ဃ(၁၃၂)အတွင်းက အချုပ်သားများ (၂)
Vol. 35 Ch. 527
“ဝမ်းနည်းစရာပဲ။ ဝမ်းနည်းစရာကောင်းလိုက်တာ။”
“အားလုံးက မင်းကို လိုက်ရှာနေကြတယ်။ ဒါပေမဲ့ မတွေ့နိုင်ကြဘူး။ ဟား… ဟား… မင်းကို ဘယ်နေရာမှာ မြုပ်ထားတယ်ဆိုတာ သူတို့ မသိကြဘူး။ ဒါပေမဲ့ ငါကတော့ သိတယ်။ ငါ မြင်တွေ့ခဲ့တယ်။”
“အဲဒါကို မင်း ဖြေရှင်းချင်လား။ ငါ့ကို တိမ်မြူသားရဲရှိနေတဲ့ လှောင်အိမ်ထဲ ထည့်ထားပြီး နေခွင့်ပေးမယ်ဆိုရင် မင်းကို ကူညီဖြေရှင်းပေးမယ်။ ဘယ်လိုလဲ။”
“ငါ့ကို ယုံစမ်းပါ။ ငါက ဒီနေရာကို ကူစောင့်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ မသေဘဲ နေနိုင်ခဲ့တဲ့ နယ်ရုပ်အားလုံးက ငါ့ကြောင့် ရှင်နိုင်ခဲ့ကြတာပဲ။”
ရွှီချင်းက ပြန်လည်ပြောဆိုခြင်းမပြုပေ။ သူက ဦးခေါင်းကို အသေအချာစောင့်ကြည့်ခဲ့ပြီးနောက် နောက်ဆုံးအချုပ်သားကို ချုပ်ထားသည့်လှောင်အိမ်ထံသို့ သွားလိုက်သည်။
ထိုနေရာသည် ပို၍ပင် ထူးခြားနေသည်။
လှောင်အိမ်ထဲတွင်ကျင့်ကြံသူဟူ၍မရှိဘဲ ပန်းချီကားတစ်ချပ်သာရှိနေသည်။
လေထဲတွင်ဝဲတည်နေသည့် ပန်းချီကားတစ်ချပ်သာ ဖြစ်သည်။
ထိုပန်းချီကားသည် အတူတူထိုင်နေကြသော မျိုးဆက်လေးဆက်ကို ဆွဲသားထားသည်။ ၎င်းပန်းချီကားတွင် စုစုပေါင်း လူနှစ်ဆယ့်သုံးဦးရှိနေပြီး အားလုံးက ပြုံးရယ်နေကြသည်။
အလယ်တွင် အဘိုးကြီးတစ်ဦးရှိနေသည်။ ထိုအဘိုးကြီးက သားစဉ်မြေးဆက်တို့ဝိုင်းရံကာ ဝမ်းသာအူမြူးနေ၏။ ပန်းချီဆရာက သူ၏ မျက်နှာထားကို ပြီးပြည့်စုံစွာဖော်ပြထားနိုင်သည်။
ပန်းချီကားကို ကြည့်နေရင်း ရွှီချင်၏မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ချက်ထင်ဟပ်လာသည်။ ၎င်းသည်လည်း နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီးနောက် ဤကမ္ဘာလောကတွင် ပေါက်ဖွားလာသည့် မျိုးနွယ်သစ်တစ်ခုဖြစ်ပေသည်။ သူတို့၏နာမည်ကတော့ ပန်းချီကားမျိုးနွယ် ဟုပင်ဖြစ်သည်။
ထိုမျိုးနွယ်သည် လက်တွေ့လောကတွင် တည်ရှိမနေပေ။ သူတို့သည် ပန်းချီကားထဲတွင်သာ တစ်သက်လုံးနေထိုင်ကြသည်။
သို့ရာတွင် သူတို့ကတော့ ကမ္ဘာလောကကြီးသည် ပန်းချီကားထဲတွင်ဖြစ်ပြီး တခြားလူများကသာ ထိုအပြင်လောကတွင်ရှိနေကြောင်း ပြောတတ်ကြသည်။
