ဃ(၁၃၂)အတွင်းက အချုပ်သားများ(၁)
Vol. 35 Ch. 526
ဃ(၁၃၂)တွင် အချုပ်သားစုစုပေါင်း ဆယ့်လေးဦးသာရှိသည်။
နယ်မြေ(ဃ)ထဲက အချုပ်သားရာထောင်ချီရှိသည့် တခြားသော အချုပ်ခန်းကြီးများနှင့် ယှဉ်လျှင်တော့ ဤနေရာရှိ အချုပ်သားအရေအတွက်သည် နည်းပါးလွန်းလှသည်။
ထိုသို့ နည်းလွန်းသဖြင့် ရွှီချင်းက များစွာစဉ်းစားရန် မလိုလိုက်ဘဲ အချုပ်သားများအားလုံး၏ အချက်အလက်များ သူ့ စိတ်ထဲတွင် ပေါ်လာကြတော့သည်။
ထိုအချိန်တွင် ဃ(၁၃၂)၏တံခါးပေါက် ပွင့်လာပြီး ပုပ်သိုးဆွေးမြည့်အရှိန်အဝါတို့ ပြန့်လွင့်လာလျှင် ရွှီချင်းသည် တံခါးပေါက်တွင် ရပ်လျက် တည်ငြိမ်စွာ စောင့်ကြည့်နေလိုက်သည်။
တံခါးပေါက်အတွင်းပိုင်းတွင်တော့ ပိန်းပိတ်အောင်နက်မှောင်နေသည်။
ရွှီချင်းက အချိန်ခဏတာ စဉ်းစားလိုက်ပြီး လှမ်းဝင်လိုက်သည်။
သူက အချုပ်ခန်းမကြီးအတွင်းပိုင်း နက်မှောင်သော နေရာထဲသို့ တစ်လှမ်းချင်း လှမ်းဝင်လာသည်။ ထို့နောက် လက်ကိုယမ်းလိုက်လျှင် ဂိတ်တံခါးသည် ဝုန်းခနဲပိတ်သွားလေသည်။
ထိုအသံသည် ပြန့်ထွက်သွားပြီး အာရုံစိုက်နေကြသော နယ်ရုပ်များအားလုံး၏နားအတွင်းသို့ ဝင်ရောက်သွားကြပြီး သူတို့စိတ်ထဲတွင် လှိုင်းများ ဖြစ်သွားကြသည်။
ဃ(၁၃၂)အချုပ်ခန်းကြီးအတွင်းတွင်တော့ မှောင်မိုက်လျက်သာ ရှိနေသေးသည်။ ခြေသံတို့သာ တရှပ်ရှပ်ပဲ့တင်ထွက်နေ၏။
၎င်းတို့မှာ ရွှီချင်း၏ ခြေသံများ ဖြစ်သည်။ သူက နယ်ရုပ်အခွင့်အာဏာကို အသုံးချပြီး ထိုနေရာတွင် မီးများထွန်းညှိခြင်းမပြုပေ။ အဘယ်ကြောင့်ဆိုသော အရာအားလုံးကို လှစ်လာပြသည့် အလင်းနှင့်ယှဉ်လျှင် အမှောင်ထုသည် သူနှင့်ပိုကိုက်ညီသည်ဟု ရွှီချင်းခံစားမိသောကြောင့်ဖြစ်သည်။
သူသည် မူလကတည်းကပင် အမှောင်ကို ပို၍သဘောကျသည်။
သူက အမှောင်ကို ကျင့်သားရလာချိန်တွင် မှိန်ပျပျသာရှိနေသေးသည့်တိုင် ပတ်ပတ်လည်နေရာတို့ကို ခွဲခြားမြင်နိုင်လာသည်။
သူ သတ်ဖြတ်နေခဲ့သော အချုပ်ခန်းကြီးကဲ့သို့ပင် ဃ(၁၃၂)အလယ်တွင်လည်း လှောင်အိမ်ခန်းများဝိုင်းထားလျက် လေးထောင့်အသွင် မြေကွက်လပ်နေရာကြီးတစ်ခု ရှိနေသည်။
ရွှီချင်းက လှောင်အိမ်ခန်းများအပြင်ဘက်တွင် လျှောက်လာခဲ့ရင်း အခန်းလွတ်များစွာ ဖြတ်ကျော်လာခဲ့ပြီး ဆယ့်ကိုးခုမြောက်လှောင်အိမ်သို့ ရောက်ရှိလာချိန်တွင်မှ ရပ်တန့်သွားသည်။
ထိုလှောင်အိမ်တွင်တော့ တစ်စုံတစ်ဦးရှိနေသည်။
