ကြံ့အုပ်ကြီး၏ တိုက်ခိုက်မှု
Vol. 5 Ch. 49
"ဝိုး...အရမ်းမွှေးပြီး အရသာရှိလိုက်တာ..." လူး၀စ်က စားနေရင်း လင်းချီ၏ ဟင်းချက်လက်ရာကို ချီးကျူးလိုက်သည်။ သူ၏ လက်ရာဟာဖြင့်...
လင်းချီမှာ ကျင်းလင်လင်ကို အနိုင်ယူပြီး ကျင်းလင်လင်မှာ သူ့ကို ဆရာပင် တင်မြောက်လိုက်သေးသည်။
ယွီမုန့်လည်း လင်းချီထံ လျှောက်လာသည်။ သူမက လင်းချီတွင် မှော်စွမ်းအင်ပြန်ဖြည့်ပေးသော အစားအသောက်များ ရှိနေသေးကြောင်း သိနေသည်။
လင်းချီလည်း ခေတ္တမျှ အလုပ်များသွားပြီး ယွီမုန့်ကို မှိုဟင်းပွဲ သုံးပွဲပြင်ပေးလိုက်ပြီး လူး၀စ်ကိုတော့ အမဲကင်တစ်ပွဲသာ ပြင်ပေးလိုက်သည်။
မနက်ဖြန်တွင် လူး၀စ်လုပ်နိုင်သည်က သိပ်မများပေ။ အများဆုံး ယွီမုန့်ဆီသို့ တိုက်ခိုက်မှုတို့ စုပြုံမသွားအောင် သူ့ဆီသို့ အာရုံလွှဲလိုက်ရုံသာ တတ်နိုင်လိမ့်မည်။
သို့သော်လည်း သူတို့နှစ်ယောက်အတွက် မှော်ကန်စွန်းဥများကိုတော့ အကန့်အသတ်မရှိ ထောက်ပံ့နိုင်သည်။
သုံးယောက်လုံး ကျေနပ်စွာ စားသောက်ပြီးနောက် မနက်ဖြန် တိုက်ပွဲအတွက် စတင် အနားယူကြတော့သည်။
လှိုဏ်ဂူ၏ ၀င်ပေါက်မှာ သိပ်မကြီးမားပေ။ ထို့ကြောင့် မိစ္ဆာသားရဲများ မ၀င်နိုင်ဘဲ ငြိမ်းချမ်းစွာ အနားယူနိုင်ကြသည်။
လင်းချီ သူ့နေရာတွင် အနားယူ၍ မြန်နှုန်းမြှင့်သကြားလုံးကို တိတ်တိတ်လေး ပြုလုပ်နေသည်။
[ဟင်းပွဲအမည် : မြန်နှုန်းမြှင့်သကြားလုံး၊ အဆင့် (၃) ဟင်းပွဲ၊ ရှားပါး အဆင့် ၊ မှော်သက်ရောက်မှု : စားသုံးသူ၏ အလျင်ကို ၅ဆ တိုးမြင့်ပေးသည်။
(တခဏမျှ တိုးမြင့်ပြီးနောက် အသုံးပြုပြီးနောက်တွင် ပြင်းထန်စွာ အားယုတ်လျော့မှုကို ဖြစ်စေလိမ့်မည်)
[ပါ၀င် ပစ္စည်းများ : ချိုမြိန်သင်းပျံ့သောပန်းပွင့် (×၂) ၊ ပူစီနံ (×၃) ၊ သစ်ခွရည် (×၄) ၊ မီးသင်းသကြား (×၅)၊ နွားနို့ (×၁) ]
[ချက်ပြုတ်နေပါသည်.....ချက်ပြုတ်မှုပြီးဆုံးသွားပါပြီ]
[ ဒင်! သင် မြန်နှုန်းမြှင့်သကြားလုံး (×၁၀) ကို ရရှိပါပြီ ]
လင်းချီက သူ့လက်ထဲရှိ သကြားလုံးကို ကြည့်လိုက်သည်။ ၎င်းမှာ သာမန်သကြားလုံးများနှင့် ခြားနားခြင်းမရှိချေ။
သို့သော်လည်း ၎င်းမှာ ရှားပါးသော မှော်ပစ္စည်းဖြစ်ပြီး တမူထူးခြားသော အစွမ်းသတ္တိများ ရှိလေသည်။
သို့သော်လည်း ဆယ်လုံးသာ ရှိ၏။ ထို့ကြောင့် လင်းချီ မြည်းကြည့်လို့ မရပေ။ တစ်လုံးလျော့သွားပါက သူတို့အောင်မြင်နိုင်ချေ ဆယ်ရာခိုင်နှုန်း လျော့နည်းသွားသည် နှင့် တူညီသည်။
