ဆန်းကြယ်သော သဲလွန်စ
Vol. 35 Ch. 531
ရွှီချင်းသည်လည်း သူ့ဓားခန်းဆောင်ကို ပြန်လာခဲ့ခြင်းပင်ဖြစ်သည်။ တစ်လျှောက်လုံးသတိကြီးစွာရှိနေခဲ့သော သူသည် ချင်းချိုးအား သတိပြုမိခဲ့သည်ပင်။
သူက အကြောင်းရင်းကို မှန်းဆကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ခုထင်ဟပ်သွားပြီး သူက မြေပြင်ကို မရပ်မနားဆက်သွားလိုက်သည်။
ထိုအချိန်တွင် ချင်းချိုးသည်လည်း ရွှီချင်းဤနေရာသို့ ရောက်ရှိလာရသည့် အကြောင်းရင်းကို မှန်းဆနိုင်ခဲ့သည်။ သို့ရာတွင် သူမစိတ်ထဲတွင် မိစ္ဆာတစေက အဆက်မပြတ်အော်ဟစ်နေသဖြင့် သူမ၏စိတ်တို့ပိုမိုရှုပ်ထွေးနောက်ကျိလာမိကာ မိစ္ဆာတစေအား အော်ဟစ်လိုက်တော့သည်။
“နင်ထပ်ပြီး ပြောနေဦးမယ်ဆိုရင် နင်နဲ့ပဲ အတူအသေခံလိုက်တော့မယ်။”
မိစ္ဆာတစေ ချက်ချင်းငြိမ်ကျသွားသည်။
ဤသို့ဖြင့် ချင်းချိုးနှင့် ရွှီချင်းတို့ ဓားခန်းဆောင်အပြင်ဘက်ဆုံးအဝိုင်းပတ်သို့ ရောက်ရှိလာကြသည်။ သူတို့သည် ပေတစ်သောင်းခြားလျက် အကြည့်ချင်း ပြန်ဆုံလိုက်မိကြသည်။ ထို့နောက်တွင် နှစ်ဦးသား မျက်မှောင်ကြုတ်လျက် ဓားခန်းဆောင်အသီးသီးသို့ ဝင်ရောက်လိုက်ကြတော့သည်။
သူတို့သည် အိမ်နီးချင်းများဖြစ်နေကြသည်။
ထိုကိစ္စမှာ တိုက်ဆိုင်လွန်းသည်ဟုတော့ မဆိုနိုင်ပေ။ ဤတစ်ကြိမ်ဓားကိုင်လက်သစ်တို့သည် အားလုံးပေါင်း ငါးဆယ့်တစ်ဦးရှိနေသည်။ ထို့အပြင် သူတို့အားလုံးသည် တချိန်တည်းမှာပင် ဓားခန်းဆောင်များ ဆောင်လုပ်နေကြသည်ပင်။ ၎င်းတို့အချင်းချင်း နီးကပ်ကြသည်က မထူးဆန်းလှပေ။
သို့သော် အဓိကအချက်ကတော့ ရွှီချင်သည် လူစုရုံးမှုတို့ကို မနှစ်သက်ပေ။ ထို့ကြောင့် ပထမရက်အနည်းငယ်တွင် သူက ဓားခန်းဆောင်ကို ဆောက်လုပ်ခြင်းမပြုခဲ့ခြင်းဖြစ်သည်။ ၎င်းအစား ယမန်နေ့တွင်မှ ဆောက်လုပ်ခဲ့တော့သည်။
ချင်းချိုးသည်လည်း တကိုယ်ရည်သမားဖြစ်သဖြင့် သူတို့နှစ်ဦး အိမ်နီးချင်းဖြစ်နိုင်ချေက ပိုများလာတော့သည်။
သို့သော် ရွှီချင်းက ထိုကိစ္စကို အာရုံမစိုက်ပေ။ သူက ဓားခန်းဆောင်ကို ပြန်လာခဲ့ပြီးနောက် ပတ်ပတ်လည်ကို ထူးခြားချက်မရှိကြောင်း အရင်စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်တွင်မှ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး ဆင်ခြင်သုံးသပ်လာခဲ့သော အင်ပါယာဓားကို စတင်လေ့လာလိုက်တော့သည်။
