← Chapters

အကုန်စုတ်ပြတ်သတ်ထွက်ကုန်မယ်

Vol. 19 Ch. 278

အကုန်စုတ်ပြတ်သတ်ထွက်ကုန်မယ်

Vol. 19 Ch. 278

အခန်း ၂၇၈ - အကုန်စုတ်ပြတ်သတ်ထွက်ကုန်မယ်

သူမ၏ စိတ်အာရုံထဲတွင် ထိုပုံရိပ်က ပေါ်လာပြီး သူမ၏ အနက်ရှိုင်းဆုံးမှတ်ဉာဏ်ထဲမှ ထိုအသံကလည်း ပဲ့တင်ထပ် ထွက်ပေါ်လာကာ ဆူရှောင်းနင်ကို နွေးထွေးသွားစေ၏။

ထို့နောက် ဆူရှောင်းနင်သည် တစ်စုံတစ်ယောက်ကို မြင်တွေ့လိုက်ရ၏။

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ဖြည်းဖြည်းချင်း လမ်းလျှောက်လာ၏။

သူ့ပုံစံက အရပ်အရမ်းမရှည်၊ ဗလတောင့်တောင့်လည်း မဟုတ်ပေ။

သို့‌သော်လည်း ဆူရှောင်းနင်၏ မှတ်ဉာဏ်များထဲတွင် ထိုပုံရိပ်က အထပ်ထပ်အခါခါ တည်ရှိခဲ့ဖူး၏။

ထိုလူကို မြင်လိုက်ရသောအခါ ဆူရှောင်းနင်၏ နှုတ်ခမ်းသည် အနည်းငယ်ပွင့်ဟသွား၏။ သူမ၏ တစ်ကိုယ်လုံး တုန်ယင်လာပြီး သူမ၏ မျက်လုံးများ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာ၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ငါ့စိတ်က ထင်ယောင်ထင်မှား ဖြစ်နေတာ.. ဟုတ်တယ်မလား...။

ဆူရှောင်းနင်ကို အဲ့ဒါကို မယုံကြည်နိုင်ပေ။

သူမသည် အင်္ကျီလက်စဖြင့် သူမ၏ မျက်ဝန်းထဲက မျက်ရည်စများကို သုတ်၍ ချဉ်းကပ်လာသော ထိုလူကို မျက်လုံးပြူးပြီး ကြည့်လိုက်၏။

သူတို့ မဆုံတွေ့တော့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သော်လည်း အစိမ်းရောင်ဝတ်လူ၏ အကြည့်က အရင်အတိုင်း နွေးထွေးကြင်နာနေဆဲဖြစ်၏။

ဆူရှောင်းနင်သည် သူမ၏နှုတ်ခမ်းကို သူမ၏ လှပသောလက်ကလေးဖြင့် အုပ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွား၏။ သူမ၏ မျက်ဝန်းထဲတွင် နောက်တစ်ဖန် မြူခိုးလွှာက ရစ်ဝဲလာ၏။

ဆူရှောင်းနင်ရှေ့သို့ ရောက်လာပြီးနောက် အစိမ်းရောင်ဝတ်ကျင့်ကြံသူက ပြုံးပြကာ သူ၏ လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး သူမ၏ မျက်နှာထက်က မျက်ရည်များကို သုတ်ပေးလိုက်၏။

“ဘာမှ မပူနဲ့တော့နော်.. ငါရောက်လာပြီပဲ”

ထိုအခါမှသာ သူမရှေ့က ပုံရိပ်များက ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ကြောင်း ဆူရှောင်းနင်သည် သေချာသွား၏။

ဆူဇီမိုက အမှန်တစ်ကယ် ရောက်လာခဲ့လေပြီ။

ဆူ‌ရှောင်းနင်သည် သူမ မခံစားရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သော နွေးထွေးမှုကို ခံစားလိုက်ရ၏။

သူမသည် သူမကိုယ်သူမ ဆက်လက်မချုပ်တည်းနိုင်တော့ဘဲ.. စကားများလည်း မပြောနိုင်ကာ.. မျက်ရည်များကို မျက်နှာပေါ်သို့ အထိန်းအကွပ်မဲ့စွာ ကျဆင်းလာ၏။

သူမ၏ ရင်ထဲမှာ ကြိတ်ခံစားခဲ့ရသော မကျေနပ်ချက်များကို ဖွင့်ထုတ်ဖို့ နေရာတစ်ခု ရသွားသလိုပင်။

“မင်းကဘယ်သူလဲ.. ဒီနေရာမှာ မင်းသောက်ကြောင်း ဘာမှမပါဘူးနော်.. ပြဿနာလာရှာမနေနဲ့.. ဒုက္ခရောက်သွားမယ်!”

