← Chapters

မသိတာကို မကြောက်နဲ့၊ နှိုင်းယှဉ်တာကို ကြောက်

Vol. 34 Ch. 496

မသိတာကို မကြောက်နဲ့၊ နှိုင်းယှဉ်တာကို ကြောက်

Vol. 34 Ch. 496

အွန်လိုင်းပေါ်မှ စကားများက ပို၍ ကြီးကျယ်လာသည်။ လူအများသည် ပျော်ရွှင်မှုအား မျှဝေရသည်ကို နှစ်ခြိုက်ကြသဖြင့် အများစုက နေရာတိုင်းမှ သူတို့၏ မိတ်ဆွေများကို တွဲ၍ ပို့စ်များ တင်ကြလေသည်။

ရထားပေါ်၌ လူတစ်ယောက်သည် iPad ကိုကိုင်၍ ဇာတ်လမ်းကို အွန်လိုင်းပေါ်မှ ကြည့်နေသည်။ သူက မကြာခဏ အားပါးတရ ရယ်မောနေ၏။

သူ ပျော်ရွှင်နေသည်ကို မြင်ပြီး အခြားသူများက စပ်စုချင်စိတ်ဖြင့် သူ၏ iPad ကို လှမ်းကြည့်ကြသည်။ တစ်ခဏကြာသော် သူ့အနားမှ လူအုပ်ကြီးသည်လည်း အလားတူ ကျယ်လောင်စွာ ရယ်မောကြလေသည်။

နောက်ဆုံး၌ အခြားသူများသည် သည်းမခံနိုင်ကြတော့ချေ။

“ဘရို၊ မင်းတို့ ဘာတွေ ရယ်နေတာလဲ၊ မင်းတို့ ဘာကြည့်နေကြတာလဲ”

“ခင်ဗျား မသိဘူးလား၊ ဒီနေ့က နှစ်သစ်ကူးနေ့လေ၊ ဇာတ်လမ်းတွဲတွေ စလွှင့်တယ်လေ”

“ငါ ဇာတ်လမ်းတွဲတစ်ချို့ရဲ့ နာမည်တွေကို မြင်ဖူးပါတယ်၊ အဲ့မှာ ဟာသကား ပါတယ်လို့ မမြင်မိပါဘူး”

“ဒါ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းလေ၊ သရုပ်ဆောင်ဝိုင်ရဲ့ လက်ရာ”

“ဘာ … အဲ့ဇာတ်လမ်းက မကောင်းဘူးလို့ ပြောကြတာ မဟုတ်ဘူးလား”

“ကျစ် … မင်း ကြည့်ပြီးရင် သိသွားလိမ့်မယ်၊ သရုပ်ဆောင်ဝိုင်က အံ့ဩဖို့ ကောင်းလွန်းတယ်၊ သူ့အံ့ဩစရာ ကောင်းပုံက နောက်အဆင့်တစ်ခုကိုတောင် ရောက်နေပြီ”

“တကယ်လား၊ အဲ့လောက် အပျင်းပြေတာလား”

“ငါ လုံးဝ ထောက်ခံတယ်၊ မင်း နောင်တမရစေရဘူးလို့ အာမခံတယ်ကွာ”

“ဟုတ်တယ်၊ ငါ ဒုတိယပိုင်း ကြည့်ဖို့ မစောင့်နိုင်တော့ဘူး၊ ငါ ကြော်ငြာတွေ ဖြတ်ဝင်တာကိုတောင် မလိုချင်တော့ဘူး”

ဘေးမှကြည့်နေသူများထဲမှ တစ်ယောက်က ပြောလေသည်။

…

အိမ်ရာဝန်းတစ်ခုရှိ အိမ်တစ်ခု၌ …

တစ်စုံတစ်ယောက်က ဖုန်းကို အသည်းအသန် ထုတ်၍ စိတ်လှုပ်ရှားစွာ ဖုန်းဆက်လေသည်။

“ဟေ့ တချန် မင်း တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ကြည့်ပြီးပြီလား၊ သရုပ်ဆောင်ဝိုင်က ငါတို့ကို စိတ်မပျက် စေရဘူးလို့ ငါ ပြောသားပဲ ဟုတ်တယ်မလား၊ လခွမ်းကွာ … တကယ် မိုက်တယ်ဟေ့”

