← Chapters

ကိုယ်တိုင်အလည်သွားရောက်ခြင်း

Vol. 19 Ch. 271

ကိုယ်တိုင်အလည်သွားရောက်ခြင်း

Vol. 19 Ch. 271

အခန်း ၂၇၁ - ကိုယ်တိုင်အလည်သွားရောက်ခြင်း

မိုစိတ်ဝိညာဉ်ပန်းးပဲရုံ..

ဆူဇီမိုသည် သူ့အခန်းထဲမှ ထွက်လာပြီး.. မျက်စိကိုမှေးကာ ကောင်းကင်ထက်ရှိ မွန်းလွဲနေကို မော့ကြည့်လိုက်၏။ တဖြည်းဖြည်းနှင့် သူသည် အိပ်ချင်စိတ် ပြေပျောက်သွား၏။

သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သောအခါ ဖျိုးဖျိုးဖျောက်ဖျောက် မြည်သံများက ထွက်ပေါ်လာ၏။

ပြီးခဲ့သည့်ညက လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုပြီးနောက် သူသည် မုတ်ဆိတ်နှင့်လူအတွက် ထိပ်တန်းအဆင့်လက်နက်တစ်ခု သွန်းလုပ်ပေးခဲ့ရ၏။ ဆူဇီမိုသည် တစ်ညလုံး မအိပ်စက်ရသေးဘဲ.. စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေခဲ့၏။

သူသည် တစ်မနက်လုံး အနားယူခဲ့ပြီး အခုလေးမှ ကျုံးထလာခဲ့ခြင်း ဖြစ်၏။ သူ့လက်မှ ဒဏ်ရာက သက်သာသွားပြီဖြစ်ပြီး.. သူ့စိတ်ဝိညာဉ်ကလည်း ပြန်လည် ပြည့်တင်းသွားပြီဖြစ်၏။

ခြံဝန်းထဲရှိ ကျောက်ခုံရှည်ပေါ်၌ ဆူဇီမို ထိုင်လိုက်သည့်အချိန်မှာပင်.. ဝင်ပေါက်တံခါးက ပွင့်သွား၏။

နန်းကြည်သည် ပါးစပ်ထဲမှာ သစ်သီးယိုချိုချဉ်တစ်တောင့်ကို ကိုက်ထားရင်း ပျော်စရာကောင်းသည့် တစ်စုံတစ်ရာကို တွေ့လာခဲ့ရသလို ရွှင်ပျစွာပြုံးရင်း အပြင်ကနေ ပြန်ရောက်လာ၏။

“သခင်လေးတောင် နိုးနေပြီပဲ”

ဆူဇီမိုကို တွေ့တွေ့ချင်း သူမက မြူထူးစွာ နှုတ်ဆက်လိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြပြီး ပြုံး၍ မေးလိုက်၏။

“ဘာတွေ တွေ့လာလို့ အဲ့လောက်ထိ ပြုံးရွှင်နေရတာလဲ”

“ဟင်းဟင်း.. သခင်လေးရှေ့မှာ ဘာမှ ဖုံးကွယ်ထားလို့ မရပါလား”

နန်းကြည်က ပြုံးရင်း ပြေးလာပြီး.. သူ့ဘေးမှာ ထိုင်ချလိုက်၏။

နှစ်နှစ်ကြာပြီးနောက် နန်းကြည်သည် အတော်လေး ‌ပြောင်းလဲလာခဲ့၏။ သူမ၏ ကျင့်ကြံမှုအဆင့်တစ်ခုသာ မဟုတ်ပေ။

လွန်ခဲ့သည့်နှစ်နှစ် နန်းကြည်ရောက်လာကာစတုန်းက.. သူမသည် သူ့ကို စိုးရွံ့၍ သတိထားဆက်ဆံခဲ့ကြောင်း ဆူဇီမို သတိထားခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ သူမ၏ သတိထားစိုးရွံ့မှုက လျော့ကျလာခဲ့၏။

