မိုးထိမတတ် မြင့်မားသော မူပိုင်ခွင့်ဈေးနှုန်း
Vol. 34 Ch. 497
ကြည့်ရှုသူများက ပျော်ရွှင်စွာ ကြည့်နေချိန်တွင် လျိုလျန်ရုပ်သံမှလူများ၏ အမူအရာများက လုံးဝ မည်းမှောင် နေ၏။ သူတို့ ဆက်ကြည့်လေလေ အမူအရာက ပိုဆိုးလာလေလေပင်။
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ကောင်းမွန်သော လက်ရာဖြစ်ကြောင်း အသိအမှတ် ပြရပေမည်။ ကောင်းလွန်းသဖြင့် သူတို့ ယွမ်သန်းတစ်ရာကို လက်လွှတ်လိုက်ရသလို ခံစားလိုက်ရသည်။ ဤသို့သော ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုကို လျိုလျန်ရုပ်သံက ပိုင်ရမည်ဖြစ်သော်လည်း သူတို့က ငြင်းပယ်ခဲ့သည်။
အရာအားလုံးကို ကျကျနန သုံးသပ်ပြခဲ့သည့် ထိပ်ပြောင်ပြောင်နှင့်လူသည်လည်း အံ့ဩနေသည်။ သူသည် အကြိမ်ပေါင်းများစွာ ပါးစပ်ကို ဟလာသော်လည်း လုံးဝ စကားမပြောနိုင်ချေ။
ယင်းက ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ ဒုတိယပိုင်းသည် သူ ထင်ထားသည်နှင့် လုံးဝ ခြားနားနေ၏။ ဟာသမြောက်သည့် အပြောများက ပထမပိုင်းနှင့် ယှဉ်လျင် မပျောက်သွားဘဲ သူတို့၏ အရည်အချင်း များကလည်း မကုန်သွားချေ။
“အာ … ဒီဟာသမြောက်တဲ့ စကားတွေက အလွန်ဆုံး သုံးပိုင်းလောက်အထိပဲ ခံမယ်လို့ ငါ ထင်တယ်၊ သူတို့ နောက်ပိုင်းကျရင် သေချာပေါက် ထပ်ခါတလဲလဲ ဖြစ်တော့မှာ”
သူက ဆက်၍ မှတ်ချက်ပြုလေသည်။
“ဟီးဟီး”
ဥက္ကဋ္ဌဟဲက အတင်း ပြုံးလိုက်ရသည်။
“မင်းက အရူးလား ဒါမှမဟုတ် ငါ့ကို အရူးလို့ ထင်နေတာလား”
အခြားသော ရုပ်သံဌာနများသည်လည်း တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ အရည်အသွေးကြောင့် ထိတ်လန့် နေ၏။ အစက သူတို့သည် အထင်မကြီးခဲ့ဘဲ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ဘယ်သူမှ အလေးအနက် မထားကြချေ။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက အကြီးမားဆုံး ဖျက်မြင်းတစ်ကောင် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားမိပေ။
လက်ရှိအချိန်၌ သူတို့၏ ရင်ထဲ၌ နောင်တရသော ခံစားချက်တို့ ဖြစ်ပေါ်လာသည်။ ဝိုင်ကို သူတို့ လုံးဝ အထင်သေးရလောက်အောင် သူတို့ ဘယ်လိုတောင် မောက်မာခဲ့မိသနည်း။
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ အဖွဲ့သားများ နေရာ၌။
အချိန်က ဆယ်နာရီသို့ လျင်မြန်စွာ ရောက်ရှိသွားသော်လည်း မီးများက လင်းနေသေးသည်။ သူတို့ထဲက ဘယ်သူမှ ထွက်သွားဖို့ မတွေးမိဘဲ စိတ်လှုပ်ရှားကာ အားအင်တို့နှင့် တက်ကြွနေသည်။
“မင်းတို့အားလုံး ဘာလို့ မတ်တပ်ရပ်နေကြတာလဲ၊ ထိုင်ကြလေ”
ရဲ့လင်းချန်က ပြောလေသည်။
“သခင်လေးရဲ့၊ ကျွန်တော်တို့ စကားတွေက ပြန့်နေပြီ၊ အခု အင်တာနက်တစ်ခုလုံးက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ပြောနေကြတာ”