သူ့စိတ်နယ်ပယ်ထဲရှိ အင်ပါယာဓားသည် စတင်ဆင်ခြင်နားလည်နိုင်ခဲ့ချိန်မှ အနည်းငယ်ကွဲပြားနေသည်။ ၎င်း၏အလင်းတို့က တဖျပ်ဖျပ်တောက်ပခြင်းတို့ မရှိတော့ပေ။ ထိုအစား ၎င်းသည် အမြစ်တွယ်နေပြီး နက်ရှိုင်းလေးလံသော အရှိန်အဝါသာ ထုတ်လွှတ်နေတော့သည်။
၎င်းသည် ဓားချီအမျှင်စများလည်း ထုတ်လွှတ်နေသည်။
ဓားချီတို့က ရှုပ်ထွေးစွာပျံ့နှံ့သွားခြင်းတော့မရှိဘဲ အင်ပါယာဓားအား ချည်မျှင်များကဲ့သို့ ဝိုင်းပတ်နေပြီး အဝိုင်းပတ်များအခွေခွေ ဖွဲ့စည်းနေသည်။
စုစုပေါင်း အဝိုင်းကွင်း ဆယ့်တစ်ကွင်းရှိနေသည်။
ဆယ့်နှစ်ကွင်းမြောက်ကွင်းတည်ရှိနေသော်လည်း တစ်ဝက်သာ ရှိသေးကြောင်း ရွှီချင်း သတိပြုလိုက်မိသည်။
မကြာမီ ၎င်းကွင်းလည်း ပြီးစီးတော့မည်မှာ ထင်ရှားနေသည်။
“ဒါက အင်ပါယာဓားကို အားဖြည့်ပျိုးထောင်မှုပဲ။”
ရွှီချင်းက အချိန်ကိုတွက်ကြည့်လိုက်ရာ သူက အင်ပါယာဓားကို စတင်သုံးသပ်ပြီးခဲ့ချိန်မှ ဖြစ်လာသည့် တိုးတက်မှုအရ နေစဉ်ဓားချီကွင်းတစ်ရာဖွဲ့စည်းနိုင်လောက်ကြောင်း တွက်ဆလိုက်မိသည်။
ဓားချီတို့များလေလေ ဓားချက်၏ စွမ်းပကားသည် ပိုကြီးလေဖြစ်သည်ပင်။
“တစ်နှစ်မှာ ကွင်းသုံးသောင်းကနေလေးသောင်းဖြစ်နိုင်တယ်။ ဆယ်နှစ်မှာဆို သုံးသိန်းကနေ လေးသိန်း။ နှစ်တစ်ရာမှာဆိုရင်..”
ရွှီချင်းက စိတ်ထဲတွင် ကျိတ်တွက်လိုက်ပြီး ထိုအချိန်ကတော့ ဝေးကွာလွန်းနေသေးသည်ဟု ခံစားလိုက်မိတော့သည်။
“ဒါပေမဲ့ သိပ်အကြာကြီးအားမဖြည့်ရသေးရင်တောင် ပုံမှန်သုံးဖို့အတွက် စွမ်းအားအတော်အတန်တော့ရှိနေမှာပဲ။”
ရွှီချင်းက သူစိတ်နယ်ပယ်ထဲက အင်ပါယာဓား၏ ထက်မြက်မှုကို အာရုံခံလိုက်ပြီး ရွှေနဂါးကြီးအဖြစ်ပြောင်းလဲသွားသည့် ခုန်ရှန်းလုံ၏ အင်ပါယာအဆင့် ကျင့်စဉ်ပညာရပ်ကို ရုတ်တရက်အမှတ်ရလိုက်မိသည်။
ထိုစဉ်က ရွှေနဂါးကြီး၏ပါးစပ်ထဲတွင် အင်ပါယာဓားကို ကိုက်ချီထားသည်။
ရွှီချင်းက အတွေးများထဲနစ်မြုပ်သွားပြီး သူ့နောက်ကျောပေါ်က မှင်ကြောင်သည် ချက်ချင်းသက်ဝင်လှုပ်ရှားလာသည်။ အပူချိန်အောက်တွင် ဓားခန်းဆောင်သည် တောက်ပစွာလင်းလက်လာသည်။ ရွှေကျီးကန်း၏ ကိုယ်ရိပ်သဏ္ဌာန်သည် သူ့နောက်တွင် ထွက်ပေါ်လာပြီး ပတ်ပတ်လည်တွင် ကခုန်နေတော့သည်။
