နီးလျက်ဝေးခြင်း(၃)
Vol. 35 Ch. 530
ထိုကိစ္စသည် ရုတ်ခြည်းဖြစ်ပေါ်လာသည့်တိုင် ရွှီချင်းက စိတ်ဝိညာဉ်ထဲတွင် သတိထားခြင်း စွဲမြဲနေခဲ့ပြီဖြစ်သည်။ မိုးကြိုးလျှပ်စီးရောက်ရှိလာသည့် တစ်ခဏအတွင်းပင် သူက လျင်မြန်စွာဆုတ်ကာ ရှောင်တိမ်းလိုက်သည်။
သူဘေးမှ ဖြတ်သန်းကာ မြေပြင်သို့ ကျရောက်သွားသည့် မိုးကြိုးလျှပ်စီးကို ကြည့်လိုက်ရင်း ရွှီချင်း၏ ဟန်မူရာတို့ မည်းနက်သွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်တော့သည်။
ကောင်းကင်ရှိ လျှပ်စီးတို့သည် သူ့မျက်လုံးတို့အား ရောင်ပြန်သွားပြီး စူးရှသော အလင်းတို့ထင်ဟပ်သွားသည်။
ကောင်းကင်တွင် တိမ်မည်းများ ပြည့်နေပြီး မိုးချိန်သံများ မြည်ဟီးနေပေသည်။ တဖျပ်ဖျပ်လှုပ်ခတ်နေသည့် မိုးကြိုးလျှပ်စီးများမှလွဲလျှင် အခြားမူမမှန်ခြင်းတို့ရှိဟန်မတူပေ။ အားလုံးသည် တိုက်ဆိုင်မှုသာ ဖြစ်နေပုံရသည်။
“တစ်ခုခုတော့ မှားနေပြီ။”
ရွှီချင်း၏မျက်နှာ သုန်မှုန်နေသည်။ အစောပိုင်းတွင် ဓားကိုင်၏ဓားအလင်းများ ဖြာထွက်ခြင်းဖြစ်စေ ဤတစ်ကြိမ်မိုးကြိုးပင်ဖြစ်စေ တိုက်ဆိုင်လွန်းနေသည်။
ထိုအချိန်တွင် သူက ဃ(၁၃၂)ကို ပြန်အမှတ်ရလိုက်မိပြီး လီဦးလေးဆိုသူ သက်လတ်ပိုင်းနယ်ရုပ်ပြောခဲ့သည်တို့ကို သတိရလိုက်မိသည်။
“အဲဒီအခန်းရဲ့အရင်အစောင့်တွေထဲက တစ်ဝက်ကျော်က အပြင်မှာ ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့ကြတယ်။”
ရွှီချင်း သုန်မှုန်သွားသည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဒေသမြို့တော်အစွန်သို့ ရောက်ရှိလာခဲ့သည်။ သူက ကောင်းကင်မှ အကြည့်လွှဲလိုက်ပြီး အောက်ကမြေပြင်သို့ ကြည့်လိုက်တော့သည်။
ညအချိန်ဖြစ်နေကာ တိမ်များနေရာတိုင်းဖုံးလွှမ်းနေသော်လည်း ကောင်းကင်တွင် တဖျပ်ဖျပ်လတ်နေသည့် မိုးကြိုးလျှပ်စီးနှင့် သူ့ကျင့်ကြံဆင့်တို့ အကူအညီဖြင့် ရွှီချင်းက မြေပြင်ရှိ အချုပ်ထောင်ဌာနကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်သေးသည်။
တိုက်ဆိုင်မှုနှစ်ခုကြောင့် သူအတွေးများနက်နဲနေမိတော့သည်။
သူကထိုသို့တွေးတောနေရင်း ဒေသမြို့တော်ထဲသို့ လျှောက်ဝင်လာပြီး အာရုံတို့ဖြန့်ကြက်လိုက်သည်။
“ဃ(၁၃၂)ကို စောင့်ကြပ်ခဲ့သူတိုင်း သေခဲ့တာတော့ မဟုတ်ဘူး။”
“သူတို့ထဲက အချို့တဝက်ပဲ မတော်တဆဖြစ်ပြီး သေဆုံးခဲ့တာပဲ။”
