← Chapters

အဆင့်နှုန်းထားများအား တိတ်ဆိတ်စွာ စောင့်နေခြင်း

Vol. 34 Ch. 498

အဆင့်နှုန်းထားများအား တိတ်ဆိတ်စွာ စောင့်နေခြင်း

Vol. 34 Ch. 498

*နေပါဦး*

လူတိုင်း တစ်ခဏမျှ မှင်တက်သွားပြီး ရှောင်ဖေးဖေးတောင်မှ ရဲ့လင်းချန်ကို ကြည့်လာသည်။

သီးသန့် မူပိုင်ခွင့်အတွက် ဝယ်ဈေး ယွမ်သန်းငါးဆယ်က ရုပ်သံဇာတ်လမ်းတွဲတစ်ခုအတွက် မြင့်မားသော ဈေးတစ်ခုပင်ဖြစ်ပြီး တော်တော်များများက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ဤမျှ ဈေးမြင့်မြင့်ဖြင့် ဝယ်လိုနေ၏၊

ပထမဆုံးအချက်မှာ ဘဝ သရုပ်ဖော် ဟာသဇာတ်လမ်းသည် လူကြိုက်များရန် မမြန်ချေ။ ထိုသို့သော ရုပ်သံ ဇာတ်လမ်းတွဲ ကောင်းအား ပြုလုပ်နိုင်သူက အနည်းငယ်သာ ရှိသည်။ တစ်ပိုင်း သို့မဟုတ် နှစ်ပိုင်း၏ အရည်အသွေးက ၎င်း၏ အဆင့်အတန်းကို အမြင့်ဆုံးသို့ ရောက်ရှိအောင် ခိုင်မာသွားစေသည်ဟု ဆိုလျင် မမှားနိုင်ပေ။ ထို့အပြင် လက်ရှိ စကားများက ရေပန်းစားနေပြီး အမြင်လည်း ကောင်းပေသည်။

လောင်းကြေးစားကြေး အနည်းငယ်လည်း ရှိနေသည်။ သူတို့သည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ အရည်အသွေးက ကျဆင်းမည် မဟုတ်ဟု လောင်းကြေးထပ်နေ၏။

နောက်တစ်ချက်မှာ ဈေးပြိုင်ပေးခြင်း ဖြစ်သည်။ အဓိက အွန်လိုင်း ဗွီဒီယို ကုမ္ပဏီသုံးခုက ပြိုင်တူ ဈေးပြိုင်ပေးလာသဖြင့် ၎င်းက မတန်တဆဈေးသို့ အသာလေး ဦးတည်သွားသည်။

သန်းငါးဆယ်သည် လက်ရှိ အမြင့်ဆုံး ဈေးဟု ဆိုနိုင်သော်လည်း ရဲ့လင်းချန်က ငြင်းနေသေးသည်။

လူတော်တော်များများသည် ကျိတ်၍ စိုးရိမ်နေပြီး အချိန်နှောင်းသွားပြီဖြစ်သဖြင့် နောက်ပြန်မလှည့်နိုင်ကြချေ။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ စုစုပေါင်း ကုန်ကျစရိတ်က သန်းနှစ်ဆယ်ထက် နည်းသည်။ ထိုပိုက်ဆံ ပမာဏ တစ်ခုတည်းနှင့်တင် နောက်ထပ် သန်းသုံးဆယ်ကို အပို ရရှိလိုက်ခြင်း ဖြစ်သည်။ ကြော်ငြာစရိတ်နှင့် အထူး ကြော်ငြာစရိတ်နှင့် သီးသန့်မူပိုင်ခွင့်အတွက် စရိတ်များကို ပေါင်းလိုက်ပြီးလျင်တောင်မှ အမြတ်က အံ့ဩစရာ ကောင်းနေသေးသည်။

*အသားတင် အမြတ်က သန်းငါးဆယ်တောင် ကျော်နေလောက်တယ်၊ ဒါ ဘယ်လို သဘောတရားကြီးလဲ*

အခြားအရာများကို မပြောဘဲ ကိုယ့်အချစ်အတွက်ကို ဥပမာအနေဖြင့် ပြောရပေမည်။ သူတို့၏ သရုပ်ဆောင်များနှင့် ထုတ်လုပ်ရေး ကုန်ကျစရိတ်များက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းထက် နှစ်ဆမက ပိုများပေသည်။ သို့သော် သူတို့၏ ကုန်ကျစရိတ်များ အားလုံးကို ထည့်သွင်းပြီး သန်းငါးဆယ်နှင့် ရောင်းပါက အတော်လေး ရလဒ် ကောင်းနေပြီ ဖြစ်သည်။ သူတို့ အသားတင် ဆယ်သန်း ရနိုင်ပါက လိုင်စင်ကို စ၍ မီးရှို့မိ လောက်သည်။

