အင်္ဂါသန့်စင်ခြင်းတွင် အဆင့်မြင့်ကျွမ်းကျင်လာခြင်း
Vol. 19 Ch. 273
အခန်း ၂၇၃ - အင်္ဂါသန့်စင်ခြင်းတွင် အဆင့်မြင့်ကျွမ်းကျင်လာခြင်း
မိုစိတ်ဝိညာဉ်ပန်းပဲရုံ..
နန်းကြည်က ဆူဇီမိုရှေ့မှာထိုင်ပြီး ချီးကျူးလိုက်၏။
“သခင်လေးက တစ်ကယ်မိုက်တယ်နော်.. သခင်လေးရဲ့ ဂုဏ်သတင်းကြောင့် ဟိုးအဝေးကြီးက ကျင့်ကြံသူတွေ ရောက်လာရတယ်”
“သူတို့က အဝေးကလာတယ်လို့ မင်းဘယ်လိုသိလဲ” ဆူဇီမိုက ပြုံးပြီး မေးလိုက်၏။
နန်းကြည်က ပြန်ဖြေလိုက်၏။
“မိုစိတ်ဝိညာဉ်ပန်းပဲရုံဖွင့်ထားတာ အခုဆို နှစ်နှစ်တောင်ရှိပြီလေ.. လလယ်မှ ရောက်လာကြတယ်ဆိုတော့ သူတို့က ကျမတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတောင် ဘာမှမသိဘူးပဲ.. မိုစိတ်ဝိညာဉ်ပန်းပဲရုံရဲ့စည်းကမ်းတွေကိုတောင် မသိတဲ့သူတွေက မြို့တော်အပြင်ဘက်ကလာတဲ့လူတွေပဲ နေမှာပေ့ါ”
“ဟဟ.. အဲ့ဒါဆိုရင်တော့ မင်းမှားသွားပြီ”
ဆူဇီမိုက ခပ်ယဲ့ယဲ့ပြုံး၍ ခေါင်းခါလိုက်၏။
“သူတို့က မြို့ထဲက ဖြစ်ရုံတင်မကဘူး.. သူတို့က နန်းတော်က လူတွေပဲ”
“နန်းတော်ကလား”
နန်းကြည်တစ်ယောက် တုန်လှုပ်သွားပြီး သေချာအောင် ထပ်မေးလိုက်၏။
“သူတို့က တော်ဝင်မိသားစုကလား”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“အဝါရောင်ဝတ်ထားတဲ့လူက သိပ်ပြီး မရိုးရှင်းဘူး.. သူ့မှာ သာမန်ကျင့်ကြံသူတွေ မပိုင်ဆိုင်တဲ့ ခမ်းနားတဲ့အော်ရာတစ်မျိုးရှိတယ်.. နောက်ပြီး သူက အရမ်းရက်ရောနေတာ တွေ့တယ်မလား.. သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂,၄၀၀,၀၀ကို ဖတ်ကနဲ ထုတ်ပေးလိုက်တာ.. ဘယ်လိုသာမန်ကျင့်ကြံသူက အဲ့လောက်ထိ ချမ်းသာနိုင်မှာလဲ”
နန်းကြည်က ကောင်းကောင်း သဘောမပေါက်သေးသော်လည်း ခေါင်းညိတ်လိုက်၏။
ဆူဇီမိုက ဆက်ပြောလိုက်၏။
“နောက်ပြီး အဲ့လူက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတယ်.. သူက အဲ့ဒါကို တကူးတက ဖုံးကွယ်နေပေမယ့်လို့.. အဲ့ဒါက အချိန်အကြာကြီး ထိပ်ဆုံးမှာ နေလာပြီးမှ ရလာတဲ့ အရာပဲ.. အဲ့လိုအရာမျိုးက လုံးလုံးဖုံးကွယ်ထားဖို့ မလွယ်ဘူး”
“အို”
နန်းကြည်က နည်းနည်းတော့ သဘောပေါက်လာပုံရ၏။