လင်းချီ မြန်နှုန်းမြှင့်သကြားလုံးကို သိမ်းဆည်းလိုက်ပြီး မျက်လုံးများမှိတ်ကာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် သုံးယောက်လုံး ဧရာမ သတ္တုရိုင်းသားရဲကို ရှာဖွေရန် အဆင်သင့် ဖြစ်နေကြသည်။
အစီအစဉ်မှာ မနေ့က ချမှတ်ပြီး ဖြစ်၍ ယနေ့ ဘာမှ စီစဉ်ရန် မလိုအပ်တော့ပေ။
တစ်ယောက်စီအတွက် သကြားလုံး နှစ်လုံးနှင့် ကန်စွန်းဥနှစ်လုံးရရှိသည်။ ထိုမှသာ သူတို့၏ လှုပ်ရှားမှုကို သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။
လင်းချီ စွမ်းအားမြှင့်သကြားလုံးကို ယွီမုန့်အား တိတ်တိတ်လေး ကမ်းပေးလိုက်သည်။
ချိုချဉ်နှစ်လုံးမှာ ပုံစံမတူပေ။ ထို့အပြင် သူမ အရင်ကလည်း စားဖူးသောကြောင့် မည်သို့သော သကြားလုံးလဲဆိုတာ ယွီမုန့် သိလိုက်သည်။
သူမ ဘာမျှ ပြောမနေဘဲ လက်ခံလိုက်သည်။
ဧရာမသတ္တုရိုင်းသားရဲမှာ သူတို့ အရင်က တိုက်ခိုက်ခဲ့ဖူးသော သားရဲသာဖြစ်သည်။ ယနေ့တော့ ဤအကောင်ကြီးကို သတ်ဖြတ်၍ ကြယ်ငါးပွင့် သားရဲအဆီအနှစ်ကို အရယူရမည်။
သုံးယောက်လုံး ယခင်က နေရာသို့ရောက်ရှိလာသောအခါ ဧရာမသတ္တုရိုင်းသားရဲကြီးမှာ ကျောက်တုံးတစ်တုံးကို ဝါးစားနေသည်။
လူး၀စ် မြန်နှုန်းမြှင့်သကြားလုံးကို ထုတ်လိုက်ပြီး လင်းချီကို လှည့်ကြည့်လိုက်သည်။
လင်းချီ သူ့ကို ခေါင်းညိမ့်ပြလိုက်၏။ ထို့နောက် လူး၀စ်လည်း သကြားလုံးကို ပါးစပ်ထဲ ထည့်လိုက်တော့သည်။
လူး၀စ် ဘယ်လောက်တောင် ကြောက်လန့်နေလဲဆိုတာ မြင်သောအခါ သူ၏ ညလမင်းရဲ့ လှိုင်းတံပိုး စွပ်ပြုတ်ကို သောက်လျှင်တောင် ဤတစ်သက်တွင် ကြီးမြတ်သော ဓားသခင်အဆင့်သို့ ရောက်နိုင်မည် မဟုတ်ကြောင်း လင်းချီ သိလိုက်သည်။
သကြားလုံးမှာ ပါးစပ်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အရည်ပျော်သွားသည်။
လူး၀စ် သူ၏ လက်မောင်းကို အနည်းငယ် လှုပ်ရှားကြည့်လိုက်သောအခါ သူ၏ အမြန်နှုန်းမှာ နှစ်ဆခန့် တိုးပွားလာကြောင်း သိလိုက်သည်။
ထို့ကြောင့် အံ့ဩစွာဖြင့် လင်းချီ၏ မြန်နှုန်းမြှင့်သကြားလုံးကို ချီးကျူးနေတော့သည်။
သို့သော်လည်း လူး၀စ်မသိခဲ့သည်မှာ စားသုံးသူ၏ ရုပ်ခွန်အားနှင့် ပါရမီသာကောင်းပါက မြန်နှုန်းမြှင့်သကြားလုံးမှာ စားသုံးသူ၏ အလျင်ကို ငါးဆအထိ တိုးမြင့်ပေးနိုင်သည့်အချက်ကိုပင်။
အကယ်၍ တစ်လုံးနှင့် လုံလောက်အောင် မမြန်ဆန်ပါက နောက်တစ်လုံး စားသုံးနိုင်သည်။ သို့သော်လည်း ဘေးထွက်ဆိုးကျိုးကိုတော့ စိတ်ထဲ၌ ကြိုတင်ပြင်ဆင်ထားသင့်သည်။
"ဟားဟား..ငပိန်းကျောက်တုံးကြီး! မင်းအဖေ လူး၀စ် လီယိုနာ့ဒ် ဒီကို ပြန်ရောက်လာပြီကွ!"