အပိုင်း တစ်ပိုင်း သို့မဟုတ် နှစ်ပိုင်းတည်းနှင့် ထိုသို့ မြင့်မားသော ဈေးတစ်ခုကို မှတ်တမ်းတင်နိုင်ခြင်းက တကယ်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ ရှောင်ဖေးဖေး၏ ကုမ္ပဏီအသစ်က ပထမဆုံး တိုက်ပွဲမှာတင် နိုင်ပွဲ ရရှိသွားပြီဟု သတ်မှတ်ရပေမည်။

ရှန်းကျောင်းရုပ်သံမှ လူများသည်လည်း ထိတ်လန့်၍နေ၏။

*ရူးနေပြီ*

*Tencent Video က ရူးနေပြီ*

*တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ အဖွဲ့သားတွေလည်း ရူးနေပြီ*

*ရှောင်ဖေးဖေး ရူးနေပြီ*

*သရုပ်ဆောင်ဝိုင်လည်း ရူးနေပြီ*

Tencent Video က ဤမျှ ဈေးမြင့်မြင့်နှင့် ကမ်းလှမ်းသော်လည်း ငြင်းပယ်ခံရသည်။ လူတိုင်း ရူးမတတ် ဖြစ်နေပြီး ဘယ်သူမှ မယုံရဲချေ။

တကယ်တမ်းတွင် ထိုသတင်းက ပျံ့နေပြီးသားပင်။

သူတို့သည် ဈေးပြိုင်ပေးနေခြင်း ဖြစ်သည်။ တစ်ဖက်လူက ဈေးကို သိနေသည်က သဘာဝပင်။ ကုမ္ပဏီများထဲမှ တစ်ခုက ဈေးပြိုင်ပေးခြင်းနှင့် ပတ်သက်သော သတင်းကို ဖြန့်လိုက်ပြီး ထိုသို့ လုပ်ရသည့် သူတို့၏ ရည်ရွယ်ချက် ကိုလည်း မသိကြချေ။

ကျောက်တုံးလေးတစ်တုံးက လှိုင်းကြက်ခွပ်များစွာ ဖြစ်ပေါ်လာစေသည်။

[သောက်ကျိုးနည်း၊ ဒီကမ္ဘာကြီးက ရူးနေပြီပဲ]

[ဟုတ်ပါ့၊ မင်း ငါ့ကို စိတ်ကူးယဉ် ပုံပြင်အကြောင်း ပြောနေတာ မဟုတ်လား]

[အဓိက အွန်လိုင်း ဗွီဒီယို ကုမ္ပဏီကြီးတွေက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအတွက် ပြိုင်နေတာ၊ ဒါပေမဲ့ Tencent Video က သန်းငါးဆယ် ဈေးခေါ်တဲ့အချိန်မှာ ပယ်ချခံရတယ်တဲ့လား၊ ဟီးဟီး ငါ့ဦးနှောက်တွေ ချောင်သွားသလို ခံစားရတယ်]

[Tencentက ငွေတွင်းနက်တယ်၊ ပြီးတော့ သူတို့က ချမ်းသာတယ်၊ ဒါပေမဲ့ ဒါက သူတို့ကို ပျက်စီးစေလိမ့်မယ်]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ဒီဈေးနဲ့ တန်လို့လား]

[နှစ်ပိုင်းပဲ ထုတ်လွှင့်ရသေးတာကို သူတို့က အဲ့လောက် ပိုက်ဆံ အများကြီးကို သူတို့ဆီမှာ သုံးခိုင်းဖို့ ရဲတင်း နေပြီလား၊ ငါက ရူးနေတာလား ဒါမှမဟုတ် တစ်လောကလုံးက ရူးနေတာလား၊ ဒါက အရမ်း စွန့်စားလွန်းတယ်]

[ဒီက ပြဿနာက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ငြင်းလိုက်တာပဲ၊ ဒါက ဘာအဓိပ္ပာယ်လဲ]

[မောက်မာတယ်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက မောက်မာတာပဲ၊ သူတို့ စိတ်ကြီးဝင်နေတယ်၊ ဝါးဟားဟား … သူတို့ လုံးဝ နောင်တရမယ်လို့ ငါ လောင်းရဲတယ်]

