ဆန်းကြယ်သောနယ်မြေ
Vol. 35 Ch. 525
ရွှီချင်း၏သတ်ဖြတ်မှုက ဆက်လက်ဖြစ်ပွားနေပြီး ငရဲကလည်း လှုပ်ရှားသက်ဝင်နေဆဲပင်။
အမှန်တော့ နယ်မြေ(ဃ) ကနယ်ရုပ်များ တွေ့မြင်ခဲ့သည်က မှန်နေသလို မှားလည်း မှားပေသည်။
မှန်ကန်နေသည်ကတော့ သတ်ဖြတ်မှုတစ်လျှောက်လုံးတွင် ရွှီချင်း၏ အမူအရာက လှုပ်ခတ်ခြင်းအလျင်းမရှိခဲ့ခြင်းပင်။
မှားယွင်းနေသည်ကတော့ သူက ခံစားချက်များကို ထိန်းချုပ်နေခဲ့ခြင်းမဟုတ်ပေ။
သူသည် အကြိမ်ကြိမ်အလောင်းပုံအောက်မှ တိုးထွက်လာခဲ့ရပြီး သေမင်းနှုတ်ခမ်းဝတွင် လှုပ်ရှားနေခဲ့ဖူးသည်။ သူက နတ်ဘုရားမျက်လုံးပွင့်သည်ကို နှစ်ကြိမ်ကြုံတွေ့ခဲ့ဖူးပြီး ရှင်သန်မှုအတွက် ရုန်းကန်ခဲ့ဖူးသည်။ သူက ခံစားချက်တို့ကို ထန်းချုပ်ရန်မလိုတော့ပေ။
သတ်ဖြတ်ခြင်းက သူ့အတွင်းသန္ဓေစိတ်ဖြစ်ပေသည်။
ငါ့ကိုသတ်ချင်ရင် ငါက မင်းကိုသတ်မယ်။
ထိုရာဇဝတ်သားတို့၏ စဦးပိုင်းအကြံဆိုးများနှင့် ရက်စက်ကြမ်းကြုတ်မှုများက သူတို့၏ အဆုံးသတ်ကို ဆုံးဖြတ်ပြီး ဖြစ်သည်။ ဤနေရာတွင်ဖြစ်စေ ပြင်ပလောကတွင်ဖြစ်စေ အားလုံးက တူညီနေသည်။
ထိုရာဇဝတ်သားတို့၏ စိတ်များခြုံးခြုံးကျပြိုကွဲခြင်းနှင့် သွေးပျက်စွာအော်မြည်မှုများရှိသော်လည်း ရွှီချင်းက တိုက်ခိုက်မှုတွင် အားလျှော့ခြင်းမရှိသလို သနားညှာတာမှုလည်း မရှိပါ။
သူက ဆက်လက်၍သာ တိုက်ခိုက်နေသည်။
သူက ကြောက်လန့်စွာထွက်ပြေးနေကြသည့် ထောင်သားများအား တစ်ဦးချင်းဖမ်းကာ လျို့ဝှက်သင်တန်းထဲတွင် သင်ကြားခဲ့သည့်အတိုင်း သူတို့၏ သေကွင်းသေကွက်များကို တိုက်ခိုက်သတ်ဖြတ်သည်။
သူက ရွှေအမြုတေလုံးများတော့ လိုသေးသဖြင့် ထိုလုပ်ငန်းစဉ်နှင့်အတူ နာကျင်စွာအော်သံများက နယ်မြေတစ်ခုလုံး ဆက်လက်ပဲ့တင်ထွက်နေတော့သည်။
အမွှေးတိုင်တဝက်ကုန်ချိန်မျှကြာပြီးနောက်တွင် ရွှီချင်းက မျက်နှာနှစ်ခုမျိုးနွယ်တစ်ဦး၏ ခေါင်းကို ဘယ်လက်တွင်ကိုင်လျက် အလောင်းပုံကြားတွင် ရပ်နေလိုက်သည်။
သူက သွေးညှီနံ့များကြားတွင် တည်ငြိမ်စွာရပ်နေလျက် အချုပ်ခန်းပေါက်ရှိ တည်ကြည်စွာကြည့်နေကြသော နယ်ရုပ်များထံ ကြည့်လိုက်သည်။
“အားလုံးပြီးပြီ။”
ရွှီချင်းက လက်ထဲက ခေါင်းကို ပစ်လွှင့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။
နယ်ရုပ်များ၏ အမူအရာတို့က တည်ကြည်လေးနက်လျက်။ အချိန်အတန်ကြာပြီးနောက်တွင်မှ သူတို့အားလုံးက ရွှီချင်းထံ တပြိုင်နက်ဦးညွှတ်လိုက်ကြသည်။
ရှေ့ဆုံးတွင်ရှိသော သက်လတ်ပိုင်းနယ်ရုပ်က တိုးတိတ်စွာပြောလိုက်သည်။
