← Chapters

ထူးဆန်းသော ရွှံ့ညွန်

Vol. 5 Ch. 50

ထူးဆန်းသော ရွှံ့ညွန်

Vol. 5 Ch. 50

မှော်ဦးချိုကြံ့များ သူတို့နှင့် တဖြည်းဖြည်းနီးကပ်လာသည်ကို တွေ့သောအခါ လင်းချီ ဤတစ်ကြိမ်တွင် ဒီတောင်ကို မကျော်နိုင်တော့ဟု ခံစားလိုက်ရသည်။

"သခင်လေး!" နောက်ကျောဘက်မှ ရင်းနှီးသော အသံကိုကြားသောအခါ လင်းချီ အသံလာရာဘက်သို့ ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

လူသာပင် ဖြစ်သည်။

"မြန်မြန်.. မြန်နှုန်းမြင့်သကြားလုံးတွေ ကျန်နေသေးရင် လူသာကို မြန်မြန်ပေးလိုက်....သူက အဆင့်မြင့်ဓားသမားပဲ.."

လင်းချီက ကျန်နှစ်ဦးကို အော်ပြောလိုက်ပြီး သူကိုယ်တိုင်လည်း သူ့လက်ထဲရှိ နောက်ဆုံးသကြားလုံးကို ပစ်ပေးလိုက်သည်။

"ဒါ စားလိုက်!"

လူသာက သူတို့ဆီမှ သကြားလုံးကို တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ချက်ချင်းစားလိုက်သည်။

မြန်နှုန်းမြင့်သကြားလုံးက သူ၏ ပါးစပ်ထဲသို့ရောက်သောအခါ မည်သည့်ထူးခြားမှုမျှ မရှိချေ။

"ဒီတစ်ခေါက် ဘာဖြစ်ဦးမှာလဲ မသိ... နေဦးဟ.. ငါ့ရဲ့ အမြန်နှုန်းက အရင်ကထက် လေးဆ ပိုမြန်လာတာပဲ"

ရုတ်တရက် ပြောင်းလဲမှုကြောင့် လူသာ အံ့အားသင့်သွားသည်။

လူသာ သူနှင့် နီးကပ်လာသည်ကိုမြင်သောအခါ လင်းချီက သူ၏လက်ကိုထုတ်ပြီး လူသာကို ဆွဲလိုက်သည်။

အခြားနှစ်ယောက်လည်း လင်းချီကဲ့သို့ ပြုလုပ်ကြသည်။

လူသာမှာ အစစ်အမှန် အဆင့်မြင့်ဓားသမားတစ်ယောက်ပင်ဖြစ်သည်။ မြန်နှုန်းမြှင့်ချိုချဉ်ကို စားသုံးပြီးနောက် ပို၍ မြန်ဆန်လာသည်။

"ဘာတွေဖြစ်နေတာလဲ...ဘာလို့ ဒီလောက် များတဲ့ မှော်ဦးချိုကြံ့တွေက ဒုန်းစိုင်းပြီး ပြေးလာနေကြတာလဲ"

လင်းချီ နောက်သို့ လှည့်ကြည့်လိုက်သောအခါ မီးခိုးလုံးကြီးတစ်ခုမှာ ကောင်းကင်ထက်ရှိ နေကိုပင် ဖုံးကွယ်လုနီးပါး ဖြစ်နေသည်။

ကြံ့များ၏ မျက်လုံးများမှာ နီရဲနေပြီး ဆင်ခြင်တုံတရားမှာ လုံး၀ ပျောက်ဆုံးသွားပြီဖြစ်၏။

အကွာအဝေးတစ်ခုသို့ ရောက်သောအခါ သူတို့ ကြံ့များကို ယာယီ ရှောင်တိမ်းနိုင်လိုက်ပြီး အသက်ရှူချိန် အနည်းငယ်ရလိုက်သည်။

"ဒီမှာ မြန်နှုန်းမြှင့်သကြားလုံး နှစ်ခု...ဒါတွေ အရင်ယူထားဦး"

လင်းချီ သကြားလုံးများကို လူး၀စ်နှင့် ယွီမုန့်ထံ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "တခြားသူတွေရော? ဘယ်လိုလုပ် မင်းတစ်ယောက်တည်းဖြစ်နေတာလဲ?"