လူး၀စ် အော်ဟစ်လိုက်ပြီး ဧရာမသတ္တုရိုင်း သားရဲဆီသို့ တဟုန်ထိုး ပြေးထွက်သွားသည်။
ဧရာမသတ္တုရိုင်းသားရဲကြီးက လူး၀စ်ကို သတိထားမိသွားသည်။
သူ့ကို မထီမဲ့မြင် ပြုနေသည်ကို မြင်သောအခါ ချက်ချင်းဒေါသထွက်သွား၏။
သတ္တုရိုင်းသားရဲကဲ့သို့ မိစ္ဆာသားရဲများမှာ သဘာ၀အားဖြင့် နှေးကွေးကြသည်။ ယခုလူး၀စ်၏ အလျင်မှာ တိုးပွားလာသောကြောင့် တစ်ချက်မျှပင် မထိနိုင် ဖြစ်နေသည်။
ကြယ်ငါးပွင့်သားရဲတို့မှာ နားလည်နိုင်သည့် အသိဉာဏ်ရှိနေပြီဖြစ်ရာ သူ၏ရှေ့တွင်ရှိသော ပုရွက်ဆိတ်ကဲ့သို့ လူသားက ဘာပြောနေမှန်း အကြမ်းဖျင်းအားဖြင့် နားလည်လိုက်သည်။
လင်းချီ လူး၀စ်၏ အထိန်းအကွပ်မဲ့သည့် ရယ်သံကိုကြားသောအခါ ထိုအကောင်မှာ သူ၏ ရန်သူများကို ဒေါသထွက်အောင် ဆွရာ၌ လွန်စွာ ပါရမီပါကြောင်း ၀န်ခံလိုက်ရသည်။
အကယ်၍ အနာဂတ်တွင် ရန်သူ သို့မဟုတ် သားရဲတစ်ကောင်ကောင်နှင့် တွေ့ပါက စနစ်ထဲမှ စားစရာ နှစ်ခုလောက်ပေးလိုက်ရုံနှင့် သူ၏ ရန်စခြင်းအစွမ်းကို အပြည့်အ၀ ထွက်ပေါ်လာအောင် အသုံးချနိုင်ပေသည်။
ရန်စရလွယ်သော လူနှင့် သားရဲများကို အသာထား၊ သစ်သားရုပ်သေးရုပ်ဆိုလျှင်ပင် အောင်မြင်နိုင်ချေ ၃၀ ရာခိုင်နှုန်း ရှိသည်။
ချိုင့်ဝှမ်း တစ်ခုလုံး လူး၀စ်၏ ကျယ်လောင်သော ရယ်သံများဖြင့် ဖုံးလွှမ်းသွားသောအခါ လင်းချီ သူ၏ လုပ်ဆောင်မှုကို ကျေနပ်နေသည်။
ဧရာမသတ္တုရိုင်းသားရဲကြီး၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေ၏။ သူ့ရှေ့ရှိ ပုရွက်ဆိတ်က သူ၏ စိတ်ရှည်မှုတို့ကို ကုန်ဆုံးအောင်လုပ်နေလေသည်။
အချိန်ကျပြီ!
ယွီမုန့် အံ့အားသင့်မှုကြောင့် မျက်လုံးလေးများပြူးကျယ်သွားပြီး အာရုံပြောင်းခံထားရသော ဧရာမ သားရဲကြီးကိုကြည့်နေမိသည်။ ထို့နောက် ပါးစပ်ထဲသို့ မတူညီသော သကြားလုံးနှစ်လုံးကို ပစ်ထည့်ကာ မျက်လုံးမှိတ်၍ သူမ၏ မန္တန်ကို ရွတ်ဆိုတော့သည်။
လင်းချီလည်း မွန်းကြပ်ဖွယ်ကောင်းသော အေးစက်မှုတစ်ခုကို ခံစားလိုက်ရကာ နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။
ယွီမုန့် အဆင်သင့် ဖြစ်သောအခါ ဧရာမသားရဲကြီးကို ချက်ချင်း တိုက်ခိုက်လိုက်၏။
သူမ၏ အလျင်မှာ နဂိုထက် ငါးဆပိုမြန်နေပြီး ယင်းက သူမကို အားနည်းသော မှော်ဆရာအဖြစ်မှ အနီးကပ်တိုက်ခိုက်ရေးသမားကဲ့သို့ ဖြစ်သွားစေသည်။
"ရေခဲမှော်ပညာ: ကောင်းကင်နှင့် မြေပြင်အား အေးခဲခြင်း!"