အချိန်အတန်မျှကြာပြီးနောက်တွင် ရွှီချင်းကအကြည့်ကို ရုတ်သိမ်းလိုက်ပြီး လှည့်ထွက်လာခဲ့သည်။ ပထမဆုံးအချုပ်သား အချုပ်ကျနေသည့် လှောင်အိမ်သို့ ရောက်ရှိလာချိန်တွင်တော့ ကိုက်ဝါးနေသည့် တိမ်မြူသားရဲက ကိုက်ဝါးမှုတို့ကို ရုတ်တရက်ရပ်တန့်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“(၂၃၇)ပြောတာကို မယုံနဲ့။ သူ ဘာပြောပြောမယုံနဲ့။”
(၂၃၇)သည် ထူးဆန်းသော ဦးခေါင်းရှိသော လှောင်အိမ်ဖြစ်သည်။
ရွှီချင်းက သူ့အား အာရုံစိုက်ခြင်းမပြုပေ။ သူက အချုပ်ခန်းမကြီး၏တံခါးပေါက်သို့ လျှောက်သွားလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ မှောင်မိုက်သော အချုပ်ထောင်အတွင်းသို့ ကြည့်လိုက်ရင်း သူ့မျက်လုံးများထဲတွင် အတွေးများသောဟန်ပင်များဖြစ်ပေါ်လာသည်။
ထိုအချုပ်သားတို့သည် လွန်စွာစိတ်ဝင်စားစရာကောင်းနေသည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်လာခဲ့သည်။ အသံအနည်းငယ်မှလွဲလျှင် ဃ(၁၃၂)သည် ဆိတ်ငြိမ်စွာရှိနေသည်။
ထိုနေရာတွင် မည်သည့်ထူးဆန်းမှု၊ ဆိုးရွားဖြစ်ရပ်တို့မှ ဖြစ်မလာပေ။
ရွှီချင်းမှာ တင်ပျဉ်ခွေထိုင်နေလျက်ပင်ရှိသည်။ သူက ထိုနေရာတွင့် မည့်သည့်အရာကိုမှ ထိကိုင်ခြင်းမပြုသလို စကားလည်း တစ်ခွန်းမှမဟပေ။
အမှန်တွင် သူက လမ်းလျှောက်နေသည်ဖြစ်စေ တင်ပျဉ်ခွေထိုင်နေသည်ဖြစ်စေ ထိုခဏတွင် သူ့ခန္ဓာကိုယ်သည် တားမြစ်အဆိပ်စွမ်းအားတို့ဖြင့် ပြည့်နေလေသည်။
၎င်းအဆိပ်တို့က ပျံ့နှံ့ခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်အား ပြင်ပလောကရှိအရာအားလုံးမှ ခွဲခြားထားသည်။
ဤကား သူ၏ထုံးစံသတိထားခြင်းပင်ဖြစ်သည်။
ဃ(၁၃၂)အတွင်းက ကျိန်စာဟုဆိုကြသည့်အရာကိုတော့ ရွှီချင်းအာရုံခံနိုင်ခြင်းမရှိသေးပေ။
သူက တဖြည်းဖြည်းစုံစမ်းရန် ပြင်ထားပေသည်။
ထိုအချိန်တွင် တစ်ရက်တာအချိန်သည် ကုန်ဆုံးသွားပြီး သူ ထွက်ခွာချိန်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရွှီချင်း ထရပ်လိုက်တော့သည်။
ယမန်နေ့က အင်ပါယာဓားကို ဆင်ခြင်သုံ့သပ်ရန် သူ ကြိုတင်စာရင်းပေးသွင်းထားပြီး ဖြစ်သည်။ စာရင်းပေးသွင်းထားသည့် အချိန်မှာ ယနေ့အလုပ်ဆင်းသောအချိန် ဖြစ်ပေသည်။