"မှော်ဦးချိုကြံ့တွေကို တွေ့တော့ သူတို့ လမ်းခွဲခဲ့ကြတာလေ...ကျွန်တော်ကလည်း ဒဏ်ရာက အရမ်းပြင်းနေတော့ သူတို့နဲ့ လိုက်ပြီး ကြံ့တွေကို မသတ်ချင်တော့လို့... အဲ့တာနဲ့ပဲ..."

လင်းချီတို့အားလုံး လူသာ ဘာကို ဆိုလိုချင်လဲ ဆိုတာ နားလည်သည်။

သူတို့နောက်လှည့်ကြည့်လိုက်သောအခါ နောက်မှ နီးကပ်စွာ လိုက်လာနေသော ကြံ့အုပ်ကြီးကို တွေ့လိုက်ရသည်။

"အရင်တစ်ခေါက်တုန်းက ဘာတွေ ဖြစ်သွားလဲဆိုတာ သိလိုက်တယ်...ဒါပေမဲ့ ဒီတစ်ခေါက်ကျ ဘာတွေ ဖြစ်ခဲ့တာလဲ" လင်းချီ စကားဖြတ်ပြောလိုက်သည်။

ထိုရူးသွပ်နေသော ကြံအုပ်ကြီးမှာ မနက်ခင်းတွင် ရုတ်တရက်ကြီး ထွက်ပေါ်လာသည်။ ပထမတုန်းကတော့ အနည်းငယ်သာ ရှိသည်။ သို့သော် နောက်ပိုင်းတွင် အုပ်စုလိုက်ကြီး ပေါ်လာခဲ့၏။

လူသာမှာ လင်းချီတို့အား ချိုင့်ဝှမ်းထဲတွင် တွေ့ခဲ့ကြောင်း သုန့်လင်ထံမှ ကြားပြီးနောက် လင်းချီ၏ လုံခြုံရေးကိုစိတ်ပူပြီး ဒီကို လာရှာခဲ့ခြင်းဖြစ်သည်။

"သခင်လေး... ကျုပ်တို့က အခု ကြောက်မက်ဖွယ် တောင်တန်းထဲ ရောက်နေတာ လေနက်ခံတပ်က လူတွေလည်း ဒီနေရာမှာ စောင့်ကြပ်ပေးဖို့ဆိုတာ အင်မတန်မှ ခက်ခဲတယ်...ဒီတော့ ကျုပ်တို့ ကိုယ့်ဘာသာကိုယ် အားကိုးရတော့မယ် သခင်လေး...."

လင်းချီ ပြန်မဖြေဘဲ အဝေးရှိ ကောင်းကင်ယံကို ငေးကာ တစ်ရိပ်ရိပ်တက်လာသော ဖုန်လုံးကြီးကို ကြည့်လိုက်သည်။ "သွားစို့.....ကြံ့တွေ ငါတို့ကို မှီတော့မယ်"

အမဲသားကင်နှင့် မှော်ကန်စွန်းဥများ စားထားသောကြောင့် လူတိုင်း သက်သာလုနီးပါး ဖြစ်နေသည်။ သူတို့ အချိန်ဆွဲမနေဘဲ အနောက်တောင်ဘက်သို့ ဦးတည် ပြေးကြတော့သည်။

ကံကောင်းစွာဖြင့် စနစ်ကို အဆင့် (၃)သို့ မြှင့်ထားသောကြောင့် ပြေးလွှား ချိုချဉ်များ ရရှိခဲ့သည်။ ထိုချိုချဉ်များကြောင့်သာ မဟုတ်ပါက သူတို့အားလုံး ကြံ့များ၏ တက်နင်းခံရပြီး ဖြစ်၏။

လူသာမှာ သူ့ကိုယ်စား ဦးဆောင်ပေးနေသောကြောင့် လင်းချီ စနစ်ထဲရှိ ဟင်းလျာစာရင်းကို တစ်ချက်ကြည့်ရန် အချိန်ရလိုက်သည်။

သွေးရူးမြက်မှာ စားသုံးသူ၏ ခွန်အားကို များစွာ တိုးမြင့်ပေးနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးမှာ လွန်စွာ ကြီးမားသည်။ ထို့ကြောင့် ယခုအခြေအနေမျိုးတွင် အသုံးမပြုသင့်ပေ။

ဂီတနတ်ပန်းမှာလည်း ဝိဉာဉ်ညို့ယူ

ခံရခြင်းစသော အခြေအနေမျိုးတွင်သာ အသုံး၀င်သည်။

ထို့ကြောင့် ၎င်းလည်း ယခု အခြေအနေတွင် အသုံးမ၀င်ပေ။

....