ရေခဲမရှိ ၊ နှင်းမရှိ၊ သို့သော်လည်း ဧရာမ သားရဲကြီး၏ လက်သီးချက်ကြောင့် လှုပ်ခါနေသော ချုံပုတ်များမှာ ချက်ချင်းရပ်တန့်သွားပြီး ကျောက်တုံးများကဲ့သို့ တောင့်တင်းသွားသည်။
ဧရာမသားရဲကြီးမှာလည်း သူ၏ လှုပ်ရှားမှုများ တဖြည်းဖြည်း နှေးကွေးသထက် နှေးကွေးလာသည်ကို ခံစားမိသောအခါ တစ်ခုခု မှားယွင်းနေကြောင်း သိရှိသွားသည်။
၎င်း၏ ခေါင်းကို လှည့်ကြည့်ရန် ကြိုးစားလိုက်သော်လည်း မန္တန်ရွတ်သူကို တွေ့ရှိသွားရုံရှိသေး သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်။
"နေဦး! ငါ... စက်ကွင်းမလွတ်သေးဘူးလေ!"
လူး၀စ် ကြိုတင်နောက်ဆုတ်ခဲ့သော်လည်း ရေခဲမန္တန်၏ သက်ရောက်မှုမှ မလွတ်မြောက်ခဲ့ချေ။
ယွီမုန့်ဘေးမှ ဖြတ်သွားပြီးနောက် လူးဝစ်မှာ ခေါင်းနှင့် မြေကြီးနှင့် မိတ်ဆက်သွားပြီး မြေကြီးထဲသို့ ခေါင်းစိုက်သွားတော့သည်။
ဧရာမသတ္တုရိုင်းသားရဲကြီး၏ အမြုတေမှာ ရှင်သန်နေသေးကြောင်း ခံစားမိသောကြောင့် ယွီမုန့်မှာ ရပ်တန့်ရန် စိတ်ကူး မရှိသေးပေ။
သူမ မှော်ကန်စွန်းဥတစ်လုံးကို ထုတ်စားလိုက်ပြီး စွမ်းအင် ပြန်ဖြည့်လိုက်ပြီး အေးခဲနေမှုတို့ကို ဆက်လက်ထိန်းသိမ်းထားစေလိုက်သည်။
လူး၀စ် ဒုက္ခရောက်နေသည်ကို တွေ့သောအခါ လင်းချီမှာ သူ့ကို လုံခြုံသော နေရာသို့ ဆွဲခေါ်ရန် လျင်မြန်စွာ ပြေးသွားလိုက်သည်။
အနားကပ်သွားမိသည်နှင့် အအေးက ဘယ်လောက်ပြင်းလဲဆိုတာ လင်းချီ သဘောပေါက်သွားသည်။
အံကြိတ်လိုက်ပြီး ရှေ့သို့တိုးကာ လူး၀စ်ကို သူ၏ မာတောင့်နေသော အင်္ကျီဂုတ်မှ ဆွဲခေါ်လိုက်သည်။
"ဖြည်းဖြည်းဟ! ငါ့မျက်နှာ..."
လင်းချီ သူ့စကားကို နားမထောင်ဘဲ ဆွဲခေါ်လာသည်။
ထိုအချိန်တွင် ယွီမုန့်မှာ သူမ၏ ဒုတိယမြောက်မှော်ကန်စွန်းဥကို စားသုံးပြီးဖြစ်သည်။ ဤမန္တန်မှာ စွမ်းအားကြီးသလောက် သုံးစွဲရသည့် မှော်စွမ်းအင်မှာလည်း များပြားလွန်းသည်။
သူမရှေ့ရှိ ဧရာမသတ္တုရိုင်းသားရဲကြီးမှာ သေဆုံးနေပြီဖြစ်သည် ။ သေချာစေရန် မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းနေခြင်းသာ။
ဝုန်း!