“ညီနောင်ရွှီချင်းကို အချုပ်ထောင်ဌာနကနေ ကြိုဆိုပါတယ်။”
သူ့နောက်တွင်တော့ နယ်ရုပ်အားလုံးက တပြိုင်နက်ပြောလိုက်ကြသည်။
“ညီနောင်ရွှီချင်းကို အချုပ်ထောင်ဌာနက ကြိုဆိုပါတယ်။”
နေရာတိုင်းတွင်အစွမ်းထက်သူတို့က လေးစားခံကြရသည်။
အချုပ်ထောင်ဌာနသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သို့ရာတွင် အစွမ်းထက်နေရုံပင်မက သူတို့နှင့်အမျိုးအစားတူလူဖြစ်သည်ဟု ခံစားရန်လည်း လိုအပ်ပေသေးသည်။
ထိုသို့လုပ်ဆောင်နိုင်သူရှိလျှင် သူတို့၏ အသိအမှတ်ပြုမှုကို ရရှိနိုင်မည်ပင်။
၎င်းထက်ကျော်လွန်နိုင်သူရှိလာလျှင် လေးစားမှုတို့ပါရရှိနိုင်မည်မှာ သေချာသည်။
ရွှီချင်းက ထိုသို့လုပ်ဆောင်နိုင်ခဲ့သည်။
ရွှီချင်းလည်း ပြန်လည်၍ ဦးညွှတ်လိုက်ပြီး ဂါရဝပြန်ပြုလိုက်သည်။ သူ့ကိုယ်ထဲတွင် ပဥ္စမနန်းတော်လျင်မြန်စွာ ဖွဲ့စည်းလာနေသည်ကို မြင်လျှင် သူက မေးလိုက်တော့သည်။
“တခြားအခန်းထဲက သူတွေကိုရော သတ်လို့ရသေးလား။”
ထိုစကားတွင် နယ်ရုပ်များက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ကြသည်။
“ရွှီချင်း ငါတို့က ဒီနေရာကထောင်သားတွေကို သတ်ဖြတ်နိုင်တယ်ဆိုပေမဲ့ အများကြီးသတ်လို့တော့ မကောင်းဘူး။ မင်းက ငါတို့ဒီတစ်လသတ်ပိုင်ခွင့်ကိုတောင် အကုန်သုံးလိုက်ပြီ။”
သက်လတ်ပိုင်းနယ်ရုပ်က ခါးသီးစွာ ပြုံးလိုက်သည်။
“ဒါပေမဲ့ ပူစရာမလိုပါဘူး။ လတိုင်း ရာဇဝတ်သားတွေ ပြန်ဖမ်းပြီး လူပြန်ဖြည့်လေ့ရှိတယ်။ အားလုံးလက်ခံထားတဲ့ နားလည်မှုအရ ငါတို့က ဖမ်းထားသလောက် ပြန်သတ်ပိုင်ခွင့်ရှိနေတယ်။”
နယ်ရုပ်က ထိုသို့ပြောလိုက်ပြီး အချုပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့သည်။ အားလုံးလျှောက်ထွက်လာကြချိန်တွင် ရွှီချင်းက သူ့ငွေအိတ်ချထားခဲ့သော နေရာကို လှမ်းကြည့်လိုက်သည်။
ပတ်ပတ်လည်ရှိ နယ်ရုပ်တို့က ချောင်းဟန့်လိုက်ကြပြီး အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့က ဝိညာဉ်ကျောက်တုံးတချို့ ထုတ်ယူလိုက်ပြီး သက်လတ်ပိုင်းနယ်ရုပ်ထံ ပေးလိုက်ကြသည်။
သက်လတ်ပိုင်းနယ်ရုပ်က သူတို့ကိုယူလိုက်ပြီးနောက် သက်ပြင်းချလိုက်တော့သည်။
“အဖွဲ့ထဲကို လူသစ်ရောက်လာဖို့မလွယ်ဘူး။ ဒီတစ်ခေါက်တော့ ငါအချီကြီးရပြီမှတ်နေတာ ဒါပေမဲ့…”
သူက ခေါင်းယမ်းလိုက်ပြီး ဝိညာဉ်ကျောက်တုံးတို့အား နယ်ရုပ်သုံးလေးငါးဦးထံ မျှဝေပေးလိုက်သည်။