တောက်လောင်နေသော ဖီးနှစ်မီးငှက်မွေးများ တဖျပ်ဖျပ်လှိုင်းထလာပြီး တုနှိုင်းမမီသော လှပသည့်မြင်ကွင်းတစ်ခု ဖန်တီးလိုက်သည်။ ရွှီချင်းက သူ့စိတ်နယ်ပယ်ထဲရှိ အင်ပါယာဓားကို သူခေါင်းထိပ်မှ တဖြည်းဖြည်း မြင့်တက်လာအောင် ထိန်းကျောင်းလိုက်သည်။
ထိုဓားတစ်စင်းလုံးပေါ်ထွက်လာချိန်တွင် ရွှေကျီးကန်းက ပျော်ရွှင်စွာအော်မြည်လိုက်ပြီး ပျံသန်းလာသည်။ ၎င်းက နှုတ်သီးကို ဟလိုက်ပြီး အင်ပါယာဓားကို ကိုက်ချီလိုက်သည်။ ထို့နောက်တွင် ၎င်း၏တကိုယ်လုံးတုန်ခါသွားပြီး ပြောင်းလဲသွားကာ ဓားချီအားမာန်တို့ ထုတ်လွှတ်လာသည်။
၎င်း၏ အမြီးများလည် ထိုနည်းတူပင်။ ၎င်းတို့က လှုပ်ရှားကခုန်နေရင်း ဓားချီများပါဝင်နေဟန်ခံစားရသည်။
၎င်း၏ စွမ်းပကားသည်လည်း များစွာတိုးတက်လာသည်။
“အင်ပါယာအဆင့် ကျင့်စဉ်ပညာရပ်တွေက ဒီလိုပေါင်းစည်းလို့ရတာကိုး…”
ရွှီချင်းအတွေးနက်သွားသည်။ သို့ရာတွင် ဤသို့လုပ်နိုင်ခြင်းမှာ အင်ပါယာဓား၏ ကိုယ်ပိုင်ထူးခြားချက်အချို့ကြောင့်ဟု သူခံစားမိနေသည်။
ရွှီချင်းက စိတ်နယ်ပယ်ထဲရှိ အင်ပါယာဓားကို စိတ်ဝင်တစားစောင့်ကြည့်လိုက်သည်။ သို့သော် သူ့ယခင်ခန့်မှန်းချက်ကိုတော့ အတည်မပြုနိုင်သေးပေ။ သို့ရာတွင် ရွှေကျီးကန်းက အစွမ်းပိုထက်လာကြောင်းကိုတော့ သူခံစားသိနိုင်သည်။ ထို့အပြင် အင်ပါယာဓားကို အားဖြည့်ခြင်းသည်လည်း ထိခိုက်ခြင်းမရှိပေ။ သူက ထိုအတွေးများကို ခဏတန့်ထားလိုက်ပြီး သန့်စင်ဆေးဖြူလုံးများကို ထုတ်ကာ လေ့လာကြည့်လိုက်သည်။
အချိန်တို့ကုန်လွန်လာသည်နှင့် ပြင်ပတွင် မိုးများသည်းထန်စွာ ကျလာတော့သည်။ ထိုမိုးသံများကြားတွင် ရွှီချင်းက ဆေးလုံးအား စိတ်နှစ်လျက် လေ့လာသုံးသပ်နေသည်။
သူက သန့်စင်ဆေးဖြူလုံးများစွာကို လေ့လာပြီးနောက်တွင်မှ ၎င်းတို့အား ဖော်စပ်နည်းကို ဖော်ထုတ်လာနိုင်ခဲ့သည်။
“နည်းစနစ်က တော်တော်ထူးချွန်တာပဲ။ ဒါပေမဲ့အဓိကသော့ချက်က အဲဒါမဟုတ်သေးဘူး။ ဒီဆေးလုံးက ဓာတ်နှောတွေကို ကောင်းကောင်းဖယ်ရှားနိုင်တာလဲဆိုတဲ့အကြောင်းရင်းက အထဲတွင် အရမ်းထူးခြားတဲ့ဆေးပင်တွေပါနေလို့ပဲ။”