တစ်ချိန်တည်းမှာပင်.. နန်းကြည်သည် ပို၍ ပေါ့ပါးသွက်လက် ရွှင်ပျလာခဲ့၏။

အထူးတဆန်းပုံစံနှင့် နန်းကြည်က မေးလိုက်၏။

“သခင်လေး. ခန့်မှန်းကြည့်လေ.. စောစောက ယုံရှင်းမြို့ထဲမှာ ကျမဘာတွေ့လာခဲ့လဲဆိုတာ”

“ညက အဖြစ်အပျက်နဲ့ ပတ်သတ်နေတာလား” ဆူဇီမိုက မျက်ခုံးပင့်၍ မေးလိုက်၏။

နန်းကြည်သည် မျက်လုံးပြူးသွားပြီး ခေါင်းတဆတ်ဆတ် ညိတ်ပြကာ.. ဧကရာဇ်၏ အမိန့်ပြန်တမ်းအကြောင်း ပြောပြလိုက်၏။

“သခင်လေး.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံက အဲ့အကြီးအကဲရဲ့ မျက်နှာကို ရှင်မမြင်လိုက်ရလို့နော်.. တစ်ကယ် စိတ်လှုပ်ရှားစရာ.. မျက်နှာက ပျက်ဆီးသွားလိုက်တာ.. ဘယ်လောက်ကြည့်လို့ကောင်းလိုက်လဲ”

ဆူဇီမို အံအားသင့်သွား၏။

ဧကရာဇ်က သူ့ရပ်တည်မှုကို ဤအချိန်မှာ တန်းပြီးထုတ်ပြလိမ့်မည်ဟု သူ မထင်ထားမိပေ။

“သခင်လေး..သိလား.. အခုဆို မြို့‌တော်ထဲက ကျင့်ကြံသူတွေ အကုန်လုံးက အဲ့အကြောင်းပဲ ပြောနေကြတာ.. သူတို့ပြောကြတာ ဘာတဲ့.. အခုကစပြီး မြို့‌တော်ထဲမှာ သခင်လေး လုပ်ချင်တာမှန်သမျှ လုပ်လို့ရပြီတဲ့...”

နန်းကြည်၏ အသံအနိမ့်အမြင့်ဖြင့် ဟန်လုပ်တုပ၍ ပြောဆိုနေပုံက အတော်လေး ရယ်စရာကောင်းနေ၏။

ဆူဇီမိုက ပြုံးနေလိုက်၏။

ဒေါက်! ဒေါက်! ဒေါက်!

ထိုအချိန်မှာပင် ဝင်ပေါက်ဘက်မှ တံခါးခေါက်သံများက ထွက်ပေါ်လာ၏။

ဆူဇီမိုနှင့် နန်းကြည်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်လုံး ဝေခွဲမရ ဖြစ်သွားကြ၏။

အခုက လလယ်သို့ ရောက်နေလေပြီ။ မည်သူမဆို.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို မှာယူချင်သည်ဆိုလျှင် သူတို့သည် နောက်လရောက်သည်အထိ စောင့်ရပေမည်။ ဘာလို့ တစ်ယောက်ယောက်က အခုချိန် ရောက်လာရတာလဲ။

နန်းကြည်က လျှစ်ကနဲ ပြေးထွက်သွားပြီး တံခါးဖွင့်လိုက်၏။

ဝင်ပေါက်ဝ၌ ကျင့်ကြံသူနှစ်ယောက်က မတ်တပ်ရပ်နေ၏။ တစ်ယောက်က သက်လတ်ပိုင်းအရွယ်ရှိပြီး အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ထိုသူသည် နဖူးကျယ်ကျယ်၊ နက်ရှိုင်းသောအကြည့်နှင့် သာမန်ထက်ထူးကဲသောအော်ရာကို ပိုင်ဆိုင်ထား၏။