“ရုံးတော်သခင်က အဲဒီနေရာထဲက လျို့ဝှက်ချက်တွေကို သိနေလောက်တယ်။”
“ဒါဆို ငါ့ကို ဘာလို့အဲဒီနေရာ တာဝန်ချခဲ့များလဲ….။ စမ်းသပ်မှုပဲလား၊ ဒါမှမဟုတ် အခြားတစ်ခုခုရှိသေးတာလား။”
ရွှီချင်းက ဆေးဆိုင်များသို့လျှောက်နေရင်း သူ့စိတ်ထဲတွင် မေးခွန်းများ တဖွားဖွားပေါ်လာသည်။
ကောင်းကင်တွင် မိုးချိန်းသံများ အဆက်မပြတ်မြည်ဟိန်းနေပြီး မိုးများက ရွာချရန် အားယူနေသည့်အလားပင်။ လမ်းများပေါ်တွင် သာမန်လူအနည်းငယ်မျှသာ ရှိပြီး လမ်းသွားလမ်းလာအများစုမှာ ကျင့်ကြံသူများသာဖြစ်ကြသည်။
တစ်နာရီကြာပြီးသော် ဆေးဆိုင်တစ်ဆိုင်အား ရွှီချင်းတွေ့မြင်လိုက်သည်။ သူ့ကိုယ်အား ဖျပ်ခနဲ့လှုပ်ရှားလိုက်ပြီး လျင်မြန်စွာချဉ်းကပ်သွားလိုက်သည်။ ထိုဆိုင်ထဲသို့ သူလျှောက်ဝင်လိုက်ပြီးသည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဆိုင်ထဲတွင် ကျင့်ကြံသူခုနစ်ဦး ရှစ်ဦးခန့်သည် ဆေးပင်များနှင့် ဆေးလုံးများ ဝယ်ယူနေကြသည်။ ၎င်းတို့ထဲတွင် ဓားကိုင်တာအိုဝတ်စုံဝတ်ထားသော မိန်းမပျိုတစ်ဦးကို ရွှီချင်း မှတ်မိလိုက်သည်။
မိစ္ဆာတစေတံစဉ်းကြီး ကိုင်ဆောင်ထားသော ချင်းချိုးပင်ဖြစ်သည်။
ချင်းချိုးက ဓားခန်းဆောင်သို့ မပြန်မီ ဤနေရာတွင် ဆေးလုံးအချို့ဝယ်ယူရန် ကြံစည်ထားသည်။ ရွှီချင်းအား သတိပြုလိုက်မိချိန်တွင် မျက်နှာဖုံးအောက်မှ သူမ၏ လှပသော မျက်ခုံးများ အနည်းငယ်ကြုတ်သွားသည်။ သူမစိတ်ထဲတွင် မိစ္ဆာတစေ၏ ပင့်သက်ရှိုက်သံပဲ့တင်ထွက်လာသည်။
“ဒီရွှီချင်းက နောက်ကတစေလို လိုက်နေတာပဲ။ သူက ငါတို့နောက်လိုက်နေတာလား။ ဒီလမ်းကို နောက်ပိုင်းကျရင် ရှောင်မှပဲ။ ဒီရွှီချင်းက အန္တရာယ်များလွန်းတယ်လို့ ငါထင်တယ်။ သူကို ငါတို့ ရှောင်တာကောင်းမယ်။ မဟုတ်ရင် မင်းက စိတ်မထိန်းနိုင်ဘဲ သူနဲ့အတူ သေဖို့လုပ်မှာ စိုးရတယ်။”
“သူနဲ့အတူသေဖို့မတန်ဘူး။ ဒီလိုအတူသေတာကို ခွေးရူးလိုအခြားသူတွေပေါ်မှာပဲ သုံးတာပိုကောင်းတယ်။”
ရွှီချင်း၏အကြည့်က ချင်းချိုးထံ ဖြတ်သန်းသွားသော်လည်း သူက အာရုံမစိုက်ပေ။ သူက ကောင်တာစားပွဲသို့သာ တန်းလျှောက်သွားလိုက်ချိန်တွင် သူ့စိတ်ထဲတွင် ကျင်းကန်းဂိုဏ်းဘိုးဘိုး၏ အသံက ထွက်ပေါ်လာသည်။
“ဆရာ အရင်ကတည်းက ပြောချင်နေခဲ့တာတစ်ခုရှိပါသေးတယ်။”