ထိုသူသည် ရွှီချင်းအား နောက်ကျောပေးကာ ထိုင်နေသည့် ကိုယ်ရိပ်သဏ္ဌာန်တစ်ခု ဖြစ်သည်။ ထိုသဏ္ဌာန်သည် မြင့်မားလွန်းသဖြင့် သူ၏ခေါင်းသည် လှောင်အိမ်အမိုးနှင့် ထိလုမတတ်ပင် ဖြစ်နေသည်။
သူသည် ဗလာကျင်းနေသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် လက်တံပေါင်းမြောက်မြားစွာ လှုပ်ရှားယိမ်းခါနေကြသည်။ တချို့သည် ရှည်လျားပြီး တချို့က တိုတောင်းကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် အဝတ်စချည်မျှင်များကဲ့သို့ တွဲလောင်းကျနေကြသည်။
ထိုဘီလူးသတ္တဝါကြီးက ရွှီချင်းရောက်ရှိလာသည်ကို အာရုံမစိုက်ဟန်ဖြင့် အမူအရာမပျက် ဆက်လက်စားနေသည်။ သူ၏ ကိုက်ဝါးသံတို့သည် အခန်းထဲတွင် ပဲ့တင်ထပ်နေပြီး သူက စားနေသည်ကို ဆွဲဖဲ့ရင်း ခေါင်းပင်လှုပ်ယမ်းလျက်ရှိသည်။
လှောင်အိမ်ပြင်ပတွင် ရွှီချင်းက မလှုပ်မယှက်ရပ်ကာ အေးစက်စက်ကြည့်နေသည်။
အရိပ်လေးမှတစ်ဆင့် ထိုသတ္တဝါကြီးစားသောက်နေသည်က သူ၏လက်တံများပင်ဖြစ်နေကြောင်း သူ အထင်အရှားမြင်နိုင်ပေသည်။
တစ်ချိန်တည်းမှာပင် သူက ထိုအချုပ်သား၏သွင်ပြင်ကိုလည်း အသေအချာ တွေ့မြင်လိုက်ရသည်။
အချုပ်သားအချက်အလက်များအရ ထိုသူသည် တိမ်မြူသားရဲကောင်တစ်ကောင် ဖြစ်ပေသည်။
ဒေသငယ်မြို့တော်သို့ လာခဲ့သည့်လမ်းတွင် ရွှီချင်းသည် ယွင်ဖုန်းပြည်နယ်ထဲ၌ တိမ်မြူသားရဲများကို တွေမြင့်ဖူးခဲ့သည်။ သူတို့သည် အသိဉာဏ်မရှိကြဘဲ ကိုယ်ခန္ဓာတို့ကလည်း ပေတစ်ထောင်ကျော်အမြင့် ရှိကြသည်။ သူ့ရှေ့က ဤကိုယ်သဏ္ဌာန်ကတော့ အတော်လေးအရပ်နိမ့်နေသေးကာ သွင်ပြင်အရလည်း အနည်းငယ်ကွဲထွက်နေသည်။
ရွှီချင်းက အကြည့်ကိုလွှဲဖယ်လိုက်ပြီး ဆက်လျှောက်လာလိုက်သည်။ မကြာမီ လှောင်အိမ်ခန်း ခုနစ်ခု၊ ရှစ်ခုကျော်လာပြီးနောက်တွင် ဒုတိယအချုပ်သားကို သူ တွေ့ရှိလိုက်ရသည်။
ဤအချုပ်သားသည် အမျိုးသမီးအချုပ်သားတစ်ဦး ဖြစ်သည်။
လူသားတစ်ဦးလည်း ဖြစ်ပေသည်။
သူမတကိုယ်လုံးမှာ အညစ်အကြေးမျာနှင့် ကိုက်ချက်ဒဏ်ရာတို့ဖြင့် ဖုံးလွှမ်းနေသည်။
သူမသည် အတန်ငယ်လှပသူတစ်ဦးဖြစ်ကြောင်း ခပ်ရေးရေးမြင်နိုင်ပြီး သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းကလည်း ပို၌ပင်ဆွဲဆောင်မှုရှိနေသည်။ ထိုအချိန်တွင် သူမသည် ထောင့်တစ်နေရာတွင် ဝပ်လျက်ရှိနေပြီး ကောက်ရိုးအရုပ်တစ်ခုအား ချော့သိပ်နေဟန် ကိုင်ဆောင်ထားသည်။
ရွှီချင်း ဖြတ်လာသောအချိန်တွင် သူမက သူ့အား အာရုံခံမိသည်။ သူမက ဘယ်လက်ညိုးကို မြှောက်လိုက်ပြီး နှုတ်ခမ်းတွင် တေ့လျက် ခပ်တိုးတိုး ‘ရှူး’ဟု ပြလိုက်သည်။