ထိုနယ်ရုပ်တို့ကလည်း ပြုံးပျော်စွာ ယူလိုက်ကြသည်။ သူတို့က ရွှီချင်းအနိုင်ပွဲတွင် လောင်းကြေးထပ်ထားခဲ့သူများ ဖြစ်သည်။
ထို့နောက်တွင် သက်လတ်ပိုင်းနယ်ရုပ်က ကျန်ရှိသော ဝိညာဉ်ကျောက်တုံးများထဲကတချို့ကို သိမ်းလိုက်ပြီး ရွှီချင်းအား သက်ဆိုင်ရာဆတိုးကြေးဖြင့် ပေးလိုက်သည်။
ရွှီချင်း၏ ယခင်ထင်မြင်ချက်က မမှားပေ။ ထိုသူတို့က သူ့နောက်သို့ လောင်းကြေးထပ်ရန် လိုက်လာကြခြင်းသာဖြစ်သည်။
အများစုက ရွှီချင်း ကြာကြာမခံနိုင်ဟု လောင်းကြေးထပ်ကြပြီး သက်လတ်ပိုင်းနယ်ရုပ်ကတော့ ဒိုင်ကိုင်သူ ဖြစ်ပေသည်။ တချို့က ရွှီချင်းနိုင်မည်ဟု လောင်းကြေးထပ်ကာ အနိုင်ရသွားကြသော်လည်း ရွှီချင်းလည်း များစွာ အကျိုးအမြတ်ရခဲ့ပေသည်။
သူ့ဆတိုးကြေးတို့မှာ မြင့်မားလွန်းနေသည်။
သူက ရရှိလာသော ဝိညာဉ်ကျောက်တုံးပမာဏကို ကျေနပ်နေသည်။
တခြားသော နယ်ရုပ်တို့တွင် ကိုယ်ပိုင်စောင့်ကြပ်စရာ အချုပ်ခန်းများ ရှိနေကြသည်။ သူတို့က နှုတ်ဆက်လိုက်ကြပြီးနောက် သက်လတ်ပိုင်းနယ်ရုပ်က ရွှီချင်းအား စာရင်းဌာနရုံးသို့ ခေါ်ဆောင်လာခဲ့တော့သည်။
လမ်းတစ်လျှောက်တွင်တော့ သူ၏ဟန်ပန်တို့က ယခင်ကနှင့် လုံးဝကွဲပြားလာသည်။
“ညီနောင်ရွှီချင်း ငါက သုံးဆယ့်ငါးထပ်မှာ တာဝန်ကျနေတာများတယ်။ နောင်မေးစရာရှိလာရင် လာရှာနိုင်ပါတယ်။ အခုက စာရင်းသွင်းဖို့ ခေါ်လာခဲ့တာပါ။ အချုပ်ခန်းတစ်ခု နေရာချပေးပြီး နယ်ရုပ်တာအိုဝတ်စုံလည်း ရရှိမှာဖြစ်တယ်။ မင်းရဲ့ အရှိန်အဝါကိုလည်း မှတ်တမ်းယူထားပြီး ကိုယ်ဖာသာဝင်ရောက်ခွင့်ရလာမှာ ဖြစ်တယ်။”
ရွှီချင်း ခေါင်းညိတ်လိုက်သည်။ သူက လျှောက်လာခဲ့ရင်း အချုပ်ခန်းများစွာကို ဖြတ်ကျော်လာခဲ့သည်။ သူက ၎င်းအချုပ်ခန်းများအား နှမြောတသဖြစ်ဟန်ဖြင့် ကြည့်လိုက်မိနေသေးသည်။
သက်လတ်ပိုင်းနယ်ရုပ်က ထိုအမူအရာကို သတိထားလိုက်မိသည်။ သူက ပြုံးကာ ပြောလိုက်လေသည်။
“တကယ်တော့ တခြားနည်းတစ်ခုလည်းရှိပါသေးတယ်။ အဲဒီအတွက် ရှစ်ဆယ့်ရှစ်ထပ်က နယ်မြေ(ဃ၁)ကို ဖိနှိပ်ပြရမယ်။ အဲဒီအချိန်ကျရင် နယ်မြေ(ဂ)က နယ်ရုပ်အဖြစ် အဆင့်တိုးမြှင့်နိုင်မှာပါပဲ။”
ထိုအချိန်တွင်တော့ သူ့အပြုံးက ဟန်လုပ်ပြုံးခြင်းမဟုတ်တော့ဘဲ စစ်မှန်နေပေသည်။
“နယ်မြေ(ဂ)က နယ်ရုပ်ဖြစ်လာနိုင်ပြီးနောက်မှာ ရာဇဝတ်သားတွေကို ရှင်းလင်းချိန်မှာ ကန့်သတ်ချက်မရှိတော့ဘူး။ ဒါ့အပြင် စစ်ရေးအကျိုးပြုမှုတွေလည်း ပိုပြီးရရှိနိုင်ဦးမှာ ဖြစ်တယ်။”
“ရှစ်ဆယ်ကိုးထပ်အောက်မှာလား။”
ရွှီချင်းက မေးလိုက်သည်။ တစ်ဖက်လူက နယ်မြေဂအကြောင်းပြောသည်ကို သူ ကြားမိခဲ့သေးသည်။