ရွှီချင်း၏ ဟန်မူရာကတော့ ယခင်အတိုင်းဟန်မပျက်တည်ငြိမ်လျက်ပင်။ ဆိုင်ရှင်အား သူဝယ်လိုသော ဆေးပင်များအကြောင်း ပြောလိုက်ပြီးနောက် သူက စိတ်ထဲတွင် တည်ငြိမ်စွာပြောလိုက်သည်။
“ပြော။”
“ဆရာ အဲဒီဝတ်စုံနီမိန်းမရဲ့ တံစဉ်းထဲမှာ အသုံးအဆောင်ဝိညာဉ်တစ်ခုရှိနေတယ်။”
“အဲဒီဝိညာဉ်က ကျုပ်ကို အာရုံမခံနိုင်ဘူး။ ဒီတော့ သူက ဆရာ့ကိုတွေ့တိုင်း ကျိန်ဆဲနေတယ်။ ဆရာ မကြားနိုင်ဘူးထင်နေတာပဲ။ ဒါပေမဲ့ အဆင့်မြင့်မိုးကြိုးဝိညာဉ်တစ်ခုဖြစ်တဲ့ ကျွန်တော်ကတော့ ကြားနိုင်မယ်လို့ သူမသိဘူး။”
ကျင်းကန်းဂိုဏ်းဘိုးဘိုးသည် ချင်းချိုးဘေးတွင်ရှိနေသည့် မိစ္ဆာတစေ၏ နတ်အာရုံကို ခံစားနိုင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့်တိုင် သူက ပြောဆိုခဲ့ခြင်းမပြုခဲ့ပေ။ မူလတွင် သူက အကျိုးပြုမှုလက္ခဏာအဖြစ် ပြသရန် အရေးကြီးချိန်တွင်မှ ထိုအကြောင်းကို ဖော်ထုတ်ရန် ပြင်ဆင်ထားခဲ့သည်။
သို့ရာတွင် အချုပ်ခန်းထဲက မတော်တဆမှုကြောင့် သူ့စိတ်တို့ လေးလံနေရပြီး အသုံးမဝင်ကြောင်း ယူဆခံရမည်ကို စိုးရိမ်လာသည်။ ထို့ကြောင့် ဤအကြောင်းကို အလျင်အမြန်ပြောလိုက်တော့သည်။
“ဒီတစေရဲ့စကားတွေကို ချောင်းနားထောင်ခဲ့ပါသေးတယ်။ သူတို့မှာ အခြားသူနဲ့အတူ အသေခံတိုက်တဲ့နည်းလမ်းတစ်ခု ရှိနေသလိုပဲ။ ဆရာ ဒီဝတ်ရုံနီမိန်းမကို နောင်ပိုင်း သတ်ဖြတ်တဲ့အခါ သတိထားပါ။”
ရွှီချင်းအတွေးနက်သွားပြီး ချင်းချိုး၏ တံစဉ်းကြီးအား ကြည့်လိုက်သည်။
“ငါ့ကို ကြည့်နေပြီ။ သူ့အကြည့်က တစ်ခုခုမှားနေသလိုပဲ။ တော်တော်မှားနေပြီ။”
မိစ္ဆာတစေက ချင်းချိုးစိတ်ထဲတွင် အော်ဟစ်နေတော့သည်။
“အမြန်သွားကြစို့။ ငါ့စိတ်တွေလေးလာပြီ။ ဒီရွှီချင်းက တစ်ခုခုခံစားမိပုံရတယ်။ သူက အင်ပါယာကိုယ်တိုင်ခန့်အပ်ခံထားရတာပဲ။ အခုဆို ရုံးတော်သခင်ရဲ့သံတော်ဆင့်တောင်ဖြစ်နေပြီ။ သူ့ကို ငါတို့ရန်စလို့မဖြစ်ဘူး။ ပြီးတော့ သူ့ခန္ဓာကိုယ်က တစ်ခုခုမှားနေတယ်လို့ ငါ ခံစားမိနေတယ်။ အဲဒါကြောင့် ငါ့ခံစားချက်တွေ သိပ်မကောင်းဘူးဖြစ်နေပြီ။”
မိစ္ဆာတစေက အော်ဟစ်နေချိန်တွင် ကျင်းကန်းဂိုဏ်းဘိုးဘိုး၏အသံက ရွှီချင်း၏စိတ်ထဲတွင် ပြန်လည် ထွက်ပေါ်လာပြန်သည်။