၎င်းဆေးပင်တို့အား ရွှီချင်း ခွဲခြားပြောနိုင်ခြင်းမရှိပေ။ ထိုအချက်တွင် လက်ထောက်အကြီးအကဲက အရာအားလုံးသည် ပတ်ဝန်းကျင်အခြေအနေအတိုင်း ပြောင်းလဲနေကြောင်းပြောခဲ့သည်ကို သူ ပြန်၍အမှတ်ရလိုက်မိသည်။ ထိုဆေးလုံးအတွင်းက ဤအမျိုးအမည်မသိဆေးပင်တို့သည် လက်ထောက်အကြီးအကဲက ထိုနည်းသုံးကာ ပြောင်းလဲထားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
ရွှီချင်း ဆေးတစ်လုံးထုတ်ကာ ပါးစပ်ထဲကို ထည့်ပြီး မျိုချလိုက်သည်။ ၎င်းအား သေချာအာရုံခံလိုက်ပြီးနောက်တွင် ထိုဆေးလုံး၏အာနိသင်တို့သည် လွန်စွာကောင်းမွန်နေကြောင်း အတည်ပြုလိုက်ပြီး ချီးကျူးနေမိတော့သည်။ သို့သော် ထိုသန့်စင်ဆေးဖြူလုံးတွင် ပြစ်ချက်အချို့ရှိနေပြီး ပြီးပြည့်စုံခြင်းမရှိသေးကြောင်း ခပ်ရေးရေးခံစားလိုက်မိသည်။
သို့သော် ထိုကိစ္စကို သူပြောင်းလဲနိုင်စွမ်းမရှိသေးပေ။ ဤဆေးလုံးသည် အတိုင်းအတာတစ်ခုထိ ဆေးပညာတာအိုတွင် လမ်းကြောင်းသစ်တစ်ခု ဖွင့်ပေးခဲ့ပြီဖြစ်သည်။
သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ချိန်တွင် ပြင်ပကောင်းကင်သည် စတင်ထွန်းလင်းတောက်ပလာသည်။ မိုးနှင့် တိမ်များကြောင့် ကောင်းကင်သည် အနည်းငယ်တော့ မှိန်ဟန်ရှိနေသေးသည်။ မနက်ခင်းအစောပိုင်းဖြစ်သော်လည်း ညဆည်းဆာပုံဖြစ်နေသည်။
ရွှီချင်းက ခေါင်းမော့လိုက်ပြီး တစ်ချက်ကြည့်လိုက်ကာ မျက်လုံးတို့ပြန်မှိတ်လိုက်ပြီး ခဏတာ အနားယူလိုက်သည်။ ထို့နောက်တွင် သူက ဓားခန်းဆောင်မှ ထွက်လာခဲ့ပြီး အချုပ်ထောင်ဌာနဆီသို့ မိုးရေထဲ၌ လာခဲ့တော့သည်။
အချုပ်ထောင်ဌာနသို့ ချဉ်းကပ်လာချိန်တွင် ရွှီချင်းက မတော်တဆမှုနှစ်ခုကို ပြန်မြင်ယောင်လိုက်မိပြီး သူ့မျက်လုံးများထဲတွင် စူးရှသော အလင်းတို့ ထွက်ပေါ်လာသည်။
“ဒီနေ့ ငါဃ(၁၃၂)ရဲ့ လျို့ဝှက်ချက်ကို ဖော်ထုတ်ရမယ်။ မထုတ်နိုင်ရင်တော့ ..ဃ(၁၃၂)ထဲက အချုပ်သားအားလုံးကို သတ်ပစ်လိုက်တော့မယ်။”
ရွှီချင်းက ဗွက်ထနေသော မြေပြင်ကို ဖြတ်လျှောက်လာရင်း မိုးရေအိုင်များအား ဖြတ်ကျော်လာခဲ့သည်။ သူက အချုပ်ထောင်ဌာန၏ မမြင်နိုင်သော အရံတားကို ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။
ပြင်ပတွင် မိုးများသည်းထန်နေသော်လည်း ၎င်းတို့က အရံတားကို ထိုးဖောက်ကာ အချုပ်ထောင်ဌာနသို့ဝင်ရောက်နိုင်စွမ်းမရှိပေ။ သို့ရာတွင် အတွင်းရှိ လေတို့ကတော့ စိုထိုင်းနေသေးသည်။
စိုထိုင်းနေသည့်လေထုကြားတွင်ပင် ရွှီချင်းက ဟန်မပျက် လှေကားအဝိုင်းအတိုင်းဆင်းလာခဲ့သည်။
