← Chapters

အရမ်းကို ထင်တိုင်းကြဲနေကြတာပဲ

Vol. 19 Ch. 277

အရမ်းကို ထင်တိုင်းကြဲနေကြတာပဲ

Vol. 19 Ch. 277

အခန်း ၂၇၇ - အရမ်းကို ထင်တိုင်းကြဲနေကြတာပဲ

စောစောကလူပြောခဲ့သလိုပင် သွေးလင်းတအစောင့်များက သိသိသာသာ ဘက်လိုက်၍ ဖြစ်ပျက်သမျှကို လျစ်လျူရှုနေကြ၏။

အဇူရာနှင်းမြူလွှာဆေးတိုက်မှ ကျင့်ကြံသူအချို့သည် ဒေါသထွက်လာကြပြီး.. ရှေ့သို့တက်ကာ အချင်းများတော့မည် လုပ်လိုက်စဉ်မှာတင်.. အဝါရောင်ဝတ်အမျိုးသမီး၏ စူးရဲသောအကြည့်အောက်၌ ကူကယ်ရာမဲ့စွာ နောက်ပြန်ဆုတ်လိုက်ကြရ၏။

အဇူရာနှင်းမြူလွှာဆေးတိုက်မှ ကျင့်ကြံသူအများစုက မချင့်မရဲနှင့် ကျေနပ်မှုမရှိကြပေ။ သို့သော်လည်း မည်သူကမျှ အဝါရောင်ဝတ်အမျိုးသမီး၏ သြဇာတိက္ကမကို မေးခွန်းမထုတ်ရဲကြပေ။

ဆူရှောင်းနင်သည် အမှတ်တမဲ့လှည့်ကြည့်လိုက်သောအခါ အဝါရောင်ဝတ်အမျိုးသမီး၏ မျက်နှာပေါ်မှ အေးစက်မှုကို မြင်တွေ့လိုက်ရ၏။

ဤအချိန်အထိ.. နှစ်ဖက်အဖွဲ့က ဒီအတိုင်းမတ်တပ်ရပ်၍ ဆိတ်ဆိတ်နေဖို့သာ ရွေးချယ်လိုက်ကြ၏။

လူအုပ်ကြီး၏ အလယ်တွင် ဆူရှောင်းနင်သည် အထီးကျန်အားငယ်စွာနှင့် ငေးကြောင်နေ၏။

“ပြီးပြီ!”

ထိုအချိန်မှာပင် ဟယ်ရှင်းက ညင်သာစွာ အော်လိုက်၏။

သူ့ဆေးမီးဖိုထဲမှ လတ်ဆတ်မွှေးပျံ့သော ဆေးရနံ့က ပေါ်ထွက်လာပြီး ဆေးလုံးတစ်လုံးက လေထဲသို့ ပျံတက်လာ၏။

အားလုံးပဲ အာရုံစိုက်ကြည့်လိုက်ကြ၏_ ဆေးကြိုးသုံးခု!

သာလွန်အဆင့်စိတ်ဝိညာဉ်ဖြည့်တင်းခြင်းဆေးလုံး!

“ဟီးဟီး”

ဟယ်ရှင်းက ဆေးလုံးကို လက်ညိုးလက်မနှင့် ညှပ်ကိုင်၍ ဝေ့ရမ်းပြလိုက်ပြီး ဆူရှောင်းနင်ကို ရယ်ကျဲကျဲဖြင့် လှမ်းပြောလိုက်၏။

“ကဲ နင်ကတော့ ရှုံးသွားပြီး ဂျူနီယာညီမလေးဆူရေ”

“ဂုဏ်ယူပါတယ်.. စီနီယာအစ်ကိုဟယ်”

“ဒီတစ်ခေါက်မှာ စီနီယာအစ်ကိုဟယ်က သူ့ကျွမ်းကျင်မှုရဲ့ ၇၀%ပဲ ထုတ်သုံးခဲ့တယ်လို့ ငါထင်တယ်”

“ဘယ်ကသာ အလွန်ဆုံး ၃၀%ပဲကွ”

အစစ်အမှန်မီးစွမ်းအင်ဆေးတိုက်မှ ကျင့်ကြံသူများသည် အရှက်မရှိ မျက်နှာပြောင်တိုက်၍ ချီးကျူးထောမနာပြုလိုက်ကြ၏။ သို့သော်လည်း ‌ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှတော့ ချီးကျူးသံများက လွန်စွာကျဲပါး၍ မရှိသလောက်ပင်။