ဧရာမ သတ္တုရိုင်း သားရဲကြီးမှာ ပြိုလဲသွားပြီး ယွီမုန့်လည်း ပြေပြင်ပေါ်သို့ လဲကျသွားသည်။
လင်းချီ တစ်ဦးတည်းသာလျှင် လှုပ်ရှားနိုင်တော့သည်။ ထို့ကြောင့် သူ သွား၍ ကြယ်ငါးပွင့်သားရဲ၏ အဆီအနှစ်ကို ထုတ်ယူလိုက်သည်။
ကံကောင်းစွာဖြင့် ယွီမုန့်မှာ မတ်တပ်ရပ်နိုင်သေးသော်လည်း လူး၀စ်ကတော့ မြေပြင်ပေါ်တွင် လဲလျောင်းရင်း လင်းချီ လက်ထဲရှိ ကြယ်ငါးပွင့် သားရဲ အဆီအနှစ်ကို ကြောင်တောင်တောင်အပြုံးဖြင့်သာ ကြည့်နေနိုင်သည်။
သုံးယောက်သား ခဏတာ ထိုင်၍ အမောဖြေကြပြီး အနည်းငယ် သက်သာလာကြသည်။ လင်းချီမှာ သူတို့နှစ်ယောက်ကို တောင်အောက်သို့ခေါ်သွားရန် အဆင်သင့်ပင်။
အုန်း!
ဒီရင်းနှီးနေတဲ့ အသံ...
မှော်ဦးချိုကြံ့ကြီးတွေ!
၎င်းအသံကြားသောအခါ လူး၀စ် အသံထွက်ရယ်လုနီးပါးဖြစ်သွားသည်။ သူဒီနေ့ တော်တော် ကံကောင်းနေပုံပင်။
"လင်းချီ .. ငါအမြန်သက်သာအောင် တစ်ခုခု ကျွေးစမ်းပါဟ...ငါတို့ ချမ်းသာတော့မယ်ကွ...ဟားဟား....."
လင်းချီ မျက်မှောင်ကြုတ်လိုက်သည်။ သူ ထို အပြစ်မဲ့သော မှော်ဦးချိုကြံ့များကို မတိုက်ခိုက်ချင်ပေ။
သူ လူး၀စ်ကို တားရန် အကြောင်းပြချက်ရှာချင်သော်လည်း မြေပြင်ခါရမ်းနေသည်ကို တွေ့သောအခါ ပါးစပ်ပိတ်လိုက်သည်။
လင်းချီ သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း တံတွေး မြိုချလိုက်မိသည်။
လင်းချီက လူး၀စ်နှင့် ယွီမုန့်ကို မှော်ကန်စွန်းဥနှစ်လုံးနှင့် မြန်နှုန်းမြှင့်သကြားလုံး နှစ်လုံးစီပေးလိုက်ပြီး သူကိုယ်တိုင်လည်းတစ်လုံးစားလိုက်သည်။
ရှေ့ရှိ မြင်ကွင်းမှာ လွန်စွာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်။ မရေမတွက်နိုင်သော ကြံ့ကြီးများက သူတို့ရှိရာ အရပ်သို့ ပြေးလာနေသည်။
လမ်းတစ်လျှောက်ရှိ သစ်ပင်နှင့် တောင်ကုန်းများမှာ ပြားပြား၀ပ် ပျက်စီးသွားကြရ၏။
"ပြေး!" လင်းချီ အမြန်အော်ပြောလိုက်သည်။
သုံးယောက်စလုံး လျင်မြန်စွာ ရှေ့သို့ ထွက်ပြေးသွားပြီး ကြံ့အုပ်ကြီးမှာ သိပ်မကြီးမားရန် မျှော်လင့်နေမိသည်။ ထိုမှသာ သူတို့ လွတ်မြောက်နိုင်လိမ့်မည်ဖြစ်၏။
ထိုသို့တွေးပြီးနောက် လင်းချီ စနစ်ထဲ တစ်ချက် ရှာဖွေကြည့်လိုက်သည်။
သူတို့၏ ခွန်အားကို တိုးပွားစေသော ပစ္စည်းမှန်သမျှ ထုတ်လိုက်ပြီး စားသုံးကာ ထွက်ပြေးကြတော့သည်။
သို့သော်လည်း သူတို့ နောက်ဘက်ရှိ ကြံ့အုပ်ကြီးမှာ တဖြည်းဖြည်း ဝန်းရံလာခဲ့သည်။
~~~