[ကြည့်ရှုသူနှုန်းထားကို မနက်ဖြန် တွက်ချက်တော့မှာ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ကြည့်ရှုသူနှုန်းက မကောင်းရင် သန်းငါးဆယ်နဲ့ မရောင်းနိုင်ဘူး၊ သူတို့ကို လာပေးတုန်း မယူရအောင် သူတို့ ဘယ်လိုတောင် တုံးတာလဲ]

[အပေါ်ကလူ၊ မင်း တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို မကြည့်ဘူးလား၊ ငါ မင်းကို တိုက်ခိုက်ဖို့ ကြိုးစားတာတော့ မဟုတ်ပင်မယ့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ကြည့်ရှုသူနှုန်းက များနိုင်ချေ ရှိတယ်၊ တကယ်လို့ အဲ့ဒါက သတ်မှတ်ချက်အားလုံးကို ချိုးဖောက်မယ်ဆိုရင် မနက်ဖြန် အချိန်တန်ရင် ဝယ်ချင်တဲ့ ပြိုင်ဘက်တွေ အများကြီး ရှိလောက်တယ်၊ အဲ့အခါကျရင် သန်းငါးဆယ်တောင် ကျော်သွားနိုင်တယ်၊ Tencent Videoက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းပေါ် လောင်းကြေးထပ်မလို့ပဲ၊ ဒါပေမဲ့ တိုက်ခန်းတွင်းမှ အချစ် ဇာတ်လမ်းက ငြင်းခဲ့တာက သူတို့ ယုံကြည်မှု တအားရှိလို့လို့ ငါ ထင်တယ်]

[သေစမ်း ငါ ဒီလောကကြီးကို နားမလည်နိုင်တော့ဘူး]

[ဟုတ်တယ်၊ ငါလည်း နားမလည်ဘူး၊ ဒါက ရူးချင်တာပဲ]

[ပိုက်ဆံ ရှာရတာက လွယ်တယ္၊ လေတောင်မှ အဲ့လောက် မမြန်နိုင်ဘူး]

[ပါရမီရှင်တစ်ယောက်ဆိုတာ ဘာလဲ၊ သရုပ်ဆောင်ဝိုင်က ပါရမီရှင်တစ်ယောက်ပဲ၊ သရုပ်ဆောင် တစ်ယောက် ဖြစ်ပြီးတော့ ရုပ်ရှင်ကားလည်း ရိုက်နိုင်တယ်၊ ဇာတ်လမ်းတွဲလည်း ရိုက်နိုင်တယ်၊ ဘာကိုပဲ ရွေးရွေး သူ ဖန်တီးတဲ့ အောင်မြင်မှုက အခြားသူတွေ တစ်သက်လုံး လိုက်ရှာနေတဲ့ အရာတွေပဲ၊ သူတို့ နယ်ပယ်တူတဲ့ သူတွေရဲ့ ရင်ထဲမှာ သူ ဘယ်လောက်တောင် အရိပ်မည်း ထင်အောင် လုပ်လိုက်ပြီလဲ ငါ သိချင်လိုက်တာ]

…

လူအများ ထိတ်လန့်နေကြသည်။ အနုပညာ နယ်ပယ်သည်လည်း ထပ်တူ ပွက်လောရိုက်နေ၏။

တူညီသော အချိန်အတွင်း ထုတ်လွှင့်ခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲများသည် လက်ရှိ၌ မှေးမှိန်၍ နေလေသည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းထက် စော၍ လူပြောများခဲ့သော ကိုယ့်အချစ်အတွက်တောင်မှ ငှက်ကုလားအုတ် တစ်ကောင်ကဲ့သို့ မြေကြီးပေါ် ခေါင်းထိုးထားရသည်။ ဤသို့သော အခြေအနေ၌ သူတို့ လေပင် မလည်ရဲပေ။

လျိုလျန်ရုပ်သံသည် နောင်တတို့နှင့် အပြင်းအထန် တုန်လှုပ်နေသည်။ သူတို့သည် သူတို့၏ ချမ်းသာမှု အရင်းအမြစ် ပျောက်ကွယ်သွားသည်ကို ကြည့်နေရပြီး အများအမြင်၌ လူရယ်စရာ ဖြစ်လာသည်။ သူတို့သည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ငြင်းခဲ့သူများ ဖြစ်ပြီး ယင်းက အင်တာနက်ပေါ်၌ ပြောစရာ များလာစေ၏။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း အဖွဲ့သားများ ရှိရာ၌။

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ကြည့်နေသည်။

“လင်းချန်၊ သန်းငါးဆယ်က မများသေးဘူးလား”