မည်သူမျှ မျက်စိကန်းမနေကြပေ။

သာလွန်အဆင့်ဆေးလုံးက ရှားပါးလှသည်ဆိုသော်လည်း.. မထင်မှတ်ဘဲ ဖြစ်ပေါ်လာသော အခြေအနေကြောင့်သာ မဟုတ်ခဲ့လျှင် ဆူရှောင်းနင်က ပကတိအဆင့်ဆေးလုံးကို ဖန်းတီးနိုင်ခဲ့ပေလိမ့်မည်။

တစ်ကယ့်အနိုင်ရသူက မည်သူဆိုတာ ပြောစရာမလိုအောင် ထင်ရှားလေသည်။

ယခု ဟယ်ရှင်းက အရှက်မရှိစကားများကို ပြောထွက်ရဲသည့်အခါ.. လူတိုင်းက စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြ၏။ သို့သော်လည်း မည်သူမျှတော့ အသံထွက်၍ မပြောရဲကြပေ။

“ဂျူနီယာညီမလေးဆူ.. နင်ရှုံးသွားပြီဆိုမှတော့ ငါတို့ အရင်သဘောတူထားခဲ့ကြတဲ့အတိုင်းပေါ့.. ဟိုဆေးမီးဖိုကို ထုတ်ပေးပါ” ဟယ်ရှင်းက ဘဝင်ခိုက်အူမြူးစွာ ပြုံးလိုက်၏။

“ငါ မရှုံးဘူး”

ဆူရှောင်းနင်က အကြောက်အလန့် မရှိပေ။ သူမသည် လုံးဝအလျှော့မပေးဘဲ လေသံက ခိုင်မာနေ၏။

ဟယ်ရှင်း၏ မျက်နှာထက်က အပြုံးက တောင့်ခဲသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

“ဂျူနီယာညီမလေးဆူ.. ဘာမှမပူပါနဲ့.. နင်က ရှုံးသွားတာဆိုပေမယ့်လဲ ငါက အဲ့ဆေးမီးဖိုတန်ဖိုးရဲ့ နှစ်ဆပေးပြီး ပြန်ဝယ်မှာပါ.. နင့်ကို ငါ အသားမယူပါဘူး”

“ငါမှ မရှုံးခဲ့တာ” ဆူရှောင်းနင်က ထိုစကားကိုသာ ထပ်ပြောလိုက်၏။

ချက်ချင်းပင်.. ဟယ်ရှင်း၏ မျက်နှာက မဲသွား၏။

“ဆူရှောင်းနင်. ဖင်ပိတ်ပြီးငြင်းမနေနဲ့.. နင့်ကြောင့်နဲ့ အဇူရာနှင်းမြူလွှာ‌ဆေးတိုက်ရဲ့ ဂုဏ်သိက္ခာကို မကျမခံစမ်းပါနဲ့.. နင်သာ ပြောပြီးသားစကားကို မတည်ဘူးဆိုရင်.. အဇူရာနှင်းမြူလွှာဂိုဏ်းက လူတွေက ဒီလိုပါပဲလားလို့ အခြားသူတွေက ထင်ကုန်မှာပေါ့”

ဟယ်ရှင်း၏ စကားသည် ကိုယ့်အမှားကို သူ့အမှားလုပ်လိုက်ရုံသာမက သူမကိုပင် ဂိုဏ်း၏ အပြစ်သားတစ်ယောက်လို စွဲချက်တင်လိုက်၏။

ဆူ‌‌ရှောင်းနင်က လုံးဝအလျှော့မပေးသည့်အမူအယာနှင့် သူမ၏ မျက်နှာကို မော့ထား၏။

“ရှောင်းနင်”

ထိုအချိန်မှာပင် အဇူရာနှင်းမြူလွှာဆေးတိုက်မှ အဝါရောင်ဝတ်အမျိုးသမီးက ထပ်ရပ်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။

“အဲ့ဆေးမီးဖိုကို ထုတ်ပြီး တာအိုရောင်းရင်းဟယ်ကို ပေးလိုက်”

ဆူရှောင်းနင်သည် တောင့်ခဲသွားပြီး သူမ၏မျက်လုံးများက မယုံကြည်နိုင်မှုနှင့် အပြည့်!

