
အချိန်အတော်ကြာပြီဖြစ်သော်လည်း လူး၀စ်မှာ ယခုအချိန်ထိ အောက်ဆင်းဖို့ရာ လမ်းရှာမတွေ့သေးပေ။
သူထိုနှစ်ယောက်ဘက်သို့ လှည့်လိုက်ပြီး
"စကားပြောနေတာတွေ ရပ်ကြစမ်းပါတော့ဟ ..အောက်ဆင်းပြီး တစ်ကောင်တစ်လေလောက် ဖမ်းကြရအောင်"
လင်းချီနှင့် ယွီမုန့်မှာ တစ်လက်မမျှပင် မရွေ့။ သူတို့ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဆုံသွားပြီးနောက် နှစ်ယောက်လုံး ဒီလိုအရာတွေ မလုပ်ရက်ဘူးဆိုတာကို သဘောပေါက်လိုက်ကြသည်။
လူး၀စ်က လမ်းရှိမရှိ ဂရုမစိုက်တော့ဘဲ ချိုင့်ဝှမ်း အစွန်းမှ နေ၍ လျှောဆင်းလိုက်သည်။ လမ်းတစ်လျှောက် ကျောက်တုံးများကြောင့် အင်္ကျီများ စုတ်ပြဲသွားသော်လည်း သူ့ကို အမှန်တကယ် နာကျင်စေသည်အထိမဟုတ်။
"ရွှေပြားတွေ..ရွှေပြားတွေ...ငါလာပြီဟေ့"
လူး၀စ် အလင်းအလျင်ကဲ့သို့ ပြေးသွားပြီး နောက်မှ ဖုန်များ လိုက်ပါလာတော့သည်။
လင်းချီ မှော်ကန်စွန်းဥတစ်လုံး ထုတ်၍ ယွီမုန့်ဆီ ကမ်းပေးလိုက်သည်။
ယွီမုန့် သူ့ကိုအေးစက်စွာကြည့်လိုက်သည်။ တခဏမျှ တုံ့ဆိုင်းပြီးနောက် ၎င်းကို ယူလိုက်ပြီး မှော်တုတ်တံကို ဝှေ့ယမ်းကာ နှစ်ယောက်လုံး လေပေါ်မြောက်စေပြီး ချိုင့်ဝှမ်းအောက်သို့ ဆင်းလိုက်ကြသည်။
သုံးယောက်လုံးက ပေါ်တင်လာသောကြောင့် ချန်းလင်လည်း သူတို့ကို သတိထားမိသွားသည်။
"ဟားဟား...ငကြောက်တွေ ဆင်းလာကုန်ပြီဟ"
"ကြိုးစားထားဟေ့ ..ငါတို့တွေ သူတို့အတွက် ဘာတစ်ခုမှ မချန်ပေးဘူး"
ကျန်ရှိနေသော ကြံ့နှစ်ကောင်မှာ အားလုံး၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ကြိုးစားနေကြသည်။ သို့သော်လည်း သူတို့၏ သက်လုံမှာ အောက်ထစ်သို့ရောက်ရှိနေပြီ ဖြစ်သည်။ အသင်းများထဲတွင် ချန်းလင်တစ်ယောက်သာ လင်းချီကို တရစပ် လှောင်ပြောင်နေခဲ့သည်။
ကိုယ်ပေါ်ရှိ ဒဏ်ရာများကိုပင် ဂရုမစိုက်အားဘဲ လင်းချီကို အရှက်ခွဲရန် ကြံ့တစ်ကောင်တစ်လေမျှ မကျန်အောင် အားလုံးကို ကြိုးစားသတ်ဖြတ်နေသည်။ ထိုမှသာ လင်းချီ အတွက် ဘာမျှ ကျန်မည် မဟုတ်ပေ။
မှော်တိုက်ခိုက်မှုများမှာ တခြားနေရာတွင် သုံးစရာ မရှိသကဲ့သို့ တစ်ချက်ပြီး တစ်ချက် ကြံ့များဆီသို့ ကျရောက်နေသည်။
နောက်ဆုံးတော့ လင်းချီတို့သုံးယောက် ရောက်မလာမှီ ကျန်နေသော ကြံ့နှစ်ကောင်ကို သတ်ဖြတ်နိုင်လိုက်သည်။
ချန်းလင်ခေါင်းမော့ရင်ကော့ကာ မထီမဲ့မြင်ပြုစွာ ပြုံးလိုက်ပြီး "အိုး..စိတ်တောင် မကောင်းဘူးကွာ ငါတို့ယူလိုက်တာ ဘာမှ မကျန်တော့ဘူး ..ဒါပေမယ့် မင်းမှာ သတ္တိရှိရင်တော့ ငါ့ဆီကနေ လုယူလို့ရတယ်နော် ...ဒါပေမယ့်လည်း မင်းလုပ်နိုင်မှာမှ မဟုတ်တာ ..ဟားဟား.."