“ကျွန်မ ချန်ချီချီ ဒီလိုနေ့မျိုး ရှိလာလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး၊ ကျွန်မ ပျော်နေပြီ၊ ကျွန်မ မတရး ပျော်တယ်၊ အမေနဲ့ အဖေရေ သမီးကို တီဗွီမှာ တွေ့ရဲ့လား၊ ဟင့်ဟင့် …”
“ငါ သတိလက်လွတ် ဖြစ်သွားတယ်၊ ငါ အရင်ကတည်းက ပျော်ဖို့ အသင့်ဖြစ်နေပင်မယ့် တကယ်တမ်းကျတော့ ကြောက်နေတယ်၊ ငါ ဘာလုပ်သင့်လဲ”
“အိုး မားမားရေ၊ အင်တာနက်တစ်ခုလုံးက သမီးတို့အကြောင်း ပြောနေပြီ၊ အချို့လူတွေက သူတို့ ဟူရီဖေးကို ချစ်တယ်လို့တောင် ပြောနေတယ်၊ အခု သမီးမှာ ပရိသတ်တွေ ရှိလာပြီ”
“ဒီလိုဖြစ်မယ်ဆိုရင် ကြည့်ရှုသူနှုန်းက သေချာပေါက် နိမ့်မှာ မဟုတ်ဘူး”
ရှောင်ဖေးဖေးသည် ပျော်ရွှင်နေသော်လည်း အချက်အလက်ကို ပို၍ ဂရုစိုက်နေမိသည်။
“ပရိသတ်တွေက ငါတို့ကို အခမဲ့ ကြော်ငြာပေးနေသော ကြည့်တဲ့သူတွေက အရေအတွက် နည်းမှာ မဟုတ်ဘူး၊ ကြည့်ရှုသူနှုန်းက တစ်ကို မရောက်ရင်တောင်မှ အနည်းဆုံး ၀.၉ လောက် ရှိသင့်တယ်”
လီထိုက် သုံးသပ်နေသည်။
“ကိုယ့်အချစ်အတွက်ထက်တော့ ပိုမဆိုးနိုင်ပါဘူး”
“အဲ့လောက်တော့ မဟုတ်ဘူး၊ ငါတို့ အခြေခံက နည်းနည်းလေး ပိုအားနည်းတယ်၊ လူတော်တော်များများက အခြားဇာတ်လမ်းတွေကို ဦးစားပေးနေတုန်းပဲ၊ ဒါပေမဲ့ အခြေအနေက နောက်ပိုင်းတော့ တိုးတက်လာမှာပါ”
ပြောဆိုဆွေးနွေးမှုများ ရှိနေပြီး သူတို့၏ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျဆင်းသွားလေသည်။ မည်သို့ပင် ဆိုစေကာမူ ပရိသတ်များ သဘောကျခြင်းက အရေးအကြီးဆုံးအချက်ပင်။
“ကဲ ထပ်ပြီး စိုးရိမ်မနေနဲ့တော့၊ ငါ မင်းတို့အားလုံးအတွက် ဂုဏ်ပြုပွဲတစ်ပွဲ ပြင်ထားတယ်၊ မင်းတို့ မပြန်နဲ့ဦး၊ အရင် သောက်လိုက်ဦး”
ရဲ့လင်းချန်သည် အရာအားလုံးကို ကြိုပြင်ဆင်ထားပုံရပြီး ဘီယာတစ်ပုံးကို ထုတ်လိုက်သည်။
“ဝိုး … ဘီယာပဲ၊ ငါ ကြိုက်တယ် …”
“ဟားဟားဟား သခင်လေးရဲ့ရေ၊ ကျွန်တော်ကို ခင်ဗျားကို အသေအလဲ ချစ်သွားပြီ၊ ဂုဏ်ပြုပွဲက လုပ်ကို လုပ်ရမှာပေါ့ဗျ”
“ဟေ့ ဒီဘီယာက အဆင့်မြင့် ဘီယာပဲ၊ သခင်လေးရဲ့၊ ခင်ဗျားက သိပ်ကြင်နာတတ်တာပဲ”
လီထိုက်က ဦးဆောင်၍ ဘီယာဘူးကို မြှောက်လိုက်သည်။
“အားလုံး သခင်လေးရဲ့အတွက် ဂုဏ်ပြုပေးရအောင်”
ဟူရီဖေးနှင့် အခြားသူများအားလုံး တစ်ယောက်ပြီး တစ်ယောက် ထလာကြသည်။ မသောက်တတ်သော မိန်းကလေးများတောင်မှ အတူတူ ဂုဏ်ပြုချင်သဖြင့် ဘီယာဘူးကို မြှောက်ကြလေသည်။
“သခင်လေးရဲ့အတွက်”
ရဲ့လင်းချန်က မငြင်းပါ။ သူက ပြုံး၍ အားလုံးနှင့် အတူတူ သောက်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