ကလေးငယ်အိပ်နေသည်ကို မနှောင့်ယှက်ဟန် ရွှီချင်းအား ပြောနေဟန်ပင်။
သူမ ရှိနေသော လှောင်အိမ်ခန်းကြမ်းပြင်သည် ကောက်ရိုးခြောက်များ၊ ပျက်စီးစုတ်ပြဲနေသော အရုပ်များစွာတို့ဖြင့် ဖုံးလွှမ်းနေသည်။
ရွှီချင်းက စိတ်ထဲတွင်ပေါ်လာသည့် သူမအကြောင်းတို့ကို အေးစက်စက်ကြည့်လိုက်သည်။ ဤအမျိုးသမီးသည် တစ်ချိန်က အာကာသွင်ပြောင်းမိစ္ဆာဂိုဏ်းက ကောင်းကင်လက်ရွေးစင်တစ်ဦးဖြစ်ခဲ့သည်။
သူမက အစောပိုင်းနှစ်များတွင် ကံထူးမှုတစ်ခုကြုံတွေ့ခဲ့ပြီး သက်တော်ရှည်သစ်သီးကဲ့သို့သော ကောင်းကင်ရတနာတစ်ခုကို စားခွင့်ရခဲ့သည်။ မူလတွင် သူမအပေါ် မျှော်လင့်ချက်များစွာထားရှိခဲ့ကြသော်လည်း သူမသည် အမှန်တကယ်အားဖြင့် မွေးကင်းစလူသားကလေးငယ်များကို ချက်စားနေခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ကြရသည်။
ထိုကိစ္စသည် ထိုစဉ်အခါက ကြီးကြီးမားမားလှုပ်ခတ်ခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သူမအား ကွပ်မျက်ခဲ့သင့်သည်ဖြစ်သော်လည်း သူမသတ်ဖြတ်ခဲ့သော ကလေးငယ်များ၏ မိသားစုများက သေခြင်းထက်ပိုဆိုးသော အဆုံးမသတ်နိုင်သည့် နှိပ်စက်ခြင်းကို ခံစားရစေရန်တောင်းဆိုခဲ့ကြသည်။
ထို့ကြောင့် သူမအား ဤနေရာတွင် ချုပ်နှောင်ထားကြ၏။
ထိုအချိန်တွင် ရွှီချင်းသည် လှောင်အိမ်ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ကောက်ရိုးအရုပ်များထံသို့ စူးစိုက်ကြည့်လိုက်သည်။ ၎င်းတို့၏မျက်လုံးများသည် ပြူးကျယ်နေပြီး အမျိုးသမီးကို စိုက်ကြည့်နေကြသည်။ ရုတ်တရက် ၎င်းအရုပ်တို့က ပါးစပ်များဖွင့်ဟလိုက်ကြပြီး အော်သံများထုတ်လွှတ်ရင်း သူမထံသို့ ခုန်အုပ်လိုက်ကြသည်။
ထိုအထဲတွင် အမျိုးသမီးလက်ထဲက ကောက်ရိုးရုပ်လည်း ပါဝင်နေသည်။ ၎င်းအရုပ်က အမျိုးသမီးအား အပြင်းအထန်ကိုက်လိုက်သည်။
ကောက်ရိုးရုပ်များကိုက်ဖြတ်သည်ကို ခံလိုက်ရသဖြင့် အမျိုးသမီးသည် တုန်ယင်နေသည့်တိုင် ခုခံဟန့်တားခြင်းမပြုပေ။ ထိုအစား သူမက ခေါင်းကိုသာ မော့လိုက်ပြီး ရွှီချင်းထံ ပြုံးပြလိုက်လေသည်။ သူမအပြုံးကတော့ ရွှီချင်းအား နှုတ်ဆက်နေသည့်ပမာ ထူးဆန်းနေသည်။
ရွှီချင်းက သူမအား အတန်ကြာသည်အထိ ကြည့်လိုက်ပြီးနောက်မှ အကြည့်လွှဲကာ ထွက်လာပြီး နောက်ထပ်အချုပ်သားတစ်ဦးထံသို့ လျှောက်လာလိုက်တော့သည်။
