ဃ(၁၃၂)အတွင်းက အချုပ်သားများ(၃)
Vol. 35 Ch. 528
ထို့အပြင် ဤနေရာသည် ဒေသငယ်မြို့တော်ဖြစ်နေပြီး သူသည် အချုပ်ထောင်ဌာနမှ ထွက်လာခါစအချိန်လည်း ဖြစ်နေသည်။ သူ့အား ဤနေရာတွင် တစ်စုံတစ်ယောက်က လုပ်ကြံလိုလျှင် တစ်ချက်တည်း အပြီးသတ်ရမည်ဖြစ်သည်။
ခဏမျှစဉ်းစားကြည့်လိုက်ပြီးနောက် ရွှီချင်း ခေါင်းညိတ်လိုက်သည်။
ဤကိစ္စသည် မတော်တဆမှုသာ ဖြစ်နေရန်များသော်လည်း ရွှီချင်းက သတိပိုထားကာ ဓားကိုင်ရုံးတော်သို့ အရှိန်ပြည့်ပျံသွားလိုက်တော့သည်။
သူက လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဓားကိုင်လက်သစ်အဖြစ် အင်ပါယာဓားကို တစ်ကြိမ်ဆင်ခြင်ပိုင်ခွင့်အား သုံးခဲ့ပြီးနောက် ဓားကိုင်ရုံးတော်ထဲတွင် အစီအရင်ပွင့်လာပြီး ရွှီချင်း၏ခန္ဓာကိုယ်ရိပ်သဏ္ဌာန်လည်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူသည် ဓားကိုင်ရုံးတော်ထဲရှိ အင်ပါယာဓားဆင်ခြင်သုံ့သပ်ရာနေရာသို့ ရောက်ရှိလာတော့သည်။
ထိုနေရာသည် ယင်ဟွမ်ပြည်နယ်ထဲကဓားကိုင်ရုံးတော်ရှိ ဆင်ခြင်သုံ့သပ်ခြင်းနေရာနှင့် ဆင်တူပေသည်။ ၎င်းသည်လည်း ဓားတစ်စင်းပုံထွင်းထားသော ဧရာမကျောက်တုံးကြီးတစ်တုံးဖြစ်ပေသည်။ ပတ်ပတ်လည်မြေပြင်နေရာတွင် အစီအရင်များဖြင့်ပြည့်နေပြီး ကျောက်တုံးကြီးအား ချိန်းကြိုးကြီးများဖြင့် ရစ်ပတ်ချည်နှောင်ထားသည်။
ရွှီချင်းရောက်ရှိလာချိန်တွင် ထိုနေရာ၌ လူခုနစ်ဦး၊ ရှစ်ဦးခန့် သုံ့သပ်ဆင်ခြင်လျက်ရှိနေပြီဖြစ်သည်။ သူက တစ်ချက်ဝေ့ကြည့်လိုက်ရာ ၎င်းအထဲက သုံးဦးသည် သူနှင့်တစ်သုတ်တည်း ဓားကိုင်လက်သစ်များထဲက ဖြစ်ကြောင်း သတိပြုလိုက်မိသည်။
သူတို့သည် မျက်လုံးများမှိတ်ထားကြပြီး ကိုယ်များပေါ်တွင် ကာကွယ်ရေးအရံအတားများ ရှိနေကြသည်။
ရွှီချင်းက အကြည့်ကို ပြန်လွှဲလိုက်ပြီး ထောင့်တစ်နေရာရှာကာ တင်ပျဉ်ခွေထိုင်လိုက်တော့သည်။
ယခင်က ပြည်နယ်ဓားကိုင်ရုံးတော်ထဲတွင် အောင်မြင်ရန် လက်တစ်ကမ်းသာလိုခဲ့တော့သည်။ ဓားကိုင်ရုံးတော်မှ ဓားကိုင်အားလုံးက ထိုသို့ခံစားရကြောင်း ပြောခဲ့သော်လည်း သူကတော့ ထိုသို့မဟုတ်ဟု ရွှီချင်း ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် သူ့စိတ်နယ်ပယ်ထဲတွင် အင်ပါယာဓားပုံရိပ်သည် ယခုအချိန်ထိရှိနေသေးဆဲဖြစ်နေသောကြောင့်ပင်။ ယခုအချိန်ထိ ၎င်းသည် ပျက်ပြယ်ခြင်းမရှိဘဲ ပုံရိပ်ပြည့်နီးပါးရှိနေသေးသည်။