“ဆရာက အစွမ်းထက်တာပဲ။ အကြည့်တစ်ချက်နဲ့တင် အဲဒီဘက်က အသုံးအဆောင်ဝိညာဉ်လေးက သေမတတ်ကြောက်နေရပြီ။ ဆရာ မပူနဲ့တော့။ နောင်ကျရင် ဒီငပုကောင်ကို ကျွန်တော်ကူပြီး စောင့်ကြည့်ထားမယ်။ ဟွန်း ယုံလင်းကျစ်ရဲ့ ဆရာကို အကြံဆိုးလာရှိရဲတာပဲ။ ဒီငပုကောင်က သေချင်နေတာပဲ။ ငါရှိနေသ၍ ဘယ်မိစ္ဆာဝိညာဉ်ကမှ ငါ့ဆရာကို ရန်ပြုနိုင်ခွင့်မရှိဘူး။ ငါ့ကိုအရင်ဖြတ်ကျော်နိုင်မှပဲ ရမယ်။”
“ပြီးတော့ ဆရာ, တစ်ခါတစ်လေ အားမန်ဟိတ်ဟန်အရှိန်အဝါလေး ပြတာလည်း ကောင်းမယ်ထင်တယ်။ အဲ အဲဒီကျမ်းစာအုပ်ထဲမှာ ပြောခဲ့တာထင်တယ်။ ဘုရင်တကာ့ဘုရင်က အားမာန်ဟန်ကြီးတယ်တဲ့။ ဆရာလည်း အဲဒါကိုသုံးပြီး ဒီငပုအသုံးအဆောင်ဝိညာဉ်ကို ခြောက်လှန့်လို့ရမှာပဲ။”
“အဲဒီနောက်မှာ ကျုပ်က အခွင့်ကောင်းရှာပြီးပုန်ကန်မှုဖြစ်အောင် လှုံ့ဆော်ပေးလိုက်မယ်။ အဲဒီအချိန်ကျရင် ဒီဝတ်ရုံနီမိန်းမကို ကျုပ်တို့ အခက်အခဲမရှိပဲ သတ်နိုင်မှာပဲ။”
ကျင်းကန်းဂိုဏ်းဘိုးဘိုးက အလျင်အမြန်ပြောကာ သူ့တန်ဖိုးကို ပြသလိုက်သည်။
ရွှီချင်း အတွေးနက်သွားသည်။
ထိုအချိန်တွင် ဆိုင်ရှင်က သူလိုအပ်သော ဆေးပင်များထုတ်လာပြီဖြစ်သည်။ သူက ငွေရှင်းရင်း သန့်စင်ဆေးဖြူလုံးတို့ကို တွေးမိသွားကာ မေးလိုက်သည်။
“သန့်စင်ဆေးဖြူလုံးတွေရော ရှိသေးလား။”
ဆိုင်ရှင်ကပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်သူက စားပွဲအောက်မှ ဆေးပုလင်းတစ်လုံးထုတ်လိုက်ပြီး ရွှီချင်းရှေ့သို့ ချထားလိုက်သည်။
“ဝိညာဉ်ငွေတစ်ပြားမှာ သန့်စင်ဆေးဖြူလုံးဆယ်လုံး။”
ရွှီချင်း အတန်ငယ်အံ့သြသွားသည်။ ထိုဈေးက လွန်စွာပင်နည်းလွန်းနေသည်။ ယင်ဟွမ်ပြည်နယ်တွင် ဆေးဖြူလုံးတို့ပင် ဤထက်များစွာဈေးကြီးနေကြောင်း သိထားရပေမည်။
“လက်ထောက်အကြီးအကဲကြီးက ဉာဏ်ကြီးသလို စိတ်ထားလည်း ကောင်းပါတယ်။ သူက ဒေသထဲက လူတွေ ဓာတ်နှောတွေကျူးကျော်ခြင်းကနေ ကာကွယ်ပေးနိုင်ဖို့အတွက် ဒီအကျိုးအတိုင်းအဆမရှိတဲ့ဆေးလုံးကို တီထွင်ဖော်စပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဈေးက ဆေးလုံးရဲ့ဆေးအာနိသင်ကို မပျက်စေဖို့ ထိန်းသိမ်းခြင်းအတွက်အနည်းဆုံးလိုအပ်တဲ့ တန်ဖိုးပဲဖြစ်ပါတယ်။ အလကားပေးတာနဲ့ သိပ်မကွာပါဘူး။”
ရွှီချင်းက လက်ထောက်အကြီးအကဲအား စိတ်ထဲတွင် ကျိတ်၍ ချီးကျူးလိုက်သည်. သူက ဝိညာဉ်ပြားတစ်ပြားပေးလိုက်ပြီး ဆေးပုလင်းအား သိမ်းယူလိုက်သည်။ သူက ပြန်သွားပြီး သန့်စင်ဆေးဖြူလုံးများအား ဆန်းစစ်ကာ လက်ထောက်အကြီးအကဲ၏ အာခီမီနည်းစနစ်ကို လေ့လာရန် ကြံစည်ထားသည်။