“ဟုတ်တယ်။ အချုပ်ထောင်ဌာနခွဲကို က၊ ခ၊ ဂ၊ နဲ့ ဃဆိုပြီး နယ်မြေလေးခုအဖြစ် ခွဲထားတယ်။ ရှစ်ဆယ့်ကိုးထပ်အပေါ်က အထပ်တွေအားလုံးက နယ်မြေ(ဃ)ပဲ။”
“ရှစ်ဆယ့်ကိုးထပ်အောက်က နေရာကတော့ နယ်မြေ(ဂ)ပဲ။ နယ်မြေ (ခ)နဲ့ (က)ကတော့ ငါတို့ သိနိုင်တာမျိုး မဟုတ်ဘူး။ အမှန်ကတော့ နယ်မြေ(ဂ)ကတောင် တော်တော်လျို့ဝှက်ဆန်းကြယ်နေပြီ။ အဲဒီကို ငါကိုယ်တိုင်လည်း မရောက်ဖူးသေးဘူး။ အဲဒီနယ်မြေထဲမှာ ဘယ်နှထပ်ရှိနေလဲဆိုတာကိုတောင် မသိဘူး။”
“အဲဒီနေရာမှာ အချုပ်ကျနေတဲ့ ရာဇဝတ်သားတွေထဲမှာ အနိမ့်ဆုံးက ယွမ်ယင်အဆင့်ရှိတယ်လို့ပဲ သိနိုင်သေးတယ်။ ပြီးတော့ သူတို့ရဲ့ရက်စက်မှုက နယ်မြေ(ဃ)ထဲက အချုပ်သားတွေထက် အများကြီးကျော်လွန်နေတယ်။”
သက်လတ်ပိုင်းနယ်ရုပ်က ထိုသို့ပြောရင်း ရွှီချင်းအား ကိုးထပ်ရှိ စာရင်းဌာနရုံးသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုနေရာတွင် ရွှီချင်းက အနက်ရောင်မီးတောက်များနှင့် တာအိုဝတ်စုံကို ရယူခဲ့ပြီး ကိုယ်အရှိန်အဝါကို မှတ်တမ်းတင်ခဲ့လိုက်သည်။
သူစောင့်ကြပ်ရမည့် အချုပ်ခန်းကိုလည်း ထိုနေရာမှ စီစဉ်ပေးအပ်ခဲ့သည်။
“နယ်မြေ (ဃ(၁၃၂))။”
ရွှီချင်းစောင့်ကြပ်ရမည့် အချုပ်ခန်းကို မြင်လျှင် သက်လတ်ပိုင်းနယ်ရုပ်သည် အနည်းငယ်အံ့သြမိသွားသည်။ သူက ရွှီချင်းအား ကွက်ကြည့်ကွက်ကြည့်ဖြစ်နေတော့သည်။
ရွှီချင်းက ပဟေဠိဖြစ်သွားပြီး သူ့အား ပြန်ကြည့်လိုက်သည်။
“ပြဿနာရှိလို့လား။”
“(ဃ(၁၃၂))က ဘယ်လိုပြောရမလဲ။ ကံကောင်းမှုလို့ ပြောနိုင်သလို ကျိန်စာလဲဖြစ်နေတယ်။ ငါးဆယ့်ခုနစ်ထပ်မှာ ရှိနေတာပဲ။”
သက်လတ်ပိုင်းနယ်ရုပ်က ခေါင်းယမ်းလိုက်ပြီး ရွှီချင်းအား ရှုပ်ထွေးစွာကြည့်လိုက်သည်။
ရွှီချင်း မျက်မှောင်ကြုတ်လိုက်သည်။
“အဲဒါက ရာဇဝတ်သားတွေနဲ့ မဆိုင်ဘူး။ အထဲက ရာဇဝတ်သားတွေက တခြားအချုပ်ခန်းထဲကသူတွေထက် ပိုပြီးကြမ်းတမ်းရက်စက်တာတော့မှန်ပေမဲ့ နယ်မြေ(ဃ)ထဲမှာပဲ ရှိနေတာပဲ။ အဲဒီအချုပ်ခန်းရဲ့ အရင်ကစောင့်ကြပ်သူတွေအများကြီးဟာ အပြင်မှာ ကျိန်စာကြောင့် ဆန်းကြယ်တဲ့ပုံနဲ့ သေဆုံးသွားခဲ့ကြရတယ်။်
“ဒါပေမဲ့ စောင့်ကြပ်သူတိုင်း သေဆုံးခဲ့တာတော့လည်း မဟုတ်ဘူး။ ဘာမှမဖြစ်ပဲ အကောင်းအတိုင်းရှိနေသူတချို့လည်း ရှိနေသေးတယ်။ ကံထူးမှုကတော့ ငါတို့ရဲ့ ရုံးတော်သခင်က ရွှေအမြုတေအဆင့်တုန်းက နယ်မြေ(ဃ(၁၃၂))ရဲ့ အစောင့်ဖြစ်ခဲ့ဖူးတာပဲ။”
“နယ်မြေ(ဃ(၁၃၂))မှာ အစောင့်အသစ် မရှိတာ နှစ်တစ်ရာနီးပါးရှိပြီ။”