သို့ရာတွင် ရွှီချင်းက ထရပ်လိုက်သည့်တစ်ခဏတွင် ခေါင်းကို ဖျတ်ခနဲလှည့်လိုက်ပြီး လူသားအမျိုးသမီးအား ချုပ်လှောင်ထားသည့် လှောင်အိမ်ဆီသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် လူရိပ်သဏ္ဌာန်တစ်ခုကို သူမြင်ရသည်။
ကောင်လေးငယ်လေးတစ်ဦး၏ကိုယ်ရိပ် ဖြစ်သည်။
သူက အမျိုးသမီး၏ လှောင်အိမ်ရှေ့တွင် ရပ်နေပြီး သူမအား တစ်ခုခုပြောနေသည့်ဟန်ရှိသည်။
ရွှီချင်း၏မျက်လုံးများထဲတွင် စူးရှသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ သူက ညာလက်ကိုမြှောက်ကာ ယမ်းလိုက်သည်။ အနီရောင်မိုးကြိုးလှိုင်းများ တဖျပ်ဖျပ်လက်ကာ သံနက်တုတ်က ချက်ချင်းပျံထွက်သွားသည်။ ၎င်းက ချက်ချင်းပင် အမျိုးသမီး၏လှောင်အိမ်ရှေ့သို့ ရောက်သွားပြီး နံရံအား ထိရိုက်သွား၏။
သို့ရာတွင် ထိုကောင်လေး၏ ကိုယ်ရိပ်ကတော့ ထူးဆန်းစွာ ပျောက်ကွယ်သွားပြီး ဖြစ်သည်။
ရွှီချင်းက အေးစက်စွာ လျှောက်လာလိုက်သည်။ သူ ချဉ်းကပ်လာသောအချိန်တွင် ကျင်းကန်းဂုဏ်းဘိုးဘိုးက သံနက်တုတ်နှင့်အတူ ပျံသန်းလာပြီး ရွှီချင်းထံသို့ စိတ်ဆက်သွယ်မှု ပို့လွှတ်လိုက်သည်။
“ဆရာ ဒီနေရာမှာ ဘာမှမရှိပါဘူး။”
ရွှီချင်းက လှောင်အိမ်ထဲက အမျိုးသမီးအား ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် ထောင့်တစ်နေရာတွင် ကွေးလျက် ရွှီချင်းအား ပြုံးပြနေသည်။
ရွှီချင်းက သူမအား အတန်ကြာစိုက်ကြည့်လိုက်ပြီးနောက် အချုပ်ခန်းတံခါးထံသို့ ပြန်လျှောက်လာခဲ့တော့သည်။ ထို့နောက် အချုပ်ခန်းကြီးထဲမှ ထွက်ခွာလာခဲ့လိုက်သည်။
အစိမ်းရောင်သန်းနေသည့်အနက်ရောင်အချုပ်ခန်းတံခါးသည် ဝုန်းခနဲပိတ်သွားချိန်တွင် ရွှီချင်းက ကျင်းကန်းဂိုဏ်းဘိုးဘိုးထံ နတ်အာရုံပို့လွှတ်မေးလိုက်သည်။
“ခင်ဗျား မမြင်လိုက်ရဘူးလား။”
“အဲ… ဆရာ ဘာကိုပြောတာလဲ။ ကျုပ်အာရုံထဲမှာတော့ အဲဒီမှာ ဘာမှရှိမနေပါဘူး။”
ကျင်းကန်းဂိုဏ်းဘိုးဘိုးက အလျင်အမြန်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်တို့လည်း လေးလံနေသည်။
သူက အသုံးမဝင်ဖြစ်နေသည်ဟု ခံစားမိသဖြင့် ဤအခွင့်အရေးကို အလွန်တန်ဖိုးထားပေသည်။ သို့သော် သူက အမှန်တကယ်လည်း အာရုံခံနိုင်ခြင်းမရှိခဲ့ပေ။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး အရိပ်လေးအား မေးလိုက်သည်။
“ဆရာ…မတွေ့ပါဘူး….”