“အံ့ဩဖို့ကောင်းတယ် ဟုတ်လား”

“ငါ ရယ်ရလွန်းလို့ မျက်ရည်ပါကျတယ်၊ မင်းရော ဘယ်လိုထင်လဲ”

“ချီး … တကယ်ကြီးလား၊ မင်းက အဲ့လောက် လွယ်လွယ်ကူကူ ပျော်တတ်တာလား”

“မင်းက ဘယ်သူ့ကို အလွယ်တကူ ပျော်တတ်တယ်လို့ ပြောနေတာလဲ၊ မင်း ဘာသိလို့လဲ၊ ငါ အမှန်ကို ပြောနေတာကွ၊ ဒုတိယပိုင်းက စတော့မယ်၊ မြန်မြန် ကြည့်ကြည့်၊ နောက်မှ မင်းကို သတိမပေးဘူးလို့ ငါ့ကို လာအပြစ်မတင်နဲ့”

“ပြီး‌ရော၊ ငါ အခုတော့ မင်းကို ယုံလိုက်မယ်”

တူညီသော အဖြစ်အပျက်များက တစ်နိုင်ငံလုံး၌ ဖြစ်နေ၏။ သရုပ်ဆောင်ဝိုင်သည် များများစားစား လူလုံး ထွက်မပြဘဲ တစ်ကြိမ်၊ နှစ်ကြိမ်မျှသာ ပေါ်လာသော်လည်း ဝိုင်ဖြစ်နေဆဲပင်။ ထိုနာမည်သည် လူတိုင်း၏ ရင်ထဲ၌ ထူးခြားသော အဓိပ္ပာယ်များ ကိုင်ဆွဲထားသည့် နာမည်တစ်လုံးပင်တည်း။

လူတော်တော်များများသည် ဝိုင်၏ ဒဏ္ဍာရီ ပျက်စီးသည်ကို မမြင်ချင်ကြသောကြောင့် သဘောထား ကွဲလွဲမှုများ ဖြစ်ခဲ့ကြသည်။ ဝိုင်က သူတို့ကို စိတ်မပျက်စေရကြောင်း နောက်တစ်ကြိမ် သက်သေပြသွားပြန်သည်။

…

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် တစ်ပိုင်းတည်းသာ လွှင့်ရသေးသော်လည်း အစမှအဆုံးတိုင် ဇာတ်ဝင်ခန်းတိုင်းနှင့် ဇာတ်ကောင်များက စိတ်ဝင်စားစရာ ကောင်းလေသည်။

သတင်းက တောမီးအလား ပျံ့နှံ့သွားသည်။

ဇာတ်လမ်းတွဲကို ကြည့်သည့်သူတိုင်းက နေရာတိုင်း၌ ၎င်းအကြောင်း စဖြန့်ကြသည်။

WeChat Moments၊ ဝေ့ပေါ်နှင့် Tieba တို့အားလုံးတွင် အသည်းအသန် ပြောဆိုကြလေသည်။

တစ်ခဏကြာသော် လူတော်တော်များများက သူတို့၏ တီဗွီရှေ့၌ထိုင်၍ ရှန်းကျောင်းရုပ်သံကို ပြောင်းကြည့် ကြသည်။

အခြားဇာတ်လမ်းများကို ကြည့်နေသည့် အချို့သောသူများတောင်မှ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ပြောင်းမကြည့်ဘဲ မနေနိုင်ကြချေ။

“ဒုတိယပိုင်း စနေပြီ”

“ကျေးဇူးပြုပြီး ပထမပိုင်းရဲ့ ပုံစံကို ဆက်ထိန်းထားပေးပါ၊ ငါ့ကို စိတ်ပျက်ရအောင် မလုပ်ပါနဲ့”