ဟယ်ရှင်းက မျက်မှောင်ကြုတ်၍ ဆူဇီမိုကို အေးစက်စွာကြာကာ ငေါက်ငမ်းလိုက်၏။

ဆူဇီမိုက ဂရုမစိုက်သည့်အထာနှင့် ဟယ်ရှင်းကို မျက်လုံးချင်းဆုံကြည်လိုက်၏။

သူ့အကြည့်က ရေပြင်လို တည်ငြိမ်နေ၏။ ဘာကြောင့်ရယ်မသိ ဟယ်ရှင်း၏ နုလုံးက ကြောက်ရွံ့မှုဖြင့် တဒုတ်ဒုတ် ခုန်လာ၏။

ရှောင်းနင်၏ လက်ထဲက ဆေးမီးဖိုကို လက်ညိုးထိုး၍ ဆူဇီမို ပြုံးပြလိုက်၏။

“ပြန်သိမ်းထားလိုက်.. နင်မှမရှုံးတာ.. ဘာလို့ ကိုယ့်ဟာကို တခြားတစ်ယောက်ကို ပေးပစ်ရမှာလဲ”

“အင်း”

ဆူရှောင်းနင်က ခေါင်းညိတ်ပြ၍ ဆေးမီးဖိုကို သူမ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

သူမသည် မမှားတာကို မှားတယ်ဟု ဝန်မခံလိုပေ။

သို့သော်လည်း အစကတည်းက သူမဘက်ကနေ မှန်ပါတယ်ဟု ရပ်တည်ပြောပေးမယ့်သူ တစ်ယောက်မှ ရှိမလာခဲ့ပေ။

အဇူရာနှင်းမြူလွှာဂိုဏ်းမှ သူမ၏ ဂိုဏ်းသားများကတောင် ဆေးမီးဖိုကို ထုတ်ပေးလိုက်ဖို့ သူမကို ဖိအားပေးခဲ့၏။

ထိုအချိန်၌ ဆူရှောင်းနင်သည် အေးစက်အထီးကျန်မှုကို ခံစားခဲ့ရ၏။ မည်သို့မျှ မတတ်နိုင်တော့သည့်အဆုံး သူမသည် လက်လျှော့အရှုံးပေးဖို့သာ ရွေးချယ်လိုက်ရ၏။

သို့သော်ယခုအခါ ဆူဇီမိုသည် သူမဘေးကနေ ရပ်တည်လာပြီဖြစ်သောကြောင့် သူမသည် ခိုင်မာသည့် သတ္တိများကို ပိုင်ဆိုင်လာ၏။

သူမက မမှားခဲ့မှတော့ လက်လျှော့အရှုံးပေးနေစရာ မလိုပေ။

ဟယ်ရှင်း၏ အမူအယာက မှုန်ကုပ်လာပြီး သူသည် လေသံခပ်ပြတ်ပြတ်နှင့် ပြောလိုက်၏။

“ဆူရှောင်းနင်.. ဒါက ဘာအဓိပ္ပါယ်လဲ.. နင်ရှုံးသွားမှ နင့်စကားကို မတည်နိုင်တော့ဘူးလား”

ဆူရှောင်းနင်က ပြန်ဖြေလိုက်၏။

“ဒီမှာဟယ်ရှင်း.. နောက်တစ်ခါ ငါထပ်ပြောလိုက်မယ်.. ငါမရှုံးခဲ့ဘူး.. စောစောက ဘာဖြစ်ခဲ့လဲဆိုတာ ဒီမှာရှိတဲ့လူတွေအကုန်လုံးလဲမြင်တယ်.. နင်လဲ နင်ကိုယ့်နင်သိမှာပဲ.. ငါကတော့ ငါ့လိပ်ပြာငါလုံတယ်!”