နောက်တစ်ယောက်ကတော့ စာပေသမားနှင့် ပိုတူပြီး.. ပထမလူ၏ အ‌နောက်မှာ ရပ်နေ၏။ လေတိုက်တိုင်း သူ့ဝတ်ရုံစက တဖျတ်ဖျတ် လှုပ်ခါနေ၏။

နန်းကြည်က မျက်မှောင်ကြုတ်လိုက်၏။

သူမရှေ့မှ လူနှစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို စိတ်ဝိညာဉ်အကဲဖြတ်ခြင်းဖြင့် သူမကြည့်လို့မရ ဖြစ်နေ၏။

ဖြစ်နိုင်ခြေက နှစ်ခုရှိ၏။

ပထမတစ်ခု.. သူမရှေ့မှ နှစ်ယောက်က ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ပေးထားနိုင်သည့် နည်စနစ်တစ်မျိုးမျိုးကို လေ့ကျင့်ထားတာပင်။

ဒုတိယတစ်ခု.. ဤလူနှစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ရွှေအမြုတေအဆင့်ကို ကျော်လွန်ပြီး.. နိုးထဝိညာဉ်အဆင့်သို့ ရောက်ရှိနေတာပင်။

နန်းကြည်သည် ချက်ခြင်းပင် ဒုတိယဖြစ်နိုင်ခြေကို ပယ်ချလိုက်၏။

သူတို့သည် နိုးထဝိညာဉ်အဆင့်များ ဖြစ်ပါက ဤနေရာသို့ ရောက်လာစရာ အကြောင်းမရှိပေ။

ဆူဇီမိုက ထိပ်တန်းအဆင့်လက်နက်မျာကို သွန်းလုပ်နိုင်သည် ဆိုသော်လည်း အဲ့ဒါက နိုးထဝိညာဉ်အဆင့်များကိုတော့ ဆွဲဆောင်နိုင်ခြင်း မရှိပေ။

“တာအိုရောင်းရင်းတို့က ဒီနေ့ ဒီနေရာကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲရှင်” နန်းကြည်က ဝင်ပေါက်ဝ သူတို့နှစ်‌ယောက်ရှေ့၌ ပိတ်ရပ်၍ မေးလိုက်၏။

အဝါ‌ရောင်ဝတ်လူက ပြုံး၍ ပြောလိုက်၏။

“မိန်းကလေးက ကျုပ်တို့မဝင်‌နိုင်အောင် ရှေ့ကနေ ပိတ်ရပ်ပြီး ပြောနေတာပဲ.. ဧည့်သည်တွေကို ဒီလိုကြီးတော့ မဆက်ဆံသင့်ပါဘူးလေ.. ဟုတ်တယ်မလား”

“အပြင်ဘက်မှာ တစ်ခါတည်း မပြောနိုင်ရအောင် ရှင်တို့မှာ ဘယ်လောက်အရေးကြီးကိစ္စတွေ ပြောစရာရှိလို့လဲရှင့်” နန်းကြည်က ခေါင်းကို စောင်းငဲ့၍ အတည်အတံ့ ပြောလိုက်၏။

အမျိုးသားနှစ်ယောက်သည် အကြည့်ချင်းဖလှယ်၍ ပြောစရာစကားမဲ့သွားကြ၏။

အဝါရောင်ဝတ်လူကပဲ ပြုံးပြလိုက်၏။

“မိန်းကလေး.. ကျုပ်တို့က ဒီနေရာကို ဆရာမိုရဲ့ ဂုဏ်သတင်းကြောင့် ရောက်လာကြတာပါ.. ကျုပ်ကို မျက်နှာသာပေးတဲ့အနေနဲ့ သူနဲ့တွေ့ပြီး ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်လေး တစ်ခုလောက်များ....”