“ဒီလို ဇာတ်လမ်းတွဲကောင်း ရဖို့က ရှားတယ်၊ ကျေးဇူးပြုပြီး မကျပါနဲ့၊ ငါ ဒါကို မျှော်လင့်နေပြီ”

“ငါ သူငယ်ချင်းတွေ အများကြီးကို ဖိတ်ထားပြီးသွားပြီ၊ ငါ ကြွားထားတာ၊ ကျေးဇူးပြုပြီး ငါ့ကို အရှက်မခွဲပါနဲ့”

…

လျိုလျန်ရုပ်သံ ဌာနချုပ်၌ …

လက်ရှိအချိန်၌ ရုံးခန်းတွင်း၌လည်း ဆူညံနေသည်။ လူတိုင်းက အချင်းချင်း လှမ်းကြည့်နေပြီးနောက် ဥက္ကဋ္ဌဟဲအား အလိုလို လှမ်းကြည့်ကြသည်။

ထင်ထားသည့်အတိုင်းပင် ဥက္ကဋ္ဌဟဲ၏ မျက်နှာက မီးသွေးတုံးအလား မည်းမှောင်နေ၏။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ဥက္ကဋ္ဌဟဲကိုယ်တိုင် ဖယ်လိုက်မှန်း အားလုံး သိသည်။ လက်ရှိ အကြောင်းအရာက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအကြောင်းပင်။ တကယ်တမ်းတွင် သူတို့ထဲမှ အချို့သည် သိချင်စိတ်ဖြင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ကြည့်ခဲ့ကြသည်။ သူတို့သည် ရယ်ချင်စိတ်ကို မထိန်းနိုင်သဖြင့် ရုံးခန်းတွင်းမှ အခြေအနေက ပို၍ ကသိကအောက် ဖြစ်လာခဲ့သည်။

သူ နောင်တရသလား။ သံသယဝင်စရာ မလိုအောင်ပင် သူ နောင်တရပါ၏။

သို့သော် နောင်တရခြင်းက ပြဿနာကို ဖြေရှင်းမပေးပါ။

“တကယ်တော့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ပထမပိုင်းက ကောင်းနေရင်တောင်မှ ကြာကြာခံမယ်လို့ ငါမထင်ဘူး၊ အစပိုင်းကောင်းပြီး နောက်ပိုင်းကျသွားမယ့် ဇာတ်လမ်းတွေထဲက တစ်ခုပဲ”

ထိပ်ပြောင်လုနီးပါး ဖြစ်နေသည့် အမျိုးသားတစ်ယောက်က ပြောလာသည်။

ထိုစကားများက ဥက္ကဋ္ဌဟဲ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ သူ့မျက်လုံးများက တောက်ပလာပြီး ပြန်မေးလေသည်။

“ဪ ဘာလို့ အဲ့လိုထင်တာလဲ”

“အဖွင့်က စံနှုန်း မြင့်လွန်းတယ်”

ထိုလူက တစ်ခဏမျှ သေချာစဉ်းစားပြီးနောက် စရှင်းပြသည်။

“ဟာသက လူအများကို ပျော်ရွှင်စရာတွေ ယူဆောင်လာပေးတယ်၊ ဒါပေမဲ့ ဒီနယ်ပယ်ထဲက ကျုပ်တို့အတွက် ကျတော့ ဟာသက ရိုက်ကူးရ အခက်ဆုံးဆိုတာကို အားလုံး ကောင်းကောင်း သိတယ်၊ ဘာလို့လဲဆိုတော့ လုပ်ရိုးလုပ်စဉ် မရှိသလို လိုအပ်ချက်ကလည်း မြင့်လွန်းလို့ပဲ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ကြည့်လိုက်၊ ပထမပိုင်းက ဟာသမြောက်တဲ့ စကားတွေ အများကြီးနဲ့ ပြည့်နေတယ်၊ ဟာသမြောက်တဲ့ စကားတွေ ဘယ်လောက် များများ လုပ်နိုင်မှာလဲ”