ရဲ့လင်းချန်က ပြုံး၍ ပြောသည်။

“မဆိုးပါဘူး”

“ဒါဆို ရှင် ဘာလို့ မရောင်းတာလဲ”

ရှောင်ဖေးဖေး သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူမသည် ရဲ့လင်းချန်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည် ဖြစ်သောကြောင့် စောဒက တက်လိုခြင်း မဟုတ်ပါ။ ရဲ့လင်းချန်၏ အတွေးကို သူမ ကြားချင်ရုံသက်သက်သာ ဖြစ်သည်။

ရဲ့လင်းချန်က လူတိုင်းကို ကြည့်၍ ပြောလိုက်သည်။

“တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ နောက်ပိုင်း အရည်အသွေးအရဆိုရင် အဲ့သန်းငါးဆယ်က ရှိနေဦးမှာပဲ၊ ငါ အခု ငြင်းလိုက်ရင်တောင်မှ နောက်တစ်ခါကျရင် တစ်ယောက်ယောက်က ဈေးပိုပေးပြီး ဝယ်ချင်ဦးမှာ၊ ဒါက သေချာပေါက် အမြတ်ရမှာဆိုတော့ ငါတို့ ပိုမြင့်တဲ့ ဈေးကို ရနိုင်ဦးမလား ငါ ကြည့်ချင်သေးလို့၊ ငါတို့ နာမှာ မဟုတ်ဘူးလေ”

အထူးသဖြင့် သူသည် ထိုမျှ ပိုက်ဆံကို အလျင်စလို မလိုချင်ပါ။ အကြောင်းမှာ သူက တည်ငြိမ်စွာ ထိုင်၍ မျှားခေါ်လိုခြင်းကြောင့်ပင်။

သူ ပြောသည့် စကားကို ကြားသောအခါ လူတိုင်း ခေါင်းညိတ်သွားသည်။

*သခင်လေးရဲ့က တကယ် ပါးနပ်တာပဲ*

“ငါတို့ ကြည့်ရှုသူနှုန်းက အရမ်း မြင့်နေရင် ဈေးကလည်း တိုးလာနိုင်ချေ ရှိတယ်”

လီထိုက်က ဆက်ပြောသည်။

လူတိုင်း မျက်လုံး အရောင်လက်လာပြီး ကြည့်ရှုသူနှုန်းအား မျှော်လင့်နေမိသည်။

ရှန်းကျောင်း ရုပ်သံသည် အခြား ရုပ်သံဌာနများကြား၌ နာမည်မကြီးချေ။ သူတို့တွင် ကောင်းသော လက်ရာများ အလွန် နည်းပြီး ကြည့်ရှုသူနှုန်းကလည်း အခြား ရုပ်သံဌာနများအားလုံး၏ အောက်ခြေ၌သာ အမြဲ ရှိနေသည်။ မကြာသေးခင်က သူတို့ တိုးတက်လာသော်လည်း ကြည့်ရှုသူနှုန်း ၀.၆ ဝန်းကျင်ကိုသာ ထိန်းနိုင်လေသည်။ တကယ်တမ်းတွင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း မထုတ်လုပ်ခင်က အဖွဲ့သားများတောင်မှ ကြည့်ရှုသူနှုန်းက ၀.၈ သာ ရလိမ့်မည်ဟု မှန်းထားကြသည်။

ဇာတ်လမ်းကို အကောင်းမမြင်သည့် စောင့်ကြည့်သူများက ၀.၅ ထက် နည်းလိမ့်မည်ဟု ခန့်မှန်းကြသည်။

*ဘယ်လောက် ဖြစ်လာမလဲ*

*ဘယ်လောက် ထပ်ပြီး ဖြစ်လာနိုင်မလဲ*

လင်းချန် မတွေးတတ်ပါ။ ထို့အတူ ရှောင်ဖေးဖေးနှင့် ကျန်လူများအားလုံးလည်း မတွေးတတ်ပါ. သူတို့အားလုံး ရုပ်သံလိုင်းမှ ကိန်းဂဏန်း အချက်အလက်များကို စောင့်နေရုံသာ ရှိသည်။

နောက်တစ်နေ့ မနက် ရှစ်နာရီ၌ အေးမြသော လေညင်းက လူတိုင်း၏ မျက်နှာကို ဖြတ်သန်းသွားပြီး လမ်းမပေါ်မှ လမ်းသွားလမ်းလာများ၏ အိပ်ချင်စိတ်ကို လွင့်ပြယ်သွားစေသည်။