အစောပိုင်းတွင် သူတို့အားလုံးသည် ခုန်ရှန်းလုံမျှဝေပေးခဲ့သည့် သုံ့သပ်ခြင်းအသိတို့ကို ပေါင်းလိုက်လျှင် ရွှီချင်းက ဤတစ်ကြိမ်တွင် အောင်မြင်နိုင်ရန် လွန်စွာယုံကြည်နေမိသည်။
ထို့ကြောင့် သူ့စိတ်ထဲတွင် တက်ကြွမျှော်လင့်မှုတို့ တဖွားဖွားတက်လာသည်။ သူက တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများမှိတ်လိုက်ပြီး သူ့အာရုံကို ရှေ့က ဧရာမကျောက်တုံးကြီးထဲသို့ နှစ်မြုပ်လိုက်သည်။
သူ့အာရုံသည် ကျောက်တုံးကြီးနှင့် ထိတွေ့မိသည်နှင့် ယခင်ကကဲ့သို့ မှုန်ဝါးသော ခံစားချက်သည် သူ့မျက်လုံးများထဲ ပြန်ပေါ်လာသည်။
သို့ရာတွင် ဤတစ်ကြိမ်တွင်တော့ ရွှီချင်းက အချိန်များစွာဖြုန်းမနေတော့ပေ။ မြုခိုးအထပ်ထပ်ကြားတွင် ပြင်ဆင်ထားခြင်းမရှိသည့် ရိုးစင်းသော ဓားရိပ်တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။
အင်ပါယာကို စိုက်ကြည့်ရင်း ရွှီချင်း ဆက်လက်ချဉ်းကပ်လာခဲ့သည်။ ထိုဓားသည် သူ့မျက်လုံးများထဲတွင် ကြည်လင်ပြတ်သားလာနေသည်။ ထိုဓားထံမှ အသံတို့နှင့် ထိုဓားထံကို ချဉ်းကပ်နေကြသော ကိုယ်ရိပ်သဏ္ဌာန်တို့အား သူ ခပ်ရေးရေးတွေ့မြင်ရသည်။
ထိုကိုယ်ရိပ်သဏ္ဌာန်တို့သည် ရှင်းလင်းပြတ်သားခြင်းမရှိသော်လည်း ၎င်းတို့၏ လှုပ်ရှားမှုတို့ကတော့ တစ်သားတည်းတူညီနေသည်။ ၎င်းတို့က ဓားများထုတ်ကာ ခုတ်ပိုင်းလိုက်ကြသည်။
ဤမျှပင် ရိုးရှင်းလှသည်။
သို့ရာတွင် ရွှီချင်း၏ခံစားချက်တို့ကတော့ ကွဲပြားနေသည်။ ကိုယ်ရိပ်သဏ္ဌာန်တိုင်း၏ ဓားချက်တိုင်းက သူ့စိတ်ထဲတွင် လှိုင်းများလှုပ်ခတ်သွားစေပြီး မုန်တိုင်းတစ်ခုအဖြစ် တဝုန်းဝုန်းလှုပ်ခတ်သွားသည်။
မုန်တိုင်းရိုက်ခတ်သံတို့သည် အဆက်မပြတ်ပြင်းထန်လာနေပြီး တစ်စုံတစ်ဦးက ဓားဖြင့် ခုတ်ပိုင်းလာသည်ကို သူ ခပ်ရေးရေးမြင်တွေ့လိုက်ရသည်။ ပင်လယ်ပြင်ကြီး နှစ်ခြမ်းကွဲထွက်သွားပြီး ပင်လယ်ကြမ်းပြင်တွင် အက်ကွဲကြောင်းနက်ကြီးများ ဖြစ်ပေါ်လာသည်။ ထို့အပြင် ဓားချီတို့သည် ပျက်ပြယ်ခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပြီး အက်ကွဲကြောင်းတို့လည်း ပြန်ပိတ်ဆို့ခြင်းမရှိပေ။
ထို့နောက် အခြားတစ်ဦး၏ ဓားချက်တွင် မြေပြင်တစ်ခုလုံးပြိုကွဲထွက်သွားသည်ကိုလည်း သူ မြင်တွေ့ခဲ့ရသည်။ ပြည်နယ်တစ်ခု၏ တစ်ဝက်နီးပါသည် ဖုန်မှုန့်အဖြစ် လေထဲသို့ မျော့လွင့်သွားကြသည်။
တားမြစ်နယ်မြေအား ခုတ်ပိုင်းလိုက်သည်ကိုလည်း သူမြင်တွေ့လိုက်ရသည်။ တားမြစ်နယ်မြေတစ်ခုလုံး လွင့်စဉ်ကာ အပိုင်းပိုင်းဖြစ်သွားလေသည်။