“အခု ကျွန်တော် အားလုံးကို ဂုဏ်ပြုချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို ယုံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီရက်တွေမှာ ခင်ဗျားတို့အားလုံး ကျွန်တော်နဲ့ ကျွန်တော်တို့ ဇာတ်လမ်းအတွက် ခင်ဗျားတို့ရဲ့ နားချိန်နဲ့ အိပ်ချိန်တွေကို ဖဲ့ပြီး ပေးခဲ့တယ်၊ လူတိုင်း အချိန်ပိုဆင်းဖို့ သေချာဆုံးဖြတ်ခဲ့တယ်၊ ကျွန်တော်တို့ မိတ်ဆွေတွေထဲက တချို့ဆိုရင် ဖျားနေတာတောင်မှ လာပေးကြတယ်၊ ကျွန်တော် အားလုံးကို မှတ်ထားပါတယ်၊ ခင်ဗျားတို့ ကျွန်တော့်ကို လေးစားမှုပြတာဆိုတာလည်း သိပါတယ်၊ ကျွန်တော် ခင်ဗျားတို့ကို ဂုဏ်ပြုပါတယ်”
“သခင်လေးရဲ့၊ ခင်ဗျား ယဉ်ကျေးလွန်းနေပါပြီဗျာ”
“သခင်လေးရဲ့၊ ဒီလိုအခွင့်အရေးမျိုး ပေးခဲ့လို့ ကျုပ်တို့က ကျေးဇူးတင်ရမှာပါ”
“သခင်လေးရဲ့ ကျွန်တော်တို့ ခင်ဗျားနောက် လိုက်ရင်းနဲ့ အများကြီး သင်ယူခဲ့ရတာပါ”
“ကျွန်တော်တို့ ခင်ဗျားကို လေးစားပါတယ်၊ ကျွန်တော်တို့ပဲ လုပ်ပါ့မယ်”
လူတိုင်းက အလျင်အမြန် ပြန်ပြောလာသည်။
လူတိုင်း၏ ယဉ်ကျေးပျူငှာနေမှုမှာ အယ်လ်ကိုဟောကြောင့် ဖြစ်လေသည်။
အယ်လ်ကိုဟောကြောင့် အကြောင်းအရာများစွာကို ပြောဖြစ်နေပြီး လူတိုင်း တစ်ခဏမျှ စကားစမြည် ပြောနေကြသည်။
“လခွမ်း၊ ဒီအပိုင်း ပြီးသွားတာကိုတောင် ငါ သတိမထားလိုက်မိဘူး”
“တကယ်ကြီးဟ ကြည့်ဦး၊ ငါတို့ ဝေ့ပေါ်မှာ နံပါတ်တစ် ရှာဖွေမှု ဖြစ်နေပြီ”
“ဒါဆို နင်တို့ ဘာလုပ်နေတာလဲ၊ နောက်ထပ် ဂုဏ်ပြုပွဲ လုပ်ကိုလုပ်ရမှာပေါ့”
“ကောင်းပြီလေ၊ ချကြတာပေါ့”
တစ်ခဏကြာသော် လူတိုင်း ရဲ့လင်းချန်ကို ဂုဏ်ပြုကြလေသည်။ သူတို့၏ သူ့အပေါ် လေးစားမှုက ရင်ထဲမှ လာခြင်း ဖြစ်သည်။
ထိုသို့သောအချိန်၌ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် အဆုံးသတ်တွင် ပါဝင်သူများ၏ အမည်စာရင်းကို ပြသနေသည်။ လူတိုင်းက နောက်ဆုံးပိုင်းမှ သူတို့နာမည်များကို လက်ညှိုးထိုး၍ ရယ်နေကြသည်။
“ကလင် ကလင် ကလင်”
ထိုစဉ် ရှောင်ဖေးဖေး၏ ဖုန်းက မြည်လာသည်။
သူမက ရဲ့လင်းချန်ကို တစ်ချက်ကြည့်ပြီးမှ ဖုန်းကိုင်လိုက်သည်။
ငါးမိနစ်ကြာသော် ရှောင်ဖေးဖေးက ပြုံး၍ ပြန်လျှောက်လာသည်။
“သတင်းကောင်းပဲ၊ အွန်လိုင်း ဗွီဒီယိုဆိုက် ငါးခုက ကျွန်မတို့ကို ဆက်သွယ်လာတယ်၊ Tencent Video၊ iQi Video နဲ့ Youku Video တွေက သူတို့အတွက် တစ်ဦးတည်း ပြသခွင့် ဝယ်ချင်နေတယ်၊ တိုက်ခန်းတွင်းမှ အချစ် ဇာတ်လမ်း အတွက် အွန်လိုင်း အားလပ်ရက် ပြသခွင့်အတွက် ပြိုင်ပြီး ဈေးပေးနေကြတာ”
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ရှန်းကျောင်းရုပ်သံ၌ ပြသခြင်းအပြင် အခြားသော လုပ်ပိုင်ခွင့်အားလုံးက ရှောင်ဖေးဖေး၏ လက်ထဲ၌ ရှိနေသည်။ ယင်းသည် ကိုယ်ပိုင် ကုမ္ပဏီ တည်ထောင်ခြင်း၏ ကောင်းကျိုး ဖြစ်သည်။ ရရှိလာမည့် အကျိုးအမြတ်က ကောင်းလွန်းလှသည်။