“အဲ့ဒါကြောင့် အဝါရောင်ဝတ်ထားတဲ့လူဆီကနေ အားကောင်းတဲ့အော်ရာကို ကျမခံစားမိနေတာကိုး.. သူ့ရဲ့ လှုပ်ရှားပြုမူပုံတိုင်းက သြဇာတိက္ကမအပြည့်နဲ့ပဲ”
နန်းကြည်က သူမ၏မေးစေ့ကို ပွတ်ပြီး အတွေးနက်နဲနေ၏။
ဆူဇီမိုက ပြုံး၍ ဘာမှ ထပ်မပြောတော့ပေ။ သူသည် လက်ဘက်ရည်ခွက်ထဲ လက်ညိုးနှစ်၍ စားပွဲပေါ်တွင် စာလုံးတစ်လုံးရေးကာ ထထွက်သွား၏။
“တော်ဝင်မိသားစုရဲ့ မျိုးရိုးနာမည်က ‘ကျိ’ပါ.. ဒါပေမယ့် ဘာလို့ အဲ့လူက သူ့မျိုးရိုးနာမည်က ကျိုးပါလို့ ပြောရတာလဲ.. သူက လိမ်နေတာလား”
အလေးအနက်တွေးတောရင်း.. နန်းကြည်က တိုးတိုးရေရွတ်လိုက်၏။
“ကျိုး..ကျိုး.. ကျိုး...”
နောက်ခဏ၌ သူမ၏ အကြည့်က စားပွဲပေါ်သို့ အမှတ်တမဲ့ ရောက်သွားပြီး.. လက်ဘက်ရည်နံ့ဖျော့ဖျော့နှင့် အခုထိ မခြောက်သေးသော စာလုံးကို မြင်တွေ့သွား၏။
“ဧကရာဇ်!”
နန်းကြည်သည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်မိ၏။
. . .
ဧကရာဇ်၏ အမိန့်ပြန်တမ်းထုတ်ပြီးနောက်.. မြို့တော်က အတော်လေး ပြန်လည် ငြိမ်သက်သွား၏။
မည်သူကမျှ တော်ဝင်မိသားစု၏ သြဇာအာဏာကို စိန်ခေါ်ရလောက်အောင် မရူးမိုက်ကြပေ။
နေ့စဉ်နှင့်အမျှ မြို့တော်ထဲတွင် မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းက မြင့်သထက် မြင့်မားလာခဲ့၏။
လဆန်းတစ်ရက်နေ့၏ လေလံပွဲတိုင်းက များစွာသော ရွှေအမြုတေအဆင့်များကို ဖမ်းစားထားပြီး.. သူတို့အများစုက နောက်ပိုင်း သို့မဟုတ် ပကတိရွှေအမြုတေအဆင့်များ ဖြစ်ကြ၏။
ထိုရွှေအမြုတေများသည် အလွန်တရာ သန်မာပြီး တောင့်တင်းခိုင်မာသော နောက်ခံများ ရှိကြ၏။ သို့မဟုတ်ပါက သူတို့သည် ထိုမျှများပြားသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို ပိုင်ဆိုင်ကြလိမ့်မည် မဟုတ်ပေ။
လအနည်းငယ် ထပ်ကြာပြီးနောက်.. မြို့တော်နှင့် အတော်ဝေးဝေးမှာ နေကြသော ကျင့်ကြံသူများပင်လျှင် မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက် လေလံပွဲအတွက် မိုင်ပေါင်းများစွာ ခရီးနှင်၍ ရောက်လာကြကုန်၏။
မိုလင်း၏ သရုပ်မှန်၊ ရုပ်ရည်သွင်ပြင်နှင့် နောက်ခံတို့အပေါ် ခန့်မှန်းမှု၊ ကောလာဟလတို့ကလည်း ရပ်တန့်မသွားခဲ့ပေ။