ရွှီချင်း၏ အကြည့်တို့ စူးစိုက်သွားသည်။ ထိုကိစ္စက သူ့အာရုံကို ဆွဲဆောင်သွားသည်။
ထို့ကြောင့် သူက နယ်မြေ(ဃ(၁၃၂))ထဲက ထောင်သားများအကြောင်း မှတ်သားထားသော ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်သည်။
နယ်မြေ(ဃ(၁၃၂))တွင် ထောင်သားအနည်းငယ်သာရှိသည်။ အပေါ်ယံကြည့်ရာတွင်တော့ ရွှီချင်းက ပြဿနာကို ရှာမတွေ့ပါ။ သို့ရာတွင် သူက နယ်မြေ(ဃ(၁၃၂))သို့ ချက်ချင်းသွားရန်တော့ စိတ်ကူးမရှိသေးပေ။ ထိုအစား အရင်ပြန်သွားပြီး ရှာဖွေလေ့လာကြည့်ရန် ကြံစည်ထားလိုက်သည်။
ဤသို့ဖြင့် ရွှီချင်းသည် အချုပ်ထောင်ဌာနအကြောင်းကို ဆက်မေးလိုက်ပြီးနောက် ဖုန်းဟိုင်ဒေသ၏ ပထမဆုံးအချုပ်ထောင်မှ ထွက်ခွာလာတော့သည်။
သူပြင်ပလောကသို့ ပြန်ရောက်လာချိန်တွင် နေဝင်ချိန်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။
ဤယနေ့သည် ကိစ္စများစွာ ပြီးစီးနိုင်ခဲ့သည်ဟု ရွှီချင်းခံစားမိလိုက်သည်။ ရုံးတော်သခင်ကို တွေ့ဆုံခြင်းမှ နယ်ရုပ်အဖြစ် ထမ်းဆောင်ရခြင်း၊ ရာဇဝတ်ကောင်များအား သတ်ဖြတ်ခြင်းနှင့် သူ၏ပဥ္စမနန်းတော် ဖွဲ့စည်းမှု ပြီးစီးခါနီးခြင်းတို့အထိ မျိုးစုံဖြစ်ခဲ့သည်။
“ဓားခန်းဆောင် ဆောက်ရဦးမယ်။”
အချုပ်ထောင်ဌာနကထွက်လာခဲ့ပြီးနောက် ရွှီချင်းက မြေပြင်တွင် အမြင့်မျိုးစုံရှိနေကြသည့် ဓားခန်းဆောင်အဝိုင်းပတ်များအား ကြည့်လိုက်ပြီး အပြင်ဘက်ဆုံးစက်ဝိုင်းဆီသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူက အမိန့်ဓားကို ထုတ်လိုက်ပြီး နောက်ဆုံးဓားခန်းဆောင်မှ ပေတစ်ထောင်အကွာနေရာမြေပြင်တွင် ထိုးစိုက်လိုက်တော့သည်။
နောက်တစ်ခဏတွင် အမိန့်ဓားသည် တဖျပ်ဖျပ်လင်းလက်လာပြီး တဝုန်းဝုန်းသံများ မြည်လာတော့သည်။ တခြားသော ဓားခန်းဆောင်များနှင့် တစ်ထေရာတည်းတူသည့် ပေတစ်ရာရှိသော ဓားခန်းဆောင်ကြီးတစ်ခု သူ့ရှေ့တွင် ထွက်ပေါ်လာသည်။
ပေတစ်ရာသည် အနည်းဆုံးအခြေခံအမြင့်လည်းဖြစ်ပေသည်။
ဓားခန်းဆောင်ဖြစ်တည်လာသည်နှင့် ရွှီချင်းက ဓားကိုသိမ်းလိုက်သည်။ ထို့နောက် ဓားခန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုဓားခန်းဆောင်သည် ပြင်ပမှကြည့်လျှင် ပေတစ်ရာအမြင့်ရှိသော်လည်း အတွင်းတွင်ကား ထိုသို့မဟုတ်ဘဲ ကွဲပြားနေသည်။ အတွင်းနေရာတို့သည် ဂူအိမ်များနှင့် ဖွဲ့စည်းပုံဆင်တူနေပြီး အာခီမီခန်း၊ လက်နက်သန့်စင်ခန်း၊ တံခါးပိတ်ကျင့်ကြံခြင်းအခန်းနှင့် ဧည့်ခန်းစသည်ဖြင့် ခွဲခြားထားသည်။