လင်းချီ၏စနစ်တွင် အဆင့်သုံး ဟင်းပွဲများ ရှိနေသော်လည်း ခက်တာက သူ့တွင် အမယ်များ အဆင်သင့်ရှိမနေခြင်းပင်။

'နောက်တစ်ခါဆို လိုအပ်တဲ့ အမယ်တွေ အားလုံးကို စုပြီး သိုလှောင်အိတ်ထဲ သိမ်းထားမှ...ဒါမှ နောက်တစ်ခါ ဒီလို အခြေအနေမျိုးနဲ့ ကြုံလာရင် ဘာမှ ပူစရာမလိုမှာ....'

အမယ်များ မရှိတာကြောင့် စနစ်ဆီမှ ရရှိနိုင်မည့် အကူအညီကို ယာယီ လက်လွှတ်ထားလိုက်သည်။

"ကြည့်လိုက်...ရှေ့မှာ ညွန်ကြီးရှိတယ်... ကြံ့တွေ အဲ့ထဲထိတော့ မလာရဲလောက်ဘူး... ငါတို့ အသက်ရှင်ပြီကွ" လူး၀စ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းချီ ရှေ့သို့ ကြည့်လိုက်ပြီး လူး၀စ်ကို ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအကြံမှာ မဆိုးပေ။

ထို့နောက်သူတို့ လူး၀စ် ညွှန်ပြသော ညွန်ဆီသို့ ဦးတည်လိုက်သည်။ နီးကပ်လာလေလေ ရေ၏ တည်ရှိမှုကို ‌သက်သေပြ‌သော ရောင်ပြန်အချို့ကို မြင်လာရသည်။ သစ်ပင်တို့က ထူထပ်ကာ လေထုမှာလည်း စိုစွတ်ပြီး မြေဆီလွှာ အနည်းငယ်သာ ရှိသည်။

သူတို့ အရှိန်သတ်လိုက်ပြီး လင်းချီ ထိုင်ချ၍ မည်းနက်ပျော့ပျောင်းသော ရွှံ့ညွန်များကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"မင်းတို့ထဲက ဘယ်သူ ဒီညွန်အမျိုးအစားကို သိကြလဲ ...ငါတို့ မဆင်မခြင် ၀င်သွားလို့တော့ မဖြစ်ဘူး..." လင်းချီအနေဖြင့် ရွှံ့ညွန်ပေါင်းများစွာကို မြင်ဖူးသည်ဖြစ်ရာ အားလုံးလိုလို အန္တရာယ်ရှိသည်ချည်းဖြစ်၏။

"ကြောက်မက်ဖွယ် တောင်တန်းထဲမှာ ညွန်တွေအများကြီးရှိတယ် အားလုံးက တူသလို ရှိပေမယ့် အန္တရာယ်တွေကတော့ မတူညီဘူး ...ဒီညွန်ကတော့ ကြည့်ရတာ နည်းနည်း ထူးဆန်းနေသလို ခံစားရတယ်"

"ဆန်းကြယ်ညွန်၊ သွေးတိမ်ညွန် နဲ့ ဆူးလက်တံညွန်ကလွဲရင် ကျန်တာက အေးဆေး ဖြတ်သွားလို့ရတယ် "

ယွီမုန့်လည်း များစွာ မသိပေ။ ထို့ကြောင့် သိသလောက်သာ ရှင်းပြလိုက်သည်။

အုန်း....

သူတို့နောက်ဘက်တွင် ဆူညံသံများ တစ်ဖန် ထွက်ပေါ်လာသည်။

"သခင်လေး….. အရင်ဆုံးသွားကြစို့....ညွန်က အန္တရာယ် များတာ မများတာထက် နောက်ကကောင်တွေ တက်နင်းလို့ အသားပြားဖြစ်တာထက်တော့ တော်သေးတာပေါ့..."