ရှောင်ချင်၊ ရှောင်ဟွေနှင့် လိပ်အိုကြီးတို့နှင့်အတူ မနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ရဲ့လင်းချန်သည် ရှောင်ဖေးဖေး၏ ကုမ္ပဏီသို့ ဦးတည်လာခဲ့သည်။

ယနေ့တွင် ကုမ္ပဏီ၌ ဝန်ထမ်း အနည်းငယ်သာ ရှိပြီး တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ရိုက်ကူးရေး အဖွဲ့သားများက နှစ်ရက် နားရက် ရသည်။

သူတို့ တစ်ရက်မှ မနားရဘဲ ကြာမြင့်စွာ အလုပ်လုပ်ခဲ့ရသဖြင့် အားလပ်ရက်ကို အထူး ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ ရိုက်ကူးရေး ပြီးသွားသည်နှင့် သူတို့ အနားယူရန်အတွက် အားဖြည့်ချိန် ရှိသင့်ပေသည်။ အလုပ်နှင့် နားချိန်က ဒွန်တွဲလျက် ရှိသည်။ ရဲ့လင်းချန်၏ ပြင်းပြသော အလုပ်လုပ်ချင်စိတ်ကို အနားမယူဘဲ ဘယ်သူမှ တောင့်မခံနိုင်ပါ။ အနားမယူလျင် နောက်ပိုင်း ထုတ်လုပ်ရေး၏ အကျိုးသက်ရောက်မှုကို သေချာပေါက် ထိခိုက် ပေလိမ့်မည်။

ထို့အပြင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် အောင်မြင်စွာ လတ်စသတ်နိုင်ပြီး ရလဒ်များကလည်း အားရဖွယ် ကောင်းသည်။ ထို့ကြောင့် သူတို့ ဆုကြေးတစ်ချို့ ရရှိသည်က မှန်ပေသည်။

ရိုက်ကူးရေး အဖွဲ့သားများက နားရက်ယူသော်လည်း ရှောင်ဖေးဖေးက မယူပါ။ သူမသည် ရုံးခန်း၌ ထိုင်၍ အချိန်နှင့်အမျှ ဖုန်းခေါ်နေပြီး သူမ၏ မျက်နှာလေးတွင် စိုးရိမ်ပူပန်မှုတို့ ပေါ်လွင်နေ၏။

ရဲ့လင်းချန်ကို မြင်သောအခါ သူမက ပြုံးလာသည်။

“ရှင် တော်တော် စောနေတာပဲ၊ လင်းချန်”

“ကြည့်ရှုသူနှုန်းတွေက မထွက်သေးဘူးလား”

လင်းချန်က မေးလိုက်သည်။

“မထွက်သေးဘူး”

ရှောင်ဖေးဖေးက ခေါင်းခါသည်။

“အဓိက ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ကြည့်ရှုသူနှုန်းက အခု မထွက်သေးဘူး၊ ရှန်းကျောင်းရုပ်သံက အမီလိုက်ဖို့ ကြိုးစားနေတယ်”

“စိတ်အေးအေးထားပါ၊ အဲ့လောက် မဆိုးနိုင်ပါဘူး”

“မထုတ်လွှင့်ခင်က ကျွန်မတို့ရဲ့ သတင်းစကားက ကြည့်ရှုသူနှုန်းကို ထိခိုက်မှာ စိုးရိမ်တယ်”

ရှောင်ဖေးဖေးက အနည်းငယ် မျက်မှောင်ကြုတ်နေ၏။

ယခင်က လူတော်တော်များများသည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို မျှော်လင့်ချက် ကြီးကြီးမားမား မထားကြပေ။ မနေ့ညက ကြည့်ခဲ့သည့်သူများက ချီးကျူးသော်လည်း သူတို့၏ ကြောက်ရွံ့မှုများထဲမှ တစ်ခုမှာ အခြားသူများက အစကတည်းက မကြည့်ကြလောက်သည့် ဖြစ်နိုင်ချေပင်။ ထိုသို့ ဖြစ်ခဲ့လျင် ကြည့်ရှုသူနှုန်းက မမြင့်နိုင်ပါ။

“အရင်နှုန်းက ဘာမှ အဓိပ္ပာယ် မရှိဘူး၊ မနေ့ညက မမြင့်ရင်တောင်မှ နောက်ပိုင်း နှုန်းတွေက မြင့်သထက် မြင့်လာမှာ သေချာတယ်”

ရဲ့လင်းချန်က တည်ငြိမ်စွာ ထိုင်၍ ကြည့်ရှုသူနှုန်းများ ကြေညာခြင်းကို စောင့်နေသည်။

All Chapters