အရိပ်လေးက တုန်ယင်စွာဖြေလိုက်သည်။ ကျင်းကန်းဂိုဏ်းဘိုးဘိုးကဲ့သို့ပင် သူလည်း အသုံးမဝင်သလို ခံစားနေရသည်။
ရွှီချင်းမျက်လုံးများထဲတွင် အေးစက်သောအရိပ်တစ်ခု ထင်ဟပ်လာသည်။ ထို့နောက် သူက ဃ(၁၃၂)သို့ တစ်ချက်ပြန်ကြည့်လိုက်သည်။
လက်ရှိတွင် စာရင်းပေးထားချိန်နီးနေပြီဖြစ်သဖြင့် သူက အင်ပါယာဓားကျင့်စဉ်အား သွားရောက်ဆင်ခြင်သုံ့သပ်ရန် လိုအပ်နေသည်။ ထို့ကြောင့် ပြန်ဝင်ကာ စုံစမ်းလိုစိတ်ကို ချုပ်တည်းလိုက်ပြီး အချူပ်ထောင်ဌာနမှ ထွက်ခွာလာခဲ့တော့သည်။
အချုပ်ထောင်ဌာနမှ သူ ထွက်လာသောအချိန်တွင် ပြင်ပတွင် နေဝင်ချိန်သို့ပင် ရောက်ခါနီးဖြစ်နေသည်။ တိမ်များသည် အုံ့မှိုင်းနေပြီး ယနေ့ညမိုးရွာရန် သေချာနေပေသည်။
ရွှီချင်းက ဃ(၁၃၂)အကြောင်းကို ဆက်မစဉ်းစားတော့ပေ။ သူက လေထဲသို့ ပျံတက်လိုက်ပြီး ဓားကိုင်ရုံးတော်သို့ ဦးတည်ရန်ပြင်လိုက်စဉ် ပေတစ်ထောင်အမြင့်ရှိသော ဓားခန်းဆောင်တစ်ခုသည် ရုတ်တရက်အလင်းများ တဖျပ်ဖျပ်လင်းလက်လာသည်။ တဝုန်းဝုန်းအသံများမြည်ဟီးလာပြီး ဓားအလင်းနှစ်ဆယ်ခန့် ပျံထွက်လာပြီး အဘက်ဘက်သို့ ဖြာထွက်သွားသည်။
ဓားကိုင်တာအိုဝတ်စုံနှင့်အဘိုးကြီးတစ်ဦးသည် ဓားခန်းဆောင်ထဲမှ အလျင်အမြန်ပျံထွက်လာသည်။ သူက လက်နှစ်လုံးတွင် လက်ဟန်ကွက်များပြုလုပ်ကာ ဓားအလင်းတို့အား ဟန့်တားထိန်းချုပ်လိုက်သည်။ တိုက်ဆိုင်စွာပင် ဓားအလင်းတစ်ခုသည် ရွှီချင်းထံသို့ သို့တန်းတန်းမတ်မတ်ပျံဝင်လာသည်။
၎င်း၏အရှိန်က မြန်လွန်းနေပြီး အရှိန်အဝါကလည်း ရွှေအမြုတေအဆင့်ကို ကျော်လွန်နေသည်။ ယွမ်ယင်အဆင့် တိုက်ကွက်တစ်ခုဖြစ်နေသည်။
ရွှီချင်းမျက်နှာ နက်မှောင်သွားပြီး အလျင်အမြန်နောက်ဆုတ်လိုက်သည်။ သူ့ခေါင်းပေါ်တွင် ကျစ်ရွှမ်ဝူကျိသရဖူမှာ တောက်ပစွာလင်းလက်သွားလျက် တဝုန်းဝုန်းအသံများကြားတွင် သူရှောင်တိမ်းလိုက်သည်။
ဓားအလင်းသည် သူ့ဘေးမှလှစ်ခနဲဖြတ်ပျံသွားသည်။
“မိတ်ဆွေလေး။ တကယ်တောင်းပန်ပါတယ်။”
ရွှီချင်းရှောင်တိမ်းပြီးချိန်တွင် အဘိုးကြီးက တခြားသောဓားချီတို့အား ဟန့်တားနိုင်သွားပြီဖြစ်သည်။ ထိုအချိန်တွင် သူက ရွှီချင်းအား တောင်းပန်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
“အခုကျုပ်က ကျင့်စဉ်တစ်ခု စမ်းသပ်ကြည့်နေတုန်း မတော်တဆဖြစ်သွားတာပါ။”
အဘိုးကြီးက မချိပြုံးပြုံးလိုက်သည်။ သူသည် ယွမ်ယင်အဆင့်ဖြစ်သော်လည်း အားနာဟန်ဖြင့် လက်သီးအုပ်ကာ ထပ်တလဲလဲတောင်းပန်နေတော့သည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး အဘိုးကြီးအားတစ်ချက်ကြည့်လိုက်ပြီးနောက် ပတ်ပတ်လည်သို့ ဝေ့ကြည့်လိုက်သည်။ တစ်ဘက်လူက တမင်ကြံရွယ်ပြုလုပ်ခြင်း မဟုတ်ကြောင်း သူခံစားမိသည်။ ထိုလူကသာ သူ့ကို သတ်လိုလျှင် ယွမ်ယင်အဆင့်ဓားချီတစ်စထဲဖြင့် လုံလောက်နိုင်မည်လည်း မဟုတ်ပေ။