ဝိညာဉ်အားစုဆောင်းခြင်းအစီအရင်တစ်ခုလည်း ရှိနေသဖြင့် ဓားခန်းဆောင်ထဲတွင် ဝိညာဉ်ချီတို့လွန်စွာကြွယ်ဝနေသည်။ ထိုနေရာတွင် ကျင့်ကြံခြင်းသည် ပြင်ပတွင်ထက်သက်တောင့်သက်သာ ပိုရှိနေသည်။
ထို့ကြောင့် ရွှီချင်းက ဂိုဏ်းခွဲသို့ပြန်သွားခြင်းမပြုတော့ဘဲ ဤနေရာတွင်သာ အနားယူရန်ဆုံးဖြတ်လိုက်သည်။
ကာကွယ်ရေးအစီအရင်များနှင့် အဆိပ်များစသည့် ကာကွယ်ရေးအရံအတားများကိုတော့ ရွှီချင်းမေ့လျော့မည် မဟုတ်ပေ။
ဓားခန်းဆောင်၏ ခုခံမှုတို့ကပင် သာမန်မဟုတ်သော်လည်း ရွှီချင်းက အကျင့်ထုံးစံအတိုင်းလုပ်ဆောင်ပြီးမှ စိတ်အေးချမ်းနိုင်ပေသည်။
ထို့နောက်တွင်တော့ သူက ထိုင်လိုက်ပြီး မျက်လုံးများမှိတ်ကာ ကျင့်ကြံလိုက်တော့သည်။
အချိန်တို့ ကုန်လွန်သွားသည်။
ထိုအချိန်တွင်းတွင် ခေါင်းဆောင်ထံမှ ဓားကိုင်လက်သစ်တို့အား အကဲဖြတ်မှုအားလုံး ပြီးစီးသွားပြီဖြစ်ကြောင်း အသံပို့လွှတ်မှုတစ်ခုကိုလည်း သူလက်ခံရရှိခဲ့သေးသည်။ သူက ရွှီချင်းအား ကြွားဝါဟန်ဖြင့် သူရခဲ့သော တာဝန်နေရာအကြောင်းကို ပြောနေလိုက်သေးသည်။
“ဓားကိုင်ရုံးတော်က မင်းအစ်ကိုကြီးကို အလေးပေးထားသေးတာပဲ။ သူတို့က အကျိုးဆောင်မှတ်တမ်းဌာနထဲမှာ ငါ့ကို တာဝန်ချပေးထားကြတယ်။”
“အဲဒီချင်းချိုးဆိုတဲ့ မိန်းမကတော့ စုံစမ်းစစ်ဆေးရေးကို တာဝန်ကျပြီး ခုန်ရှန်းလုံကတော့ အပြင်မှာ တရားခံတွေနောက်ကို ခြေရာခံလိုက်ဖို့ တာဝန်ကျသွားတယ်။ မင်းရောအပါအဝင် ဓားကိုင်လက်သစ်တွေအားလုံးထဲမှာ ငါးယောက်ကပဲ ရုံးမှတ်တမ်းနေရာတွေ တာဝန်ကျတယ်။ အဲဒီထဲမှာ ငါလည်း ပါတာပေါ့။”
ခေါင်းဆောင်သည် လွန်စွာကျေနပ်အားရနေသည်။ ကျောက်စိမ်းပေလွှာထဲတွင် ပန်းသီးကိုက်စားနေသံပင် ကြားနေရသေးသည်။
“ရွှီချင်းမင်းကရော ဘယ်လိုလဲ။ ရုံးတော်သခင်ရဲ့ သံတော်ဆင့်အဖြစ် အလုပ်တွေရှုပ်နေပြီလား။”
“ဒီလိုပါပဲ။”
ခေါင်းဆောင်၏ ကျေနပ်အားရမှုကို ရွှီချင်းအတန်ငယ်အံ့သြနေသည်။
“ချင်းလေး မင်း နားမလည်သေးဘူးမလား။ ငါ ပြောမယ်။ ငါ့နေရာကို တခြားလူတွေက အထင်သေးပြီး နှာခေါင်းရှုံ့နေကြမှာပဲ။ ဒါပေမဲ့ သူတို့က ငတုံးတွေပဲ။ ငါက ဒီနေရာကို တာဝန်ကျလာတာနဲ့ ဒီနေရာက ထင်သလောက်မရိုးစင်းဘူးလို့ ငါပြောနိုင်တယ်။”
“အကျိုးဆောင်မှတ်တမ်းရုံး။ ဒါက စစ်ရေးအကျိုးဆောင်မှုူတွေကို စစ်ဆေးတဲ့ နေရာပဲ။ ငါသေချာလုပ်နိုင်ရင် အာဏာကောင်းကောင်းရှိလာနိုင်မှာပဲ။”