လမ်းတလျှောက်တွင် သူမြင်တွေ့ခဲ့ဖူးသည့် နယ်ရုပ်အချို့အား တွေ့မြင်ခဲ့သေးသည်။ နှုတ်ဆက်ရင်းလာခဲ့ပြီးနောက် ရွှီချင်းက နယ်မြေ(ဃ(၁၃၂))သို့ ချက်ချင်းမသွားသေးပေ။
သူက သုံးဆယ့်ငါးထပ်သို့ သွားလိုက်ပြီး အချုပ်သားအလောင်းတစ်ခုအား ကိုင်နေသော ဦးလေးလီအား တွေ့လိုက်သည်။
ဦးလေးလီသည် ရွှီချင်း၏ ပထမဆုံးနေ့တွင် အချုပ်ထောင်ဌာနအား လှည့်ပတ်ပြခဲ့သော သက်လတ်ပိုင်းနယ်ရုပ်ပင်ဖြစ်သည်။
“စီနီယာ ကျွန်တော်မေးစရာရှိလို့။”
ဦးလေးလီအား မြင်တွေ့ချိန်တွင် ရွှီချင်းက လက်သီးအုပ်လျက် ဦးညွှတ်လိုက်သည်။
ဦးလေးလီကလည်း ရွှီချင်းကဲ့သို့သော လူသစ်အား မိတ်ဆွေဖွဲ့ချင်နေပေသည်။ ထို့ကြောင့်သူက လက်ထဲရှိအလောင်းကို လှေကားအပြင်ဘက် တွင်းနက်ကြီးထဲသို့ ပစ်ချလိုက်ပြီး ရွှီချင်းထံပြန်လှည့်လိုက်သည်။
“ဘာမေးချင်တာလဲ။”
တခဏတာနှုတ်ဆိတ်သွားပြီးနောက် ရွှီချင်း သေဆုံးခြင်းမရှိခဲ့သော နယ်မြေ(ဃ(၁၃၂))၏အစောင့်များအကြောင်းကို မေးလိုက်သည်။ အချုပ်ထောင်ဌာနတွင် ဆက်လက်ရှိနေသေးလားဟုလည်း မေးလိုက်သေးသည်။
“အင်း ရှိသေးတယ်။”
ဦးလေးလီက စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ဒီဃ(၁၃၂)က ထူးဆန်းတယ်။ ချန်ပေါ်လီက လွန်ခဲ့တဲ့နှစ်တစ်ရာမှာ နောက်ဆုံးအစောင့်ဖြစ်ခဲ့တာတော့ မှတ်မိသေးတယ်။ အဲဒီမှာ သုံးနှစ်လုပ်ပြီး သူက အချုပ်ခန်းပြောင်းသွားပြီး အခု ခုနစ်ဆယ့်ခုနစ်ထပ်မှာ ရောက်နေတယ်။”
“ဒါပေမဲ့ ချန်ပေါ်လီက ဃ(၁၃၂)ရဲ့အစောင့်ဖြစ်ပြီးနောင်ပိုင်း သူ့အကျင့်စရိုက်က ထူးဆန်းလာတယ်။ သူက အခြားလူတွေနဲ့ သိပ်ဆက်သွယ်ချင်စိတ်မရှိတော့ဘူး။ သူ့ကိုရှာမယ်ဆိုရင် တစ်ခုခုယူသွားမှဖြစ်မယ်။ ရွှီချင်းက မင်းမှာ ဓားသွေးလို့ရတဲ့ မာကျောတဲ့ပစ္စည်းတွေရှိလား။”
ရွှီချင်းက သိုလှောင်အိမ်ထဲ မွှေနှောက်ရှာကြည့်ရာ မြေအောက်နတ်သမီး၏ ဂူအိမ်ထဲတွင်ရလာခဲ့သော စားပွဲနှင့်ကုလားထိုင်တို့ကို တွေ့ရှိလိုက်ရသည်။ ၎င်းတို့မှာ မာကျောကြောင်း ခံစားမိသဖြင့် သူခေါင်းညိတ်လိုက်တော့သည်။
“ဒါဆို ပိုလွယ်သွားပြီပဲ။ ငါ လိုက်ပို့မယ်။”
ဦးလေးလီက ရွှီချင်းအား ခုနစ်ဆယ့်ခုနစ်ထပ်သို့ ခေါ်ဆောင်လာခဲ့ပြီးနောက် ကျောက်ပေါက်မာမျက်နှာနှင့် အဘိုးကြီးတစ်ဦးထံသို့ ရောက်ရှိလာခဲ့ကြတော့သည်။