ဆူရှောင်းနင်၏ စကားများက ခိုင်မာပြတ်သားနေ၏။ ဆူဇီမိုသည် ကျေနပ်အားရကာ ခေါင်းညိတ်လိုက်၏။

အဇူရာနှင်းမြူလွှာဂိုဏ်းမှာ နှစ်အနည်းငယ် ကျင့်ကြံလေ့ကျင့်ပြီးနောက် ရှောင်းနင်၏ စိတ်နေစရိုက်က အတော်လေး သန်မာအားကောင်းလာခဲ့၏။

“ဒါဆို နင်က အဲ့ဒါကို မပေးချင်တော့ဘူးလို့ ပြောနေတာလား” ဟယ်ရှင်းသည် လက်သီးကို တင်းကျပ်စွာဆုပ်၍ မီးဝင်းဝင်းတောက်မျက်လုံးများနှင့် ကြည့်လိုက်၏။

ဆူဇီမိုသည် ဟယ်ရှင်းရှေ့သို့ လျှောက်လှမ်းသွားကာ မျက်နှာသေနှင့် မေးလိုက်၏။

“ဒါက မဟာကျိုးအင်ပါယာမြို့တော်ထဲမှာပဲ.. ဧကရာဇ်၏ မျက်စိအောက်မှာ မင်းက ဘာလုပ်ချင်လို့လဲ”

“ဟဟဟားဟား”

ဟယ်ရှင်းက လှောင်ပြောင်သရော်နေသော မျက်လုံးများနှင့် ဆူဇီမိုကိုကြည့်ပြီး ဝါးလုံးကွဲရယ်ချလိုက်၏။

“မင်းက တစ်ကယ်နုံအတာပဲ”

“အို” ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ဟယ်ရှင်းသည် ကြောက်စရာပုံစံနှင့် သွားဖြဲပြုံးလိုက်၏။

“တစ်ကယ်လဲ ဒီနေရာမှာ ငါမင်းကို မသတ်ရဲပါဘူး.. ဒါပေမယ့်လို့ မင်းသိလား.. ငါမင်းကို လေးငါးချက်‌လောက် ပါးရိုက်ပြီး မင်းသိက္ခာကို နင်းခြေပြလိုက်ရင်တောင်.. သွေးလင်းတအ‌စောင့်တွေက မင်းကို ဂရုစိုက်နေမှာ မဟုတ်ဘူး”

ထိုသည်ကိုကြားသောအခါ လူအုပ်ကြီးသည် ခေါင်းခါ၍ သက်ပြင်းချလိုက်ကြ၏။

ဒါက တမင်သက်သက်ကို အနိုင်ကျင့်ဗိုလ်ကျခြင်းဖြစ်၏။

ဆူဇီမို၏ အသက်က အန္တရာယ်မရှိသေးသရွေ့.. သွေးလင်းတအစောင့်များကို မျက်စိတစ်ဖက်မှိတ်၍ အရာရာကို မသိချင်ယောင်ဆောင်သွားပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုက ပြန်လှန်ခုခံတိုက်ခိုက်လျှင်တော့.. သွေးလင်းတအစောင့်များက သေချာပေါက် ရှေ့ထွက်လာကြပေလိမ့်မည်။

ထိုအချိန်ကျလျှင် ဆူဇီမိုကသာ အမှားလုပ်မိသူ ဖြစ်နေပေလိမ့်မည်။

ဟယ်ရှင်း၏ စကားများကို ကြားသော်လည်း ဆူဇီမိုသည် ပုံမှန်အတိုင်းပဲ တည်ငြိမ်နေ၏။

“မင်းငါ့ကို မသတ်ရဲဘူးမလား.. အေး.ငါကတော့ သတ်ရဲတယ်.. မင်းယုံလား.. မင်းငါ့ပေါ်ကို လက်တစ်ချောင်းတင်လိုက်တာနဲ့ ဒီနေရာတင် မင်းကိုငါ သတ်ပစ်လိုက်မယ်ဆိုတာ!”

ထိုစကားကို သူပြောပြီးသည်နှင့် လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ပါးကိုက်နားကိုက်ပင်!