လူအုပ်ကြီးသည်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

ဆူဇီမိုသည် ညိုမှောင်နေသော အကြည့်နှင့် အရာအားလုံးကို တိတ်တဆိတ်စောင့်ကြည့်နေ၏။

သူ့ရင်ထဲမှာ သံသယတစ်ခု ဝင်လာ၏။ ဒီအဝါရောင်ဝတ်အမျိုးသမီးက ဘာလို့ရှောင်းနင်ကို ပစ်မှတ်ထားတိုက်ခိုက်နေရတာလဲ။

သူသည် ထိုအဖြေကိုရဖို့ စောင့်ဆိုင်းနေ၏။

အဝါရောင်ဝတ်အမျိုးသမီးက ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။

“နင်သူနဲ့ အလောင်းအစား လုပ်ပြီးမှတော့ ရှုံးတယ်ဆိုလဲ ဝန်ခံလိုက်ပေါ့.. ငါတို့အဇူရာနှင်းမြူလွှာဂိုဏ်းက တပည့်တစ်ယောက်က ကိုယ့်စကားကိုယ် မတည်လို့ ရပါ့မလား”

“ဒါပေမယ့် ကျမမှ မရှုံးတာ။ သူသာ. . .”

ဆူရှောင်းနင်က သူမကိုယ်သူမ ကာကွယ်ပြောဆိုမလို့ လုပ်လိုက်စဉ်မှာပင် အဝါ‌ရောင်ဝတ်အမျိုးသမီးက ဖြတ်ပြောလိုက်၏။

“ငါ နင့်ရဲ့ ဆင်ခြေတွေကို မကြားချင်ဘူး.. နောက်ဆုံးရလဒ်က အတည်ပဲ.. ရလဒ်အရ နင်ရှုံးတာက ရှုံးတာပဲ!”

အဝါရောင်ဝတ်အမျိုးသမီး၏ အသံက တင်းမာခက်ထန်လာပြီး သူမ၏ မျက်လုံးများက အေးစက်နေ၏။

ဆူရှောင်းနင်သည် ယိုင်နဲ့သွားပြီး.. သူမ၏ မျက်နှာက သွေးဆုတ်သွား၏။

စောစောက ဟယ်ရှင်းဗိုလ်ကျပြောဆိုတုန်းကတောင် ဆူရှောင်းနင်သည် နည်းနည်းလေးမျှ ကြောက်ရွံ့ဟန်မပြခဲ့ပေ။

သို့သော် ယခုအခါမှာတော့.. သူမ၏ ဂိုဏ်းသားများကတောင် သူမဘက်က မရပ်တည်တော့သောအခါ ဆူရှောင်းနင်၏ နောက်ဆုံးထောက်တိုင်က ပြိုလဲကျသွားလေပြီ။

အဝါရောင်ဝတ်အမျိုးသမီးက ဆူရှောင်းနင်ကို အေးစက်စွာကြည့်၍ လေးနက်စွာ ပြောလိုက်၏။

“အဇူရာနှင်းမြူလွှာဂိုဏ်းက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ အမြဲတမ်းဆက်ဆံရေးကောင်းခဲ့တယ်.. နင့်ကြောင့်နဲ့ ငါတို့ရဲ့ဆက်ဆံ‌ရေး ပျက်ပြားမသွားစေနဲ့.. အဲ့ဆေးမီးဖိုကို ထုတ်ပေးပြီးရင် တာအိုရောင်းရင်းဟယ်ကို တောင်းပန်လိုက်.. ငါတို့ဒီကိစ္စကို ဒီနေရာမှာပဲ သင်ပုန်းချေလိုက်ကြတာပေါ့”

“တောင်းပန်ရမယ်ဟုတ်လား”

ဆူရှောင်းနင်က စိတ်ပျက်လက်ပျက်နှင့် ပြုံးလိုက်၏။ သူမ၏ မျက်လုံးထဲတွင် သရော်လိုမှုက အပြည့်ဖြစ်၏။

“စီနီယာအစ်မယန်ကို မေးပါရစေဦး.. ကျမက ဘယ်နေရာမှာ အမှားလုပ်မိသွားတာလဲ”

“နင်က ငါ့ကိုတောင် ခံပြောရဲနေပြီပေါ့”