သူ့စကားများက အားလုံးကို တိတ်ကျသွားစေသည်။

သူ ပြောတာ မှန်ပေသည်။ ရယ်စရာ အဖြစ်အပျက်များက အများအပြား ရှိနေသည်။ ပထမပိုင်းက အဆင်ပြေသော်လည်း ဆက်၍ ပြနေလျင် ဘယ်လိုလုပ် ဒီလောက် ဟာသဆန်အောင် ပြနိုင်ပါမည်နည်း။

“ဆက်ပြော”

ဥက္ကဋ္ဌဟဲက ပြုံးနေ၏။

“အဲ့ဒါကြောင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ပထမပိုင်းမှာပဲ ဝိုင်းပြီး အာရုံစိုက်ထားတယ်လို့ ကျုပ် သုံးသပ်တယ်၊ နောက်ဇာတ်ကွက်တွေက သေချာပေါက် အရည်အသွေး ကျမှာပဲ”

ထိပ်ပြောင်ပြောင်နှင့်လူက ရပ်သွားပြီးမှ ဆက်ပြောသည်။

“မျှော်လင့်ချက် မြင့်မားလေ၊ စိတ်ပျက်မှု ကြီးလေပဲ၊ ဒုတိယပိုင်း ပြီးသွားရင် အွန်လိုင်းပေါ်က ရေပန်းစားမှုက ပြောင်းသွားလိမ့်မယ်၊ ဝေဖန်မှုတွေနဲ့ပဲ ပြည့်နေလောက်မှာ”

“မင်းရဲ့ သုံးသပ်မှုတွေက အဓိပ္ပာယ် ရှိတယ်”

ဥက္ကဋ္ဌဟဲက ထောက်ခံစွာ ခေါင်းညိတ်သည်။

“အားလုံးပဲ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ပြောင်းလိုက်၊ အဲ့ဒါက ထိန်းထားနိုင်လိမ့်မယ်လို့ ငါ မယုံဘူး”

…

“လာပြီ၊ လာပြီ၊ ဒုတိယအပိုင်း စပြီ”

ထိုသို့သောအချိန်၌ လူတော်တော်များများက ရှန်းကျောင်းရုပ်သံကို စိတ်ဝင်စားနေကြသည်။ သူတို့တွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။

မိတ်ဆက်ပိုင်း စပြလေသည်။

ဇာတ်အိမ်က တရုတ်လူမျိုး တိုက်ခန်းတစ်ခု၏ ဧည့်ခန်းတွင်းကို တည်ထားသည်။ လုရှောင်ပုနှင့် ချန်မိန်ကျားတို့က ဆိုဖာပေါ်၌ ထိုင်နေသည်။

မြင်ကွင်းက နွေးထွေး၍ လူတိုင်းကို ရင်းနှီးသော ခံစားချက် ပေးစွမ်းနေ၏။

“တစ်၊ သုံး၊ နှစ်၊ ငါး၊ သုံး …”

လုရှောင်ပုက သူ့လက်ထဲ၌ ပိုက်ဆံတစ်ထပ်ကို ကိုင်၍ ထပ်ခါတလဲလဲ မှား၍ ရေတွက်နေသည်။ သို့သော် ယင်းက ချန်မိန်ကျားရှေ့၌ သူ တမင်ကြွားချင်နေခြင်း ဖြစ်ကြောင်း သိသာပေသည်။

ရင်းနှီးနေသော မြင်ကွင်းပင်။ သူတို့အများစု၌ ဖြစ်ခဲ့ဖူးသဖြင့် သူတို့ ပြုံးမိသွားသည်။