ဤသို့ဖြင့် သူသည် အချုပ်ခန်းတစ်ဝက်ခန့်ပတ်လျှောက်လာခဲ့ပြီး ၎င်းလှောင်အိမ်များအတွင်းရှိ ရာဇဝတ်သားတို့၏ အချက်အလက်များဖြင့် တစ်ဦးချင်း ယှဉ်တွဲစစ်ဆေးကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့တွင် ပြဿနာတစ်စုံတစ်ခုရှိနေသည်လားဆိုသည်ကိုလည်း စောင့်ကြည့်လိုက်သေးသည်။
နယ်မြေ(ဃ(၁၃၂))သည် အဘယ်ကြောင့် ကံဆိုးနေရကြောင်းကို ရွှီချင်း အာရုံစိုက်မိလှသည်တော့ မဟုတ်ပေ။ သို့ရာတွင် သူက ဤအချုပ်ခန်းကြီးကို စောင့်ကြပ်သူဖြစ်နေရာ ဤနေရာရှိအရာအားလုံးကို သူက ထိန်းချုပ်ထားရပေမည်။
သူ့တွေ့ရှိမှုတို့အရ ရွှီချင်း တိုက်ရိုက်ရရှိနိုင်သည့် ခံစားချက်ကတော့ ဤနေရာရှိ ရာဇဝတ်သားတို့သည် သူ သတ်ဖြတ်ခဲ့သူများထက်ပင် ထူးဆန်းနေသည်ဟုပင်။
အမှန်ဆိုရလျှင် သတ္တမမြောက်အချူပ်သားသည် သွေးသားနှင့်သတ္တဝါတစ်ကောင်ပင် မဟုတ်ပေ။
၎င်းသည် သူ့အလိုလိုလည်ပတ်နေသည့် ကြိတ်ဆုံကျောက်ကြီးတစ်ခုသာဖြစ်နေသည်။
၎င်းမှာ ဆက်လက်လည်ပတ်ရင်း စုပ်အားများဖြင့်ဆွဲငင်နေပြီး လှောင်အိမ်ထဲတွင် ရှိရှိသမျှအရာအားလုံးကို ဝါးမျိုထောင်းကြိတ်ချင်နေသည့်အလားပင်။
တစေလက်ပင် ထိုမျိုးနွယ်အား မိတ်ဆက်ပေးခဲ့ခြင်းမရှိပေ။ အချုပ်သားအချက်အလက်များအရ ၎င်းသည် ကျောက်မိစ္ဆာတစ်ကောင်ဖြစ်ပေသည်။
၎င်းသည် နတ်ဘုရားမျက်နှာပျက်ကြီးရောက်ရှိလာပြီးနောက် ပေါက်ဖွားလာသော ရှားပါးမျိုးနွယ်တစ်ခုဖြစ်ပေသည်။
ယခုတွင် ရွှီချင်း (၂၃၇)ခုမြောက်လှောင်အိမ်ရှေ့၌ ရပ်လျက်ရှိနေသည်။ ထိုအထဲတွင် ချုပ်လှောင်ခံထားရသည့် သတ္တဝါကတော့ ဤအချုပ်ခန်းကြီးထဲတွင် အချုပ်ကျနေသည့် ဆယ့်သုံးယောက်မြောက် အချုပ်သားပင်ဖြစ်သည်။
၎င်းတွင် ကိုယ်ထည်ပိုင်းမပါဘဲ ခေါင်းသက်သက်သာရှိနေသည်။ ၎င်းသည် လှောင်အိမ်ထဲရှိ မြေပြင်ပေါ်တွင် လှိမ့်ကာသွားနေသည်။ ၎င်းက ရွှီချင်းအား သတိပြုလိုက်မိပြီးနောက် ဖျပ်ခနဲရပ်တန့်သွားပြီး ရွှီချင်းအား မျက်လုံးနီများဖြင့် ကြည့်လျက် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“ပျော်စရာပဲ။ မင်းက သေနေပြီးတာသေချာနေပေမဲ့ မင်းကိုယ်မင်းမသိသေးဘူး။ ပျော်စရာပဲ။ မင်းက နောက်တစ်ကြိမ်မှာ ကောက်ရိုးဦးထုပ် ကျင့်ကြံသူတစ်ဦးလက်မှာ သေရမယ်။ ဒါပေမဲ့မင်းက သေနှင့်ပြီးသားလေ။ ဘယ်လိုလုပ် နောက်တစ်ကြိမ်သေနိုင်မှာလဲ။”
“မင်းက အသေဆိုးနဲ့သေရမှာပဲ။ မင်းခန္ဓာကိုယ်က ပျက်စီးသွားပေမဲ့ မင်းခေါင်းက ရှိနေခဲ့ဦးမှာပဲ။ ကျင့်ကြံသူက မင်းရဲ့ခေါင်းကို တစ်နေရာကို ယူသွားမယ်လို့ ပြောနေသေးတယ်။”