အဝါရောင်ဝတ်အမျိုးသမီး၏ မျက်နှာအမူအယာက ညိုပုပ်လာပြီး ခက်ထန်စွာ ပြောလိုက်၏။

“နင့်နောက်မှာ ယောင်ရွှယ်ရှိနေတာနဲ့ပဲ နင်က မောက်မာလို့ရပြီထင်နေတာလား.. ငါနင့်ကို တစ်ခါထဲပြောလိုက်မယ်.. သူအခုထိ ပြန်မလာသေးတာကို အသာထား.. သူပြန်လာခဲ့ရင်တောင် ငါ..ယန်ယုက ဒီမြို့ရဲ့ အဇူရာနှင်းမြူလွှာဆေးတိုက်မှာ ခေါင်းဆောင်ပဲ”

အခြားသူများက ဉာဏ်နည်းလို့ မသိလျှင်တောင် ဆူဇီမိုကတော့ အချက်အလက်များကို ဆက်စပ်မိသွားပြီဖြစ်၏။

ပထမတစ်ချက်.. ကျိယောင်ရွှယ်က အခုချိန်ထိ မြို့တော်ထဲသို့ ရောက်မလာသေး‌ပေ။

ဒါကတော့ ပုံမှန်ပင်။ ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျင်းပဖို့က တစ်လကျော်လောက် လိုသေးသောကြောင့် ဂိုဏ်းအတော်များများက ရောက်မလာကြသေးပေ။

ဒုတိယတစ်ချက်.. ယန်ယုနှင့် ကျိ‌ယောင်ရွှယ်အကြားတွင် ရန်းငြိုးရန်စတစ်ခု ရှိရပေမည်။ နောက်ပြီး ယန်ယုသည် ကျိယောင်ရွှယ်၏ သရုပ်မှန်ကို မသိရှိပေ။

ယန်ယုသာ ကျိယောင်ရွှယ်၏ သရုပ်မှန်ကို သိရဲ့သားနှင့် ဤကဲ့သို့ မဆင်မခြင်ပြောသည်ဆိုလျှင်တော့.. ဤအမျိုးသမီးက ရူးနေလို့သာ ဖြစ်ရပေမည်။

သူတို့နှစ်ယောက် အရင်ဆုံး ဆုံတွေ့ခဲ့စဉ်ကလည်း.. ကျိယောင်ရွှယ်က သူမ၏ မျိုးရိုးနာမည်နှင့် သရုပ်မှန်ကို ကွယ်ဝှက်ထားခဲ့၏။

ဒါမျိုးက ကျိ‌ယောင်ရွှယ် လုပ်နေကျပုံစံပင် ဖြစ်လေသည်။

တတိယတစ်ချက်.. ယန်ယုသည် ကျိယောင်ရွှယ်ကို မကျေနပ်သောကြောင့် ရှောင်းနင်ကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်တန်ရာ၏။

ယန်ယု၏ မျက်လုံးထဲတွင်.. ရှောင်းနင်သည် ကျိယောင်ရွှယ်နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိ၏။ သူမရန်သူ၏ မိတ်ဆွေက သူမရန်သူပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် သူမက ရှောင်းနင်ကို အခက်တွေ့အောင် လျှောက်လုပ်နေခြင်း ဖြစ်ပေမည်။

ဆူရှောင်းနင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူမ၏ မျက်လုံးထဲတွင် မျက်ရည်များက ရစ်ဝိုင်းလာ၏။ သို့သော် ကျမလာသေးပေ။

သူမသည် သိုလှောင်အိတ်ထဲကနေ ဆေးမီးဖိုတစ်လုံးကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။

ထိုအရာက သေးငယ်သော မီးဖိုလေးတစ်လုံးဖြစ်ပြီး အိုဟောင်းနေပုံရ၏။ အဲ့ဒါက အလွန်တရာ ဆွေးမြည့်ဟောင်းနွမ်းနေပြီး.. ချေးအထပ်ထပ် ကြေးသားလွှာဖြင့် ဖုံးအုပ်ထား၏။

ဒီအတိုင်း သာမန်ကာလျှံကာ ကြည့်လိုက်ပါက.. ထိုဆေးမီးဖိုမှာ ထူးကဲနေတာ ဘာမျှမရှိပေ။

သို့သော်လည်း ထိုအချိန်မှာပင် ဆူရှောင်းနင်လက်ဖျံတွင် ရထားခဲ့သောဒဏ်ရာမှ သွေးတစ်စက်က ကြေးမီးဖိုပေါ်သို့ ကျသွား၏။