ထိုအဘိုးကြီးက လုံခြုံမှုရှာဟန်ဖြင့် နောက်ကျောနှင့် ဘေးတွင် နံရံများကပ်နေသည့် ထောင့်တစ်ခုတွင် ဝပ်နေသည်။ အလင်းရောင်မှိန်ပျပျတွင် ၎င်းသည်ထူးဆန်းနေပြီး ကျောချမ်းဖွယ်ဖြစ်နေသည်။
ထိုအချိန်တွင် သူက ဓားကို အားဖြင့် သွေးလျက်ရှိသည်။
ဓားသည် ဓားသွေးကျောက်တွင် ပွတ်တိုက်ကာ သွားကျိန်းဖွယ်တကျီကျီမြည်သံတို့ ပတ်ပတ်လည်တွင် ပဲ့တင်မြည်နေတော့သည်။
ရွှီချင်းနှင့် ဦးလေးလီတို့ရောက်ရှိလာခြင်းကို အာရုံခံမိပြီးနောက် အဘိုးကြီးက ခေါင်းမော့လျက် သုန်မှုန်စွာကြည့်လိုက်သည်။ သူက လူစိမ်းများချဉ်းကပ်သည်ကို မနှစ်မျို့ဟန်ရှိသည်။
“အစ်ကိုချန် သူက ရွှီချင်းတဲ့၊ လူသစ်ပါ။ သူက ဃ(၁၃၂)ရဲ့ အစောင့်သစ်ပါ။ သူက ခင်ဗျားကို မေးစရာရှိလို့တဲ့။”
ဦးလေးလီက လျင်မြန်စွာ မိတ်ဆက်ပေးပြီး ထိုနေရာတွင် ဆက်မနေလိုသည့်အလား နှုတ်ဆက်ထွက်ခွာသွားသည်။
အဘိုးကြီးကတော့ နှုတ်ဆိတ်လျက်သာ ရှိနေသည်။ သူ့အကြည့်သည် ဦးလေးလီ၏နောက်ကျောမှ ရွှီချင်းထံသို့ လွှဲပြောင်းကျရောက်လာသည်။
ရွှီချင်းက လက်သီးအုပ်လိုက်ပြီး ဦးညွှတ်လိုက်သည်။ ထို့နောက်တွင် သူက မြေအောက်နတ်သမီး၏ စားပွဲနှင့်ကုလားထိုင်တို့ကို ထုတ်လိုက်ပြီး ဘေးတွင် ချလိုက်သည်။
“စီနီယာ ဒီပစ္စည်းတွေက တော်တော်မာပါတယ်။”
အဘိုးကြီး၏ ကျင့်ကြံဆင့်သည် သာမန်မဟုတ်ကြောင်း သူခံစားမိသည်။
အဘိုးကြီးက စားပွဲနှင့် ထိုင်ခုံများကို တစ်ချက်ကြည့်လိုက်ပြီး ညာလက်ကိုမြှောက်ကာ ကိုင်ကြည့်လိုက်သည်။ သူက ၎င်းတို့အပေါ်တွင် ဓားဖြင့် ခြစ်ကြည့်လိုက်ပြီး ကျေနပ်ဟန်ဖြစ်သွားသည်။
“ဘာမေးချင်တာလဲ။ မတော်တဆဖြစ်ပြီး သေတာကို ဘယ်လိုရှောင်ရမလဲဆိုတာလား။”
ရွှီချင်း၏ မျက်လုံးများမှေးကြုတ်သွားသည်။ တစ်ဖက်လူ၏ စကားလုံးတို့မှ တစ်ဆင့် သူ့တွေးဆချက်တို့သည် မှန်ကန်နေကြောင်း ခံစားလိုက်မိသည်။ ထို့ကြောင့် သူက လက်သီးအုပ်လိုက်ပြီး ဦးညွှတ်လိုက်သည်။
“စီနီယာ သင်ပြပေးပါ။”
“မင်းက ကံဆိုးမှုကိုတောင် ခံစားနိုင်နေပြီလား။”
အဘိုးကြီးက ရွှီချင်းအား သေချာအကဲခတ်ကြည့်လိုက်ပြီး မေးလိုက်သည်။
ရွှီချင်း ခေါင်းညိတ်လိုက်သည်။
အဘိုးကြီး၏ ဟန်မူရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး သူလက်ထဲက ဓားမော့ကို ဘေးသို့ချလိုက်လေသည်။