“မရဘူး”

အဝါရောင်ဝတ်လူ၏ စကားမဆုံးသေးခင်မှာပင် နန်းကြည်က ဖြတ်ပြောလိုက်၏။

နန်းကြည်က ဆက်ပြောလိုက်၏။

“ကျမတို့ရဲ့ သခင်လေးက တစ်လမှာ ထိပ်တန်းအဆင့်လက်နက် တစ်ခုပဲ လက်ခံတယ်.. အဲ့ဒါကိုလဲ လတိုင်းရဲ့ အစမှာပဲ လေလံတင်ရောင်းချပေးတယ်.. ရှင်တို့က ထိပ်တန်းအဆင့်လက်နက်တစ်ခု မှာယူချင်တယ်ဆိုလဲ.. လာမယ့်‌နောက်လရဲ့ လေလံပွဲရောက်မှ လာခဲ့ကြလေ”

အဝါရောင်ဝတ်အမျိုးသား ကြောင်အ မှင်တက်သွား၏။

သူ့စကားကို ဖြတ်ပြော၍ သူ့ကို နှင်လွှတ်ရဲတဲ့သူမျိုး ပေါ်မလာ‌သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့လေပြီ။

သူ့နောက်ဘက်ရှိ စာပေသမားလိုလူက ဒေါသထွက်သွားပုံရပြီး မျက်နှာပျက်သွား၏။ သူက မျက်မှောင်ကြုတ်၍ အပြစ်တင်ငေါက်ငမ်းသလို လေသံနှင့် ပြောလိုက်၏။

“ကောင်မလေး.. နင်...”

“ဟမ်း”

အဝါ‌ရောင်ဝတ်လူက စာပေသမားကို စောင်းငဲ့ကြည့်၍ ဟန့်တားလိုက်၏။

အဝါရောင်ဝတ်လူက နန်းကြည်ကို ပြန်ကြည့်၍ ပြုံးလိုက်၏။

“ကလေးမ.. ကျုပ်ကိုပြောပါ.. ဒီလရဲ့ ထိပ်တန်းအဆင့်လက်နက်အတွက် အမြင်ဆုံးလေလံစျေးက ဘယ်လောက်လဲ”

အထွေအထူး စဉ်းစားစရာမလိုဘဲ နန်းကြည်က လွှတ်ကနဲ ပြောလိုက်၏။

“သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁,၂၀၀,၀၀၀”

“ကောင်းပြီလေ”

အဝါရောင်ဝတ်အမျိုးသားက ခေါင်းညိတ်ပြလိုက်၏။

“အဲ့ပမာဏရဲ့နှစ်ဆ ကျုပ်ပေးမယ်.. ကျုပ်အတွက် ထိပ်တန်းအဆင့်လက်နက်တစ်ခု လုပ်ပေးဖို့ ဆရာမိုကို ကူပြောပေးပါ”

“၂,၄၀၀,၀၀၀!”

နန်းကြည်တုန်လှုပ်သွား၏။

အဲ့ဒါက ရွှေအမြုတေအများစု မတတ်နိုင်သော ပမာဏဖြစ်လေသည်။

သူ့သဘောနှင့်သူ မဆုံးဖြတ်ရဲသေးဘဲ.. နန်းကြည်သည် ခြံဝန်းထဲရှိ ဆူဇီမိုကို အလိုလို လှမ်းကြည့်လိုက်၏။

ဆူဇီမိုက စိတ်အေးလက်အေးပုံစံနှင့်ပင် လက်ဘက်ရည်ကို စိမ်ပြေနပြေ သောက်နေ၏။ သူသည် လက်ဘက်ရည်ခွက်ကို အောက်ချလိုက်ပြီး ခေါင်းညိတ်လိုက်၏။

“သူတို့ကို ဝင်ခိုင်းလိုက်ပါ”

နန်းကြည်က လမ်းဖယ်၍ သူတို့နှစ်ယောက်ကို မိုစိတ်ဝိညာဉ်ပန်းပဲရုံထဲသို့ ‌ခေါ်လာခဲ့လိုက်၏။

သူတို့ဝင်လာပြီးနောက်.. အဝါရောင်အမျိုးသား၏ အကြည့်က စိတ်ဝင်တစားဟန်နှင့် ဆူဇီမိုအ‌ပေါ် ကျရောက်သွားပြီး.. ကျေနပ်အသိအမှတ်ပြုသလို ခေါင်းညိတ်လိုက်၏။