ထို့နောက်တွင် ဓားချက်အများစုသည် လူမဟုတ်မျိုးနွယ်ခြားများထံသို့ ပစ်မှတ်ထား ခုတ်ပိုင်းနေကြသည်။ ဓားချက်များအောက်တွင် မြောက်မြားစွာသော လူမဟုတ်မျိုးနွယ်ခြားများ သေဆုံးသွားကြရပြီး မသေခင်နာကျင်စွာအော်မြည်သံတို့မှာ ထိုအချိန်၌ ပဲ့တင်ထပ်နေဟန်ရှိနေတော့သည်။
ထို့ဖြစ်စဉ်တို့ဆက်လက်ဖြစ်ပွားနေပြီး နောက်ဆုံးတွင် မျက်နှာကို တိုက်ရိုက်ကြည့်ရှုမြင်နိုင်ခြင်းမရှိသော ကိုယ်ရိပ်သဏ္ဌာန်တစ်ခုကို သူ တွေ့မြင်လိုက်ရသည်အထိပင်။
ထိုလူသည် အင်ပါယာဝတ်ရုံကို ဝတ်ထားပြီး ခန့်ညားမြင့်မြတ်လှသော ရောင်ဝါကိုယ်ဟန်ရှိနေသည်။ သူသည် ကောင်းကင်တွင် ရပ်နေပြီး ပင်လယ်နက်ထဲမှ တက်လာသော ဖြစ်တည်မှုကြီးတစ်ခုထံ ဓားချက်ထုတ်လွှတ်လိုက်သည်။ ၎င်းဖြစ်တည်မှုသတ္တဝါကြီး၏ တကိုယ်လုံးသည် ဓာတ်နှောများအဆက်မပြတ်ထုတ်လွှတ်နေသော လက်တံများဖြင့် ဖုံးလွှမ်းထားသည်။
ထိုဓားချက်တွင် ပင်လယ်နက်ထဲမှ ထွက်လာသော သတ္တဝါကြီးမှာ မြေကမ္ဘာတုန်ဟီးသော ဟိန်းအော်သံတစ်ချက် ပြုလိုက်တော့သည်။ ၎င်း၏ခန္ဓာကိုယ်မှာ အပိုင်းအစပေါင်းမြောက်မြားစွာအဖြစ် ကွဲထွက်သွားပြီး ပင်လယ်ထဲသို့ ပေါင်းစည်းသွားတော့သည်။
အင်ပါယာဝတ်ရုံနှင့် ပုဂ္ဂိုလ်သည် ဓားကိုင်ရုံးတော်၏ အင်ပါယာပင်ဖြစ်သည်။
ပင်လယ်နက်ထဲမှ သတ္တဝါကြီးမှာတော့ နတ်ဘုရားတစ်ပါးဖြစ်ဟန်ရှိသည်။
ထိုမြင်ကွင်းတို့သည် အချိန်မြစ်ကြီးထဲတွင် စွဲထင်နေခဲ့သော ပုံရိပ်များကဲ့သို့ ဖြစ်နေကြသည်။ ၎င်းပုံရိပ်များ ထွက်ပေါ်လာပြီးနောက် ရွှီချင်းစိတ်တွင် တုန်ခါသွားကာ ဓားကိုင်ပုံရိပ်များအားလုံး တစ်သားတည်း ပေါင်းစည်းသွားသည်။
၎င်းတို့က ဓားတစ်စင်းအဖြစ် ပြောင်းလဲသွားကြသည်။
အင်ပါယာဓားပင်တည်း။
ရွှီချင်း၏ စိတ်တွင် ဧရာမလှိုင်းကြီးများလှုပ်ခတ်နေသည်။
ခြောက်နာရီကြာပြီးသော် သူ့ကိုယ်ရိပ်က အလင်းပွင့်ခြင်းနေရာမှ ပျောက်ကွယ်သွားလေသည်။
ရွှီချင်းမျက်လုံးများဖွင့်လိုက်ချိန်တွင် သူ့မျက်လုံးများထဲတွင် တဖျပ်ဖျပ်လက်နေသော ဓားအရိပ်တစ်ခု ထင်ဟပ်နေပေသည်။
သူက ထိတ်လန့်လျက်ရှိနေဆဲပင်။ အချိန်အတန်ကြာပြီးနောက်တွင် သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး စိတ်နယ်ပယ်အတွင်းသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် အင်ပါယာဓားတစ်စင်း တောက်ပစွာလင်းလက်နေသည်ကို သူအထင်အရှားမြင်တွေ့လိုက်ရသည်။
အင်ပါယာဓားကို သူအောင်မြင်စွာ သုံ့သပ်ဆင်ခြင်နိုင်ခဲ့လေပြီ။