"လင်းသခင်လေး...လာခဲ့တဲ့နေရာကိုသာ ပြန်လိုက်တော့ဗျာ"
"ဟားဟားဟား..."
ထိုစကားလုံးများက သူတို့သုံးယောက်ကို ငကြောက်များဟု သွယ်ဝိုက်ပြောလိုက်ပြီး လူအုပ်ကို ရယ်မောသွားစေသည်။
လင်းချီက ချန်းလင်နှင့် အခြားသူများ၏ လှောင်ပြောင်မှုကို တစ်ချက်လေးတောင် စိတ်ထဲမထားပေ။ ထိုအစား မြေပြင်ပေါ်တွင် အသက်မျှင်းမျှင်းလေးသာ ကျန်သော ကြံ့များကို ကြည့်၍ စိတ်မကောင်း ဖြစ်နေသည်။
ထိုကြံ့များမှာ သူတို့၏ ဦးချိုကို အရှင်လတ်လတ် အဖြတ်ခံရခြင်းဖြစ်၏။ သူတို့ သေတော့မည့် အချိန်ကို ထိုင်စောင့်ရုံသာ တတ်နိုင်သည်။
"အဲ့တာ မင်းကြောင့်ဘဲ...ငါပြောနေတုန်းကသာ လာခဲ့မယ်ဆိုရင် တစ်ကောင်လောက်တော့ ရနိုင်သေးတယ်။"
"ငါတို့လွဲသွားတာ ရွှေပြား သောင်းနဲ့ချီတယ်ကွ...မင်းနားလည်လား" လူးဝစ်က ဖြတ်ယူခံထားရသော ဦးချိုများကို ကြည့်လိုက်သည်။ ရွှေပြားတွေအများကြီး တန်တာကိုကွာ။
"လင်းသခင်လေး အရင်ကတော့ ပိုက်ဆံရှာဖို့ အရမ်းတက်ကြွနေခဲ့တာ မဟုတ်လား..ခုကျတော့ ဘာလို့ မတက်ကြွတော့တာလဲ...ဟမ့်" လူး၀စ် အထွန့်တက်လိုက်သည်။
လင်းချီ လူး၀စ်ကို ရင်ထဲအသည်းထဲမှပင် စက်ဆုပ်ရွံရှာသည်။ ထို့ကြောင့် ပြန်မဖြေခဲ့ပေ။ လူး၀စ်ကို စကားပြောရခြင်းက လေကုန်ရုံသာ အဖတ်တင်လိမ့်မည်ဟု ခံစားရသည်။
ထိုအချိန်တွင် အခြားသူများက ကျန်နေသော ဦးချိုများကို ဖြတ်တောက်နေကြသည်။
သူတို့က ဦးချိုများကို ရောင်းပါက ဈေးဘယ်လောက် ရနိုင်ကြောင်းနှင့် မည်သည့်မှော်ကုန်သွယ်ရေးက ဈေးပိုပေးနိုင်မည်ကို ဆွေးနွေးနေကြသည်။ အချို့က မှော်စာလိပ်များ လုပ်နည်းကို သင်ပြီး ကိုယ်တိုင်ပင် ထုတ်လုပ်ချင်နေကြသည်။
မည်သူမျှ ၎င်းကြံ့ကြီးများ အသက်ရှူရန် ကြိုးပမ်းနေသည်ကို ဂရုမစိုက်ကြချေ။
နာကျင်လွန်း၍ အော်ဟစ်နေသော ကြံ့ကြီးများကို မြင်သောအခါ လင်းချီ ရပ်မကြည့်နိုင်တော့ဘဲ အသည်းနှလုံးကို မာကျောစေကာ ဓားရှည်တစ်ချောင်းကိုထုတ်၍ သေလုနီးပါးဖြစ်နေသော ကြံ့ကြီးများကို တစ်ကောင်ပြီးတစ်ကောင် လက်စသတ်ပေးလိုက်သည်။
~~~