“ဃ(၁၃၂)ထဲမှာ စုမိနေတဲ့ ကြမ္မာဆိုးတွေက တော်တော်ပြင်းထန်နေပြီထင်တယ်။ မင်းဆီကို ဒီလောက်မြန်မြန်သက်ရောက်နိုင်လာပြီပဲ။”
“တကယ်တော့ မတော်တဆသေဆုံးမှုကို ရှောင်လွှဲဖို့ကတော့ ရိုးစင်းပါတယ်။ အချုပ်ထောင်ဌာနကနေမထွက်သရွေ့ ပြဿနာမရှိပါဘူး။ ဒါမှမဟုတ် ခိုင်မာတဲ့ကံကြမ္မာရှိဖို့လိုတယ်။ ငါကတော့ မရှိဘူး။ ဒါကြောင့် ငါက ဃ(၁၃၂)ကို တာဝန်ကျချိန်တုန်းက အချုပ်ထောင်ဌာနကနေ အပြင်မထွက်ခဲ့ဘူး။ ဒါကလည်း အရင်အစောင့်က ငါ့ကိုပြောခဲ့တာကြောင့်ပဲ။”
အဘိုးကြီးက ရွှီချင်းအား သေပြီးသားလူကဲ့သို့ကြည့်လိုက်သည်။
“မင်း ဂရုတော့စိုက်ရမယ်။ ထုံးစံအရဆို ကံဆိုးမှုကြုံရတဲ့လူတွေက တစ်လထက်ကြာအောင် မရှင်နိုင်ကြဘူး။”
ရွှီချင်းငြိမ်ကျသွားသည်။ အချိန်အတန်ကြာပြီးနောက်မှ သူက ဖြည်းညင်းစွာပြောလိုက်သည်။
“စီနီယာ၊ ကြမ္မာဆိုးဆိုတာက ဃ(၁၃၂)ထဲက အချုပ်သားတွေဆီက လာတာလား။ သူတို့မှာ ထူးခြားမှုတစ်ခုခုရှိနေတာလား။ ဒါပေမဲ့ ဒါက အချုပ်ထောင်ဌာနရဲ့ နယ်မြေ(ဃ)ပဲ။ ဒီထောင်သားတွေက ဒီလိုအစွမ်းမျိုးတကယ်ရှိနေရင် သူတို့ကို ပိုနက်တဲ့ အချုပ်ခန်းထဲ ထည့်သင့်တာမလား။”
အဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး ခေါင်းပြန်ခါယမ်းလိုက်သည်။
“ဃ(၁၃၂)ထဲက ရာဇဝတ်သားတွေက သူတို့ချည်းသက်သက်ထူးခြားနေတာမဟုတ်ဘူး။ သူတို့က အဲဒီအချုပ်ခန်းထဲမှာ ချုပ်ခံရပြီး အသက်ရှင်လျက်ကျန်နိုင်ခဲ့ကြလို့သာ ကြမ္မာဆိုးဖြစ်လာကြတာပဲ။ ဒါက ငါ့အထင်ပေါ့။ သူတို့က ကြမ္မာဆိုးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သွားကြတာဖြစ်မယ်။”
“တကယ့်ကြမ္မာဆိုးကတော့ ဃ(၁၃၂)ကိုယ်တိုင်လည်း ဖြစ်နေနိုင်သလို အဲဒီထဲက ထောင်သားတစ်ဦးဦးလည်း ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ရုံးတော်သခင်က ဖြေရှင်းတာမရှိတော့ ပထမတစ်ခုက ဖြစ်နိုင်ခြေပိုများတယ်လို့ ငါထင်မိတယ်။”
“လှောင်အိမ် ၂၃၇ထဲက ခေါင်းက သူ့ကို တိမ်မြူသားရဲရဲ့အခန်းထဲသို့ ပို့ပေးဖို့ ပြောသေးလား။”
“သူ ပြောတာကို နားထောင်စရာမလိုဘူး။ အခြားလူတစ်ယောက် စမ်းကြည့်ခဲ့သေးတယ်။ အသုံးမဝင်ဘူး။”
အဘိုးကြီးက ပြောလိုက်ရင်း ဃ(၁၃၂)အတွင်းရှိ အချုပ်သားများအကြောင်းကို ရွှီချင်းအား ပြောပြနေတော့သည်။ တစ်ဦးချင်းစီတိုင်း၏အကြောင်းများအား လွန်စွာအသေးစိတ်ပြောပြလိုက်သည်။