များစွာသော ကျင့်ကြံသူများသည် သူတို့က မိုလင်းကို လူကိုယ်တိုင်တွေ့မြင်ခဲ့ဖူးသည်ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်ကြ၏။ သို့သော်လည်း မိုလင်းနှင့် ပတ်သတ်သည့် သူတို့၏ ဖော်ပြချက်များက အမျိုးမျိုး ကွဲပြားနေ၏။
လူတိုင်းလိုလို တစ်ညီတစ်ညွတ်တည်း လက်ခံထားကြသော သတင်းအချက်အလက်အချို့တော့ရှိ၏။
ပထမတစ်ချက်.. မိုလင်းက ရွှေအမြုတေအဆင့်ဖြစ်ပြီး အလွန်သန်မာသည်ဟုပင်။
ထိုသတင်းထွက်ပေါ်လာရခြင်းမှာလည်း.. လွန်ခဲ့သည့်လအနည်းငယ်က ဖြစ်ပွားခဲ့သော လုပ်ကြံမှုကြောင့် ဖြစ်လေသည်။
ဒုတိယတစ်ချက်.. မိုလင်းမှာ အောင်မြင်နိုင်ခြေ အရမ်းမြင့်မားသော တစ်မူထူးခြားသည့် စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်တစ်ခု ရှိသည်ဟုပင်။
ကျင့်ကြံသူများက ထိုစိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်ကို နာမည်တောင် ပေးထားကြပြီဖြစ်၏။
‘မိုကလန်စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းစနစ်ဟုပင်’
တတိယတစ်ချက်.. မြို့တော်ထဲမှာ ရှိနေသရွေ့ ဆရာမိုကို မည်သူမျှ သွားရန်စလို့ မရချေ။
မဟာကျိုး၏ ဧကရာဇ်တောင်မှ သူ့ကို မွန့်မြတ်ကြီးကျယ်သော ပါရမီရှင်အဖြစ် အမိန့််ပြန်တမ်းထုတ်၍ အထူးတလည် ရည်ညွှန်းခဲ့ရ၏။
ထို့ကြောင့်.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ နောက်ခံရှိသော အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံပင်လျှင် ဆိုးဆိုးရွားရွား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရ၏။ မဟာကျိုးမြို့တော်ထဲ၌ ဘယ်သူကများ ဆရာမိုကို အာခံရဲဦးမှာလဲ။
ထို့အပြင် ဆရာမိုနှင့် ပြဿနာသွားတက်မိသည်နှင့် ထိုသူက သူ့ဘဝမှာ ထိပ်တန်းအဆင့်လက်နက်တစ်ခု ပိုင်ဆိုင်ရဖို့ အိပ်မက်သာ မက်နေရတော့ပေမည်။
အပြင်ဘက်ရှိ ကောလာဟလများနှင့် ပတ်သတ်ပြီး ဆူဇီမိုက အထူးတလည် အရေးလုပ် ဖြေရှင်းမနေပေ။
သူကိုယ်တိုင်ကကို သူ့သရုပ်မှန်ကို ဖုံးကွယ်ထားဖို့ လိုနေတာဖြစ်လေသည်။
ပြီးခဲ့သည်နှစ်နှစ်လုံးလုံး သူသည် အပြင်ဘက်သို့ ထွက်ခဲသောကြောင့် လူတိုင်းအတွက် သူက ပို၍ လျှို့ဝှက်ဆန်းကြယ်လာ၏။
နှစ်နှစ်တာ ကျင့်ကြံမှုမှ ဆူဇီမိုသည် အများကြီး အကျိုးဖြစ်ထွန်းခဲ့၏။
စိတ်ဝိညာဉ်ကျောက်တုံးများ အလျှံအပယ် ပေါကြွယ်ဝမှုကြောင့်.. ဆူဇီမို၏ ကျင့်ကြံမှုက ပကတိအခြေတည်အဆင့်သို့ ချဉ်းကပ်လာနေပြီဖြစ်၏။