အစိမ်းရောင်ဝတ်ကျင့်ကြံသူက ဘာကိုဆိုလိုချင်တာလဲ။

သူက မဟာကျိုးအင်ပါယာအတွင်း ဧကရာဇ်၏ မျက်စိအောက်မှာတင် လူတစ်ယောက်ကို သတ်ပစ်ရဲသည်ဟု ပြောနေတာလား။

ဒီလူက သောက်ရူးနားကန်းလား.. ဒါမှမဟုတ် ပေါက်တတ်ကရတွေ လျှောက်ပြောနေတာလား။

“ဟီးဟီး.. မင်းက ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား”

ခဏမျှ အသံတိတ်ပြီးနောက် ဟယ်ရှင်းသည် ရုတ်တရတ် ရယ်ချလိုက်၏။

ဆူဇီမိုက သူ့လိုပင် နောက်ပိုင်း-အခြေတည်အဆင့်တစ်ယောက်သာဖြစ်ကြောင်း သူပြောနိုင်လေသည်။

ဆူဇီမိုက သောက်ရူးနားကန်းဖြစ်လို့ သူ့ကို တစ်ကယ်ပဲ တိုက်ခိုက်ရဲသည်ဆိုလျှင်တောင် သူသည် အချိန်မရွေးနောက်ဆုတ် ရှောင်ထွက်နိုင်လေသည်။

ထိုအခါ သွေးလင်းတအစောင့်များက ဝင်ရောက်လာပြီး ထိုလူကို ဖမ်းချုပ်ကြပေလိမ့်မည်။

ထိုသို့အတွေးနှင့်.. ဟယ်ရှင်းသည် အေးစက်စက်တစ်ချက်သရော်၍ သူ့လက်ဝါးကိုဖြန့်ကာ ဆူဇီမိုကို ပါးကိုရိုက်လိုက်၏။

တစ်ချိန်တည်းလိုလိုပင် ဆူဇီမိုကလည်း လှုပ်ရှားလိုက်၏။

နှစ်ယောက်စလုံး၏ လှုပ်ရှားဟန်က တစ်ပုံစံတည်းပင်။

သို့သော်လည်း ဆူဇီမိုက ဟယ်ရှင်းထက် များစွာ ပို၍လျှင်မြန်၏။

ဟယ်ရှင်းက သူ့လက်ဝါးကို လွှဲရုံသာရှိသေးသည်.. ဆူဇီမို၏ လက်ဝါးက ပြတ်သားသော သတ်ဖြတ်လိုစိတ်နှင့်အတူ ချက်ချင်းဆိုသလို ရောက်ချလာ၏။

ဟယ်ရှင်း၏ မျက်နှာပေါ်သို့ အနိဋ္ဌာရုံအငွေ့အသက်လေများက အရင်ရောက်လာ၏။

အဲ့ဒါကို သူလုံးဝ မရှောင်နိုင်ခဲ့ပေ။

သေခြင်းအော်ရာက သူ့ကို မွန်းကြပ်သွားအောင် လွှမ်းခြုံသွား၏။

ဟယ်ရှင်း အတွက်မှားခဲ့၏။

ဤအကွာအဝေး၌ ဆူဇီမို လှုပ်ရှားမှုစတင်သည်နှင့် သူသည် လွတ်မြောက်စရာ အကြောင်းမရှိပေ။

ဖျောင်း!

ဆူဇီမို၏ လက်ဝါးသည် ဟယ်ရှင်း၏ ပါးပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ထုံထိုင်းထိုင်းအသံက ထွက်ပေါ်လာ၏။

ဖောင်း!

အားလုံး၏ မျက်စိရှေ့မှောက်မှာတင်.. ဟယ်ရှင်း၏ ဦးခေါင်းကြီးသည် ဆူဇီမို၏ လက်ဝါးချက်ဖြင့် စုတ်ပြတ်သတ်ထွက်သွား၏။

သူ့ဦးနှောက်ရည်များသည် ပျံ့ကျဲစင်ထွက်သွားပြီး သွေးများက ပန်းထွက်လာ၏။

ဟယ်ရှင်း၏ ဦးခေါင်းမဲ့ ရုပ်အလောင်းကြီးသည် နေရာမှာတင် မတ်တပ်ရပ်နေဆဲဖြစ်ပြီး အထိန်းအကွပ်မဲ့စွာ တဆတ်ဆတ်လှုပ်နေ၏။

လူအုပ်ကြီးက ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွား၏။

အားလုံးသည် သူတို့မျက်စိရှေ့မှောက်က မြင်ကွင်းကို မယုံကြည်နိုင်စွာ ငေးကြည့်နေကြ၏။

ဆူဇီမိုက ကြိုတင်သတိပေးထားခဲ့သော်လည်း တစ်ကယ်တမ်း လုပ်ရဲလိမ့်မည်ဟုတော့ မည်သူမျှ ထင်မထားကြပေ။