“ဆယ့်သုံးယောက်မြောက် အချုပ်သားကတော့ အဲဒီခေါင်းပဲ။ သူက အစွမ်းအချို့ရှိပေမဲ့ အရမ်းစွမ်းတာလည်း မဟုတ်ပါဘူး။ သူ့စကားကို ကြာကြာသာနားမထောင်နဲ့ မဟုတ်ရင် မင်းကို ထိခိုက်နိုင်မှာပဲ။”
“နောက်ဆုံးတစ်ခုကတော့ ပန်းချီကားမျိုးနွယ်ပဲ။ အဲဒီပန်းချီကားထဲက လူပုံနှစ်ဆယ့်နှစ်ခုလုံးက သူ့အစိတ်အပိုင်းတွေပဲ။ ဒီတစ်ခုက အချိန်အကြာဆုံးအချုပ်ကျနေခဲ့ပြီး အသံမထွက်ပဲ အငြိမ်ဆုံးလည်း ဖြစ်တယ်။ ငါ့စောင့်နေခဲ့တုန်းက သူအပြင်ကိုထွက်တာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။”
အဘိုးကြီးက ထိုသို့ပြောလာချိန်တွင် ရွှီချင်း၏ မျက်လုံးတို့မှေးကြုတ်သွားသည်။
“စီနီယာ ပန်းချီကားမျိုးနွယ်ရဲ့ ပန်းချီကားထဲမှာက မျိုးဆက်လေးဆက်ရဲ့ လူနှစ်ဆယ့်သုံးဦးရှိတာမဟုတ်ဘူးလား။”
“မဖြစ်နိုင်တာ၊ နှစ်ဆယ့်နှစ်ဦးပါ။”
အဘိုးကြီးလည်း ထိုစကားတွင် မျက်လုံးတို့မှေးကြုတ်သွားသည်။
ရွှီချင်းအတန်ကြာသည်အထိ ငြိမ်ကျသွားပြီးနောက် ခေါင်းညိတ်လိုက်တော့သည်။ ထို့နောက် အခြားသော အချက်အလက်တို့ကိုဆက်မေးနေလိုက်သည်။ ထို့နောက်တွင် သူက ဝိညာဉ်ကျောက်တုံးအချို့ထုတ်လိုက်ပြီး ဘေးတွင်ချကာ နှုတ်ဆက်လိုက်တော့သည်။
ရွှီချင်း၏နောက်ကျောကို ကြည့်နေရင်း အဘိုးကြီးကရုတ်တရက်ပြောလိုက်သည်။
“ရွှီချင်း နယ်မြေ(ဃ(၁၃၂))ထဲမှာ တာဝန်ကျသူတွေအားလုံးက ရုံးတော်သခင်တန်ဖိုးထားသူတွေပဲ။ အဲဒါက သူ့စမ်းသပ်မှုပဲ။ အဲဒီမှာ လျို့ဝှက်ချက်တွေအများကြီးရှိနေရုံတင်မကဘူး၊ ကံထူးမှုကြီးတစ်ခုလည်း ဖုံးကွယ်နေတယ်လို့ ငါကြားခဲ့သေးတယ်။ ငါကတော့ ကံမကောင်းလို့ ရှာမတွေ့နိုင်ခဲ့ဘူး။”
‘“မင်း မတော်တဆဖြစ်ပြီး မသေချင်ရင် ကိုးထပ်ကိုသွားပြီး အချုပ်ခန်းပြောင်းလိုက်။ လူသစ်တွေက အချုပ်ခန်းတစ်ခါပြောင်းပိုင်ခွင့်ရှိကြတယ်။”
“အဲဒီလိုပြောင်းလိုက်ရင် မင်း ပြဿနာမရှိတော့ဘူး။ ဒါပေမဲ့ ဃ(၁၃၂)ကို စောင့်ကြပ်ခဲ့တဲ့ လူတွေစာရင်းမှာတော့ မင်းမပါတော့ဘူးပေါ့။”
“ဃ(၁၃၂)ရဲ့ လျို့ဝှက်ဆန်းကြယ်မှုအကြောင်းကတော့ အစောင့်တစ်ဦးပြောခဲ့တာ ငါကြားဖူးခဲ့သေးတယ်။”
“အရာအားလုံးကို ဖော်ထုတ်နိုင်ခဲ့ပြီလို့ မင်းထင်ချိန်မှာ လျို့ဝှက်ချက်တွေအမြဲမင်းကို စောင့်ကြိုနေဦးမှာပဲ။”