သူ၏ လက်နက်သွန်းလုပ်ခြင်းစွမ်းရည်ကလည်း အတော်လေး မြင့်မားလာ၏။
အပြင်လူတွေ အမြင်မှာတော့.. ဆူဇီမိုက တစ်လမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကိုသာ သွန်းလုပ်လေသည်။
သို့သော် တစ်ကယ်တမ်းမှာတော့.. သူသည် နေ့လည်ခင်းတိုင်း ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု သွန်းလုပ်ပြီး သူ့ပန်းပဲစွမ်းရည်ကို အမြဲတမ်း လက်ရည်သွေးနေခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ.. ဆက်တိုက်အဆက်မပြတ် လေ့ကျင့်နေမှုကြောင့် ဆူဇီမို၏ လက်နက်သွန်းလုပ်ခြင်း နည်းစနစ်က မှန်မှန်တိုးတက်လာခဲ့ပြီး နောက်ဆုံး ဆက်လက်တိုးတက်ဖို့ ခက်ခဲသည့် အနေအထားတစ်ခုသို့ ရောက်ရှိလာခဲ့၏။
ထိုအနေအထားသို့ ရောက်သောအခါ.. ပကတိစိတ်ဝိညာဉ်လက်နက်များကို သွန်းလုပ်နိုင်ဖို့က မည်မျှ ခက်ခဲကြောင်း ဆူဇီမို နားလည်လာ၏။
နည်းစနစ်၊ စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ပတ်ဝန်းကျင်အနေအထား စသည်တို့က နည်းနည်းလေးမျှ အားနည်းချက်မရှိ ပြီးပြည့်စုံနေမှသာ အောင်မြင်နိုင်ဖို့က ဖြစ်နိုင်မည်။
ပကတိဆိုသောကြောင့်.. လက်နက်သွန်းလုပ်ခြင်း၏ ပထမအဆင့်ဖြစ်သော ပစ္စည်းရွေးချယ်ခြင်းမှ အစပြု၍ နည်းနည်းလေးမျှ ဟာကွက်ရှိလို့ မရပေ။
နောက်ဆုံးအဆင့် အအေးခံခြင်းအထိ.. တစ်ချက်ကလေး အနည်းငယ် ချွတ်ချော်သွားတာနှင့် ပကတိဆိုသည့် အဓိပ္ပါယ်က ပျက်ဆီးသွားပေလိမ့်မည်။
အစတုန်းက ဆူဇီမိုသည် သူ၏ ဓါးဝင်္ကပါအတွက် ပကတိအဆင့်ဓါးပျံတစ်စုံများ ပြုလုပ်နိုင်မလားဟု တွေးမိခဲ့ဖူး၏။
သို့သော်လည်း အဲ့ဒါက ဖြစ်နိုင်ပုံ မရတော့ပေ။ သူ၏ လက်ရှိအခြေအနေအရ.. ထိပ်တန်းအဆင့် ဓါးပျံတစ်စုံကိုသာ သွန်းလုပ်ရပေတော့မည်။
ဤနေ့တွင် ဆူဇီမိုသည် သူ့အခန်းထဲမှ ထွက်လာခဲ့ပြီး သူ့မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်စက ပေါ်နေ၏။
ဂိုဏ်းပေါင်းစုံပြိုင်ပွဲ ရောက်ဖို့က တစ်လကျော်လောက်လေးသာ လိုတော့ပြီး.. သူသည် သူ့ကိုယ်ထဲရှိ နဂါးဥစွမ်းအင်အဆီအနှစ်များကို ကုန်စင်အောင် စုပ်ယူသန့်စင်နိုင်ခဲ့လေပြီ။
သူသည် အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် အဆင့်မြင့်ကျွမ်းကျင်မှု ရရှိလာခဲ့ပြီဖြစ်၏။