လူသာက  အနည်းငယ်စိုးရိမ်နေသည်။

သူတို့ ညွန်ထဲနေရလျှင်တောင် ယာယီသာဖြစ်မည်ဟု လင်းချီ သုံးသပ်မိသည်။ အကယ်၍ သူတို့ အထဲတွင် ပိတ်မိနေခဲ့လျှင်တောင် လျှာကဝေစနစ်ရှိနေသောကြောင့် အစားအစာအတွက် စိတ်ပူစရာ မလိုပေ။

သူတို့ ဖြည်းညင်းစွာ လမ်းလျှောက်သွားပြီး လမ်းကြောင်းတစ်လျှောက် အမှတ်အသားများ ချန်ထားခဲ့သည်။ ကြံ့များ သူတို့ကို ကျော်သွားပြီးပါက အမှတ်အသားများ အတိုင်း ပြန်ထွက်ကြမည်ဖြစ်၏။

လူသာကတော့ အုပ်စုထဲတွင် အရဲရင့်ဆုံးပင်။ ရှေ့ဆုံးမှ ၀င်လိုက်ပြီး သူ၏ ဓားကို မြဲမြံစွာ ကိုင်၍ လမ်းကြောင်းကို ဦးဆောင်လိုက်သည်။

"နီးနီးကပ်ကပ်နေကြ.... မိစ္ဆာသားရဲတွေ ရုတ်တရုတ်ထွက်လာနိုင်တယ်" လူး၀စ် လမ်းလျှောက်ရင်း တီးတိုးပြောလိုက်သည်။

မကြာမီ တစ်နာရီ ကုန်လွန်သွားသည်။

သူတို့ ဤရွှံ့ညွန်ထဲ စရောက်ကတည်းက မည်သည့် မိစ္ဆာသားရဲနှင့်မျှ မဆုံသေးပေ။ လမ်းတွင် အဆိပ်ရှိသော မြွေနှစ်ကောင်က သူတို့အား အမှောင်ထဲမှ တိုက်ခိုက်ရန် ချောင်းနေခဲ့သော်လည်း လူသာ၏ ဓားစာမိသွားကြသည်။

ကံကောင်းစွာဖြင့် ညွန်မှာ အန္တရာယ် မများခဲ့ပေ။ ထို့ပြင် သူတို့တွင်လည်း လုံလောက်သော ခွန်အားရှိသည်။ ထို့ကြောင့် လမ်းတစ်လျှောက် အဆင်ပြေ ချောမွေ့နေတော့သည်။

"မြူထူလာသလိုဘဲ....တစ်ခုခုတော့ မှားနေပြီ!" အဖြူရောင် မြူမှာ ရုတ်တရက် သူတွေ့ရှေ့တွင် ထွက်ပေါ်လာပြီး မြင်နိုင်သော အကွာအဝေးမှာ ၁၀ ပေဝန်းကျင်လောက်အထိ လျော့ကျသွားသည်။

ပထမဆုံး သတိပြုမိသူကတော့ ယွီမုန့်ပင်။ သူမက မှော်ဆရာတစ်ယောက်ဖြစ်သောကြောင့် သူမ၏ စိတ်ခွန်အားမှာ အခြားသူများထက် သာလွန်ပြီး အာရုံခံနိုင်စွမ်းမှာလည်း ပိုမိုကောင်းမွန်သည်။

"မြူက ငါ့ကို မူးလာအောင် လုပ်နေသလိုပဲ... မင်းတို့ကော..."

လင်းချီနှင့် အခြားသူတွေ မတုံ့ပြန်နိုင်ခင်မှာပဲ သူတို့ လှုပ်ရှားလို့ မရတော့ပေ။ သူတို့ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ညွန်များမှာ ခြေထောက်ထက်သို့ ဖြည်းဖြည်းချင်းတက်လာကာ အောက်သို့ ဆွဲချနေကြသည်။အခြေအနေမှာ ပို၍ ထူးဆန်းလာသလို အားလုံး ခံစားလာရသည်။

"ဆရာရေ....ဘာတွေ လုပ်နေတာတုန်း..ဆရာ့ရဲ့ ကတ်တွေ ပြတော့လေ!" ကျင်းလင်လင်၏ မဝံ့မရဲအော်ဟစ်သံ ပေါ်လာသော်လည်း လင်းချီ သူမကို လျစ်လျူရှုလိုက်သည်။

ယွီမုန့် ၏ မျက်နှာလေးမှာ နီရဲနေသည်။ သူမ ခြုံထည် နှင့် ဇာမျက်နှာလွှားကိုလည်း မတပ်ဆင်ထားဘဲ သူမ၏ ပုံမှန်အပေါ်ထပ်နှင့် စကတ်တစ်ထည်သာ ၀တ်ဆင်ထားသည်။

"ကြည့်လို့၀ပြီလား...ကြည့်လို့၀ရင်လည်း နင့်ရဲ့ ကတ်ကိုလှန်တော့...ဒီတစ်ခါ ရှုံးရင်တော့ နင့်ကို အပြစ်ပေးတဲ့ အနေနဲ့ အပြင်မှာ ကိုယ်လုံးတီးနဲ့ ရပ်ခိုင်းထားမယ်"