၎င်းတို့ကို ဝယ်ယူပြီးနောက်တွင် ရွှီချင်းက ပြန်လှည့်လိုက်ပြီး ပရဆေးဆိုင်ထဲမှ ထွက်လာခဲ့သည်။
ရွှီချင်းက အာခီမီဆေးလုံးများဝယ်ယူနေသည်ကို မြင်လျှင် ချင်းချိုးစိတ်ထဲတွင် အတိတ်မှတ်ဉာဏ်များအလိုလို ပြန်တက်လာသည်။ နန်ဟွမ်ဒေသကြီးထဲက ရတနာမုဆိုးစခန်းကို သူမ ပြန်သတိရလိုက်မိသည်။
သူမက ထိုစခန်းရှိ ကုန်စုံဆိုင်တစ်ခုတွင် ဆိုင်အကူလုပ်ခဲ့ရချိန်ကို ပြန်အမှတ်ရမိနေသည်။ သားရေအင်္ကျီကြီးတစ်ခုအောက်တွင် ညစ်ပေနေသည့်မျက်နှာနှင့်သေးငယ်ပိန်လှီသော ကိုယ်ရိပ်သဏ္ဌာန်တစ်ခုသည် အခြားသော အပြင်လူများထံမှ ရှောင်ရှားရင်း သူမထံ သတိဖြင့် လျှောက်လှမ်းလာကာ ဆေးဖြူလုံးလုံးလာဝယ်ခဲ့သည်။
ချင်းချိုးမျက်မှောင်ကြုတ်လိုက်သည်။
သူမ၏ဘဝတွင် လှပမှုအား ကိုယ်စားပြုသော အစ်ကိုကလေး၏မှတ်ဉာဏ်ပုံရိပ်က ထိုရွှံရှာဖွယ်တစေလက် ဆေးလုံးဝယ်ချိန်တွင် အဘယ်ကြောင့် ပေါ်ထွက်လာရသည်ကို သူမ နားမလည်နိုင် ဖြစ်နေသည်။
သူမအမြင်တွင် ဤသို့ပြုခြင်းကား စော်ကားခြင်းတစ်မျိုးပင်။
ထို့ကြောင့် ရွှီချင်း၏ နောက်ကျောမြင်ကွင်းကို သူမက ထပ်မံ၍ ရွှံရှာစွာ ကြည့်လိုက်သေးသည်။ ထို့နောက်သူမက ဤဆိုင်တွင်ဝယ်ယူခဲ့သော ဆေးလုံးများကို ကောက်ယူလိုက်ပြီး ထွက်ခွာလာခဲ့တော့သည်။ သူမက ဒေသမြို့တော်မှ ပျံထွက်လာခဲ့ပြီး မြေပြင်သို့ ဦးတည်သွားလိုက်သည်။
သူမသည် ဒေသမြို့တော်ရှိ လီထူဂိုဏ်းဌာနခွဲတွင် နေထိုင်ခြင်းမပြုသလို လီထူဂိုဏ်းအားလည်း အကောင်းမြင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် နှိုင်းယှဉ်ရာတွင် ဓားခန်းဆောင်ကို သူမပိုနှစ်သက်မိသည်။
သို့ရာတွင် ဓားခန်းဆောင်သို့ ချဉ်းကပ်လာချိန်တွင် သူမက မျက်မှောင်ထပ်မံကြုတ်လိုက်ပြန်သည်။
“တစေလက်ဖြစ်နေပြန်ပြီ။ သူက ငါတို့ကို တစေလိုခြောက်လှန့်နေတော့တာပဲ။ သူက ငါတို့ကို ရန်ပြုမလို့များလား။”
သူမစိတ်ထဲတွင် မိစ္ဆာတစေ၏ အော်သံက မြည်ဟိန်းလာပြန်သည်။ ၎င်း၏အသံသည် ခြောက်ခြားမှုတို့ဖြင့် ပြည့်နေသည်။
“ငါ သိပြီ။ သူက အခုပဲ ငါ့ကိုကြည့်ပြီး တွေ့သွားတာပဲ။ ငါတို့နဲ့အတူ အသေတိုက်ပြီး သေချင်တာထင်တယ်။”
“တိတ်စမ်း။”
ချင်းချိုးက အံ့ကြိတ်လိုက်ပြီး စိတ်ပျက်ခြင်းကြီးစွာဖြစ်နေသည်။ သူမက လှည့်လိုက်ပြီး အဝေးမှ ပျံသန်းလာသော ရွှီချင်းအား ခက်ထန်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။