သည့်အရင်.. အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် စဦးအောင်မြင်မှုသာ ရရှိခဲ့စဉ်က ဆူဇီမိုသည် တန်လင်းတောင်ကြား၌ သူ့သွေးချီစွမ်းအားကို အစွမ်းကုန်ထုတ်သုံးကာ မရီးဒါန်လေးခုအခြေတည်အဆင့်ဖြစ်သော သွေးနီရောင်ဝတ်လူငယ်ကို သတ်ဖြတ်နိုင်ခဲ့၏။
ယခုအခါမှာတော့ သူသည် သားရဲချီကို မထုတ်ဖော်လျှင်တောင် သို့မဟုတ် သူ့မျိုးဆက်သွေးကို မလှည့်ပတ်လျှင်တောင်.. သူ၏ ကိုယ်ကာယခွန်အားသက်သက်နှင့် မရီးဒါန်လေးခုအခြေတည်အဆင့် ကျင့်ကြံသူများကို ဖိနှိမ်နိုင်စွမ်းရှိသည်ဟု ဆူဇီမို ခန့်မှန်းထားလေသည်။
သူ့မျိုးဆက်သွေးကိုသာ လှည့်ပတ်လိုက်လျှင်.. မရီးဒါန်ငါးခုအခြေတည်အဆင့် ကျင့်ကြံသူများကိုပင် လှဲချဖို့ လုံလောက်တာထက် ပိုလေသည်။
သူ့မျိုးဆက်သွေးကို သူ့သွေးချီနှင့်သာ တွဲဖက်ထုတ်ဖော်လိုက်လျှင် ဆူဇီမို၏ တိုက်ခိုက်ရည်က ပိုလို့တောင် ကြောက်စရာကောင်းလာပေလိမ့်မည်။
သို့သောလည်း.. တိုက်ပွဲမြေ၌ တိုက်ပွဲ၏ ရလဒ်အပေါ် သက်ရောက်စေနိုင်သော အပြောင်းအလဲများစွာ ရှိ၏။
ယခုအခါ သူသည် နဂါးဥစွမ်းအင်အဆီအနှစ်ကို အလုံးစုံ သန့်စင်နိုင်ခဲ့ပြီဖြစ်သောကြောင့် သူသည် ရင်ထဲမှ အလုံးကြီးတစ်ခု ပြုတ်ကျသွားပြီဖြစ်ပြီး.. နဂါးမျိုးနွယ်၏ အမဲလိုက်ခံရနိုင်ခြေမှ လွတ်မြောက်ခဲ့ပြီဖြစ်လေသည်။
သည့်အရင်ကဆိုလျှင် ဆူဇီမိုသည် မြို့တော်အပြင်ဘက်သို့ လုံးဝခြေမချရဲခဲ့ပေ။
အခုအခါမှာတော့ သူသည် ပေါးပါးလွတ်လပ်သွားပြီဖြစ်ပြီး.. စိတ်ထဲမှာ လွန်စွာ ကျေနပ်နှစ်ခြိုက်နေမိ၏။
“သခင်လေး.. ဘာတွေ အဲ့လောက် ပျော်နေရတာတုန်း”
မြက်ခင်းပေါ်မှာ ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်၍ ထိုင်နေသော နန်းကြည်က သူမ၏ ကြည်လင်နေသောမျက်လုံးများနှင့် လှည့်ကြည့်၍ မေးလိုက်၏။
ပြီးခဲ့သည့်သုံးနှစ်အတွင်း.. ဆူဇီမိုသည် ဤကဲ့သို့ စိတ်လိုလက်ရ ရွှင်ပျစွာ ပြုံးနေသည်ကို နန်းကြည်မြင်ရခဲလေသည်။
ဆူဇီမိုက လက်ကာပြ၍ ပြောလိုက်၏။
“လာလာ.. လေကောင်းလေသန့်လေး ရှူရအောင် အပြင်ဘက် လမ်းလေးဘာလေး ထွက်လျှောက်ကြတာပေ့ါ”
“တစ်ကယ်လား”
နန်းကြည်က လက်ခုပ်လက်ဝါးတီး၍ ပန်းများဖူးပွင့်လာသလို ပြုံးရယ်ပြီး ကျုံးထလိုက်၏။