တစ်ယောက်ယောက် ရှုံးရင် အ၀တ်အစား တစ်ထည်ချင်းစီ ဖယ်ပေးရမည်။ လင်းချီနှင့် ကျင်းလင်လင် မှာ ကတ်ကစားတာကျွမ်းကျင်သောကြောင့် ပြဿနာမရှိပေ။ သို့သော်လည်း ယွီမုန့်ကတော့ ကံသိပ်မကောင်းလှ။

သူမ နှစ်ခါ ရှုံးနိမ့်သွားပြီး ရလဒ်အနေဖြင့် ဇာမျက်နှာလွှားနှင့် ခြုံထည်ကို ချွတ်လိုက်ရသည်။

"ကတ်တွေကို ကြည့်ကြတာပေါ့... သုံးပွင့် တစ်ပွင့်... ငါပဲ နိုင်ပြန်ပြီ...ဟားဟား"

လင်းချီက သူ့လက်ထဲရှိ ကတ်အားလုံးကို ပစ်လိုက်ပြီး ယွီမုန့်ကို မျှော်လင့်တကြီးနှင့် ကြည့်လိုက်သည်။

သိသာစွာပင် လင်းချီမှ သူ၏ မျက်လုံးကို အစာကျွေးချင်နေသည်။

ယွီမုန့် လည်း မတုန့်ဆိုင်းခဲ့ပေ။ သူမ ကတိတည်လိုက်ပြီး သူမ၏ အပေါ်ထပ်ကို ညင်သာစွာဖြင့် စတင် ချွတ်တော့သည်။

[ဒင်....ဒင်]

"ဘာသံတွေလဲကွာ...ငါ့ရဲ့ ခံစားချက်လေးကို ဖျက်ဆီးလိုက်တာဘဲ"

လင်းချီ အတောင့်တဆုံးသော အရာတစ်ခုကို တွေ့တော့မည့် အချိန်တွင် အပြင်ဘက်မှ စိတ်အနှောက်ယှက် ဖြစ်စရာ အသံတစ်ခုက နှောက်ယှက်လာသည်။

တဒင်ဒင် မြည်သံက သူ့ကို အရမ်း စိတ်အနှောက်အယှက် ဖြစ်စေသည်။

ထို့နောက် သူထသွားပြီး တံခါးဖွင့်လိုက်သည်။ သူ၏ အချိန်ကောင်းလေးကို လာနှောက်ယှက်သောသူမှာ မည်သူဖြစ်ကြောင်း သိချင်မိသည်။ ၀င်ပေါက်သို့ကြည့်လိုက်သောအခါ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး မျက်လုံးကျိန်းလွန်း၍ သူ၏ မျက်လုံးများကိုပင် လက်မောင်းဖြင့် ကာလိုက်ရသည်။ သူသတိပြန်၀င်လာသောအခါ သူ့ရှေ့ရှိ မြင်ကွင်းက လင်းချီကို အံ့အားသင့်သွားစေသည် ။

သူ့ကိုယ်သူ ညွန်ထဲသို့ ရောက်နေကြောင်း သိလိုက်ပြီး ညွန်မှာ သူ၏ ရင်ဘက်သို့ပင် ရောက်နေသည်။

[ဒင်! စနစ်မှ ပိုင်ရှင် သတိမေ့သွားကြောင်း ထောက်လှမ်းမိပါသည်...ယခု အသိစိတ်ပြန်၀င်စေရန် လုပ်ဆောင်နေပါပြီ]

[ဒင်! ပိုင်ရှင် နိုးလာပါပြီ...ယခု အန္တရာယ်ရှိသော အခြေအနေသို့ ကျရောက်နေပါသည်။]

လင်းချီ သူ့ဘေးရှိ ညိုးခြောက်သော အပင်များကို အားပြု၍ ညွန်ထဲမှ ဖြည်းညင်းစွာ ထွက်လိုက်သည်။

"ကျန်တဲ့သူတွေလည်း ပုံရိပ်ယောင်ထဲ ကျရောက်သွားတာဖြစ်မယ်...တော်သေးလို့  စနစ်က ငါ့ကို ကယ်တင်လိုက်ပေလို့ပဲ... မဟုတ်လို့ကတော့ ခုချိန်ဆို ညွန်တွေအောက်မှာ အရိုးစု ဖြစ်နေလောက်ပြီ" သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

~~~

All Chapters