“ထိုင်ကြပါ”

ဆူဇီမိုက ထိုင်ရာမထဘဲ.. သူ့ရှေ့တည့်တည့်ရှိ ကျောက်ခုံရှည်ကို ညွှန်ပြလိုက်၏။

အဝါ‌ရောင်ဝတ်အမျိုးသားက ထိုင်ချလိုက်ချိန်.. စာပေသမားက‌တော့ ဘေးဘက်မှာသာ မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်‌နေလိုက်၏။ သူ့အကြည့်က ညဝိညာဉ်အပေါ်တွင် ခဏမျှ ကြန့်ကြာပြီးနောက် အရောင်လက်သွား၏။

ဆူဇီမိုက အဝါရောင်ဝတ်အမျိုးသားကို ကြည့်၍ သာမန်ကာလျှံကာပုံစံနှင့် မေးလိုက်၏။

“ဒီက တာအိုရောင်းရင်းကို ကျုပ်က ဘယ်လိုခေါ်ရမလဲ မသိဘူး”

“ကျုပ်မျိုးရိုးနာမည်က ကျိုး” အဝါ‌ရောင်ဝတ်အမျိုးသား၏ မျက်နှာက ပြောင်းလဲသွားခြင်း မရှိပေ။

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး ဘာမျှ ထပ်မမေးတော့ပေ။

အဝါရောင်ဝတ်အမျိုးသားက ခပ်ယဲ့ယဲ့ ပြုံး၍ မေးလိုက်၏။

“ဆရာမိုအကြောင်းတော့ ကျုပ်အများကြီး ကြားဖူးပြီးပါပြီ.. ခင်ဗျားရဲ့ ပန်းပဲအတတ်က ဒီလောက်အံ့မခန်းကောင်းမွန်ရအောင် ဘယ်လိုဆရာနဲ့ သင်ခဲ့လဲ.. ဘယ်ဂိုဏ်းကလဲ ကျုပ်သိချင်မိပါရဲ့”

ဆူဇီမိုက ခေါင်းကိုမော့၍ လက်ထဲရှိ လက်ဘက်ရည်ခွက်ကို ကစားရင်း.. အဝါရောင်ဝတ်လူကို ဟန်လုပ်ပြုံးပြပြီး ကြည့်လိုက်၏။

“ဒီက တာအိုရောင်းရင်းက လက်နက်အပ်နှံချင်လို့ လာတာမလား.. ဘယ်ကဘယ်လို ကျုပ်နောက်ခံကို သိချင်သွားရတာပါလိမ့်”’

“ဆရာမိုက အများကြီး လျှောက်တွေးနေတာပဲ.. ကျုပ်က ဒီအတိုင်း သိချင်စိတ်ပေါ်လာလို့ အမှတ်တမဲ့ မေးလိုက်တာပါ” အဝါရောင်ဝတ်လူ၏ အမူအယာက ပျက်ယွင်းမသွားပေ။ သူက ဒီအတိုင်း တစ်ကယ်ပဲ အမှတ်တမဲ့နှင့် မေးလိုက်သလိုပင်။

သူက သူ့ဘေးရှိ စာပေသမားကို ခေါင်းညိတ်ပြလိုက်၏။

ချက်ချင်းဆိုသလိုပင် စာပေသမားက ပစ္စည်းအစုံသုံးဆယ်နှင့် စိတ်ဝိညာဉ်ကျောက်တုံး ၂,၄၀၀,၀၀၀ကို သူ့သိုလှောင်အိတ်ထဲကနေ ထုတ်လိုက်၏။ သူသည် အားလုံးကို သိုလှောင်အိတ်တစ်ခုထဲသို့ ပေါင်းထည့်လိုက်ပြီး ဆူဇီမိုရှေ့မှာ ချပေးလိုက်၏။

All Chapters