“တစ်ချိန်တည်းမှာ ဘယ်သူက စစ်ရေးအကျိုးပြုမှတ်တွေ မြန်မြန်ရနိုင်တာလဲဆိုတာကို ငါအသေးစိတ် ကြည့်နိုင်သေးတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေနဲ့ ပြီးဆုံးခဲ့တဲ့ တာဝန်တွေကို ကြည့်ပြီး ဓားကိုင်အားလုံးအတွက် စစ်ရေးအကျိုးပြုမှတ်ရနိုင်တဲ့ နှုန်းကို ငါတွက်လို့ရတယ်။ ဒီနည်းနဲ့ ဘယ်တာဝန်တွေက အလွယ်ဆုံးနဲ့ စစ်ရေးအကျိုးပြုမှတ်အများဆုံး ရနိုင်လဲဆိုတာကို ငါအလွယ်တကူ ဆုံးဖြတ်နိုင်မှာပဲ။”
“ပြီးတော့ ငါမှာ စာရင်းအလုံအလောက်ရနိုင်သ၍ ဘယ်နေရာတွေက စစ်ရေးအကျိုးပြုမှတ်ရနိုင်ဖို့ ပိုသင့်တော်လဲ ကြည့်နိုင်ဦးမှာပဲ။ ဒီနေရာက တော်တော်အရေးကြီးတယ်။ ငါသေချာလေ့လာနိုင်ရင် ဒီအတွင်းက သဲလွန်စတွေကနေ အချက်အလက်တွေအများကြီး ရနိုင်သေးတယ်။”
ခေါင်းဆောင်၏အသံက တက်ကြွမှုတို့ဖြင့် ပြည့်နေသည်။ သူသည် ထိုနေရာအား လွန်စွာကျေနပ်ဟန်ရှိသည်။
ထိုစကားတွင် ရွှီချင်း၏မျက်နှာ၌ ထူးဆန်းသောအရိပ်အယောင်တစ်ခု ထင်ဟပ်သွားသည်။ ဓားကိုင်ရုံးတော်သည် ခေါင်းဆောင်အတွက် ထိုနေရာစီစဉ်ပေးချိန်တွင် သေချာစဉ်းစားခဲ့ခြင်းမရှိလောက်ဟု သူတွေးမိလိုက်သည်။
“အဲဒီအကြောင်းခဏထားလိုက်ဦး။ ငါက ဒီအကျိုးဆောင်မှတ်တမ်းရုံးကို ဆက်တူးဆွကြည့်ချင်သေးတယ်။ ချင်းလေး စောင့်သာနေလိုက်။ မကြာခင် ငါက စစ်ရေးအကျိုးပြုမှတ်ရှိဖို့ နည်းလမ်းနဲ့ နေရာကောင်းကို ရှာလာခဲ့မယ်။ ပြီးတာနဲ့ မင်းကို အဲဒီနေရာကို ခေါ်သွားမယ်။”
ခေါင်းဆောင်က တက်ကြွစွာဖြင့် ခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပြီး ရှာဖွေလေ့လာမှုထဲ အာရုံစိုက်နေလိုက်တော့သည်။
ထိုမြင်ကွင်းတွင် ရွှီချင်းလည်း တက်ကြွမျှော်လင့်မှုတို့ ခံစားမိသည်။
“စစ်ရေးအကျိုးပြုမှတ်တွေပဲ။”
ရွှီချင်းက ခေါင်းမော့လိုက်ပြီး အဝေးသို့ငေးကြည့်လိုက်တော့သည်။ သူကြည့်နေသည့်နေရာကား ကျောက်ရှာပြည်နယ်ဖြစ်ပြီး ကျောက်ရှာတောင်တည်ရှိရာနေရာလည်း ဖြစ်ပေသည်။
“အင်ပါယာဓားလည်း ရှိသေးတယ်။ ငါ့မှာ အင်ပါယာဓားကို နောက်တစ်ကြိမ်ဆင်ခြင်ခွင့်ရှိနေသေးတာပဲ။ အဲဒါကိုအမြန်ဆုံးသုံးရဦးမယ်။”
ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အမိန့်ဓားကို ထုတ်ယူလိုက်သည်။
အင်ပါယာဓားကို ဆင်ခြင်နိုင်ရန် သူကြိုတင်စာရင်းပေးရန် လိုအပ်သေးသည်။ ဓားကိုင်များစွာရှိနေပြီး တစ်ရက်အတွက် ရနိုင်ခွင့်မှာ အကန့်အသတ်ရှိနေသည်။ ထို့ကြောင့် ရွှီချင်းကအမိန့်ဓားကို သုံးလိုက်ပြီး စာရင်းပေးလိုက်တော့သည်။ အချိန်ကတော့ နောက်တစ်ရက်နေဝင်ချိန်ဖြစ်ပေသည်။
