← Chapters

အချစ်ရေးကံကြမ္မာ

Vol. 5 Ch. 65

အချစ်ရေးကံကြမ္မာ

Vol. 5 Ch. 65

ရှဲ့ဖင်းကန်းအိမ်ပြန်ရောက်ချိန်တွင် အိမ်တော်ထိန်းနှင့် အစေခံများ လာရောက်ကြိုဆိုကြပြီး လိုအပ်တာရှိမရှိ မေးကြသည်မှာ ပုံမှန်ဖြစ်သည်။

အဘွားဝမ်က သူ့ကိုစကားပြောနေသည်အား မြင်သောအခါ အိမ်တော်ထိန်း၏ အမူအရာပြောင်းသွားခဲ့သည်။

သူက ချက်ချင်းပဲ မေးလိုက်သည်။ " အကြီးဆုံးသခင်မလေး ရေတွင်းတူးဖို့လူရှာနေတဲ့ အကြောင်းလား။ ကျွန်တော် အဲ့ဒီကိစ္စကိုဆောင်ရွက်ဖို့ စေခိုင်းထားပြီးပါပြီ။ မနက်ဖြန်အပြီး လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။ သခင်မလေးကို စိတ်မပူဖို့ပြောပေးပါ။ တကယ်လို့ တစ်ရက် နှစ်ရက် နောက်ကျခဲ့မယ်ဆိုရင်တောင်မှ ပြဿနာရှိမှာမဟုတ်ပါဘူး။" ယွမ်ရုန် ရယ်လိုက်လေသည်။

" ရေတွင်း၊ ဘာရေတွင်းလဲ" ရှဲ့ဖင်းကန်း တစ်ယောက် ရှုပ်ထွေးသွားသည်။

" အကြီးဆုံးသခင်မလေးရဲ့ ခြံဝန်းထဲမှာ ရေတွင်းတစ်ခု ရှိခဲ့တယ်။ ဘာကြောင့်မှန်းမသိပေမဲ့ သခင်မလေးက ရေတွင်းရဲ့ တည်နေရာကို သဘောမကျဘူး ဖြစ်နေတယ်။သူမက အဲ့ဒီရေတွင်းကို ပြန်ဖို့‌ပြီး နောက်ရေတွင်းတစ်ခုကို တခြားတစ်နေရာမှာ တူးချင်နေတာ။ ဒီရက်တွေမှာ ကျွန်‌‌တော်တို့က ဖေ့သခင်မလေးရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကူညီနေရ‌တာကြောင့် မအားလပ်ကြဘူးလေ။ ရေတွင်းက သိပ်ပြီး အရေးမကြီးတာကြောင့် အချိန်ခဏလောက်ဆွဲထားမိတာပါ။ ဒီ အညတရ အစေခံ က သခင်မလေးကို ရှင်းပြလိုက်ပါ့မယ်" လို့ ယွမ်ရုန်က ပြောလိုက်သည်။

ရှဲ့ဖင်းကန်းသည် ထိုစကားကြောအရှည်ကြီးကိုနားထောင်ပြီးသည့်‌အချိန်တွင် အကြောင်းအရာတချို့ကိုနားလည်သွားပြီဖြစ်သည်။

' သဘောမကျဘူး' ' ဖေ့သခင်မေလး' ' အချိန်ဆွဲတယ်'

" ဘယ်အရာကို အရင်ဦးစားပေးပြီး ဆောင်ရွက်သင့်တယ်ဆိုတာကို မသိတဲ့ မင်းလိုလူက ဘယ်နေရာမှာများ အသုံးဝင်နေတာလဲ" ရှဲ့ဖင်းကန်း သရော်လိုက်ကာ အဘွားဝမ်အား " ဒီကိစ္စကို မနက်ဖြန်မနက် အပြီး ဖြစ်စေရမယ်လို့ သူမကိုပြောလိုက်" ဟူ၍ပြောလိုက်၏။

ယွမ်ရုန်၏ မျက်နှာအမူအရာသည် တောင့်တင်းသွားသည်။

အဘွားဝမ်သည်လည်း ပျော်နေပုံ‌မပေါ်ဘဲ " မဟုတ်ဘူး၊ အကြီးဆုံးသခင်မလေး က သခင်လေးကို ရေတွင်းတူးဖို့ သူမဆီ လာစေချင်တာ" ဟုတည်ငြိမ်စွာပြောလိုက်သည်။