“ပြီးတော့ ကြော်ငြာရှင်တွေ အများကြီးကလည်း ကြော်ငြာ နည်းနည်းလောက် ထည့်ချင်လို့ ရုပ်သံဌာနကို ဆက်သွယ်ကြတယ်၊ ကျွန်မတို့ကို ဈေးသတ်မှတ်ခွင့် ပေးထားတယ်”
ရဲ့လင်းချန်က ရှောင်ဖေးဖေးကို ပြုံးကာကြည့်၍ ပြောလိုက်သည်။
“ငါတို့ ဇာတ်လမ်းမှာ ကြော်ငြာထည့်မယ့် ကိစ္စကို ထေ့ငေါ့ခဲ့တဲ့သူတွေက အခု နောင်တရပြီး မီးစိမ်းပြ နေလောက်ပြီ”
“ဟားဟားဟား သူတို့ထိုက်နဲ့ သူတို့ကံပဲလေ၊ ငါတို့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အထင်သေးဖို့ ဘယ်သူက ပြောလို့လဲ”
“ဒါနဲ့ စကားမစပ် စီအီးအိုရှောင်၊ အဓိက ဗွီဒီယိုဆိုက်ကြီးသုံးခုက အချင်းချင်း ပြိုင်ပြီး ဈေးခေါ်နေတယ်လို့ ခင်ဗျား ခုနက ပြောခဲ့တယ်နော်၊ အခု အခြေအနေက ဘယ်လိုလဲ”
တစ်စုံတစ်ယောက်က သိချင်စိတ်ဖြင့် မေးလာသည်။
ရှောင်ဖေးဖေးက မျက်စိမှိတ်ပြပြီး ပြုံး၍ ပြောလိုက်သည်။
“အတူတူ မှန်းကြည့်ရအောင်လေ”
ချန်ချီချီက မေးကိုပွတ်၍ မှန်းလေသည်။
“အာ … သန်းနှစ်ဆယ်လား”
ကိုယ့်အချစ်အတွက်၏ အင်တာနက် လိုင်စင်က သန်းနှစ်ဆယ်ထက် မမြင့်သောကြောင့် ဈေးက အတော်လေး ဆီလျော်ပေသည်။
လုရှောင်ပုက လက်ခုပ်တီးလေသည်။
“မင်းက သတ္တိမရှိသေးဘူးပဲ၊ ငါတော့ သန်းသုံးဆယ်လို့ မှန်းတယ်”
ချန်မိန်ကျားက ရှောင်ဖေးဖေး၏ မျက်နှာကို ကြည့်ပြီး မနေနိုင်ဘဲ ပြောလေသည်။
“သန်းလေးဆယ်တော့ မဟုတ်ဘူးမလား”
“မဟုတ်ဘူး”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို စိတ်လှုပ်ရှားစွာ ဖက်လိုက်သည်။
“Tencent Video က အင်တာနက်ပေါ်မှာ တစ်ဦးတည်း ထုတ်လွှင့်နိုင်ခွင့် ရသရွေ့ သန်းငါးဆယ် ပေးမယ်လို့ ကမ်းလှမ်းတယ်”
“လခွမ်း”
“သန်းငါးဆယ်တဲ့လား”
“သူတို့အိတ်ကပ်တွေကများ နက်ရှိုင်းနေတာလား၊ Tencent Video က ရူးနေပြီ”
“ငါ အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား”
တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအပေါ် အားလုံး ယုံကြည်မှုရှိသော်လည်း ဈေးကို ကြားရသောအခါ သူတို့ ထိတ်လန့်နေသေးသည်။
ယင်းက လုံးဝကို မိုးထိမတတ် မြင့်မားသော ဈေးပင်။
၎င်းကို တွေးမိသောအခါ အတော်လေး ရယ်ချင်စရာ ကောင်းလှသည်။ ယခင်က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ တစ်ဦးတည်း မူပိုင်ခွင့်လိုင်စင်နှင့် ပတ်သက်၍ ဘယ်ဗွီဒီယိုဆိုက်ကမှ အကောင်း မမြင်ကြချေ။ သို့သော် ရုတ်ချည်းဆိုသလိုပင် ဈေးက မထင်ထားလောက်အောင် သန်းငါးဆယ်အထိ မြင့်တက် သွားခဲ့သည်။
“လင်းချန် ရှင် ရောင်းမှာလား”
ရှောင်ဖေးဖေးက မေးသည်။ အားလုံး ထင်ထားသည်နှင့် ဆန့်ကျင်စွာပင် ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်က
“လုံးဝပဲ”
“ဒီအခြေအနေထိ ရောက်မှတော့ ငါတို့ စောင့်နေသင့်တယ် …”