ထင်ထားသည့်အတိုင်းပင် ချန်မိန်ကျားက မနာလိုစွာ ပြန်ပြောလေသည်။

“ထပ်ခါတလဲလဲ ရေတွက်နေလဲ အပိုပဲ၊ နင် နောက်အပိုတစ်ရွက် တွေ့မှာ မဟုတ်ဘူး၊ ရှင် ဒီစကားကို မကြားဖူးဘူးလို့ ကျွန်မ လောင်းရဲတယ်၊ ပိုက်ဆံကို ရေတွက်ဖို့ပဲ သိတဲ့လူတွေက အဆုံးသတ်ကျရင် ရေတွက်စရာ ပိုက်ဆံမရှိကြဘူးတဲ့”

“ခွီး”

တီဗွီရှေ့မှ လူများအားလုံး ပြိုင်တူ ရယ်မိကြသည်။ အဖွင့်ခန်းက သူတို့ကို စိတ်မပျက်စေရပါ။

ထို့နောက် ရယ်ရသော အခန်းများက ဆက်လက်ပြသနေသည်။ သူတို့ ပိုကြည့်လေလေ ပိုပျော်ရလေလေပင်။ လူတိုင်း စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေ၏။ ထို့အတူပင် ဇာတ်လမ်းထဲမှ သရုပ်ဆောင်များနှင့် ရင်းနှီး လာသည်ဟု သူတို့ ခံစားလာရသည်။

လက်တွေ့နှင့် နီးစပ်ပြီး ရယ်ရသည်။ ဤသည်ထက် အခြားဘယ်အရာက ပို၍ ပျော်စရာ ကောင်းဦးမည်နည်း။

“ခွီး ဟားဟားဟား ဒီလုရှောင်ပုနဲ့ ချန်မိကျား အတွဲက တကယ်ကို ရန်လိုတဲ့အတွဲပဲ၊ သူတို့က တအား ရယ်ရတယ်”

“အောက်ထပ်က ဝက်သားက ဈေးတက်သွားရင် အခြားဆိုင်တွေက ဝယ်လို့ရတာပဲတဲ့၊ ဒီအတွေးက မမှားဘူး၊ တော်လိုက်တာ”

“ငါ ခံစားမိတယ်၊ ဝမ်ယွီရဲ့ နောက်ခံက တကယ်ကို တစ်မူထူးခြားတယ်၊ လခွမ်း … သူက သူဌေးကြီး တစ်ယောက်ရဲ့ သမီးများ ဖြစ်နေမလား”

“နောက်ထပ် ဇာတ်ကောင်အသစ်၊ ဒီမစ္စတာ ကွမ်းကူက ဉာဏ်ကောင်းပုံမရဘူးနဲ့တူတယ်၊ လုရှောင်ပုဆီမှာ လှည့်စားခံရတယ် ဆိုတော့”

“ဒါ တုံးတာ မဟုတ်ဘူး၊ ဒါ ရိုးသားတဲ့လူတစ်ယောက်၊ ရိုးသားတဲ့လူတစ်ယောက်မှာ သေချာပေါက် အခက် တွေ့မှာပဲ”

“ဒါ အံ့ဩဖို့ကောင်းတယ်၊ တကယ် ကောင်းတဲ့ ဇာတ်လမ်းပဲ၊ ငါ ကိုယ့်အချစ်အတွက်ကနေ ပြောင်းကြည့်နေတာ၊ အစတုန်းက ကိုယ့်အချစ်အတွက်က မဆိုးဘူးလို့ ထင်နေတာ၊ ဒါပေမဲ့ ဒါနဲ့ ယှဉ်လိုက်တော့ အဲ့ဇာတ်လမ်းက ချီးထုပ် တစ်ခုလိုပဲ”

“ငါတို့ဘိုးဘေးတွေက တကယ်ကို အမြော်အမြင် ရှိတာပဲ၊ ဒီလို စကားမျိုး ထားခဲ့တာလေ၊ မသိတာကို မကြောက်နဲ့၊ နှိုင်းယှဉ်ခံရတာကို‌ ကြောက်တဲ့၊ သူတို့က တကယ်ကို ကြိုမြင်နိုင်တာပဲ”

All Chapters