ထိုသို့ပြုလုပ်ပြီးနောက် နယ်မြေ(ဃ(၁၃၂))အား ရွှီချင်းတွေးလိုက်မိသည်။ သူက ထောင်သားတို့၏ မှတ်တမ်းကျောက်စိမ်းပေလွှာကို ထုတ်လိုက်ပြီး သေချာဖတ်ကြည့်လိုက်သည်။
နယ်မြေ(ဃ(၁၃၂))တွင် ထောင်သားများစွာမရှိဘဲ ဆယ့်လေးဦးသာရှိနေသည်။ ထို့အပြင် သူတို့အားလုံးသည် အချုပ်ကျနေခဲ့သည်မှာ နှစ်ငါးရာကျော်နေပြီဖြစ်ကာ တချို့မှာ နှစ်တစ်ထောင်ပင် ကျော်သွားပြီဖြစ်သည်။ ထိုအချိန်တွင်းတွင် အချုပ်သားအသစ်လည်း ထပ်မံထည့်သွင်းခြင်းမရှိသလို အတွင်းရှိအချုပ်သားများကလည်း သေဆုံးခြင်းမရှိခဲ့ပေ။
သို့ရာတွင် လွန်ခဲ့သော နှစ်တစ်ရာခန့်အတွင်း၌ ထိုအချုပ်ခန်းတွင် အစောင့်ကင်းမဲ့နေခဲ့သဖြင့် အချုပ်သားတို့မှာ လှောင်အိမ်များထဲတွင်သာ နေခဲ့ရသည်။ ဝိညာဉ်ချီတချို့သာ သတ်မှတ်ချိန်တွင် စိမ့်ဝင်လာပြီး အခြေခံအသက်ရှင်သန်မှုကို ထိန်းသိမ်းရန် ဖွင့်ပေးခဲ့သည်။
ရွှီချင်းက ကျောက်စိမ်းပေလွှာကို အတန်ကြာသည်အထိ လေ့လာကြည့်ခဲ့သော်လည်း မနက်လင်းချိန်အထိ ထိုအချုပ်ခန်းအကြောင်းနှင့်ပတ်သက်၍ ထူးခြားချက်များစွာ မတွေ့မြင်နိုင်ခဲ့သေးပေ။
ထူးခြားသည်ဟု ဆိုရနိုင်သည်ကတော့ နယ်မြေ(ဃ(၁၃၂))ထဲက အချုပ်သားတို့သည် တခြားသော အချုပ်ခန်းများထဲက အချုပ်သားများထက် သက်တမ်းပိုရှည်ကြာစွာ နေထိုင်နိုင်ခြင်းသာဖြစ်သည်။
အတန်ကြာစဉ်းစားကြည့်လိုက်ပြီးနောက် ရွှီချင်းက တစ်ချက်မျှကြည့်ရှုရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့ကြောင့် အရုဏ်တက်ချိန်နောက်တွင် သူက အချုပ်ထောင်ဌာနသို့ သွားခဲ့ပြီး ငါးဆယ့်ခုနစ်ထပ်သို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။ သူက နယ်မြေ(ဃ(၁၃၂))အချုပ်ခန်းပေါက်ရှေ့တွင် ရပ်နေလိုက်သည်။
အချုပ်ခန်း၏ အစိမ်းရောင်သန်းနေသော အနက်ရောင်တံခါးကြီးသည် ရှေးဟောင်းအသွင် ခံစားမှုတို့ ထုတ်လွှတ်နေသည်။
ရွှီချင်းသည် ထိုနေရာတွင်အတန်ကြာရပ်နေလိုက်ပြီး သူ့မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်မှုတို့ ထင်ဟပ်လာသည်။ ထို့နောက် သူက နှစ်ရာချီကြာမပွင့်ခဲ့သော အချုပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့သည်။
တဖြည်းဖြည်းပွင့်လာသော တံခါးကြားမှ ပျက်စီးဆွေးမြည့်ခြင်းအရှိန်အဝါတို့ ပြန့်လွင့်လာပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားသည်။
တခြားသော အထပ်များရှိနယ်ရုပ်များကလည်း လှေကားများပေါ်တွင် ကုန်းနေကြလျက် ရွှီချင်းရှိနေသော နေရာကို ကြည့်နေလိုက်ကြသည်။
“ဃ(၁၃၂) ပြန်ပွင့်သွားပြီပဲ။”