ဆူရှောင်းနင်၏ သွေးစက်နှင့် ထိတွေ့လိုက်သည့်အချိန်မှာပင် ဆေးမီးဖိုက တဖျတ်ဖျတ်တလက်လက် တောက်ပလာပြီး လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေ၏။

ထို့နောက် ဆေးမီးဖိုထဲမှ ခပ်ဖျော့ဖျော့ဆေးရနံ့က ထွက်ပေါ်လာ၏။

ဤအချိန်မှာတော့ ထိုဆေးမီးဖိုက ရတနာတစ်ခုဆိုတာကို အရူးတောင်မှ ပြောနိုင်လေသည်။

ဟယ်ရှင်း၏ မျက်လုံးက အလိုရမ္မက်နှင့် အရောက်လက်သွားပြီး သူ့နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်၏။

သည့်အရင်တုန်းက ထိုဆေးမီးဖိုသည် အစစ်အမှန်မီးစွမ်းဂိုဏ်းရှိ ရှေးဟောင်းကျမ်းစာအုပ်ထဲမှ တစ်ခုနှင့် ဆင်တူနေသည်ဟု သူထင်ခဲ့မိ၏။ ထို့ကြောင့်ပင် သူသည် ဆူရှောင်းနင်ကို ကြိမ်ဖန်များစွာ နားပူနားဆာလုပ်နှောင့်ယှက်၍ ထိုမီးဖိုကို ဝယ်ဖို့ကြိုးစားခဲ့ခြင်းဖြစ်၏။

အခုတော့ ထိုမီးဖိုသည် ရှေးဟောာင်းကျမ်းစာအုပ်ထဲမှာ ဖော်ပြထားသော မီးဖိုဖြစ်ဖို့ ဖြစ်နိုင်ခြေအတော်ကို မြင့်မားကြောင်း သူသေချာသိသွားလေပြီ။ သူ့ရင်ထဲတွင် လောဘမီးက လောင်ကျွမ်းလာပြီး ထိုဆေးမီးဖိုကို မရရ‌အောင်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

ယန်ယုသည် ဆူရှောင်းနင်လက်ထဲက ဆေးမီးဖိုကိုကြည့်ပြီး မယုံကြည်နိုင်စွာ တောင့်ခဲသွား၏။

ထိုဆေးမီးဖိုက ရတနာတစ်ခု ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

နောက်တစ်ခဏ၌ ယန်ယု၏ မျက်လုံးထဲတွင် နောင်တအရိပ်အယောင်များက ပေါ်လာ၏။

သူမသာ ဆူရှောင်းနင်အား ထိုဆေးမီးဖိုကို ထုတ်မပေးခိုင်းခဲ့လျှင်.. အဇူရာနှင်းမြူလွှာဆေးတိုက်တွင် သူမ၏ သြဇာတိက္ကမအရ.. ထိုဆေးမီးဖိုကို သူမအပိုင်လုပ်ဖို့ တောင်းဆိုနိုင်လေသည်။

လောဘရမ္မက်မီးတောက်လောင်နေသော မရေမတွက်နိုင်သည့် အကြည့်များအောက်တွင်.. သူမသည် အချိန်မရွေးဆုတ်ဖြဲခံရတော့မည်ဟု ဆူရှောင်းနင်ခံစားလာရ၏။ သူမသည် ကူကယ်ရာမဲ့စွာနှင့် ကြောက်ရွံ့တုန်လှုပ်လာပြီး ခြေလက်များက အေးစက်တောင့်တင်းလာ၏။

ဘာကြောင့်ရယ်မသိ.. ဆူရှောင်းနင်၏ စိတ်အာရုံထဲတွင် ပုံရိပ်တစ်ခုက ရုတ်တရတ် ပေါ်လာ၏။

ထိုပုံရိပ်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် အရပ်လည်း သိပ်မရှည်၊ ခန္ဓာကိုယ်ကလည်း သိပ်မတောင့်တင်းသော်လည်း.. သူသည် သူမ၏ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်စွမ်းရှိ၏။

ထိုအချိန်မှာပင် ဆူရှောင်းနင်သည် နူးညံ့ညင်သာသည့်အသံတစ်သံကို ကြားလိုက်ရသည်ဟု ထင်မိလိုက်၏။

“ရှောင်းနင်.. ဘာမှ မကြောက်နဲ့နော်”

All Chapters