ရှဲ့ဖင်းကန်း တစ်ယောက် မျက်ခွံလှုပ်သွားလေသည်။

" အကြီးဆုံးသခင်လေးက အခုမှအိမ်တော်ကိုပြန်ရောက်လာတာ။ ဘယ်လိုလုပ်ပြီး သခင်လေးကို ပင်ပန်းတဲ့ အရာတွေလုပ်ခိုင်းရတာလဲ" ယွမ်ရုန်က ရှဲ့ဖင်းကန်းအား မျက်နှာချိုသွေးကာပြောလိုက်၏။

" အကြီးဆုံးသခင်မလေးက ပစ္စည်းတွေပြင်ဆင်ထားပြီးပါပြီ။ သူတို့အဲ့ဒီမှာစောင့်နေကြပါတယ်" အထိန်းတော်ဝမ်က ပြောလိုက်သည်။

' သူမက တကယ်ကြီးလား'

စင်စစ်တွင် ရှဲ့ဖင်းကန်း ဗိုက်ဆာနေပီဖြစ်သည်။သို့သော်လည်း သူဒီကိစ္စအပေါ် သေချာတွေးကြည့်လိုက်မိသည်။ သူ၏ ညီမလေးက တခြားသူတွေအား သူက သူ့မဘက်မှာရှိကြောင်းပြချင်နေပုံရသည်။

သူကပြောလိုက်သည် " ကောင်းပြီ၊ ငါအဲ့ဒါကို တူးမယ်"

" အကြီးဆုံးသခင်လေး " အိမ်တော်ထိန်းမှာ အံဩလွန်း၍စကားပင်ဆက်မပြောနိုင်ဖြစ်သွားရ၏။

" အဲ့ဒီကို လူတွေပိုပြီးပို့ပေးထား။ အခုချိန် စ ပြီးတူးရင်လည်း နောက်တော့မကျသေးပါဘူး။ ငါတို့ တစ်ညလုံးတူးလို့ရတာပဲ" ဟုပြောရင်း ရှဲ့ဖင်းကန်းက ယွမ်ရုန်အား အလိုမကျစွာဖြင့် စိုက်ကြည့်လိုက်သည်။

ဒါက သူ့အဖေကိုယ်တိုင်ရွေးထားတဲ့ အသုံးမကျသည့် အိမ်တော်ထိန်းဖြစ်သည်။ ဘယ်လိုလုပ်ပြီး ဒီလိုလူကိုရွေးရလောက်တဲ့ထိ အမြင်မရှိရတာလဲ။

ယွမ်ရုန်သည် တော်ပေါ်စခန်းတွင်ရှိခဲ့တုန်းက အရေးကြီးသည့်တာဝန်တချို့အား ထမ်းဆောင်ခဲ့သည်။သူသည် အရာရှိတစ်ဦးအဖြစ်ရာထူးတိုးမြင့်ပေးခြင်းခံခဲ့ရသော်လည်း ပိုမြင့်သောရာထူးများရောက်အောင် စွမ်းဆောင်နိုင်စွမ်းမရှိခဲ့ပေ။သူသည် ရှဲ့နျိုရှန်းအပေါ်တွင် သစ္စာရှိသူဖြစ်သဖြင့် သူ့အားအိမ်တော်ထိန်းအဖြစ် တာဝန်ပေးခဲ့သည်။

ရှဲ့ဖင်းကန်းသည် သူ၏အင်္ကျီလက်ကို လိပ်တင်ကာ ရှဲ့ချောင်၏ခြံဝန်းဆီသို့ ထွက်လာခဲ့သည်။

သူမသည် ခြံဝန်းထဲတွင် ထိုင်နေကာ သူမ၏ လက်တစ်ဖက်တွင် ကြက်မွေးယပ်တောင်တစ်ချောင်းကိုကိုင်ထားပြီး ကျန်တစ်ဖက်တွင်တော့ စာအုပ်တစ်အုပ်ရှိနေသည်။

ကောင်းကင်သည် မှောင်နေပြီဖြစ်‌သောကြောင့် သူမ၏ဘေးတွင် မီးအိမ်တစ်ခု ထွန်းထားသည်။သူမရဲ့ ကြက်ကလေးက သူမခြေထောက်နားတွင်ရှိနေကာ သူမအားကြည့်ရသည်မှာ အတော်လေးစိတ်အေးလက်အေးဖြစ်လို့နေသည်။