ထို့အပြင် သူသည် လွန်စွာပြတ်သားပြီး အညှာတာမဲ့လွန်းလှ၏။

အစိမ်းရောင်ကျင့်ကြံသူက ဟယ်ရှင်းကို သတ်ချင်သောကြောင့် ကြုံရာကျပမ်း အကြောင်းပြချက်တစ်ခု ရှာခဲ့သည်ဟု သူတို့ခံစားလာရ၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ လူငယ်မျိုးဆက်များထဲတွင် အလားအလာအမြင့်မားဆုံး နတ်ဆေးဆရာတစ်ယောက်အနေနှင့် ဟယ်ရှင်းသည် ဂုဏ်ယူဝင့်ကြွားနိုင်ပြီး စောစောကတင် အရာအားလုံးကို ‌အပေါ်စီးကနေ ကြည့်နေနိုင်ခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာတင် သူသည် နာမည်မရှိသော အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်၏ လက်ဝါးရိုက်ချက်တစ်ချက်နှင့် ဦးခေါင်းမဲ့အလောင်းတစ်လောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

အဖြစ်အပျက်များက မြန်ဆန်လွန်းလှ၏။

အားလုံးက ဆူဇီမိုကို သေလူတစ်‌ယောက်လို ကြည့်လိုက်ကြ၏။

မြို့ထဲမှာ ရန်ပွဲတစ်ပွဲဖြစ်ပြီး သွေးလင်းတအစောင့်များက ရောက်လာခဲ့လျှင်.. မှားသည့်ဖက်မှလူက မြို့ပြင်သို့ မောင်းထုတ်ခံရနိုင်၏။

သို့သော်လည်း တစ်ယောက်ယောက် သေသွားလျှင်တော့ ကျူးလွန်သူက အသက်အစားပြန်ပေးရပေမည်။

ထို့ကြောင့်ပင် ဟယ်ရှင်းသည် သွေးလင်းတအစောင့်များ၏ နောက်ခံရှိသော်လည်း မြို့ထဲမှာ တစ်ယောက်ယောက်ကို မသတ်နိုင်ဟု ပြောခဲ့ခြင်းဖြစ်၏။

“လူသတ်သမား!”

စူးစူးရှရှ အော်သံတစ်သံက ထွက်ပေါ်လာ၏။

မလှမ်းမကမ်းတွင် သွေးလင်းတအစောင့်နှစ်ယောက်သည် ဖြစ်ပျက်နေသည်များကို မြင်တွေ့လိုက်ရပြီး.. သူတို့မျက်လုံးကိုပင် သူတို့မယုံကြည်နိုင်အောင် ဖြစ်သွားရ၏။ ခဏမျှ ကြောင်အနေပြီးနောက် သူတို့သည် ဒေါသတကြီးအော်ဟစ်ကာ ဓါးမြှောင်ပုဆိန်များကို ထုတ်၍ သွေးလင်းတများကိုစီးပြီး တစ်ဟုန်ထိုး ပြေးဝင်လာကြ၏။

အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်မှ လူတိုင်းသည် မျက်လုံးများထဲ၌ ဒေါသမီးဝင်းဝင်းတောက်ကာ သတ်ဖြတ်လိုစိတ်များ ထကြွလာကြ၏။

ဖန်းမင်က အေးစက်စွာ ပြောလိုက်၏။

“မင်းတော့သွားပြီးကောင်လေး.. ဒီနေ့ ဘယ်သူ့မှ မင်းကို မကယ်နိုင်တော့ဘူး!”

သူ့ဘေးရှိ စိတ်ဝိညာဉ်ခြင်္သေ့သည် ခန္ဓာကိုယ်ကို ဝပ်၍ ဆူဇီမိုကို ဒေါသတကြီး ကြည့်လိုက်၏။

ဆူဇီမို၏ အကြည့်က အေးစက်နေပြီး သောက်ဂရုမစိုက်ဟန်နှင့် ပြောလိုက်၏။

“မင်းတို့ကိုယ်မင်းတို့ပဲ အရင်ဆုံး ပူပါဦး”

All Chapters