သူမသည် စိတ်ဆိုးဒေါသထွက်နေသည့်ပုံလည်းမပေါ်ပေ။

ရှဲ့ဖင်းကန်းက သူဝင်သွားချိန်တွင် သူမကိုအနှောင့်အယှက်မပြုခဲ့ပေ။သူသည် အိမ်တော်ထိန်းကိုခေါ်ကာ ရေတွင်းအား မည်သည့်နေရာတွင်တူးသင့်လဲ ဆိုသည်ကိုမေးပြီးသည်နှင့် စတင်၍တူးခဲ့သည်။

ရှဲ့ချောင် ခေါင်းမော့ပြီးကြည့်လိုက်သည်။

'ကြီးမားပြီး နက်မှောင်တဲ့မျက်ဝန်းနဲ့ ကြံ့ခိုင်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ ‌‌ယောက်ျားတစ်‌ယောက်၊သူ့မှာ ကံကောင်းတဲ့မျက်နှာပေါက်မျိုးရှိပေမယ့်၊ စိတ်မကောင်းစွာဘဲ သူ့ရဲ့အချစ်ရေးကံကြမ္မာ‌က ကောင်းမနေခဲ့ဘူး'

"ကျစ်" ရှဲ့ချောင်သည် မတတ်သာစွာပင် သူမ၏စိတ်မကောင်းဖြစ်မှုကိုပြသဖို့ အသံထွက်ခဲ့သည်။

ရှဲ့ဖင်းကန်း၏အကြားအာရုံသည် ကောင်းမွန်လှသည်။ သူသည် ထိုအသံကိုကြားသည့်အခါ သူမဘက်ကို လှည့်ပြီးစိုက်ကြည့်လိုက်လေသည်။

ရှဲ့ချောင်သည် သူမ၏စာအုပ်ကိုချလိုက်၏။သူမက လက်တစ်ဖက်နှင့် မေးထောက်ထားပြီး ကျန်တစ်ဖက်နှင့် ယပ်ခက်နေကာ စိတ်အေးလက်အေးဖြစ်နေသည့် ဟန်ပန်ဖြင့် " အစ်ကိုကြီး ဘယ်တော့လောက်ဇနီးတစ်ယောက်ရမှာလဲ"

ရှဲ့ဖင်းကန်း၏ မျက်နှာအမူအရာသည်တောင့်တင်းသွားသည်။

သူမက ဘာလို့ သူဘယ်အချိန်မှာ လက်ထပ်မလဲဆိုတာကိုမေးရတာလဲ။ ၎င်းမေးခွန်းသည် သူအား ကြေကွဲစေသည်။

" အစ်ကိုကြီးက ငယ်တော့တာမဟုတ်ဘူး၊ မိသားစုတစ်ခု ရှိသင့်နေပြီ။ ကောင်းကင်ပေါ်က ညီမလေးတို့ရဲ့ အမေလည်း ဒါကိုကြည့်ပြီးပျော်နေမှာပါ" လို့ရှဲ့ချောင်ကပြောလိုက်သည်။

ရှဲ့ဖင်းကန်း၏ မျက်နှာသည် ယခုဆိုလျှင် အတော်‌ကို‌ဆိုးရွားနေပြီဖြစ်သည်။ သူမက သူလက်ထပ်ချင်စိတ်မရှိဘူးဆိုတဲ့သဘောမျိုးဖြစ်အောင် ပြောနေတာပဲ။

" တကယ်လို့ နောက်နှစ်နှစ်နေလို့မှ သင့်တော်တဲ့ဇနီးတစ်ယောက်မရှာနိုင်ခဲ့ဘူးဆိုရင် လူကုန်ကူးတဲ့သူတွေဆီကနေ အစေခံ ရှစ်ယောက် ဒါမှမဟုတ် ဆယ်လောက်လောက်ဝယ်ပြီး သူတို့အကုန်လုံးကို လက်ထပ်ယူပစ်လိုက်မယ်"။ ရှဲ့ဖင်းကန်းက သရော်လိုက်သည်။

' ငါလိုချင်တာက သူတို့ငါ့အတွက် ကလေးမွေးပေးနိုင်ဖို့ဘဲ၊ ဒါရိုးရှင်းပါတယ်'

ရှဲ့ချောင်မျက်ခွံလှုပ်သွားခဲ့သည်။ ဒါကတကယ်ကို ရှဲ့ဖင်းကန်းတစ်ယောက်ပဲ လုပ်နိုင်တဲ့အရာပဲ။

•••••••••••

All Chapters